Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, November 24, 2013

အချစ်သစ်ပင်

အချစ်ဝတ္ထု
သိရ် (အေးသာယာ)

အခန်း(၁)
 နောက်ဆုံးလက်ကျန် ဆေးထပ်သွင်း ပြီးချိန်မှာတော့ နောက်ကို နည်းနည်းဆုတ်လိုက်ရင်း ရေးလက်စ ပန်းချီကားကို စည်သူမောင် အရသာခံကြည့် နေလိုက်တယ်။ ခေါင်းကို ဘယ်စောင်းလိုက် ညာစောင်းလိုက် ကြည့်နေချိန်မှာ -
“ဘုန်း” ခနဲ မြည်သံကြောင့် လန့်သွားပြီး လှည့်ကြည့်လိုက်တော့ ကောင်မလေး မြင့်မြင့်ရီ ဖြစ်နေတယ်။ စားပွဲပေါ်ကို လက်ချာ စာအုပ်တစ်ထပ်ကြီး ပစ်ချ လိုက် တာကိုး။ ဒီကောင်မလေး လုပ်လိုက်ရင် ဒီတိုင်းချည်းပဲ။ လူကိုအလန့်တကြားလုပ်တယ်။ ပြီးရင် လူပျိုလေးအခန်းထဲကို အသံမပေးဘာမပေးနဲ့လည်း ၀င်လာ တတ်တယ်။
“နင်ကလည်းဟာ လူကိုထိတ်သွားတာပဲ”
“ယောင်္ကျား မဟုတ်တဲ့အတိုင်းပဲ”
“ယောင်္ကျားလေးလည်း လန့်တတ်တာပဲဟာ.. ငါခဏ ခဏ ပြောတယ်၊ အသံလေး ဘာလေးပေးပြီးဝင်ပါလို့ ဆိုတာ၊ နင်လူ့ကျင့်ဝတ် နားမလည်ဘူးလား”
ဆိုတော့ ကောင်မလေး သူ့ကို မခိုးမခန့် ရယ်ရင်း လျှာထုတ်ပြတယ်။
“ဆောဒီး ဆောဒီး၊ ဟီး လန့်စရာ မလိုပါဘူးဟ၊ ကိုယ်ကျင့်တရားပဲ လိုတာ”
“အောင်မာ လာလာချေသေး”
“ကဲ စားကြ၊ သောက်ကြဦးနော်”
ဆိုပြီး စည်သူမောင် မိခင် စားစရာသောက်စရာ တွေ လာချပေးလို့ စကားခဏ ပြတ်သွားတယ်။ မနက်စောစော ဆိုရင် သူ့အမေက သစ်သီးဖျော်ရည် ဖြစ်ဖြစ်၊ ဂျုစ် တစ်ခုခု ဖြစ်ဖြစ် လုပ်ပေးနေကျ။ ရှမ်းပြည်ထွက် ထိုဟူးကြော်၊ ခေါပုတ်နှမ်းထောင်း နဲ့ ဂျင်းဖျော်ရည်၊ မြင်းခွာရွက်ဖျော်ရည် တွေက စားချင်စရာ။ ကောင်မလေးက ပြုံးစိစိ နဲ့ လက်က ဇတ်ခနဲ ဆိုသလို ထိုဟူးကြော် တစ်ခုကို ကောက်ဝါးလိုက်တယ်။ ပြီးတော့ မသိသလိုလို အထာနဲ့ ပန်းချီကားကို ကြည့်ပြီး -
“ဒါ နင်ဆွဲနေတဲ့ ပန်းချီကား လား၊ တစ်လလောက် ကြာပြီနော်၊ မပြီးသေးဘူးလား”
“အေး”
တစ်ခွန်းပဲ ပြောပြီး မြင်းခွာရွက်ရည်ကို နည်းနည်း ကောက်သောက်လိုက်တယ်။ ဒီကောင်မလေး လာရင်တော့ သူ့အတွက် တစ်ခုမဟုတ် တစ်ခု စိတ်ညစ် စရာတော့ ပါလာပြီးသား။ ခုလည်း ဘာဂျီ ကျဦးမလို့လဲ မသိ။ ကောင်မလေးက သူနဲ့ သက်တူရွယ်တူ ဆိုပေမယ့် ကောင်မလေးက ချောတယ်၊ လှတယ်။ ကောင်လေး တွေ နဲ့  ရှုပ်တယ်၊ ပွေတယ်။ သူကတော့ အနုပညာသမား ပီပီ ဘ၀ကို ခပ်အေးအေးနဲ့ ဖြတ်သန်းချင်နေသူ ဆိုတော့ ခန္ဓာကိုယ် အလှဆင်တဲ့ အလုပ်တွေကို အပိုအလုပ်တွေလို့ သတ်မှတ်ထားသလို သူကိုယ်တိုင်ကလည်း ပြီးစလွယ်ပဲ နေတတ်တယ်။ သူ့အခန်းထဲကို ကြည့်လိုက်ရင်လည်း အမြဲ ရှုပ်ပွနေတာပဲ။
“နင့်ကို ကြည့်လိုက်တိုင်း အမြဲတမ်း ဒီပုံချည်းပဲဟာ၊ စိတ်ပျက်စရာကြီး ။ ကဲ ထ ထ ၊ နည်းပညာ ပြပွဲရှိတယ်၊ သွားရအောင်လေ”
သူထင်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် နည်းပညာ ပြပွဲ ဆိုတော့ သူပျော်သွားတယ်။ အကျီ င်္တစ်ထည် ကောက်လဲလိုက်ရုံနဲ့ အပြင်ထွက်ဖို့ အတွက် လုံလောက် သွားတယ်။ သူမကတော့ ရှိုးနဲ့ မိုးနဲ့ ဆိုတော့ ရှက်တယ်နဲ့ တူတယ်။
“ဟင် နင့်ဟာက ဒါပဲလားတဲ့”
ခေါင်းပဲညိတ်ပြလိုက်တယ်။ ကောင်မလေး ကတော့ စိတ်မသက်သာ သလိုပုံစံနဲ့ ခေါင်းတွင်တွင် ခါရမ်းနေတယ်။ သုံးနိုင်ဖြုန်းနိုင် ပေမယ့်လည်း အလှအပ အတွက်  အကုန်ကျခံမယ့် အစား သူဝါသနာ ပါတာတွေပဲ လုပ်လိုက်တော့မယ်။ ကောင်မလေးကို ဘာမှ ပြန်ပြောမနေတော့ပဲ အိမ်ရှေ့ ပေါ်တီကို အောက်ကို ဆင်းလာ လိုက်တယ်။ သူမ အလှအပ ဘယ်လောက်ကြိုက်လည်း ဆိုရင် သူမကားကိုတောင် ဆေးထားတာ မှန်ရောင်ထအောင် ပြောင်လက်လို့။
ကားမောင်းထွက်လာချိန်ထိ စကားတစ်ခွန်းမှ မပြောဖြစ်ပဲ တိတ်ဆိတ်နေမိကြတယ်။ ကောင်မလေး မျက်နှာမှာ မာနကြောင့် တင်းမာနေဟန် ပေါက်နေတယ်။ သူမ ကားမောင်းနေရင်းနဲ့ မကြည့်တမ်း ခလုတ်တွေကို နှိပ်လိုက်တာ linkin park ရဲ့ ခပ်ပြင်းပြင်း သီချင်းသံ ပေါက်ကွဲထွက်ပေါ်လာရဲ့။ သေချာတယ်။ သူမ စိတ်တို နေပြီ ဆိုတာ..