Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, October 19, 2021

မိုးလေကင်းလွတ် သီတင်းကျွတ်ပြီ

 မိုးလေကင်းလွတ် သီတင်းကျွတ်ပြီ 

 Sitha(Tgi)

ဝဿန် ရာသီ ကုန်ခါနီး ဟေမာန် ရာသီ ကူးပြောင်းချိန် ရာသီဥတု က သိသိသာသာ အချမ်းပိုလာ သလိုလို၊ သိသာသည့် အချက်မှာ မုတ်သုတ်ဆုတ်ခွာချိန် မိုးရွာသွန်းမှု နည်းပါးပြီး၊ လေတိုက်မှု များလာခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသော တိုင်းရင်းသားလူမျိုးများသည် သီတင်းကျွတ်ကာလ နေအိမ်တွင် ဘုရားမီးပူဇော်ကြခြင်း၊ ရောင်စုံမီးပုံး ထွန်းညှိခြင်း၊ မီးပုံးပျံ လွှတ်တင်ခြင်း နှင့် လူကြီးသူမ၊ သက်ကြီးရွယ်အို တို့ကို ကန်တော့ခြင်း တို့သည် မြန်မာလူမျိုးတို့၏ ချစ်စရာ ဓလေ့များပင် ဖြစ်ပေသည်။ တစ်နှစ်ပတ်လုံး စောင့်မျှော်ခဲ့ရသော ပျော်ပွဲရွှင်ပွဲ အချိန်ကာလ ရောက်ရှိလို့လာပြီဖြစ်တဲ့အတွက် ကလေးများ ပျော်ရွှင်နေလိမ့်မည်။

×××

သီတင်းကျွတ်လ မီးထွန်းပွဲတော်

သီတင်းကျွတ်လ၏ ထူးခြားချက်မှာ မိုးရာသီ အချိန်ကာလ၏ နောက်ပိုင်းချိန်လ တစ်လဖြစ်သည်။ ပွဲတော်မှာ သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပြီး၊ အဘိဓမ္မာ အခါတော် နေ့လည်း ဖြစ်ပေသည်။ မီးထွန်းပွဲ ဆင်နွဲရင်း တစ်နှစ်ပတ်တာ ပင်ပန်းခဲ့သော အမောအပန်းများ ပြေပျောက်၍ စိတ်ရွှင်လန်း တက်ကြွပေလိမ့်မည်။ ကောင်းကင်ကြီးသည်လည်း လွှတ်တင်လာမည့် မီးပုံးလေးများကို လက်ကမ်းကြိုဆိုနေလိမ့်မည်။

သီတင်းကျွတ်လတွင် မီးထွန်းပွဲတော် ကျင်းပရခြင်းမှာ နတ်ပြည်မှ ကြွဆင်းလာသည့် မြတ်စွာဘုရားသခင်ကို ရည်မှန်း၍ မီးပူဇော်ခြင်းပင် ဖြစ်ပေသည်။ သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင့်မိုရ်များ ထွန်းညှိကာ မီးပွဲသဘင် ကို ဆင်ယင်ကျင်းပကြခြင်း ဓလေ့ ဖြစ်လာပေသည်။

မြန်မာ့ရိုးရာဓလေ့ ၀ါတွင်း သုံးလ မကောင်းမှုအကုသိုလ်များ ပြုလုပ်ခြင်းမှ ရှောင်ရှားကြသဖြင့် ၀ါလကင်းလွတ် ချိန် အလှူပွဲ၊ လက်ထပ်မင်္ဂလာပွဲများ ကျင်းပရန် တာဆူနေကြပြီ ဖြစ်သည်။ ကထိန်အလှူပွဲများ ကြိုတင် ပြင်ဆင်ရင်းကုသိုလ် ပီတိစိတ်များဖြင့် လူအများ ပျော်ရွှင်နေကြပေလိမ့်မည်။ သီတင်းကျွတ် လပြည့် မတိုင်ခင် ကာလအတွင်း မိဘဘိုးဘွား၊ သက်ကြီးရွယ်အိုများတို့ကို ကန်တော့ရန် ပိုက်ဆံများ ကြိုတင်စုဆောင်း နေကြပြီ ဖြစ်သည်။

