လူတွေ ဒုက္ခကို တော်တန်ရုံ ခံနိုင်ရည် မရှိကြတဲ့ အကြောင်းရင်းမှန်က
ဒုက္ခ ဖြစ်ကြောင်းမှန်ကို မသိကြလို့ ပါပဲ။ ဆိုကြပါစို့…..။
နေ့လုပ် နေ့စား တစ်ယောက် ဟာလည်း တစ်နေ့လုပ်လို့
ရလာတဲ့ လုပ်ခလေးကို စားသောက်ပြီး ပျော်နေကြ တာပဲ။ သူဌေးတွေ ဆိုလည်း ဒီတိုင်းပဲ။ တစ်ခုကနေ
နှစ်ခု ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာပဲ သူတို့ ခေါင်းထဲမှာ အမြဲ တွေး နေတယ်။ ဒုက္ခကို
သူတို့ လက်မခံသေးဘူး။ မြင်လည်း မမြင်သလို မြင်အောင်လည်း မကြည့်ချင်ဘူး။
ဒုက္ခ ဆိုတာကလည်း မဖြစ်သေးသရွေ့တော့ ကောင်းတယ်လို့
သုခ ထင်ရလောက်အောင် ပိပိရိရိ နေတတ်တယ်။ ကျန်းမာရေး ဖြစ်ဖြစ်၊ ပစ္စည်း ဥစ္စာ ဖြစ်ဖြစ်၊
မိသားစုဝင် ဖြစ်ဖြစ် ဆုံးရှုံးမှုတွေနဲ့ ကြုံလာရပြီ ဆိုတော့မှ နည်းနည်း စိုးရိမ်စိတ် ၀င်တာ။ ဒီတော့မှ ကြောက် စရာကောင်းမှန်း သိကြတာ။
ပြောကြတဲ့ စကား လည်း ရှိပါတယ်။
“ဒုက္ခနဲ့ ကြုံလာပြီ ဆိုတော့မှ လောကကြီးကို ကြောက်တတ်ရ
ကောင်းမှန်းသိလာတယ်” တဲ့။ ဟုတ်လား။
ကျန်းမာရေး ကောင်းစဉ်ကတော့ တပြုံးပြုံး တပျော်ပျော်
နဲ့ ပေါ့။ ခါးလေး နည်းနည်း နာလာပြီ ဆိုတာနဲ့ စိုးရိမ်စိတ် သောက ၀င်လာရော။ ချမ်းသာကြတုန်း
ကတော့ ပြည့်စုံလှပြီမှတ်တာ။ ဆုံးရှုံးထိခိုက်မှုနဲ့ ကြုံဆုံလာတော့ ငါ့ကျမှ ဖြစ်ရလေခြင်းကွာလို့
ပူပန်ခြင်း ဖြစ်ကြရတယ်။ အမှန်ကတော့ မဖြစ်ခင်ထဲက ကြိုတွေးထားရမှာ။ လောကကြီးမှာ ဒီလို
ဒီလိုတွေ ရှိပါလား။ အကြောင်းကြောင့် အကျိုး တွေ ဖြစ်နေပါလားလို့ ဆင်ခြင်နိုင်ရမှာ။
ဒုက္ခနဲ့ ကြုံတွေ့ကြတဲ့ အခါ လူတွေ ပြူးပြူးပျာပျာ ဖြစ်သွားကြပြီး
သွေးပျက် သွားတတ်ကြတယ်။ ဆိုရိုးစကား တစ်ခု ရှိပါတယ်။ “အရေးကြုံမှ သက်လုံ ကောင်းခြင်း”
။ ဒီစကားရဲ့ ဆိုလိုရင်းကတော့ သိပ်ကို ထိရောက် စူးရှပါတယ်။ လူဆိုတာ အရေး မကြုံမချင်း
သက်လုံ မကောင်းဆိုတဲ့ အချက်ကို ကောင်းကောင်းကြီး မီးမောင်းထိုး ပြနေပါတယ်။ လူတွေဟာ
အခက်အခဲတွေ၊ ပြဿနာတွေ၊ အပူ ဒုက္ခတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရပြီ ဆိုတော့မှ အစွမ်းအစ
ထုတ်ချင်တတ်ကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကို လူတိုင်းကြားဖူးမှာပါ။
ဘုရင်ကြီးဟာ သူ့သမီးတော်တွေကို လာရောက်တောင်းရမ်းသူ
များလွန်းတဲ့ အတွက် မိကျောင်းတွေ ပြည့်နေတဲ့ ကန်ကြီးကို ကူးနိုင်သူ ရှိရင် ပေးစားမယ်
လို့ ကြော်ငြာလိုက်တယ်။ အမှန်တော့ မပေးစားချင်ဘူး ဆိုတာ အသိသာကြီးနော်။ မင်းသမီးလေးကို
ရမယ် ဆိုတော့ လူတွေကလည်း တိုးဝှေ့ပြီး လာကြည့်ကြတာပေါ့လေ။ ကမ်းနှစ်ဖက်လုံးမှာ လူတွေ