။ ငယ်စဉ်ထဲက လက်ပွန်းတတီး ပေါင်းသင်းလာခဲ့သူတွေ ဆိုတာ သူမ ဘယ်လိုအခြေအနေမှာ ဘာဖြစ်နေပြီတာ သူ တန်းသိနေတယ်။ ဒီလို အပြုံးတွေ၊ ဒီလို မျက်နှာသေ အမူအရာ တွေကို တုန်နေအောင် ကြောက်တတ်ခဲ့တာ အိပ်မက်ထဲ ထည့်မက်ရတဲ့ အထိ။ သူကတော့ ကားပေါ်မှာ ကုတ်ကုတ်လေး ငြိမ်သက် တွေးတော နေမိတယ်။ ကောင်မလေး စိတ်ဓါတ်က ပြင်းထန်တယ်။ သူဖြစ်ချင်တာဆို လုပ်ကို လုပ်လိုက်ရမှ။ စိတ်ကလည်း ကြီးသေး။ လိုချင်တာ မရရင် သေမလိုကို ဖြစ်တတ်တာ။ မာနကလည်း ကြီးသေး။ တော်တန်ရုံ လူစားမျိုးဆို စကားကို အဖတ်လုပ်ပြီး ပြောမနေဘူး။ အာညောင်းလို့တဲ့။ ဒါပေမယ့် သူ့ အပေါ်မှာတော့ သံယောဇဉ်ကြီးရှာတယ်။ ကောင်းကောင်းဆိုးဆိုး သူ့ကိုတော့ ပြန်ပြီး တိုင်ပင်သလို၊ အကြံဥာဏ်လည်း တောင်းတတ်တယ်။ ရင်ဖွင့်စရာ ရှိလည်း သူကိုပဲ လာလာပြီး ရင်ဖွင့်တတ်တယ်။ တစ်ခါတစ်ခါ ရင်ဖွင့်ရင်း စိတ်မကောင်းစရာတွေ ၀မ်းနည်းစရာတွေ ကြုံလာရင် သူ့ပခုံးပေါ်မှာ ငိုချင်ငိုပြန်ရော။ ပျော်ရွှင်လာရင် ရယ်ချင်လည်း ရယ်ပြန်ရော။
ပြောရရင်တော့ သူတို့နှစ်ယောက်ဟာ ဘာမှ မဟုတ်ကြပေမယ့် သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဆိုတာတော့ သေချာတယ်။
“နင် အခုတလော ငါ့ကို ရှောင်နေတယ်မလား၊၊ မှန်မှန်လိမ်စမ်း ပင်စည်”
ကောင်မလေးက သူ့ကို ချစ်စနိုးနဲ့ စည်သူ ဆိုတာကို အဖျားဆွတ်ပြီး ပင်စည်လို့ ခေါ်သလို၊ သူကလည်း ကောင်မလေးကို ချစ်စနိုးနဲ့ မြင့်မြင့်ရီ ဆိုတာကို အဖျားဆွတ်ပြီး အမြစ်လို့ ခေါ်တယ်။ ဒီနာမည်တွေကို ဘိုင်အို သင်ရင်း ပေါ်လာရတာပါ။ ကြည့် သူ မေးပုံကိုက မှန်မှန်လိမ်စမ်းတဲ့။ မယုံသင်္ကာတဲ့ ပုံပေါက်နေတော့ ပြောရမယ့်လူတောင် တွန့်သွားတယ်။ သူကလည်း သူများတွေလို မဟုတ်ပါဘူး၊ ဘာညာ ပြောမနေတော့ပဲ တည့်(ဒဲ့) ပဲ ပြောချလိုက်တယ်။
“ဟုတ်တယ်။ အမှန်တိုင်း ပြောရရင် နင့်ကောင်တွေက ငါ့ကို ကြည့်မရ ဖြစ်ပြီး အလကားနေရင်း လာမဲနေကြတာကို စိတ်လေနေတာ။ ကောက်ရိုးပုံ စောင့်တဲ့ ဘာညာ ဆိုပြီး စကားမရှိ စကားရှာ၊ ပြီး ရန်ရှာတယ်ကွာ။ ပြန်ပြောရင်လည်း ငါမှားတယ် ပြောဦးမယ်။ မတွေ့အောင်ရှောင်လည်း မရဘူးကွာ”
“ပြန်ချပေါ့ ၊ နင်ယောင်္ကျား မဟုတ်ဘူးလား”
“ယောင်္ကျားဆို တိုင်း ရန်ဖြစ်ရမှာလားကွ၊ တော်တော့ကွာ”
အမှန်က စည်သူမောင့် စရိုက်ဟာအချောလွန်ပြီးတော့ နုချင်သလိုလို၊ နွဲ့ချင်သလိုလို ဖြစ်နေတာ။ မိန်းမချောချောတာ။ ဒါကို ပတ်ဝန်းကျင်က အပုံးလိုလို၊ ဂလန် လိုလို လုပ်ပြီး ပြော နေကြတော့ လိုက်ရှင်းပြမနေတော့ဘူး။ ကြာတော့ ထင်ချင်သလို ထင်လာကြတယ်။ စည်သူမောင်က သူနေချင်သလို နေတာပါ။ သူများတွေ ထင်သလို မဟုတ်မှန်းလည်း ကောင်မလေးသိတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း မနေတာကြီးကို သူမ အားမရဘူး။ လူဆိုတာ နီးတကျက်ကျက်ပဲ မှတ်လား။ ကိုယ်ရတဲ့ အခြေအနေ ပေါ်မှာ ဘယ်သူတွေက လုံးလုံး ကျေနပ်ဖူးလို့လဲနော်။ ကောင်မလေးက သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲပြီး ဘ၀င်မြင့်နေတာ။ အင်းလေ အစစ ပြည့်စုံနေချိန်ဆိုတော့ ဒီလိုပေါ့ နော့်။ စည်သူမောင့်ကို ယောင်္ကျားစစ်စစ် မှန်းလည်း သိတယ်။ ဒါကို ယောင်္ကျား မဟုတ်ဘူးလားလို့ ဘာလို့ အမြဲတမ်း ပြောနေရလည်း ဆိုတော့ သွေးအေးတဲ့ သူ့ကို ဆွ ပေးနေတာ။ သူမက ပူပူလောင်လောင် မျိုးမှကြိုက်ချင်တာလေ။ နောက်ပြီး သူစိတ်ဆိုးတာကို အရသာခံချင်လို့လည်း ကောင်မလေး ပြောင်နောက်နေတာလေ။
“အင်းပါ ၊ နင့်ကို တောင်းပန်တဲ့ အနေနဲ့ ငါအခု ပန်းသီး တံဆိပ် တစ်ခုခု ၀ယ်ပေးမယ်လေ၊ နင်ကြိုက်ရာ ရွေးပေါ့”
“တကယ်နော်၊ ပျော်စရာကြီးကွာ၊ ဒါမှ ငါ့ သယ်ရင်းကွ”
ဆိုပြီး ကောင်မလေးကို လှမ်းဖက်လိုက်လို့ “ဟောတော်” ဆိုပြီး ကားမောင်းနေရင်း လန့်ဖြန့်ပြီး ဘရိတ်အုပ်လိုက်ရတယ်။ ပြီးမှ တိုင်ပင်မထားပဲ ပြိုင်တူ ရယ်မိ လိုက်ကြတယ်။ ခုလို ပေါ့ပေါ့ပါးပါး နေလိုက်တော့လည်း စိတ်ထဲ ရှင်းပြီး ပျော်သွားတာ ပါပဲလား။
++++++++++++++++
အခန်း (၂)