×××

ငယ်စဉ်ဘ၀ သီတင်းကျွတ်လ

မိမိတို့ ငယ်စဉ်က ဖြတ်သန်းခဲ့ရသော သီတင်းကျွတ်လသည် အင်မတန် ပျော်ရွှင်စရာ ကောင်းသည်။ ထိုအချိန်ကာလ ရောက်လျှင် ပတ်ဝန်းကျင်မှ လူအများတို့သည် ၀တ်ကောင်းစားလှများ ၀တ်ဆင်၍ ရွှင်လန်းတက်ကြွနေကြသည်။ မိုးရာသီတွင် အပြင်သိပ်မထွက်ဖြစ်ပေမယ့် မိုးကုန်ချိန်တွင် လူအများ ပြန်လည် စည်ကားလာခဲ့ကြသည်။

မိမိတို့ ဘိုးဘွား၊ မိဘ၊ ညီအစ်ကိုမောင်နှစ်မ များ စုပေါင်းနေထိုင်ကြသော မင်းလမ်းနေအိမ်ရှေ့တွင် ကထိန်လှည့်ခြင်း၊ စတုဒီသာကျွေးခြင်း၊ ဘုရားဖူးသွားခြင်း တို့ဖြင့် အချိန်ပြည့် လူစည်ကားနေလေ့ ရှိသည်။ ငယ်စဉ် က သထုံတွင် ကျွဲရုပ်ဖြင့် လှည့်လည်ခြင်းကို ကလေး သဘာဝ ခုံမင်တပ်မက်ခဲ့ဖူးသည်။ ကျောင်းကထိန် တွင်လည်း ကျွဲရုပ်များ ပြုလုပ်ကာ ကိုယ်တိုင်ဝင်က ခဲ့ဖူးပေသည်။ ကျွဲရုပ်အပြင် ပစ်တိုင်းထောင် အရုပ်၊ အခြား အရုပ်များစွာလည်း ပါဝင်သေးသည်။ သီတင်းကျွတ်ကာလ အတွင်း ဘိုးဘွားများ၊ မိဘများ၊ ဦးလေး၊ အဒေါ်၊ သက်ကြီးရွယ်အို လူကြီးသူမ များတို့ထံ သွားရောက်ကန်တော့ပြီး မုန့်ဖိုးတောင်းယူခဲ့သည့် အမှတ်တရများမှာလည်း မေ့မရသော အတိတ်ဖြစ်ရပ်များပင်ဖြစ်သည်။

အပြင်လောကတွင် သွားချင်ရာမသွားရသဖြင့် မိုးဥတု ကဲ့သို့ စိုစွတ်ပျင်းရိဖွယ် ရာသီဥတုကို အမြန်ကုန်ဆုံးစေ လိုခဲ့သည်။ စိုက်ပျိုးရေးတောင်သူဦးကြီးများအတွက် မိုးဥတုသည် မရှိမဖြစ် အရေးကြီးသည် မှန်ပေမယ့် မိုးဥတုမှ လွတ်မြောက်မည့် ပွင့်လင်း အချိန် ကာလ မျှော်နေကြသူများလည်း ရှိကြပါသည်။