တိုးဝှေ့ပြီး ပျားပန်းခတ် ရှုပ်ထွေးနေရောပဲ တဲ့။ ဘုရင်ကြီးကလည်း ဒီပွဲကို လာရှုစားတယ်။
ခဏနေတော့ လူတစ်ယောက် မိကျောင်းကန်ကြီးထဲကို ၀ုန်းခနဲ ခုန်ချပြီး ကူးချသွားလိုက် တာ
ဟိုဘက်ကမ်းကို ဘယ်က ဘယ်လို ရောက်သွားမှန်း မသိဘူး။ လူတွေကလည်း လက်ခုပ်သြဘာ ပေးပြီး
ကောင်းချီးပေး ကြတယ်။ ဒီလူက တစ်ဖက် ကမ်းပေါ်တက်တက်ချင်း ဘာပြောလဲ ဆိုတော့ “ဘယ်ကောင်လဲကွ၊
ငါ့ကို ရေထဲတွန်းချတာ” တဲ့လေ။
လူတွေဟာ အခက်အခဲနဲ့ တွေ့တော့မှ အစွမ်းအစ ပေါ်တတ်ပါတယ်။
ဒါကြောင့် စိုးရိမ်ခြင်းနဲ့ နောင်တ တရား လို့ ညီနောင် နှစ်ပါးက အချောင်ခို ပျင်းရိခြင်းနဲ့
တုံးမိုက် ဖျင်းအ ခြင်း ဆိုတဲ့ ညီအစ်မ နှစ်ပါး နဲ့ အတူတူ မြို့မလွယ် တံခါးပေါက်ကနေ
ခိုးဝင် လာ တတ် ကြတယ်။ ဒီ ၄ ဦး ဆုံသွားပြီ ဆိုတာနဲ့ စိတ်ဓါတ် ဆိုတဲ့ မြို့ဟာ ပျက်စီးသွားဖို့
သိပ်ကို သေချာသွားပြီ။ စိုးရိမ်ခြင်း နဲ့ နောင်တကို ဘာလို့ ညီနောင် လို့ ပြောလည်း ဆိုတော့ စိုးရိမ်တယ်
ဆိုတာ မဖြစ်သေးတာ (အနာဂတ်) ကို ပူပန်တာ ဖြစ်ပြီး၊ နောင်တ ဆိုတာကတော့ ဖြစ်ပြီးတဲ့ (အတိတ်)
ကို ပူဆွေးတာ မို့လို့ပါ။ ညီအစ်မ နှစ်ပါးလည်း ဒီလိုပဲ။ ပျင်းရိခြင်း ဖြစ်ပေါ်ရင်၊ မကြာခင်မှာ
ဖျင်းသွားတတ်တယ်။ မျိုးစေ့ အဖျင်းတွေ ဆိုရင် ဘယ်သူမှ မသုံးချင်သလို၊ လောက အတွက်လည်း
ဘာမှလည်း အသုံး မ၀င်ပါဘူး။
စိုးရိမ်ခြင်းနဲ့ နောင်တ
ဆိုတဲ့ ညီကို နှစ်ဦးကို သောက (ပူဆွေးခြင်း) လို့ အဓိပ္ပါယ် ဖေါ်ကျူး
လိုပါတယ်။
သိုးဆောင်း စကားတွေမှာ-
“ဘုရားသခင်က လူတွေကို ဆေးခါး တစ်လှည့်၊ ပျားရည် တစ်လှည့်
ကျွေးပြီး စမ်းသပ်နေတာ”
ဆိုတဲ့ အယူရှိတယ်။ ဟုတ်ပါတယ်။ လောကဓံ တရား ၈ ပါးမှာ
အကောင်းတရားတွေ နဲ့ချည်း ကြုံနေရင် သိပ်ကို ပျင်းရိ စရာ ကောင်းမှာစိုးတဲ့ အတွက် အဆိုးတရားလည်း
ကြုံတွေ့ရ စေပါတယ်။ ကြမ္မာ ဆိုတဲ့ ဇာတ်ဆရာကြီးက အခက်အခဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ခိုင်းပြီး
သူရဲကောင်းကို ရှာဖွေလိုက်တာပါ။ တနည်းအားဖြင့် လူတော် လူညံ့ကို ခွဲခြားလိုက်တာပါ။ ကံကို
ဘယ်သူက လုပ်တာလဲ။ ထား။ အာလူးစိုက်သမားကြီးရဲ့ အာလူးခွဲခြားနည်း ပုံပြင်လေးကိုလည်း ပြောပြချင်ပါတယ်။
အနောက်တိုင်း ပုံပြင်လေးပါ။
အာလူးမှာ ကြီးငယ်လတ် ဆိုပြီး ဆိုက် သုံး ဆိုက် ရှိပါတယ်။
အာလူးကြီးရင် (ထူးရှယ်) ဈေးကောင်းရပါတယ်။ ငယ်ရင်တော့ (ဂေါ်လီ) မျိုးစေ့ ပေါ့။ အာလူး
စိုက်သမားကြီးက ပွဲရုံ မပို့ခင် ဘယ်လို ခွဲခြားလိုက်လည်း ဆိုတော့ သိပ်ကို လွယ်ပါတယ်။