ပန်းတိုင်းဟာ ပွင့်စမှာတော့ အလှဆုံးပါပဲ။ ပွင့်သက်တမ်း ကြာရှည်လာတာနဲ့ ရင့်ရော်လာပြီး ညှိုးနွမ်း ပျက်ကြွေ သွားတတ်ကြတာ သဘာဝပါ။ တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်မှာ အမြစ်ဆိုတဲ့  ကောင်မလေးရဲ့နာမည် ရေပန်းစားနေပါပြီ။ ကွန်ပျူတာ ကျောင်းတက် နေတာလည်း မဟုတ်ပဲနဲ့ ကျောင်းက ကောင်လေး တစ်ယောက် ခေါ်ခေါ်လာလို့ တောင်ကြီး တက္ကသိုလ်ကနေ ကွန်ပျူတာ တက္ကသိုလ် ပြောင်းတက်ရမလိုကို ဖြစ်နေတဲ့ ကောင်မလေး။ ဘက်စုံထောင့်စုံ ပြစ်မျိုးမှည့်ကင်း ပျိုမြစ်နုနယ် ချောလှလွန်းတာမို့ လူတကာ နှုတ်ဖျားမှာတင်မက စိတ်ဝင်စားခြင်း ခံရသူ။ တိုင်းရင်းသူလေးမို့ ဖြူရှင်းဝင်းဖန့်တဲ့ အသားအရေနဲ့ နက်မှောင်တဲ့ ပိတုန်းရောင် ကေသာကျော့။ တစ်ကိုယ်လုံးကို ကြည့်လိုက်ရင် မိန်းမမြတ်တို့ရဲ့ ကောင်းခြင်း လက္ခဏာတွေ ဖြစ်တဲ့ အရိုးနဲ့ကောင်းခြင်း၊ အရေကောင်းခြင်း၊ အရပ်ကောင်းခြင်း၊ ဆံနွယ်ကောင်းခြင်း၊ အမျိုးကောင်းခြင်း စတာတွေနဲ့ ပြည့်စုံနေတဲ့ အပြင် သူမစီးလာတဲ့ နောက်ဆုံးပေါ် ပြိုင်ကားကလည်း လူတကာ အာရုံကို ဖမ်းစားနိုင်လွန်းတယ်။ ကွန်ပျူတာက ကောင်လေး ကလည်း ကားနဲ့ ပါပဲ။ ကားနှစ်စီး မောင်းရတာ ပျင်းတယ် ဆိုပြီး သူမ ကားနဲ့ပဲ ကွန်ပျူတာ တက္ကသိုလ်ကို ရောက်ရောက်လာလေ့ရှိတယ်။ ကျောင်းက မြို့ပြင်မှာ ဆိုတော့ လိုင်းကားစီးရတာ အဆင်မပြေချင်ဘူးလေ။ ကောင်မလေး သူ့ကို လှမ်းမြင်တော့ လက်ပြ နှုတ်ဆက်သွားတယ်။ သူ့ရင်ထဲမှာ မချိသလိုပဲ။
“လာလေ အချစ် ကျောင်းဝင်းထဲ လမ်းလျှောက်ကြတာပေါ့”
ကိုယ့်နဲ့ ဘာမှ မဆိုင်ပေမယ့် သက်သက်မယ့် လာလှောင်ပြောင်နေသလိုကို ခံစားရတယ်။ တစ်ကျောင်းလုံးကလည်း သူနဲ့ ကောင်မလေးရဲ့ ပတ်သက်မှုကို သိသလို နောက်ကောင်လေး တစ်ယောက်နဲ့ ပတ်သက်မှုကိုလည်း သိထားတော့ သူ့ကို လာလာမေးကြတယ်။ တတ်နိုင်သမျှတော့ ကောင်မလေးကို ရှင်းပြတာပါပဲ။ ဒါပေမယ့် လူဆိုတာကလည်း သိတဲ့အတိုင်းပဲနော့်။ မလုပ်နဲ့ ဆိုမှ လုပ်ချင်တယ်။ ဘယ်သူမှ ကိုယ့်ကို ဆရာလုပ်တာ မကြိုက်ချင်ဘူး။ သူတို့ နှစ်ယောက် ဘယ်နေရာသွားပြီး ဘာလုပ်တယ် ဆိုတာ မကြားချင်မှ အဆုံး ပွထ နေတာပဲ။ ကောင်လေးက ရန်ကုန်က ပြောင်းလာတယ် လို့လည်း ပြောတယ်။ အဲဒီကိစ္စ ကောင်မလေးကို မေးကြည့်တော့ စိတ်မပါတဲ့ လေသံနဲ့ ဘာမှ မဟုတ်သလို ပြောတယ်။ အပျော်တဲ့လေ။ သူကတော့ ကောင်မလေး နောင်ရေးကို တွေးကြည့်ပြီး ရင်လေးတယ်။ သူတစ်ပါးကို စိတ်မပါပဲတွဲတာ အပြစ်မရှိဘူးထင်ရပေမယ့် တကယ်တမ်း အကျိုးသက်ရောက်က မျှော်လင့်ချက် ပေးသလိုကြီး ဖြစ်နေတော့ ငရဲလည်း ကြီးပါတယ်။ နိုင်ငံခြားမှာ ဆိုရင် အချစ်ကြီးလို့ အမျက်ကြီးပြီး ဖြစ်ကြတဲ့ လူသတ်မှုတွေ အများကြီး  ရှိတာကို ကောင်မလေး မသိလို့တော့ မဖြစ်နိုင်ဘူး။
သူကတော့ ရည်မှန်းချက်လည်း ကြီးမားတယ်။ ဘွဲ့လွန်ဆက်တက်ပြီး မဟာတန်းမှာ စာတမ်းပြုစုဖို့ အထိ ရည်ရွယ် ထားသလို နောင်တစ်ချိန်မှာလည်း ကွန်ပျူတာ နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုဖို့ စိတ်ကူးတယ်။
ကိုယ်ဝါသနာ ပါတဲ့ ပညာဖြစ်တာလည်း တစ်ကြောင်း၊ စိတ်ပါဝင်စားမှုလည်း ရှိတာကြောင့် ဘာသာရပ် အခက်အခဲတွေ ရှိပေမယ့် ရအောင်ကြိုးစားသင်တယ်။ စာတွေက ခက်တယ် ဆိုပေမယ့် သေချာလေ့ကျင့်ရင်တော့ လွယ်ပါတယ်။ အပြင်စာတွေကိုလည်း မလွတ်တမ်း ဖတ်ရတယ်။ ဒီတော့ တခြား ဘာဘာညာညာ ကိစ္စတွေကို စိတ်မ၀င်စားနိုင်သလို ဘော်ဒါတွေနဲ့လည်း စကားပြောရင်းကုန်ဖို့ အချိန်မရှိဘူး။ သူကတော့ အားရင် ပန်းချီဆွဲ၊ ကွန်ပျူတာနှိပ်နေတာပဲ။ အပြင်မှာဆို စာအုပ်တစ်အုပ်နဲ့ သူ့ကို အမြဲတွဲပြီး မြင်ရတယ်။ ဒါကြောင့် သူ့မျက်မှန်ပုလင်းဖင် ဖြစ်တာလည်း မပြောနဲ့။ စာသင်ချိန် ပြင်ပဆိုလည်း အိမ်မှာပဲနေတယ်။
ခုသူနောက်ဆုံးဆွဲနေတဲ့ ပန်းချီကားကို “အိပ်မက်ပင်” လို့ နာမည်ပေးထားတယ်။ သူနဲ့ ကောင်မလေး အဆင်မပြေ ဖြစ်နေတဲ့ အကြောင်းလေးတွေကို နိမိတ်ပုံ တွေ နဲ့ ဆွဲပြီး ရှယ်ပေါက်ကွဲထားတာ။ ကောင်မလေးကို သူရင်ခုန်နေတာလား ဆိုတော့လည်း ဟုတ်တယ်။ ဖွင့်ပြောဖို့ကျတော့လည်း မပြောရဲပြန်ဘူး။ တိတ်တိတ်လေး ကြေကွဲ နေတာ။  ကောင်မလေးကို သူဖွင့်ပြောသင့် ၊ မပြောသင့်ဆိုတာ ခုထက်ထိ သူ့စိတ်မှာ ဝေခွဲလို့ မရဘူး။ အရွယ်တွေ ငယ်သေးတယ်လို့ပဲ ထင်နေတုန်းပဲ။ သူကတော့ ရိုးရိုးသားသား နဲ့ပါပဲ။ တကယ်လို့ ကောင်မလေး သူ့ကို စိတ်ပျက်ပြီး ထားခဲ့မယ် ဆိုလည်း မတတ်နိုင်ဘူး။ သူချစ်တဲ့ အနုပညာနဲ့ပဲ ဘ၀ကို ရှေ့ခရီးဆက်ရမှာပဲ။