သီတင်းကျွတ် လဆန်း(၁) ရက်မှ စတင်၍ ရောင်စုံမီးပုံးလှလှလေးများကို ရပ်ကွက်များအတွက် လှည့်လည် ရောင်းချနေကြပြီ ဖြစ်သည်။ ငယ်စဉ်က လမ်းထိပ်တွင် လူကြီးများ စုဝေးကာ ပေ ၂၀ ခန့်မြင့်သော မီးပုံးပျံကြီး များ လွှတ်တင်ကြသည်ကို ကလေးသဘာဝ အပြေးအလွှား သွားကြည့်ခဲ့ရသည်။ ရှမ်းပြည်ဘက်မှ မှာယူထားသော မီးရှူးချောင်းများ၊ မီးရှူးထုပ်များ လွှတ်တင်ချိန် ဆိုလျှင် လူအများ လာရောက် ကြည့်ရှုကြ လေ့ ရှိသည်။ ထိုမှ တောင်ကြီးမြို့ ရောက်ရှိ အခြေချချိန်တွင် ရိုးရာမီးရှူးလုပ်နည်းတို့ကို သူငယ်ချင်းများမှ တဆင့် လက်တွေ့ သင်ယူခဲ့ရာမှ ၀ါသနာပိုး ၀င်သွားခဲ့သည်။ မီးရှူး၊ ခိုပျံ တို့ကို လက်တွေ့ပြုလုပ်ချိန်တွင် ထမင်းမေ့၊ ဟင်းမေ့ လုပ်ကိုင်နေတတ်ပြီး၊ ကိုယ်တိုင်လုပ်သော မီးရှူး၊ ခိုပျံ တစ်လုံး လွှတ်တင်အောင်မြင်သွားချိန် ပျော်ရွှင်မှု အရသာမှာ မည်သည့်အရာနှင့်မျှ မလဲနိုင်ချေ။ ပလပ်စတစ်မီးပုံးငယ်များ ကိုယ်တိုင်ပြုလုပ်၍ မီးရှူး၊ ခိုပျံ အလှများ ချိတ်ဆွဲ၍ အပျော်တမ်း လွှတ်တင်ခဲ့ကြသည်။ ထိုမှတဖန် သူငယ်ချင်းများ စုပေါင်း၍ ပိုမိုကြီးသော မီးပုံးပျံကြီးများကို ဘုန်းကြီးကျောင်းတွင် သွားရောက် ပြုလုပ်၍ လပြည့်ည တွင် လွှတ်တင်ခဲ့ကြသည်။

ယမ်းမီးရှူးများ ပြုလုပ်တတ်သော အခါ ရောင်စုံယမ်းမီးရှူးများကို တီထွင်ပြုလုပ်လာပြန်သည်။ မိမိ လိုချင်သော အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်များ ဖြစ်ပေါ်စေရန် Chemical ပစ္စည်းများဖြစ်သော ဆပ်ပြာ၊ ကန့်၊ သတ္တု၊ ပိုတက် စသဖြင့် ရောစပ်ကာ စမ်းသပ်ရခြင်း ဖြစ်သည်။ ယမ်းရောင်စုံစပ်ခြင်းသည် အင်မတန် အန္တရာယ်များသော အလုပ်တစ်ခုဖြစ်ပြီး၊ မိမိသည်လည်း ယမ်းအထောင်းမတော်သဖြင့် ယမ်းကွဲ၍ ဆေးရုံ သုံးလ တက်ခဲ့ရဖူးသည်။ ထိုနောက်ပိုင်းတွင် အန္တရာယ်များသော ယမ်း ၀ါသနာကို စွန့်လွှတ်ခဲ့လေသည်။