ဆိုက်စုံ (ဂျွန်) ကို လှည်းပေါ်တင်ပြီး ပွဲရုံမောင်းချသွား တယ်။ လှည်းက လှုပ်တော့ အာလူးအသေးတွေ
အောက်ကို ရောက်သွားတယ်။ အလယ်အလတ် တွေက အလယ်မှာ နေပြီး ကြီးတာတွေ ကတော့ ထိပ်ဆုံးမှာပဲပေါ့တဲ့။
ပွဲရုံရောက်တော့ တသီးတသန့် ရွေးနေစရာ မလိုတော့ပဲ တစ်ခါထဲ အမျိုးအစား ခွဲ အိတ်သွပ် လိုက်ရုံ
ပဲတဲ့။ ဒီပုံပြင်လေးကနေ တွေးစရာ တွေနဲ့ လိုက်နာစရာတွေ အများကြီး ရရှိစေပါတယ်။
ပွဲရုံဆီကို သွားနေတဲ့ လမ်းခရီး ဖြစ်စဉ်ကို အခက်အခဲ
လို့ ကင်ပွန်းတပ်ခဲ့ရင် ရောက်ရှိမယ့် ခရီးလမ်းဆုံး ပန်းတိုင်မှာ လူ အမျိုး အစား အဖြေပေါ်
သွားမှာပဲလေ။ ကြံ့ကြံ့ခံနိုင်အား ကြီးသူလည်း ကြီးတဲ့အလျှောက်၊ ငယ်သူလည်း ငယ်တဲ့ အလျှောက်
ခွဲခြားပေးသွားမှာ ဖြစ်ပါတယ်။
တကယ်လို့ ဘ၀ဟာ ဆော့စရာ ဂိမ်း တစ်ခု ဆိုပါစို့။ ဒီဂိမ်းမှာ
လူတိုင်း မနိုင်နိုင်အောင် တိုက်ခိုက်ကြရမှာပဲလေ။ ဂိမ်းထဲမှာ ကိုယ် က နိုင်အောင် မတိုက်နိုင်ရင်
ရန်သူတွေကတော့ ကိုယ့်ကို ခြေမှုန်းသွားကြမှာပဲ။ ရှုံးသွားရင် နောက်တစ်ခန်း ပေါ့။ ဘ၀မှာ
ဂိမ်းအိုဗာ ဖြစ် သွားရင် နောက်ထပ် တစ်ဘ၀ ဆိုတဲ့ သံသရာရှည်ကြီး ရှိသေးတယ်။ ဒီဂိမ်းမှာ
အခက်အခဲ ပေါင်း မရေတွက်နိုင်အောင် ကျော်ဖြတ်ပြီး ဇွဲနဘဲ နဲ့ ယှဉ်ပြိုင်လို့ပဲ ဖြစ်ဖြစ်၊
မမြင်ရတဲ့ ပုစ္ဆာတွေကို ချက်ချင်း ဖြေရှင်းနိုင်ပြီး အစမ်းသပ်ခံ မှတ်ကျောက်တင်နိုင်
လို့ပဲ ဖြစ်ဖြစ် အောင်မြင် သွားကြသူတိုင်းဟာ ဒုက္ခ ဆိုတဲ့ အဆိုးတရား သဘောကို ကောင်းကောင်း
သဘောပေါက်သွားကြတဲ့ သူတွေပဲ ဖြစ်တယ်။ ရှုံးသွားသူတွေ ကိုလည်း သနားပါတယ်လေ ဆိုပြီး ချန့်စ်
ပေးတဲ့ အနေနဲ့ လွှတ်ပေးလိုက်တာမျိုး လုပ်မယ် မထင်နဲ့။ ဒုက္ခကတော့ အဆင့်တန်း မခွဲခြားပဲ
နှိပ်ကွပ်မှာပဲ။ ဘယ်တော့မှ အခွင့်ရေး မပေးသလို၊ မျက်နှာသာလည်း မပေးတတ်ဘူး။ အဲဒါ ဒုက္ခပဲ။
သိပ္ပံပညာ ဘယ်လောက်ပဲ တိုးတက်တယ်ပြောပြော လူတစ်ယောက်လုံးကို
ချက်ချင်းမတ်တပ် လူတော်လူကောင်းတစ်ယောက် ဖြစ်အောင် လုပ်ပေးနိုင်တဲ့ စက်မျိုး မပေါ်သေးဘူး။
စမ်းသပ်တဲ့ စက်တောင် မရှိသေးဘူး။ လူသားတစ်ယောက်ကို လူတော် လူကောင်း စစ် မစစ်၊ လူညံ့
ဖြစ်မဖြစ် စမ်းသပ်ပေးနိုင်တဲ့ အရာကတော့ ဒုက္ခပါပဲ။ လူတိုင်းမှာ အစွမ်းအစ ကိုယ်စီ ရှိပါတယ်။
ဒုက္ခက လူတစ်ယောက် ရဲ့ တိမ်မြုပ်ခံ အစွမ်းအစကို ဖေါ်ထုတ်ပေးတတ်ပြီး ကောင်းပျော်ပျော်၊
ဆိုးပျော်ပျော် နေတတ်တဲ့ မိန်းမောတွေဝေခြင်း တွေကို တပ်လှန့် ပေးတတ်တယ်။ အခက်အခဲတွေ
ကြုံလာရတော့မှ တချို့တန်ခိုး ရသွားကြသလို၊ တချို့များ ဈာန်လျော သွားကြတယ်။