အိမ်ပြန်ရောက်တော့ ကောင်မလေး ၀ယ်ပေးတဲ့ ipad လေးကို ထုတ်ကြည့်နေမိပြန်တယ်။ အိုင်ပတ်ကြီး ကိုင်ပြီး ငူငူငေါင်ငေါင် စဉ်းစားနေတုန်း ကောင်မလေး ဆီက ဖုန်းဝင်လာတယ်။
 “အေး၊ ပြော နင် အသက်ရှည်ဦးမယ်။ ခုပဲ နင့်အကြောင်း တွေးနေတာ”
“ဘာလဲ ငါ့မကောင်းကြောင်းတွေလား”
“ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့လေ၊ အမှန်ဆို ငါက နင့်ကို တစ်ခုခု ၀ယ်ပေးရမှာနော်။ ခုတော့ နင်ကငါ့ကို ၀ယ်ပေးနေတာ ဆိုတော့ ပြောင်းပြန်ကြီး ဖြစ်နေလားလို့”
“တွေးမနေပါနဲ့ဟာ၊ ဘာမှ မဆိုင်ပါဘူး၊ အခု နင်အားလား ၊ ငါတို့ အပြင်မှာ မာလာဟင်း သွားစားကြရအောင်လေ”
 “အင်း ၊ မအားဘူးဟ၊ စာလုပ်ရဦးမှာ”
တစ်ဖက်က တီးတိုးရေရွတ်ပြီး ဖုန်းချသွားတယ်။ အင်းလေ သူစိတ်ဆိုးမယ် ဆိုလည်း ဆိုးစရာပေါ့။ ဒါပေမယ့် ကိုယ်မှ တကယ်မအားတာ။ မှတ်မိသေးတယ်။ အထက်တန်ကျောင်းသား ဘ၀တုန်းကပေါ့။ အဲဒီတုန်းက သူက အတန်းခေါင်းဆောင်။ ကောင်မလေးနဲ့ သူနဲ့ တစ်ခန်းထဲ နေရတယ်။ သူက စာလည်း တော်သလို၊  လိမ်လည်း လိမ္မာတော့ အများလေးစား အားကျရတဲ့ အတန်းခေါင်းဆောင်ပေါ့။ တစ်ရက်မှာတော့ ဘဲဥကန်သွားပြီး ရေသွားကူးမယ်လို့ ကောင်မလေးက ပူဆာတယ်။ ဒီလောက် လူသေတာ နာမည်ကြီးတဲ့ ဘဲဥကန်မှာမှ ရေသွားကူးရအောင် နင်စိတ်မှ မှန်သေးရဲ့လား ဆိုပြီး ပြောလိုက်မိတော့ ကောင်မလေး စိတ်ဆိုးသွားပြီး အတန်းထဲမှာ သူ့ကို သိက္ခာလိုက်ချတယ်။ စည်သူဟာ လိပ်ခေါင်းရောဂါ ရှိတဲ့ အပြင် ၀က်ရူးပြန်ရောဂါ ပါရှိတဲ့ အရူးဖြစ်ပါတယ် ဆိုပြီး စာတွေ လိုက်ကပ်တော့တာ။ ဒီကိစ္စကို ကျောင်းအုပ် ဆရာမကြီး သိသွားတော့ ကောင်မလေးကို ရုံးခန်းခေါ်ပြီးဆူတယ်။ ဒါကို သူမက စည်သူ တိုင်ပြောတယ် ထင်ပြီး အထင်လွဲတယ်။ နောက်တော့ အတန်းပိုင်ဆရာမ ၀င်ဖြေရှင်းပေးလိုက်မှ သိသွားတယ်။ ဒီလောက် တစ်ကျောင်းလုံး စာလိုက်ကပ်တာကို ဘယ်သူတိုင်စရာလိုလို့လဲ။ သိပြီပေါ့လို့။ သူမ လက်ချက်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို၊ ထင်ရှားနေတာကြီးကို။ ဒီတော့မှ သူ့ကို ကောင်မလေး ပြန်ချော့တယ်။ ရိုးရိုးမချော့ဘူး။ နေ့လည် ကျောင်းဆင်းပြီး တစ်နာရီ ကျောင်းပြန်တက်ချိန်မှာ လူစုံပြီ ဆိုတော့မှ အခမ်းအနား တစ်ခု လုပ်ပြီး တစ်ခန်းလုံးကို ကပြတယ်။ အတန်းထဲဝင်မယ့် ဆရာမတောင် မ၀င်ဖြစ်သေးပဲ အပြင်ကနေ သူမ ကတာကို ရပ်ကြည့်နေရတယ်။ တစ်ချို့တွေက ဖုန်းကင်မရာတွေနဲ့ ရိုက်ပြီး မှတ်တမ်းတင်ထားကြတော့ တစ်ကျောင်းလုံးကို ဒီသတင်း ပျံ့နှံ့သွားတော့တာပဲ။ ကောင်မလေး “က”တာကလည်း ရယ်ရတယ်။ ဦးရွှေရိုး အကလည်း ပါတယ်။ အိုပါ ဂန်းနား စတိုင်လည်း ပါတယ်။ သူ “က” တာကိုကြည့်ပြီး ဘယ်သူမှ မရယ်ပဲ မနေနိုင်ဘူး။ အဲဒီနေ့က စပြီး ကောင်မလေး ကျောင်းထဲမှာ နာမည်ကြီးသွားတယ်။ မဆီမဆိုင် တွေကို ပြန်သတိရနေတာပါ။ အတိတ်ကို တမ်းတ လွမ်းဆွတ်ခြင်းဆိုတာ ရူးမိုက်မှု သက်သက်ပဲဆိုပြီး မောင်းထုတ်လိုက်တယ်။
အလုပ်ခန်းထဲကို ၀င်ပြီး ပန်းချီကား ဆွဲဖို့အတွက် စိတ်နှစ်လိုက်တယ်။ သာမာန်အားဖြင့် ညနက်နက်ပိုင်းတွေမှာမှ သူပန်းချီဆွဲဖြစ်တာပါ။ ဒါပေမယ့် ဒီနေ့လို ခံစားချက် ပြင်းထန်လာရင်တော့ ချက်ချင်းလည်း ကောက်ဆွဲချင်ဆွဲတတ်တယ်။ အချိန်ကိုလည်း ကန့်သတ်ချက် မထားတတ်ဘူး။ သူ့အကျင့်က အလုပ်တစ်ခု လုပ်မိပြီ ဆိုရင် ကျန်တဲ့ အလုပ်တွေကို မေ့ရော။ စားဖို့လည်း သတိမရတော့ဘူး။ ကွန်ပျူတာလည်း သတိမရတော့ဘူး။ အဲ။ ကွန်ပျူတာရှေ့ ထိုင်ပြီ ဆိုလည်း ဒီတိုင်းပဲ။ ကျန်တာ အားလုံးမေ့။ ပန်းချီဆိုတာ သူနဲ့ မဆိုင်တော့သလိုပဲ။ အလုပ်တစ်ခုကို လွန်လွန်ကျွံကျွံ လုပ်တယ်ပဲ ပြောရမလားပဲ။