ယခုအခါ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-19 ကြောင့် ပျော်ပွဲရွှင်ပွဲများ ရပ်တန့်နေခဲ့ရသည်မှာ ၂ နှစ်တိုင် ကြာမြင့်လာပြီ ဖြစ်သည်။ ယခင်က ဆိုလျှင် သီတင်းကျွတ် မီးထွန်းပွဲကို ဘုရားကျောင်းကန်များ၊ စေတီပုထိုးများ တို့တွင် ဆီမီးအလှ ပူဇော်ခြင်း၊ ဘုရားမီးပူဇော်ခြင်း တို့ကို သွားရောက်၍ ဓါတ်ပုံရိုက်ကူးရသည်မှာ အင်မတန် ပျော်စရာကောင်းသည်။ဘုရားကျောင်းကန်၊ စေတီပုထိုး နှင့် ဆီမီးထွန်း အလှတို့မှာ မြန်မာ့ရိုးရာ ဓလေ့ကို ဖော်ကျူးသော ပုံရိပ်တို့ပင်ဖြစ်သည်။ ယခင်က တန်ဆောင်တိုင်ကာလ မရောက်ခင် စက်တင်ဘာလ၊ အောက်တိုဘာလ တို့တွင် ရိုးရာမီးပုံးပျံပွဲတော် ဆင်နွဲနိုင်ရန် အပြိုင်အဆိုင် ပြင်ဆင်နေကြသော ကာလလည်း ဖြစ်ပေလိမ့်မည်။ ညမီးကြီး(ခေါ်) ညမီးကျည် မီးပုံးပျံကြီး ပြုလုပ်ရန် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် စုပေါင်း၍ ယမ်းလုပ်ငန်းပြင်ဆင်နေကြသည်ကို ဒိုင်အဖွဲ့ကို လိုက်လံကြည့်ရှုနေကြပြီဖြစ်သည်။ ညမီးကြီး(ခေါ်) ညမီးကျည် မီးပုံးပျံကြီး အဖွဲ့ပေါင်း ရာကျော်ရှိပြီး၊ ယမ်းအလှပသာဒ ပါဝင်ပစ္စည်း၊ ယမ်းခွေဆင်ယင်ပုံ တို့ကို လူအများ မမြင်စေရန် တိတ်တဆိတ် ပြင်ဆင်ရခြင်း ဖြစ်သည်။ သို့မှသာ ပြိုင်ပွဲတွင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ မတူညီသော ယမ်းအလှပသာဒ တင်ဆက်ပုံဖြင့် အမှတ်ပေးကြရမည် ဖြစ်သည်။ ယခုအခါ ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် တွင်လည်း မီးပုံးပျံပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့။

×××

သီတင်းကျွတ်လ

သီတင်းကျွတ်လ သည် မြန်မာပြက္ခဒိန်၏ ခုနှစ်လမြောက်ဖြစ်ပြီး၊ သန်တူ (သီတင်းကျွတ်) အဓိပ္ပါယ်မှာ သန် စပါးပင် ကို ရည်ညွှန်းကာ တူ သည် ထူထပ်ခြင်း၊ စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်နေပြီဟု ဆိုလိုကြောင်း၊ သိရသည်။ အထိမ်းအမှတ် ပန်းမှာ ကြာဖြူပန်း ဖြစ်သည်။

ရှေးအခါက သန်တူလ ခေါ်ဆို ရေးသားခဲ့ကြကြောင်း ဖတ်မှတ်ဖူးသည်။ နောက်ပိုင်းတွင်မှ သီတင်းကျွတ် ဆိုသော အခေါ်အဝေါ် ဖြစ်ပေါ်လာသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ရေးသားချက်ကို ကိုးကား ဖော်ပြပါသည်။ သီတင်းကျွတ် မည်သို့ ဖြစ်လာသနည်း။ သန်တူလ ဟု ခေါ်ရာမှ နောက်ပိုင်းတွင် သီတင်းကျွတ် ဟု ဖြစ်လာခြင်းမှာ သက္ကရာဇ် ၅၇၄ ခုနှစ်တွင် ထိုးသော တုရွင်းတောင် စောရဟန်း သိမ်ကျောက်စာ အတွင်း စာသား တစ်နေရာ၌သာ သတင်းချွတ် ဟူသော အသုံးကို ရှေးဦးဆုံး တွေ့ရလေသည်။ သတင်းချွတ် ဟူသော စကားသည် သတင်းသီလစောင့်ထိန်းသူတို့က ချွတ်လွှတ်ကုန်ဆုံးအောင် ပြုသည်ဟု အနက်ထွက်လေသည်။

ထို့ကြောင့် သီတင်းကျွတ် အခေါ်အဝေါ်မှာ ရဟန်းသံဃာများ ၀ါဆိုခြင်းမှ ပြီးဆုံးလေပြီ ဆိုသော အဓိပ္ပါယ် ဖြင့် သန်တူလ မှ သီတင်းကျွတ်လ ဟု ပြောင်းလဲ ခေါ်ဆိုလာခြင်း ဖြစ်ပေသည်။ ကျီးတာရာ ထွန်းပသည့် သီတင်းကျွတ်လ ရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ် တွင် နေထွက်၍ ညနေ စက်နာရီ ၅ နာရီ၃၇ မိနစ် ခန့်တွင် နေ၀င်သည်။ မြန်မာနာရီအားဖြင့် နေ့ည နာရီ ၃၀ စီ အညီအမျှ ရှိသည်။