ဒီတော့မှ လူတန်းစား နှစ်ရပ်ဟာ ကွဲပြားသွားတယ်။ (ဒါပေမဲ့
မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတွေက ကိုယ်ရည်ကိုယ်သွေး တစ်ခု ထဲကြောင့်တော့ မဟုတ်ဘူး။
တခြား အကြောင်းအရာတွေ အများကြီး ရှိပါသေးတယ်။ ဒီနေရာမှာ ဒုက္ခကို အဓိက ဇောင်းပေး ပြောချင်တဲ့
အတွက် ကျန်တဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာကို နားလည်ပေးစေလိုပါတယ်။)
တန်ခိုး ရသွားတယ် ဆိုတာက အခက်အခဲနဲ့ ကြိမ်ဖန်များစွာ
ကြုံတွေ့လာရတော့ အတွေ့ကြုံတွေများသွားတယ်။ ဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး ကိုယ့်မှားယွင်းမှုတွေ၊
လိုအပ်ချက်တွေကို ပြင်ဆင်ပြီး ရှေ့ဆက်တိုး ပြန်တယ်။ ဒီလိုနဲ့ ကြာလာတော့ စွမ်းရည်တွေ
ရသွားတယ်။ စိတ်ဓာတ်တွေ ကြံ့ခိုင်လာတယ်။ ဒီအခြေအနေကို တန်ခိုး ရသွားတယ် လို့ ဆိုလိုချင်တာပါ။
တချို့ကတော့ ဒီဖြစ်စဉ် ကို ပါရမီလို့ ခေါင်းစဉ် တပ်ကြတယ်။
ပေါ်လွင်တဲ့ ဥပမာ ပြရရင် လျှပ်စစ်မီးကို အကြိမ် တစ်ထောင်မြောက် ထိ စမ်းသပ်ခဲ့တဲ့ သိပ္ပံ
ပညာရှင် အက်ဒီဆင်ပေါ့။ လင်ကွန်းတို့၊ အိုင်းစတိုင်းတို့။ အများကြီးပါ။
မယုံရင် အောင်မြင်သွားသူတိုင်းကို လိုက်လိုက် မေးကြည့်လိုက်ပါ။
သူတို့ရဲ့ အောင်မြင်မှုတွေ ဆိုတာ ဒုက္ခတွေနဲ့ တည်ဆောက် ထားရတယ် ဆိုတာ မေးကြည့်ရင်းနဲ့
သင် သိသိ လာပါလိမ့်မယ်။ ဒီနေရာမှာ အဓွန့်တက်စရာ ရှိတဲ့ အချက်က အခြေအနေ တစ်ခုကြောင့်
အောင်မြင်သွားသူကော မရှိနိုင်ဘူးလား ။ ဆိုပါစို့။ မိဘတွေက ချမ်းသာလို့၊ အထောက်ပံ့ကောင်းနဲ့
တွေ့သွားလို့၊ အဆက်သွယ် ကောင်းသွားလို့၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်နဲ့ ညားသွားလို့ စသဖြင့်ပေါ့။
ရှိတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ သူတို့ ဒီလို အထောက်ပံ့ကောင်း တွေနဲ့ တွေ့အောင် ဒုက္ခတွေကို
ဘယ်လိုကြိုးစား ကျော်ဖြတ်သွားလည်း ဆိုတာ သိနိုင်မလား။ သေချာတဲ့ အချက်တစ်ခုတော့ ရှိပါတယ်။
ဒုက္ခကို ခံနိုင်ရည် မရှိသေးသူဟာ ဘယ်လောက်ပဲ အောင်မြင်နေနေ နောင် တစ်ချိန်မှာ ပြန်လည်
ကျရှုံးမယ် ဆိုတာ သိပ်ကိုသေချာလွန်းလို့ ဒီကိစ္စ အတွက် ကျွန်တော်တို့ ခေါင်းတစ်ခြမ်း
ကိုက်စရာ မလိုတော့ဘူး။ အရေးကြီးတဲ့ အချက်က ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ဒုက္ခကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပဲ အရေးကြီးတော့တယ်။
နှစ်ပိုင်း ခွဲပြီး ပြောရလိမ့်မယ် ထင်တယ်။ ရုပ်ပိုင်းနဲ့
စိတ်ပိုင်း ပေါ့လေ။ မင်္ဂလာ တရားတော်နဲ့ အညီပါပဲ။