အ၀ါရောင် နောက်ခံမှာ အနက်ရောင် ခြယ်ပြီးတော့ အနီရောင်ဆေးတွေ ပက်ချလိုက်တယ်။ လိုချင်တဲ့ အနေအထားရအောင် အကြာကြီး ပြုပြင်ရတယ်။ သီအိုရီ မရှိဘူး၊ အချိန်ကန့်သတ်ချက် မရှိဘူး။ တားမြစ်ချုပ်ချယ်မှု မရှိဘူး။ အမိန့်ပေးစေခိုင်းမှု မရှိဘူး။ မေတ္တာတရား။ ဖြူစင်ခြင်း နဲ့ အတ္တ။ ကြမ်းတမ်းခြင်း ဆိုတာတွေကို အနီရောင် လို့ သူသတ်မှတ်တယ်။ ဆေးရောင်တွေ တဗြန်းဗြန်း ခြယ်နေလိုက်တာ စစ်ပွဲတစ်ပွဲ ဆင်နွဲနေသလား အောင့်မေ့ရလောက်တယ်။ အာရုံစူးစိုက်မှုတွေ အားကြောင်းလာတာနဲ့ တပြိုင်နက် ပတ်ဝန်းကျင်ကို သူ တဒင်္ဂ မေ့လျော့သွားတယ်။ ပန်းချီကားထဲမှာ နှစ်မြုပ်ထားတဲ့စိတ်က ပင်လယ် ဒီရေလို တက်လိုက်ကျလိုက်နဲ့ ငြိမ်းချမ်းလိုက်တာ။ အပူပင် မရှိ။ သောက မရှိ။ ဘာရလိုမှု မှလည်း မရှိဘူး။ စိတ်ဆိုးဒေါသထွက်ခြင်းကင်းတယ်။ လောကရဲ့ အမှန်တရားကို နက်နက်ရှိုင်းရှိုင်း ခံစား မိလာတော့ သူ့မျက်လုံးကနေ မျက်ရည်တွေ ယိုစီးကျလာပါတော့တယ်။ အနုပညာတစ်ခုကို ဖန်တီးဖူးပါသလား။ မာကျောတဲ့ နှလုံးသားနဲ့ အထီးကျန်နေတယ် ဆိုရင် အနုပညာ တစ်ခုခုကို ဖန်တီးကြည့်ဖို့ ကောင်မလေးကို သူ တိုက်တွန်းချင်လာတယ်။ သူငိုနေတာ မဟုတ်ဘူး။ သံယောဇဉ်၊ မေတ္တာတရားနဲ့ လောက အမှန်တရားတွေကို ခံစားနေတာ။
++++++++++++++++++++++
အခန်း(၃)
တစ်နေ့တော့ လိုင်းပေါ်မှာ အထက်တန်း ကျောင်းတုန်းက သူငယ်ချင်းမ တစ်ယောက်နဲ့ ပြန်ဆုံမိပြီး ရှေးဟောင်း နှောင်းဖြစ် တွေ ပြောဆိုမိကြတယ်။ ချောစု တဲ့။ အစကတော့ မမှတ်မိဘူး။ သူမ စတင်မိတ်ဆက်လာတော့မှ မှတ်မိတာ။ ကျောင်းတုန်းက စည်သူက နာမည်ကြီး ဆိုတော့ အားလုံး တစ်ကျောင်းလုံး သိတယ်။ အားကစား လည်း လုပ်လိုက်သေးတယ်။ ကျောင်းပြပွဲတွေဆိုလည်း ပန်းချီဝင်ပြိုင်လိုက်တာပဲ။ ကျပန်း စကားပြောပွဲဆိုလည်း သွားလိုက်တာပဲ။ ဒီလို အဘက်ဘက်က ထူးချွန်နေတော့ ဆရာ၊ ဆရာမ တွေက အားကိုးနေရတာပေါ့။ စကားစပ်မိရင်း ကောင်မလေး အမြစ် အကြောင်းရောက် သွားတယ်။
“ဟဲ့၊ နင်တို့ ဘယ်အခြေအနေ ထိရောက်နေပြီလဲ”
“မပြောပါနဲ့တော့ဟာ၊  အမြစ်က ခြေရှုပ်နေတာ”          
ဟယ်၊ အဲလိုကြီးလား ဆိုပြီး ဟိုဘက်က အံ့သြသွားတယ်။ နောက်ပြီး ဖေ့ဘုတ်ပေါ်မှာ ရှိတဲ့ ပိုစ့်တွေ တော်တော်များများကို ဖတ်ခိုင်းတယ်။ ကောင်လေးက ကောင်မလေး တွေ အပေါ် လိုက်နာရမယ့် အချက်တွေ ဘာညာပေါ့လေ။ နောက်တစ်နေ့ ရောက်တော့  အိမ်ကို ရောက်လာပြီးတော့ အမြစ်အကြောင်းကို ဆွေးနွေးတိုင်ပင်မိကြတယ်။
“ငါ့ကိုတော့ ဘယ်လိုမှ မထင်ပါနဲ့ဟာ၊ စပ်စုတာတော့ မဟုတ်ပါဘူး၊ နင့်ကို ကူညီချင်တာပါ”
“ရပါတယ် ပြောရမယ့် လူတွေမှ မဟုတ်တာဟာ။ ငယ်သယ်ရင်း စာရင်း ထဲမှာ နင်လည်း အနွံတာ အခံဆုံး စာရင်းဝင် တစ်ယောက်ပဲလေ”
 “နင်တို့ဟာက အောင်သွယ်တော် မြားနတ်မောင် တစ်ယောက်လိုနေပြီဟ”
ဒီလိုနဲ့ ချောစုကို ဆရာတင်ပြီး သကာလ ကြားအလယ်လူ တစ်ယောက်အနေနဲ့ ချောစုခိုင်းတာ စည်သူ လိုက်လုပ်နေမိတော့တယ်။ အရင်ဆုံး စည်သူ့ရဲ့ တိုက်ဂေါ ဆံပင်ကေကြီးကို ဖြတ်လိုက်ပြီးတော့ အလန်းဆုံး အီမိုကေကို ညှပ်လိုက်တယ်။ အ၀တ်အစား တွေကိုလည်း ဒီဇိုင်နာ တစ်ယောက်အတိုင်း လိုက်ရွေးဝယ် ပေးတယ်။ ဘယ်လို ဖိနပ်နဲ့ ဘယ်လို ဦးထုပ်ကို တွဲဝတ်။ ဘယ်လိုမျက်မှန်က ပိုလိုက်တယ် စသဖြင့် အခမဲ့ ဂိုက်လိုက်လုပ်ပေးတယ်။ ကြည့်တော့သာ လွယ်မယ်ထင်တာ။ တကယ်တမ်းကိုယ် ကိုယ်တိုင် ဆင်ရပြီ ဆိုတော့ ဒီဇိုင်နာ တစ်ယောက်ရဲ့ အရည်အချင်းတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်လေ။
“ဒါတွေကို နင်ဘယ်လို တတ်လာတာလဲ”
“ဟဲဟဲ ၊ ဒီဇိုင်နာ ပြိုင်ပွဲတွေ နင် မကြည့်မှန်း သိပ်သာတာပဲ။ ရန်ကုန်မှာ ငါတို့က သင်တန်းတက်ပြီး ပြိုင်ပွဲဝင်လာတာလေကွာ”
ဆိုတော့ ချောစုကို လေးစားသွားတယ်။ ဒီ့တွက်လည်း သူ့ကို ကျေးဇူးတင်လို့ မဆုံးဘူး။ ကောင်မလေး တစ်ယောက်ကို ဘယ်လို ယုယမှုတွေ ပေးရမယ် ဆိုတာ က အစ စည်းကမ်းချက် တွေကိုလည်း ကျက်ရပြန်တယ်။
“မှတ်ထားဟ၊ ငါတို့ မိန်းကလေး တွေဆိုတာက အရမ်း ဂရုစိုက်ခံချင်တတ်တာ။ ဒါကြောင့် လူများ ဂရုစိုက်မှုရအောင် ကိုယ့်ကိုယ်ကို ပြင်ဆင်မှုတွေ လုပ်ရတာပေါ့။ နင့် ကောင်မလေး တခြားတစ်ယောက်နဲ့ တွဲတယ် ဆိုတာကလည်း နင့်ရဲ့ ဂရုစိုက်မှု လိုချင်လို့ပေါ့။ ထုတ်ပြောဖို့ မသင့်တော့ သူက တခြားနည်း နဲ့ ဖော်ထုတ်တာပေါ့၊ လောကမှာ ဂရုစိုက်ဖို့ မေ့နေတဲ့ ယောင်္ကျားပဲ ရှိတယ်။ ဂရုစိုက်မခံချင်တဲ့ မိန်းမရယ်လို့ မရှိဘူး”
တဲ့လေ။ ဒီ ကောင်မလေး ကျတော့ တစ်မျိုး။ တော်တော် မိန်းမကျမ်းကြေတယ်လို့ ပြောရမယ်။ သူမ ပြောတဲ့ အတိုင်း ကိုယ့်ကိုယ်ကို ပြင်ဆင်မှုတွေ လုပ်လိုက်တော့ ဟိုအရင်တုန်းကလို ခပ်စုတ်စုတ် အ၀တ်အစားနဲ့ မျက်မှန်နဲ့ ဆံပင်ဖိုသီဖတ်သီ နေတဲ့ စည်သူမောင်နဲ့ တခြားစီ ဖြစ်သွားတယ်။              
