My Blogs

Find on Facebook

တခြား ဘလောက်လေးတွေ သွားဖတ်လို့ ရပါတယ်။

တင်ခဲ့ပြီးသော ဆောင်းပါးများ အစဉ်လိုက် ဖတ်ရန် (ခေါင်းစဉ်ကို နှိပ်၍ ဖတ်နိုင်သည်။)

Monday, February 3, 2020

2019 Novel Coronavirus 2019 – nCOV သတိပြုပါ

ကိုရိုနာ ဗိုင်းရပ်စ် သတိပြုပါ
တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ စတင်ဖြစ်ပွားခဲ့တဲ့ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါပိုးကြောင့် ဇန်န၀ါရီလ ၅ ရက်အထိ ဓါတ်ခွဲ အတည်မပြုနိုင်သေးဘဲ၊ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ရောဂါပိုးအသစ် Novel Coronavirus အဖြစ် အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (၂၀-၁-၂၀၂၀) ရက် နေ့မှ စတင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရောဂါဖြစ်ပွားမှု အခြေအနေအား နေ့စဉ်ထုတ်ပြန်ပေးခဲ့ပါသည်။ အဆိုပါ ဗိုင်းရပ်စ်ပိုး နမူနာများကိုလည်း နိုင်ငံတကာကို ဖြန့်ဝေပေးသွားပြီး၊ (၃၀-၁-၂၀၂၀) ကြာသပတေးနေ့ မှာ WHO ကနေ Global Health Emergency ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့်ပတ်သက်သော အရေးပေါ် စောင့်ကြည့်ရမည့်ဗိုင်းရပ်စ် ရောဂါအဖြစ် ကြေညာခဲ့ပြီးဖြစ်ပါတယ်။
ဒီနေ့အထိ နောက်ဆုံးသိရသည့် အချက်အလက်များမှာ တစ်ကမ္ဘာလုံးတွင်အတည်ပြုရောဂါ တွေ့ရှိမှု လူဦးရေ (၁၇၂၀၅) ဦး ကျော်ပြီး၊ သေဆုံးသူပေါင်း (၃၆၁) ဦးအထိ ရှိလာခဲ့ကာ၊ တရုတ်ပြည်မှအပ ရောဂါဖြစ်ပွားသော နိုင်ငံပေါင်း (၂၃) နိုင်ငံတွင်လည်း အတည်ပြုလူနာများဟာလည်း (၁၃၂) ဦးထက် ပိုမိုတိုးပွားလာနေပါတယ်။ အများဆုံးမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး၊ (၂၄) နာရီအတွင်း ရောဂါအတည်ပြုလူနာအသစ်ပေါင်း (၂၆၀၀) ကျော် ရှိပြီး၊ တရုတ်နိုင်ငံ ပြင်ပဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံမှာလည်း တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းမှ တဆင့် ကူးစက်တတ်တဲ့အတွက် အင်မတန်မှ ကြောက်စရာ ကောင်းပြီး၊ လူသားတွေရဲ့ အသက်အန္တရာယ်ကို အဓိက ခြိမ်းခြောက်လာနေပါတယ်။ ဒါ့အပြင် လက်ရှိမှာ ကုသမယ့် ဆေးဝါးလည်း မရှိသေးတဲ့အချက်ကလည်း အင်အားနည်း နိုင်ငံတွေအတွက် အင်မတန် စိုးရိမ်စရာကောင်းပါတယ်။
ဒါ့ပြင် ရောဂါရှိကြောင်း လက္ခဏာကိုလည်း (၁၄) ရက်အတွင်း ဘာမှမပြသတဲ့အတွက် ရောဂါရှာဖွေစစ်ဆေးရ တာလည်း အင်မတန်ခက်တဲ့အတွက် ဘယ်သူမှာ ဗိုင်းရပ်စ်ပိုး ပါတယ်ဆိုတာလည်း တပ်အပ်မပြောနိုင်တဲ့ အတွက် လွတ်ပေါက်တွေများနေပါတယ်။ ဒါပေမယ့် ရောဂါစတင်ဖြစ်ပွားချိန်မှသာလျှင် ကူးစက်ပြန့်ပွားမှု ရာခိုင်နှုန်း ပိုမိုများတယ်ဆိုတဲ့ WHO ထုတ်ပြန်ချက်အရ စိတ်သက်သာရာရစေပါတယ်။ နောက်တစ်ခု က လည်း ရောဂါလက္ခဏာတွေထဲမှာ အဓိကအားဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ဖူးသူ (သို့မဟုတ်) ရောဂါပိုး ရှိသူ နှင့် ထိတွေ့ဆက်ဆံဖူးသူ၊ ပြုစုဖူးသူ ဖြစ်ရမယ် ဆိုတဲ့အချက်နဲ့လဲ တိုင်းတာနိုင်တယ်လို့ ဆိုတယ်။