နှစ်ပေါင်းများစွာ ကျွန်တော် လေ့လာ မိသလောက် လူတွေ
ပြောလေ့ ရှိတဲ့ စကား တစ်ခွန်း ရှိတယ်။
“ဒီအလုပ်ကို လုပ်ချင်လွန်းလို့ လုပ်နေတာ မဟုတ်ဘူး။
မလွှဲသာလို့ လုပ်နေရတာ” ဆိုတာပဲ။ ဘယ်သူတွေ ပြောလဲ
ဆိုတော့ အောက်ခြေ လူတန်းစား တွေလည်း ပြောတယ်။ အလယ်လတ်တန်း စာရေးတွေလည်း ပြောတာပဲ။ ထိပ်ဆုံးက
စီးပွားလုပ်ငန်းရှင်ကြီးတွေ လည်း ဒီစကားပဲ ပြောကြတာပဲ။ ဆိုတော့။ ဘာသွားတွေ့လဲ ဆိုတော့
တူညီတဲ့ အချက် တစ်ခုကို သွားတွေ့တယ်။ အဲဒါက လုပ်သင့်တာနဲ့ လုပ်ချင်တာ။ တစ်ကမ္ဘာလုံးက
လူတွေကို ဒီနှစ်ချက်ထဲနဲ့ ကောက်ချက်ဆွဲလို့ရတယ်။
ဟုတ်ပြီ။ လုပ်သင့်တာက ဘာလဲ။ လုပ်ချင်တာက ဘာလဲ။ ပြဿနာကရော
ဘာပါလဲ။ အမေးတော့ ရှိလာပြီ။
အခက်အခဲ ပြဿနာ ဆိုတာ လူသားတိုင်းအတွက် အခြေခံ ၃ ခု
ပဲ ရှိပါတယ်။ စား၊ ၀တ်၊ နေ။ လူရယ်လို့ ဖြစ်လာရင် မစားလို့ လည်း မရတော့ဘူး။ မ၀တ်လို့လည်း
မရတော့ဘူး။ ဒီအတွက် လိုအပ်ချက်ကြောင့် တာဝန်တွေ ကိုယ်စီ ရှိလာကြပြီ။ ဒီတော့ အလုပ်သင့်
ဆုံး ဆိုတဲ့ အလုပ်တစ်ခုကို မလွဲမသွေ လုပ်ကိုင်ကြရတော့တာပဲ။ အဲဒီမှာ ပြဿနာတွေ စတက်တော့တာပဲ။
ထားပါတော့။
ညစောင့် တစ်ယောက်က မင်းသားရူးရူး နေလို့ မဖြစ်ဘူး။ အံလည်း မ၀င်တော့ဘူး။ ညစောင့်ပါဆို
မင်းသားရူးပြီး အိုက်တင် တွေ ကျင့်နေလို့ကတော့ သူ့ဂိုထောင် ပြောင်သွားမှာပေါ့။ အချိန်မတော်ကြီး
ဒိုင်လော့ တွေ ကျက်နေလို့ကတော့ ခိုးလို့ ကောင်းလိုက်မယ့် အမျိုး။ ဒါက စိတ်နေရာ လွဲမှားမှု
ပြဿနာပဲ။ ဖြစ်ချင်တာက တစ်မျိုး။ ဖြစ်နေတာက တစ်မျိုး၊ လူတိုင်း ကြုံနေရပါတယ်။ မြ၀တီ
မင်းကြီး ဦးစ တောင် ကြုံရသေးတာပဲ။ ဒါက ဒုက္ခအစစ် မဟုတ်သေးဘူး။
မိမိတို့ရဲ့ လုပ်ငန်းကို နှစ်သက် ပျော်ရွှင်စွာ မလုပ်နိုင်သူတို့ဟာ
နောက်ဆုံး တစ်နေ့မှာ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့လာရလိမ့်မယ်လို့ အလုပ်ခွင် အရာရှိ ရစ်ချက် ဂျာမန်း ဆိုသူ ပြောဖူးကြောင်း
Reader Digest’s မဂ္ဂဇင်းမှာ ပါပါတယ်။
ဒါဆို မလွှဲသာလို့ လုပ်နေရတယ် ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေ
ဘာကြောင့် အောင်မြင်ကြတာလဲ။ သူတို့ ဆိုလိုတဲ့ အချက်ကတော့ လုပ်ချင်ချင် မလုပ်ချင်ချင်
ကြုံလာပြီးတဲ့ အလုပ်တစ်ခုကိုတော့ အကောင်းဆုံး ဖြစ်သွားအောင် လုပ်သွားရမယ် ဆိုတာကို
လက်ခံထားကြ လို့ပါပဲ။ ဒီနည်းနဲ့ပဲ လုပ်ငန်းခွင်မှာ နှစ်သက်မှုတွေ ရလာပြီး လုပ်ငန်း အောင်မြင်လာကြတာလည်း
ဖြစ်ပါတယ်။ များသောအားဖြင့် အောက်ခြေ လုပ်ငန်းတွေဟာ ဒီစိတ်ထားဖို့ ပိုခဲယဉ်းပါတယ်။
လမ်းပြင်နေတဲ့သူတွေကို ကျွန်တော် လိုက်ဗျူးကြည့်တယ်။