“ကဲ ဟုတ်ပြီ နင်ဒီ စတိုင်လ်နဲ့ အမြစ်ရှေ့မှာ နေရမယ်။ ငယ်ငယ်က လုပ်ခဲ့သလိုမျိုးပဲ ။ အမြစ်ကို ဂီတာတီးပြီး သီချင်းဆိုပြရမယ်။ အများရှေ့မှာနော် လုပ်ရဲလား”
“ဘာလို့ မလုပ်ရဲရမှာလဲ”
“ကျောင်းဝင်းထဲမှာနော်။ နောက်ပြီး သီချင်းဆိုပြီးရင် အဖြေလည်း တောင်းရဦးမယ်၊ ဘယ့်နှယ့်လဲ”    
ချောစု ရေးတဲ့ ဇာတ်ညွန်းကို တစ်ပတ်အတွင်းမှာပဲ အကောင်အထည် ဖေါ်ဖြစ်လိုက်တယ်။ ကောင်မလေး ကျောင်းကို သူ့ ကောင်လေးနဲ့ ရောက်လာမယ့် တစ်နေ့ကို စောင့်ရင်း အားလုံးကို ကြေငြာလိုက်တယ်။ လူတွေလည်း စိတ်ဝင်စားပြိး စုဝေးလာကြတော့ ကောင်မလေး အတွက် ဆိုတဲ့ သီချင်းကို အများရှေ့မှာပဲ ဂီတာတီး ပြီး သီချင်းဆိုပြလိုက်တယ်။ ကောင်မလေးနဲ့ သူ့ချာတိတ်လေးလည်း လာနားထောင်တယ်။ ချာတိတ်လေးကတော့ မျက်နှာတွေ ပျက်ပြီး စိတ်တွေ ဆိုးနေလေရဲ့။ ထွက်တော့ မသွားကြဘူး။ အားလုံးကလည်း အားပေးကြပါတယ်။ တချို့က လက်ခုပ်တီးပြီး သီချင်းလိုက်ညည်းတယ်။ တချို့က နှင်းဆီပန်းလေးတွေ လာတင်သွားတယ်။
“သူငယ်ချင်းရယ် ချစ်တယ်၊ ဘယ်လို စွမ်းအားမျိုးနဲ့ ပြောရပါ့မလဲ”
ကိုယ်တိုင်ရေးဆိုတဲ့ သီချင်းမို့ မကြားဖူးလို့ တချို့က ကြောင်နေသေးတယ်။ နောက်တစ်ပုဒ်အရောက်မှာတော့ အားလုံးက သံပြိုင်တောင် လိုက်ဆိုကူလိုက် သေးတယ်။ အားလုံးသီချင်း ၃ ပုဒ် ဆုံးသွားတော့ ကျောင်းသားတွေ ရှေ့မှာပဲ ပြောချလိုက်တယ်။
“ဒီသီချင်းတွေက ကျွန်တော့်ရဲ့ သူငယ်ချင်းလေး အမြစ်အတွက် ဆိုထားတာပါ။ အားလုံးရှေ့မှာ ကျွန်တော် တစ်ခုလောက် ၀န်ခံချင်ပါတယ်။ အမြစ် ဒီကို ခဏလောက် လာပေးလို့ ရမလား”
ကောင်မလေးလည်း ယောင်တောင်ပေါင်တောင်နဲ့ သူ့အနားရောက်လာတယ်။ ဘာမှန်းတော့ မသိသေးဘူး။။
“ကိုယ် ရင်ဖွင့်စရာ ရှိလို့ပါ သယ်ရင်း”
ဆိုပြီး သူမရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး အိတ်ကပ်ထဲက လက်စွပ်ဘူးကို ထုတ်ပေးလိုက်မိတယ်။ အားလုံးကလည်း ဟာခနဲ ဟင်ခနဲ ဖြစ်သွားပြီး လက်ခုပ်တွေ တီး၊ လက်ခေါက်တွေမှုတ်လို့ ကောင်းချီးပေးကြတယ်။ ကောင်မလေး ဆို ရှက်ပြီး မျက်နှာတွေ ရဲခနဲ ဖြစ်သွားတာ။
“သယ်ရင်းကို ချစ်ခွင့်ပန်ပါရစေ၊ သယ်ရင်းကို အရမ်းချစ်တယ်”
ဆိုပြီး ရှေ့မျက်နှာ နောက်ထားပြီး ပြောချလိုက်တာ။ လူကို ဟိုးကောင်းကင်ကြီးပေါ်က ခုန်ချလိုက်သလိုပဲ။ အမြစ်ကလည်း အူအမ်းအမ်းနဲ့ လက်စွပ်ဘူးကို ယူထားလိုက်ပြီး ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ ဖြစ်နေတယ်။ အားလုံးကလည်း သူမ ဘာပြန်ပြောမလဲ ဆိုတာ သိချင်လို့ ငြိမ်ပေးပြီး နားထောင်ကြတယ်။ နောက်တော့မှ အသိဝင်လာပြီး ဆွဲထားတဲ့ လက်ကို ဆောင့်ရုန်းလို့ လက်စွပ်ဘူးကို သူ့ထံ ပြန်ပစ်ပေါက် ပေးပြီး ထွက်ပြေးသွားတယ်။
“လူလိမ်”
တဲ့လေ။ ပြောရက်လိုက်တာ ကောင်မလေးရယ်။ ကျောင်းသားတွေ ရှင်းသွားချိန်ထိ အဲဒီ သစ်ပင်ကြီး အောက်ကနေ မထဖြစ်ဘူး။ အိမ်ပြန်ရောက်တော့လည်း ဘာမှ မလုပ်ဖြစ်တော့ပဲ တစ်ချိုးတည်း အိပ်ယာဝင်လိုက်တယ်။ တစ်ခါတစ်လေမှာ ထင်ထားတာနဲ့ ဖြစ်လာတာတွေက တခြားစီ ဖြစ်တတ်တယ်။ ကောင်မလေး သူ့ကိုဘာလို့ စိတ်ဆိုးသွားရတာလဲ။ သူ့ချာတိတ်လေးကြောင့်လား။ ဒီအကြောင်းတွေ ချောစု ကိုလည်း ပြန်ပြောမပြချင်တော့ဘူး။ သူဘာဆက်လုပ်ရမလဲ ဆိုတာလည်း မသိတော့ဘူး။
အခန်း(၄)
နောက်နေ့ မနက်မှာတော့ သူ့အိမ်ကို အူလျားဖားယား နဲ့ ကောင်မလေး ရောက်လာပြီး မေးမြန်းပါလေရော။
“နင်ဘာတွေ လျှောက်လုပ်နေတာ ပင်စည်။ နင့်ကို ဘယ်သူမြှောက်ပေးလို့ ဒါတွေ လုပ်နေတာလဲ မှန်မှန် ပြောစမ်း”
သူတစ်ချက်စဉ်းစားလိုက်တယ်။ ပြောပြလို့ကော ဘာထူးမှာလဲတဲ့။ ဒီတော့ ဘာမှ ပြန်ပြောမနေပဲ သူမ စိတ်ဆိုးပြေချိန်ကို စောင့်နေလိုက်တယ်။
“မနေ့တုန်းက လူအများရှေ့မှာ နင်ငါ့ကို သက်သက်အရှက်ခွဲတာ မှတ်လား၊ ပြောစမ်း။ နင်ချူတိုင်း ငါက ပျော့ကျသွားမယ် ထင်ပြီး ဒီလိုတွေ လျှောက်လုပ်တာ မှတ်လား။ ငါ့ကို ဒီလောက်တောင် အညှာလွယ်တယ်လို့ ထင်နေတာလား ဒီလောက်တောင် အထင်သေးထားလား ပြောစမ်းပါဦး”
“…………..”