×××

ပြည်သူပြည်သားအားလုံး မျှော်လင့်တောင့်တနေသော ပျော်ရွှင်ငြိမ်းချမ်းဖွယ် နေ့ရက်များ အမြန်ဆုံး ရောက်ရှိလာပါစေကြောင်း နှင့် ကိုဗစ်ကပ်ရောဂါဆိုးကြီး အမြန်ဆုံး ချုပ်ငြိမ်းပပျောက်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်။

+++

မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာ” အစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြုပြီး လူ့ပြည်လူ့ရွာသို့ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို  အဘိဓမ္မာနေ့ဟု ခေါ်ဝေါ်ကြသည်။ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၉ ခုနှစ်၊ ၀ါဆိုလပြည့်ညနေ၌ သာဝတ္ထိပြည်အနီးတွင် ကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍက ဘုရားရှင်မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီး တိတ္ထိတို့ကို နိမ်နင်းပြီး ရေမီးအစုံ တန်ခိုးပြာဋိဟာပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်း နတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွမြန်းတော်မူသည်။ ပရိသတ်က ဘုရားရှင်ကို မမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ်က ရှင်းပြမှ အကြောင်းစုံ သိကြရသည်။ ပရိသတ်ကြီးသည် ဘုရားရှင်ကိုမဖူးရဘဲ မပြန်ဟု တိုင်ပင်ကြကာ ထိုနေရာ၌ ယာယီတဲနန်းထိုးကာ နေကြလေသည်။ သီတင်းကျွတ်ကာနီးမှ ရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင်သင်္ကဿမြို့သို့ ကြွဆင်းတော်မူမည့်အကြောင်း သိရသဖြင့် သင်္ကဿမြို့မှ သွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုဿိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ၀ါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့်အကြောင်း နှုတ်ဆက်စကားမိန့်ကြားရာ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လက်ျာဘက် ရွှေစောင်းတန်းသည် နတ်များအတွက် ရည်ရွယ်သည်။ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်ပြီး ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ စောင်းတန်းတို့၏ မုခ်ဦးသည် မြင်းမိုရ်တောင်ထိပ်၌ရှိ၍ အခြေက သင်္ကဿမြို့တံခါးဝတွင် ရှိသည်။

မြန်မာနိုင်ငံတွင် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ပဝါရဏာပွဲနှင့် မီးမြင်းမိုရ်ပွဲတို့ ကျင်းပကြသည်။ ပဝါရဏာ၏အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်းတို့ ဖြစ်သည်။ သာသနာ့ဝန်ဆောင် ရဟန်းတော်များသည် ၀ါကျွတ်သည်နှင့် သီတင်းကျွတ်လပြည့်နေ့တွင် “အရှင်ဘုရားတို့၊ တပည့်တော်သည် သံဃာကို ဖိတ်ကြားပါ၏။ တပည့်တော်၏အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယရှိလျှင်သော် လည်းကောင်း တပည့်တော်အား သနားသောအားဖြင့် ပြောဆိုသတိပေးကြပါ။ အပြစ်ကိုကုစားပါမည်” ဟု ဖိတ်ကြားတိုက်တွန်းပြီး ရဟန်းများက မိမိ၏အပြစ်များကို အခြားတစ်ပါးထံ၌ မိမိ၏သဘောဆန္ဒအလျောက် ဖွင့်ဟပြောဆိုပြီး ဝန်ချတောင်းပန်ကြသကဲ့သို့ သာသနာတော် သန့်ရှင်းတိုးတက်ရေးအတွက် အပြုသဘောဆောင်ပြီး ဝေဖန်သုံးသပ်ကြသည့်ပွဲလည်း ဖြစ်သည်။


No comments:

Post a Comment


Aung Hein - နည်းပညာ