ဒါ့ပြင် ရောဂါဖြစ်ပွားသူကိုလည်း စမ်းသပ်စစ်ဆေးရာမှာ သံသယလူနာ၊ ရောဂါဖြစ်ပွားနိုင်ချေရှိသည့် လူနာ နှင့် အတည်ပြုရောဂါ ဖြစ်ပွားသူ လူနာဆိုပြီးတော့ အဆင့်သုံးဆင့် ခွဲခြားထားပါတယ်။ သံသယ လူနာအဖြစ် သတ်မှတ်နိုင်ရန် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်း နှင့် ဆေးရုံတက်ရောက်ရန် လိုအပ်သော အခြေအနေ ရှိပြီး၊ ရောဂါဖြစ်ပွားစေသည့် အဓိက အကြောင်းအရာ တိတိကျကျ မရှိသည့်အပြင် လက္ခဏာများမပေါ်ပေါက်မှီ (၁၄) ရက်အတွက် တရုတ်နိုင်ငံ သို့ ခရီးသွားရာဇ၀င် ရှိသူ၊ တရုတ်နိုင်ငံမှာ နေထိုင်ခဲ့သူ၊ လူနာနှင့် ထိတွေ့ဖူးသူ လို့ ဆိုပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာတစ်ခု က ဓါတ်ခွဲခန်း ကောင်းကောင်း မရှိတဲ့အတွက် ဓါတ်ခွဲခန်း အဖြေ ရလဒ်ကို စောင့်ဆိုင်းနေစဉ်မှာပဲ လူနာကို ပြုစုနေချိန် မသိနားမလည်သူ တစ်ဦးတစ်ယောက်မှ တဆင့် ဗိုင်းရပ်စ် ပိုးများ ပြန့်နှံ့သွားနိုင်သည့် အရေးပေါ် အခြေအနေ တစ်ရပ်ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်မယ် လို့ ထင်ပါတယ်။ နောက်ပြီး သံသယလူနာ အဆင့် မသတ်မှတ်ခင်မှာလည်း ပေါ့ပေါ့တန်တန် သဘောမထားစေဘဲ လေ့လာစောင့်ကြည့်မှု အားမလျော့စေချင်ပါဘူး။
အထူးဂရုစိုက်ရန် မှာ Mask တပ်ခြင်းထက် မကြာခဏလက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးခြင်း၊ နှာချေ ချောင်းဆိုးတဲ့အခါမှာ နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံစွာအုပ်ပြီး ဆိုးခြင်း၊ တစ်ရှူးအသုံးပြုပြီးပါက စနစ်တကျ အမှိုက်ပုံးတွင်း စွန့်ပစ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ခြင်း၊ အာဟာရပြည့်စွာ စားသုံးခြင်းနှင့် အိပ်ရေး၀၀ ကောင်းမွန်စွာ အိပ်စက်ခြင်း၊ တိရစ္ဆာန်များနှင့် အကာအကွယ်မပါခြင်း ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အသားစိမ်းများ နှင့် ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာတွင် မတူညီသောစဥ့်တုံးများကို အသုံးပြုခြင်း၊ အသားစိမ်းများဖြစ်စေ၊ ဟင်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာစွာ ဆေးကြောပေးဖို့ လိုအပ်သလို၊ ရောဂါ ဖြစ်ပွားသူကို မြင်တွေ့လျှင် နီးစပ်ရာဆေးရုံကိုသွားရောက်၍ ကုသမှု ခံယူဖို့ တိုက်တွန်းသင့်ပါတယ်။
စည်သာ(တောင်ကြီး)
တရုတ်နိုင်ငံ ၊ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော
2019 Novel Coronavirus 2019 – nCOV ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှမ်းပြည်နယ်တွင်း ဖြစ်ပွားမှုမရှိစေရေး၊ ပြည်နယ်အဆုတ်ရောင် ရောဂါ စောင့်ကြပ် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဥက္ကဌ အဖြစ်၊ အဖွဲ့ဝင်ပေါင်း (၂၈) ဦးဖြင့် ပြည်နယ်အဆင့် ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် ရှမ်းပြည်နယ်၏ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ၀င်ပေါက် ထွက်ပေါက်များတွင် သံသယလူနာနှင့် ရောဂါဖြစ်ပွားသူများကို စောစီးစွာ သိရှိ ထောက်လှမ်းတုန့်ပြန်နိုင်ရေး ဆောင်ရွက်ရန်၊ သံသယလူနာတွေ့ပါက အမြန်ဆုံးသတင်းပို့ ကုသမှုခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်၊ သံသယလူနာတွေ့ပါက တုန့်ပြန်ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆေးရုံများသို့ အချိန်မှီလွှဲပြောင်းပေးပို့နိုင်ရေး၊ သီးခြား လူနာခန်းတွင် ရောဂါစစ်ဆေးအတည်ပြုခြင်း နှင့် ကုသမှု ခံယူခြင်းလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ကြိုတင်ပြင်ဆင်ထားရှိရန်၊ ကိုရိုနာဗိုင်းရပ်စ် နှင့် သက်ဆိုင်သည့်အချက်အလက်များကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပေးဆောင်ရွက်ရန် စသော အချက် ၁၂ ချက်ပါဝင်ကြောင်း သိရသည်။
စည်သာ(တောင်ကြီး)
3-2-2020