“နောက်ပြီး နင်တခြား မိန်းကလေးတွေ နဲ့လည်း ခြေရှုပ်နေတယ်လို့ ကြားတယ်၊ အဲဒါ ဟုတ်လား ပြော”
ဆိုတော့ သူဝမ်းသာသွားတယ်။ ဘာပဲပြောပြော ကောင်မလေးက သူ့အပေါ်မှာ စာနာတဲ့စိတ်တော့ ရှိသေးတာပဲ ဆိုပြီး ကျေနပ်သွားတယ်။ မနေ့တုန်းက ကိစ္စက သူမ ငြင်းပယ်လိုက်တာတော့ မဟုတ်ဘူး။ ရှက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာပဲ ထင်ပါရဲ့။     
“ဟဲ့ ငါမေးတာ ဖြေဦးလေ”
“နင်တောင် ရှုပ်သေးတာပဲ။ ငါကခုမှ ကြိုတင် စစ်ရေးလေ့ကျင့်မှု ပဲ ရှိသေးတာ”
ဆိုပြီး အကြိမ်ကြိမ် လေ့ကျင့်ထားတဲ့ စကားကို ထုတ်ပြောလိုက်တယ်။ ဒါက ချောစု သင်ထားပေးတဲ့ တိုက်စစ် နံပါတ် ၂( )
“ငါ့ သူငယ်ချင်းတွေကလည်း ပြောကုန်ကြပြီ၊ နင်ဒီလို စတိုင်တွေ ပြောင်းလဲပြီး တခြား မိန်းမ တွေနဲ့တွဲနေတော့ ငါကျန်ရစ်ဖြစ်တော့မှာပဲ ဆိုပြီး မေးငေါ့ကြတယ်။ နင်နဲ့ငါနဲ့ ဘာမှမဟုတ်ဘူး ဆိုတာ အားလုံးသိအောင် ဖြေရှင်းမှ ဖြစ်တော့မယ်”
“အဲဒါ ဟိုချာတိတ်လေးနဲ့ ဆိုင်လား”
“ဘာမှ မဆိုင်ဘူး ၊ ကြွက်မနိုင်ပဲ ကျီမီး မရှို့နဲ့”
“ဒါဆို နင်ဘာလို့ ချာတိတ်လေးနဲ့ တွဲနေတာလဲ၊ ချာတိတ်လေးနဲ့လည်း မဆိုင်ဘူး ပြောသေးတယ်။ နင်နဲ့ငါနဲ့ လည်း မဆိုင်ဘူးလို့လည်း ပြောတယ် ဘာလဲ”
ဆိုတော့ ချောင်ပိတ်မိတဲ့ ယုန်လေးလို ကုပ်သွားတယ်။ သူလည်း ရတဲ့ အခွင့်ရေးကို လက်လွတ်မခံပဲ -
“ငါနင့်ကို တကယ်ချစ်တာပါဟာ၊ ငါတို့က ချစ်တယ်လို့သာ ထုတ်မပြောရုံ ရှိတာပါ၊ နင်လည်း ငါ့ကို ချစ်မယ် ဆိုတာငါသိထားပါတယ်”
ခေါင်းငုံ့ မျက်လွှာချလို့ အပြစ်လုပ်ထားတဲ့ ကလေး တစ်ယောက်လို နှုတ်ခမ်းကိုက်နေခဲ့တယ်။ အဲဒီနေ့က မယူဖြစ်တဲ့ လက်စွပ်ဘူးလေးကို ပြန်ပေးပြီး နောက်တစ်ခါ ချစ်ခွင့်ပန် ပြန်တယ်။
“ဒီလက်စွပ်လေးက ငါ့ရဲ့ချစ်သက်လက်ဆောင်လေးပေါ့။ ငါချစ်တဲ့ အကြောင်းတွေကို သူပြောပြပါလိမ့်မယ်။ ငါတို့ငယ်ငယ်တုန်းက အတန်းထဲမှာ နင်သီချင်း ဆိုခဲ့တာကို မှတ်မိသေးလား အမြစ် ၊ နင်မမှတ်မိဘူးဆို ငါ အခွေ ပြန်ဖွင့်ပြမယ်လေ”
ဆိုပြီး ကျွန်ပျူတာနဲ့ ဇာတ်လမ်းတိုလေး documentary တစ်ပုဒ်ကို ဖွင့်ပြလိုက်တယ်။ ကောင်မလေး တစ်ယောက်က ကျောင်းခန်းထဲမှာ သီချင်းဆိုပြီး က နေတာပါ။ ရည်ရွယ်ချက်က သူ့ချာတိတ်လေး စိတ်ဆိုးပြေအောင် အချော့တော် သွင်းနေတာပေါ့။ ဇာတ်လမ်း ဆုံးသွားတော့ သူကိုယ်တိုင် မှတ်တမ်းတင်ထားတဲ့ ဖုန်းကင်မရာလေး ထဲက ပုံလေးတွေနဲ့ ပြုပြင်ထားတဲ့ သီချင်း၊ ကဗျာ၊ ဓါတ်ပုံ ဆလိုက်ရှိုးကို ဆက်ပြလိုက်တယ်။ ဓါတ်ပုံလေးတွေက ကောင်မလေး အမှတ်တမဲ့ အိပ်နေပုံတွေ၊ စိတ်ညစ်နေချိန် ငိုကြွေးနေပုံတွေ၊ ပျော်ရွှင်မြူးတူးနေပုံတွေ ၊ ခရီးထွက်ရင်း ရိုက်တဲ့ပုံတွေ။ အစားစားတဲ့ ပုံတွေ၊ တောင်ပေါ်တက်ရင်း အမှတ်တရ ရိုက်ထားတဲ့ ရှုခင်းပုံတွေ စသဖြင့် စုံလို့ပါပဲ။ သီချင်းပြီးသွားလို့ နောက်လှည့်ကြည့်လိုက်တော့ ကောင်မလေး မရှိတော့ဘူး။ လက်စွပ်ဘူးလေးက စားပွဲပေါ် တင်ကျန်ရစ်လို့။
အခန်း(၅)
ခုဆိုရင် စည်သူ တစ်ဖြစ်လည်း ဦး စန္ဒောဘာသ ဦးဇင်းဝတ်နေတာ တစ်လ ပြည့်ရှာပြီ။ စိတ်လည်း ပြန်တည်ငြိမ်လာပြီမို့ နောက်တစ်ပတ် လောက်ကြာရင် လူဝတ်လဲတော့မယ်လို့ စဉ်းစားပြီး အိမ်ကို မက်ဆေ့ခ်ျ ပို့လိုက်တယ်။ ဒီသတင်းကို ကြားကြားချင်း လျှပ်စီးလက်သလို ပြာခတ်နေတာက အမြစ်ပဲ။
စည်သူပြန်လာရင် ဘယ်လို နှုတ်ဆက်လိုက်မယ်။ အ၀တ်အစားကို ဘယ်လို ပြင်ဆင်လိုက်မယ် ဆိုတာက အစ။ နောက် စည်သူမောင့် အပေါ်မှာ သူဆိုးခဲ့ မှားခဲ့သမျှ တွေကိုလည်း တောင်းပန်တဲ့ အနေနဲ့ သူမကိုယ်တိုင်က စပြီး၊ မိန်းကလေး တန်မဲ့ ချစ်ခွင့်ပန်လိုက်မယ် ဆိုတာအဆုံး။ ဒါတွေ အားလုံးက စည်သူမောင့် အချစ်ကို စစ်မစစ် စမ်းကြည့်ချင်လို့ ဖြစ်ကြောင်း ချောစုနဲ့ တိုင်ပင်ပြီး ပြန်ရှင်းပြရမယ် စသဖြင့်ပေါ့လေ။ ရောက်တတ်ရာရာ တွေ စဉ်စားထားလိုက်တာ။
စည်သူမောင် လူထွက်တဲ့ နေ့ရောက်တော့ ပိုထူးခြားအောင် ဆိုပြီး ကား၃စီးနဲ့ သွားကြိုကြတယ်။ စည်သူမောင့် မိသားစုကတစ်စီး၊ သူမက တစ်စီးအပြင်။ ချောစု လည်း တစ်စီး။ အဆင်သင့်ပါပဲ။ မနက်ခင်းမှာ လူဝတ်လဲပြီးသား အထုပ်ပိုးတွေနဲ့ကားပေါ်တင်၊ ဆရာတော်ကို ၀တ်ဖြည့်ပြီး ပြန်လာလိုက်တယ်။ အိမ်ကိုရောက်တော့ ပစ္စည်းတွေ နေသားတကျ ဖြစ်တော့မှ အစီအစဉ် စဖို့အတွက် ပြင်ဆင်ရတယ်။ ကိုယ်တော်ချောက အိနြေ္ဒတွေ ရလာပြီး၊ ဘယ်သူ့ကိုမှ မျက်လုံးလှန်မကြည့်သလို စကားတောင် ခပ်ဟဟ မပြောတော့ဘူး။ တိုးတိတ်ညင်သာ သွားလိုက်တာ အံ့စရာ။ အစီစဉ်က စည်သူ့ကို အပြင်ခေါ်ထုတ်သွားပြီး ၀မ်းတေဘယ် ကျွေးမယ်ပေါ့။
“မချောစုရေ။ သူ့ကိုခေါ်သွားပြီး လျှံယူမှာ စောင့်နေလိုက်ပါနော်”
အရေးထဲမှာမှ သူမဆီ ဖုန်းဝင်လာတယ်။ သူမ မေမေ မူးလဲလို့ အိမ်တော်နားကို လာခဲ့ပါတဲ့။ မေမေ ဆိုတဲ့ အသံကြားတာနဲ့ ဘာမှ မဆန်းစစ်နိုင်ဘူး။ တစ်ခါထဲ အိမ်တော် ဆီကို ကားနဲ့ သွားလိုက်တာပဲ။ ဟိုရောက်တော့မှ မေမေ မဟုတ်ပဲ ကွန်ပျူတာကျောင်းက ချာတိတ်လေး လိမ်ခေါ်တာ ဖြစ်နေတယ်။
“ဘယ်လိုလဲ ချစ်မမ ရဲ့ ။ ခြေလှမ်းတွေ ကြဲလှချည်လား ၊ ဟင်… လေစိမ်းတွေ တိုက်နေတာပေါ့လေ ဟုတ်လား”
ချာတိတ်လေးက အံ့ဂျော်လေသံနဲ့ မခိုးမခန့် လုပ်ပြောတယ်။ သူမကို တမင်သက်သက် ခေါ်ရစ်မှန်း သိပေမယ့် နောက်ပြန်ဆုတ်လို့ မရတော့ဘူး။
“ထူးရယ်၊ မ တောင်းပန်ပါတယ်ကွာ။ အမှန်က စည်သူမောင်ဟာ အမ ချစ်သူ တစ်ယောက်ပါ။ အမ တစ်ဖက်သက် ကြိတ်ချစ်နေတာကြာပါပြီ။ သူ့ဖက်က ဖွင့်မပြောလို့သာ.”