သူတို့ဘ၀ သူတို့ မကျေနပ်ကြတာများတယ်။
အမှိုက်ကောက်သမားတွေ၊ လမ်းဘေး တံမြက်စည်း လှည်းသမားတွေ
ကို မေးကြည့်တယ်။ ဟုတ်ပါတယ်။ ပျော်လို့ လုပ်တာ မဟုတ်ပါဘူး။ ၁၀၀၀ မှာ တစ်ယောက် ပျော်တာ
တွေ့ခဲပါတယ်။ တံမြက်စည်း လှည်းတာပဲကွာ ဘယ်လိုလုပ် အကောင်းဆုံး ဖြစ်အောင် လုပ်ရမလဲ၊
လုပ်ငန်းရှင်ကြီးတွေနဲ့ နှိုင်းယှဉ်ပြီး လာမပြောနဲ့။ သူတို့က ချမ်းသာလို့ ပြောတဲ့ စကားမျိုး။
လို့။ ဒီလို ဆိုချင်ကြမယ်။ ဒီလို တွေးကြည့်ရအောင်။ ချမ်းသာပြီး ဒုက္ခများနေတာထက်စာရင်
ဆင်းရဲလို့ အေးရာအေးကြောင်း တံမြက်စည်း လှည်းနေတာက ပို မကောင်း ဘူးလား။ ဒါဆို အပူကင်းသွားပြီလေ။
ဒုက္ခ ရှိတာချင်းတူတူပဲကွာ၊ ချမ်းသာချင်တယ်။ ဆိုရင်တော့ ကိုယ့်အဖြစ်ကို လက်မခံချင်တဲ့
လူတစ်ယောက်ပဲ။ လူဆိုတာ ကိုယ့်အခြေအနေကို ကိုယ်လက်ခံရတယ်။ အတိတ်မကောင်းခဲ့ ပစ္စုပ္ပန်
ညံ့နေတာပါ။
အရင်ခေတ်တွေ တုန်းကဆိုရင် ငွေဝယ်ကျွန်စနစ်တွေ တောင်
ရှိခဲ့သေးတာ။ ခုခေတ်လို ကျွန်စနစ် မရှိတော့တဲ့ အခြေနေမှာ ဘယ်လောက် လွတ်လပ်လဲ။ ကျွန်ဆိုရင်
ကျွန်လိုပဲ နေရတယ်။ ဘာကြောင့်လဲ။ ကျွန်ဖြစ်မယ့် မျိုးရိုးကြောင့်လေ။ အဖေ၊ အမေ ကျွန်ဖြစ်
တာကိုလည်း လက်မခံချင်ဘူး ဆိုရင်တော့ မရဘူး ။ အဲလို လူမျိုးတွေဟာ ဒုစရိုက်မှုကို ကျူးလွန်ဖို့
အခြေနေ ပိုများတယ်။ ချမ်းသာခြင်း သာ အမှန်တရား ဆိုပြီး ဘနဖူး သိုက်တူးမှာ မကလို့ တရားတာ
မတရား မသိဘူး။ ချမ်းသာဖို့ တစ်ခုထဲ ရှေးရှုနေရင်တော့ လူလိမ် လူကောက်တွေ ဖြစ်သွားတတ်ကြတယ်။
မိန်းကလေးတွေ ဆိုရင်လည်း လမ်းမှားလိုက်ပြီး ပျက်စီးသွားတတ်ကြတယ်။ အခြေအနေကိုက အဲဒီထဲကို
တွန်းပို့ နေသလိုမျိုး ထင်ရတတ်တယ်။ အမှန်တော့ စိတ်ပျော့ညံ့လို့ ဖြစ်ရတာပါ။ မျက်ကန်း
ထွက်ပေါက်ရှာကြတာပါ။
၂၀၁၃ ခုနှစ်မှာ ဆိုရင် မြန်မာပြည်သားတွေဟာ အဆိုးဆုံး
အခြေအနေတွေ မျိုးစုံနဲ့ ကြုံတွေ့လာရတော့ လုပ်မိ လုပ်ရာတွေ လုပ်တတ်ကြတယ်။ ဒီနှစ် ပိုဆိုးပါတယ်။
စားဝတ်နေရေးတွေ ကျပ်တည်းလာတဲ့ အတွက် ထွက်ပေါက်ပိတ်မိနေတတ် ကြတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ
ရောက်လာကြတော့ မိန်းကလေးတွေ တိုင်းတစ်ပါးသားတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေကြတာကို တစ်ပြည်လုံးမှာ
တွေ့နေ မြင်နေ ရပါတယ်။ မကြားချင်မှ အဆုံး ၊ မမြင်ချင်မှ အဆုံး ပါပဲ။ နိုင်ငံတစ်နိုင်ငံ
ဘာကြောင့် ဆင်းရဲရသလဲ။ ဒါဟာ ထောင်ချောက် တစ်ခု လိုပါပဲ။ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ
ဆိုတာ ပြောလိုက်တိုင်း ဘဲဥ အစ ရှာမရသလို လွတ်လမ်းကို မမြင်ဘူး။ (ထောင်ချောက် ၄ ခု အကြောင်းကို
အကျယ်ဖတ်လိုပါက ဂျူး ရဲ့ အောက်ခြေသန်းတစ်ထောင်ကို ဖတ်ပါ။)
ဒီခေတ်မှာ ၃ ပါးသော အရေးထက်စာရင် စားဖို့ကို ၈၀ ရာနှုန်းလောက်
သုံးနေရတဲ့ အတွက် တစ်နေ့ တစ်နေ့ စားဖို့ကိုပဲ ဖုတ်ပူ မီးတိုက် ရှာဖွေလို့ နေရပါတယ်။
လူသားအားလုံးရဲ့ ဒုက္ခတွေ လွတ်ငြိမ်းဖို့ အတွက် မိမိကိုယ်ကိုပဲ အားကိုးရပါမယ်။ ဒါကို
လွတ်ရာလမ်းလို့ လည်း ဆိုချင်ပါတယ်။ ကံ၊ ဥာဏ်၊ ၀ီရိယ လို့ ဘုရားဟော ထားပါတယ်။ ဒါ့အပြင်
အတွေ့အကြုံရယ်၊ မျှော်မြင်တွေးခေါ်တတ်မှု အတွေး အခေါ်ရယ်၊ ပညာရယ်ကို ပါ ထည့်ပေါင်းဖို့
လိုလာပါတယ်။ ဒီခေတ်မှာ ပညာဟာ အခရာ ကျလို့ လာပါတယ်။ ပညာမဲ့သူဟာ လူတကာရဲ့ နောက်တန်းကို
ရောက်မှန်းမသိ ရောက်သွားမှာ မလွဲမသွေ မုချပါပဲ။ မိမိမှာ ပညာမဲ့တာကို မသိပဲ၊ မသင်ပဲ၊
မပြင်ပဲ ဇွတ်အတင်း ချမ်းသာချင်နေလို့ကတော့ ဟာသ ပါပဲ။ ဒါက တစ်ချက်ပေါ့လေ။ ဆိုလိုတာက
အားသွန်ခွန်စိုက် ဇွဲနဘဲ ထည့်ဖို့ တွန်းအား ပေးချင်တာပါ။ (ရုပ်ပိုင်း)
လုပ်သင့်တာကိုလည်း လုပ်ရမယ်။ လုပ်ချင်တာကိုလည်း စိတ်ကူးယဉ်ပြီး
နောင်တစ်ချိန်မှာ လုပ်မယ်။ ဒါမှ မဟုတ် တဖြည်းဖြည်း နိုင်သလောက် လုပ်သွားတယ်။ စံပယ်မပေါ်ခင်
ခံပွင့်ကို ကုန်းရတယ် ဆိုသလိုပေါ့။ လက်တွေ့ကို သဘာဝ ကျကျ စီမံကိန်းချပြီး ကိုယ့် ဘဝ
ကို ပြုပြင်သွားလို့လည်း ရပါတယ်။ ဟန်ချက်လွဲသွားလို့ မရဘူး။ လုပ်ချင်တာတွေ တအားများသွားလို့
လုပ်သင့်တာ မလုပ်လိုက် ရရင်လည်း ရွာလည် သွားမယ်။ အမှန်တကယ် ဒုက္ခရောက်တော့မှ ပြူးပျာ
ဖြစ်ပြီး ဘယ်သူ့ အဖေ ခေါ်ရမှန်း မသိ ဖြစ်သွားမယ်။
လူတွေ အလုပ်ခွင်ထဲမှာ မပျော်ပိုက်ခြင်းကို သုတေသနပြု
လေ့လာ ကြည့်တဲ့ အခါမှာ (၁) အချို့ က ရှင်သန်ဖို့ အတွက် ၀မ်းစာ ရှာဖွေရတာ အချိန်ဖြုန်းရာ
ရောက်ပြီး အလကားပဲ။ ပျော်ပျော်နေပြီး ကိုယ်လုပ်ချင်ရာ လုပ်သွားသင့်တယ်။ ပျော်ရွှင်မှုကို
ရှာဖွေသင့်တယ်။ လို့ ထင်တတ်ကြတယ်။ (၂) အချို့က ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ကိုယ့် အစွမ်းအစက
အံမ၀င်ဘူးလို့ ထင်တတ်ကြတယ်။ ကိုယ်တကယ် လုပ်ချင်တာနဲ့ လုပ်နေရတာက မဆီမဆိုင်ဘူးလို့ ခံစားနေတတ်ကြတယ်။
ပျော်ပျော်နေမယ့် အဖွဲ့ရယ်၊ အလုပ်အံလွဲနေတဲ့ အဖွဲ့ရယ်ပေါ့။
နောက်တစ်ပိုင်းကတော့ စိတ်ပိုင်း။ လုပ်သင့်တာကို လုပ်နေပါလျက်နဲ့
လုပ်သင့်တာလည်း အဆင်မပြေ၊ လုပ်ချင်တာလည်း အကောင်ထည် ပေါ်မလာရင်တော့ ဗုဒ္ဓဘာသာ ၀င်များပီပီ
တရားနှလုံးသွင်းကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ရတာလေးနဲ့ ရောင့်ရဲ ရမယ်။ မိမိဘ၀ကို
ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးဆုံး အခြေအနေမှာတောင် ကျေနပ် နေရမယ်။ ဒါဟာလည်း အောင်မြင်ခြင်း
တစ်နည်းပါပဲ ။ မိမိ စိတ်ကို မိမိ အောင်နိုင်ခြင်းပဲ။ မကြိုးစားပဲ နေဖို့ ဆိုလိုတာ မဟုတ်ပါဘူး။
လုပ်နေမယ်။ ရည်မှန်းချက်လည်း ထားမယ်။
အပြင်ကို အောင်နိုင်ခြင်းထက် အတွင်းစိတ်ကို အောင်နိုင်ခြင်းကသာ
စစ်မှန်သော အောင်မြင်ခြင်းရယ်လို့ ဓမ္မပဒ လာရှိပါတယ်။ ဒီလိုမှ မဟုတ်ပဲ ယာယီ အခက်အခဲကို
ကြုံသလို ဖြေရှင်းနေမယ် ဆိုရင်တော့ နောင်တစ်ချိန်မှာ ဒူးနဲ့ မျက်ရည် သုတ်ရမှာ မလွဲပါဘူး။
အခက်အခဲတွေ နဲ့ ကြုံတွေ့လာရင် ထိန်းသိမ်းလာတဲ့ သိက္ခာတွေ ကျသွားတတ်ပါတယ်။ ဒီအခြေအနေကို
ကာတွန်း ဆရာတွေက ဘယ်လို သရုပ်ဖေါ်လဲ ဆိုတော့ တစ်ဘီးတပ် ယာဉ်ကို စီးနင်းနေတဲ့ လူတစ်ယောက်ရဲ့
ခေါင်းပေါ်မှာ သိက္ခာကို ရွက်ထားတယ်။ ဒီလူဟာ ခြေချော်လက်ချော် ဖြစ်ပြီး စက်ဘီးပေါ်ကနေ
ပြုတ်ကျသွားနိုင်သလို၊ သူရွက်ထားတဲ့ သိက္ခာ ဆိုတာလည်း အချိန်မရွေး ပြုတ်ကျ သွားနိုင်တယ်
ဆိုတာကို မီးမောင်း ထိုးပြခြင်း ဖြစ်ပါတယ်။ ထမင်းငတ်လို့ သေရင် တစ်ဘ၀ပဲ သေတာပါ။
နိဂုံးချုပ် အနေနဲ့ ဒုက္ခ ကြုံလာတိုင်း ပြန်စဉ်းစားသင့်တဲ့
စကားလေး တစ်ခွန်းကိုတော့ လက်ဆောင် ပေးလိုက်ချင်ပါတယ်။
“မရှိတောင့်တ၊ ရှိကြောင့်ကြ” ဆိုတာပါပဲ။ လောကရဲ့ အစွန်းနှစ်ဖက်
ထွက်တတ်တဲ့ သဘောတရား တွေကို ထုံးလိုခြေ၊ ရေလိုနှောက် နားလည်သွားပြီဆိုရင် အားမျှခြေဖြစ်အောင်
မဇ္ဈိမ ကျကျ ဘယ်လိုနေထိုင်ရမလဲ ဆိုတာ သိမြင်လာမှာ ဖြစ်ပါတယ်။ ဒီ စကားလေးကို စိတ်ညစ်တိုင်း
ဂါထာ တစ်ပုဒ်လို ရွတ်ဖတ်နေခြင်းနဲ့ ဒုက္ခတွေကို ကျော်လွှားနိုင်မှာပါ။
နေထွက်က နေ၀င် ဘယ်လောက်ပဲ ရှာရှာ တစ်နေ့နေ့မှာ ဘုံဆိုင်ပစ္စည်းတွေ
ဆိုတာ ခွဲခွာသွားရမယ် ဆိုတာ သေချာသိထားရင် ဖြင့် စွဲလန်းမှု မကြီးထွားတော့ပဲ၊ ဘ၀ကို
ရောင့်ရဲ စေပါတယ်။ ဒါဆို ဘာမှ မရှာတော့ပဲ နေလိုက်မယ် ဆိုရင်လည်း ဒုက္ခကတော့ သင့်ကို
အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဒါကို အဖျားရှူးသွားတဲ့ အမြင်လို့ ပြောလာရင်လည်း လွတ်လပ်စွာ
ကွဲလွဲနိုင်ပါတယ်။
အမှန်တော့ ဒုက္ခဆိုတာ ယုတ်မာ ကြမ်းတမ်းတယ် ထင်ရပေမယ့်
အထက်လမ်းတွေကို ပို့ဆောင် ပေးတတ်တဲ့ အမှန်တရား တစ်ခု (ဒုက္ခသစ္စာ) အဖြစ် ရည်ညွန်းချင်ပါတယ်။
အဆွေတော် စောဒကာ တက်လိုပါသလား။
ခွန်စည်သာဟိန်း
xxxxxx
အမည် - ခွန်စည်သာဟိန်း
ရက်စွဲ-
၃၀.၉.၁၃ မနက် ၃ နာရီ ခွဲ
No comments:
Post a Comment