                နောက်တစ်ယောက်ကို ချစ်ပါတယ် ဆိုတဲ့ စကားကို ကြားလိုက်တော့ ချာတိတ်လေး တီဆားထိသလို တွန့်သွားပြီး အူနုကျွဲခတ် ဖြစ်သွားတယ်။
“တော်၊ တိတ်၊ ဘာမှ မကြားချင်ဘူး။ ခင်ဗျား သိပ်ရက်စက်တယ်။ ကျွန်တော့်ကို အရုပ်လေး တစ်ရုပ်လို ကစားလိုက်တာပေါ့လေ ဟုတ်လား”
“မဟုတ်ပါဘူး ထူးရယ်၊ ထူးနဲ့လည်း ဘာမှ ဟုတ်တိပတ်တိ ဖြစ်ခဲ့တာလည်း မဟုတ်ပဲနဲ့၊ ဘယ်မှလည်း မသွားဘူး လက်လေးကိုင်တာလောက် ရှိတာမှတ်လား”
“ကျုပ်ဘာမှ မသိချင်။ မကြားချင်ဘူး ကျုပ်ဆိုတဲ့ကောင်က ချစ်ပြီဆို ချစ်လိုက်ရမှ၊ ဘယ်သူ့ကိုမှ လည်း အပေးမခံနိုင်ဘူး၊ အသက်ချင်းလဲလိုက်မယ်”
ချာတိတ်လေး ဘီလူးစီးနေပြီမို့ ဘယ်လိုမှ ထိန်းချုပ်မရတော့ဘူး ဆိုတာ သိလိုက်တယ်။ ပတ်ဝန်းကျင် နားမှာကလည်း အကူညီတောင်းစရာ တစ်ယောက်မှမရှိ။ တစ်ယောက်ထဲ ထွက်လာမိတာ သူမှားပြီလို့ နှောင်းနောင်တတွေနဲ့ သိလိုက်ရတယ်။ နတ်ဝင်သည်လို တစ်ကိုယ်လုံး တုန်နေတဲ့ ချာတိတ်လေး ကိုကြည့်ပြီး သူကြောက်လာ တယ်။ သူ့မျက်လုံးတွေကို ကြည့်လိုက်ရင် သွေးအေးအေး နဲ့ ရက်စက်မယ့် လူစားဆိုတာ သိပ်သိသာလွန်းနေတယ်။ ချာတိတ်လေး သူမ အနားကို တဖြည်းဖြည်းချင်းကပ် လာပြီး နောက်ဆုံး အနမ်းကို ခြွေလိုက်ချိန်မှာတော့ ဘယ်ဘက်ရင်အုံ ဆီက အောင့်ခနဲ တစ်ချက် ဖြစ်သွားပြီး-
“အင့်… ထူးရယ်၊ ရက်စက်လှချေလား ၊ ကိုကိုမောင့် ပြောတဲ့ ၀ဋ်တော့ လည်ပါပြီ”
လို့ ပြောရင်း အသက်ပျောက်သွားရှာတယ်။ သူမ မသေခင်အထိ ကိုကိုမောင် ဆိုတာကို တဖွဖွ ပြောမဆုံးဘူး။ ချာတိတ်လေးလည်း သတ်ပြီးတော့မှ မှားမှန်းသိလို့ ဆေးရုံမောင်းပို့ပေမယ့် နှလုံးသား တည့်တည့်ကို ထိတဲ့ အတွက် ဘယ်လိုမှ မမှီတော့ပါဘူး။
စည်သူနဲ့ ချောစုတို့ကတော့ စားသောက်ဆိုင်မှာ စောင့်ရင်း စောင့်ရင်း မလာတော့တာနဲ့ ဆေးရုံလာခဲ့ပါ ဆိုတဲ့ ဖုန်း မက်ဆေ့ခ်ျ တစ်ခု ၀င်လာတဲ့ နောက်ဆုံး စ၀်စံထွန်း ဆေးရုံကို ရောက်တော့ မြင်ကွင်းက မလှပ။ ကိုကိုမောင် တို့ ရောက်သွားတော့ အမြစ်မှာ အသက်မရှိတော့ဘူး။ ချောစု ဆို ဒီအကြောင်းတွေ ပြောပြောပြီး ငိုလိုက်တာ။ သူ့မှာသာ ငိုရမလို၊ ရယ်ရမလို ဖြစ်နေတယ်။ သူ့မျက်ရည်တွေ ခန်းကုန်တာ မဟုတ်ဘူး။ ခံစားချက်တွေ ပြင်းထန်လွန်းအားကြီးတော့ ခံနိုင်ရည်မဲ့သွားတာ။
အခန်း(၆)
အမြစ်ရဲ့ အသုဘ အခမ်းအနားက စည်ကားတယ်ပဲ ပြောရမယ်။ ကျောင်းမှာရှိတဲ့ လူကုန်နီးပါး လိုက်ပို့ကြတာမို့ ကားတန်းကြီးတွေ ပြည့်နှက်နေတယ်။ အခေါင်းကို မြေဖို့တော့ ဘာရယ်မဟုတ်ပဲ သူလည်း ဖို့ကူနေမိတယ်။ သွားတော့ အမြစ်ရေ။ နင်က အမြစ်မို့ မြေကြီးအောက်မှာနေ။ ငါက ပင်စည်မို့ မြေပေါ်မှာပဲ နေမယ်။ ငါတို့တွေ ငယ်ငယ်က ကစားခဲ့သလိုပေါ့နော်။ အမြစ်ကြောင့်သာ အပင်ရှင်သန်တယ်ဆိုပြီး အမြစ်က ပုန်းရှိုးကွယ်လျိုး ပေးဆပ်သူ အဖြစ် စနောက်ခဲ့တဲ့ မြင့်မြင့်ရီရေ။ သွားပေဦးတော့။ ဒါပေမယ့် နောင်တစ်ချိန်ရောက်ရင်တော့ ပင်စည်ဖြစ်ဖြစ်၊ အမြစ်ဖြစ်ဖြစ် မြေသြဇာ ဖြစ်ကြရတာပါပဲနော်။
စည်သူမောင် ဆွဲနေတဲ့ ပန်းချီကားက ဒီလို အဖြစ်ဆိုးမျိုး ကြုံလာခဲ့မယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် သူ မဆွဲခဲ့ပါဘူး တကယ်။ ခုတော့ …..။              
သိရ် (အေးသာယာ)
24-Nov-13 2:28 PM

No comments:

Post a Comment


Aung Hein - နည်းပညာ