ကြံကြံဖန်ဖန် ပေါ်ကြီး
ခုလို
ပင်ပန်းဆင်းရဲမယ်မှန်း အစကသာ ကြိုသိခဲ့ရင် ဒီလမ်းကို မောင် မလျှောက်ခဲ့မိပါဘူး တကယ်။
ဘာမှ ဖြစ်မလာဘဲ ကုန်လွန်ခဲ့တဲ့ နှစ်ပရိစ္ဆေဒ တွေကို တွေးရင်း မိမိစိတ်ထဲ နှမြောနေမိတယ်။
ပညာသင်ရမယ့် အချိန်မှာလည်း ပညာမသင်ပဲ စာရူး၊ ပေရူး ဘ၀နဲ့ အချိန်ဖြုန်း၊ ဥစ္စာရှာရမယ့်
အချိန်တွေမှာလည်း ယောင်လည်လည် လုပ်ရင်း စာပေအကြောင်းလမ်းဘေးမှာ
ဟောင်ဖွါဖွါပြောရင်း အခုတော့ အသက်ရဲ့ သက်တမ်းဝက် နီးနီး ကုန်ချိန်အထိ ကုသိုလ်၊ ပညာနဲ့
ဥစ္စာ တွေ ဘာတစ်ခုမှ ဖြစ်မလာတဲ့ မိမိဘ၀ကို တွေးဆွေး နောင်တ ရနေမိတော့တယ်။
မိဘ
နှစ်ပါးဘက်က ရထားတဲ့ အဘိုးအဘွားတွေရဲ့ အမွေတွေကိုလည်း ထိုင်စားလို့ကုန်ပြီ။ အရင် အိမ်ရှင်ဟောင်းက
အိမ်ရောင်းမယ် ဆိုပြီး ကန်ချလိုက်လို့ ရှိမဲ့စု အမွေလက်ကျန်လေးတွေနဲ့ အိမ်တစ်လုံးဆောက်ရင်
ရွာစွန် ဇနပုဒ်ဖျားကို ရောက်နေပြီ၊ နေစရာ ရှိရုံ ဟန်မပျက် နာမည် မပျက်သေးပေမယ့် လက်ထဲ
ငွေကမရှိ၊ အလုပ်မရှိတာကိုပဲ တစ်နှစ်ကျော်နေပြီ။ အရင်လုပ်ခဲ့တဲ့ အလုပ်ဟောင်းက အိမ်ပြောင်းလိုက်ရလို့
လုပ်ငန်းကို ရရာဈေးနဲ့ ရောင်းပစ်လိုက်ရလို့ ငွေခေါင်းကွဲ အရင်းပြုတ်သွားပြီ။ ညီအစ်ကို
မောင်နှမ တွေလည်း တစ်မြို့တစ်ရွာဆီကို တစ်ကွဲ တစ်ပြားရောက်ကုန်ပြီး၊ မိမိကပဲ ကျန်ရှိနေသေးတဲ့
မိဘနှစ်ပါးကို စိတ်မချခြင်းများစွာနဲ့ ဘယ်မှ မသွားနိုင်ဘဲ ပေကပ်စောင့်ရှောက်နေတာ ကြာပေါ့။
ဒီလိုပဲ ချေးငှားစားလိုက်၊ ပေါင်နှံ ရောင်းချလိုက် ဟိုကဒီက ပေးစာ လွှဲစာလေးတွေကို စားလိုက်နဲ့
လူဟာ သေမယ့်နေ့ကို စောင့်နေရသလိုလိုပဲ။ မိမိကိုယ်တိုင်ကလည်း ဒီအသက်အရွယ်ထိ ဘာမှ ဟုတ်တိပတ်တိ သိပ်မလုပ်ဘူးတော့
မလုပ်တတ်၊ မကိုင်တတ်နဲ့ ဂွကျတာပေါ့။ သူတစ်ပါး လက်အောက်ခံ လခစား ဘ၀နဲ့ အနှိမ်ခံ ဖို့ကိုလည်း
စိတ်က မ၀င်စား။ ခက်ခဲ ပင်ပန်းတဲ့ အလုပ်ကြမ်းတွေကိုလည်း ၀င်မလုပ်နိုင်။ နေ့လုပ်နေ့စား
လမ်းဘေး အလုပ်တွေကိုလည်း အရှက်ကြီးရှက်။ အသက်တစ်ဝက် ရင်းထားရတဲ့ ကားမောင်း အလုပ်မျိုးကလည်း
အန္တရာယ်ကြီးလို့ မလုပ်ချင်။ ကိုယ်ယုံကြည်ရာကို ဈေးကွက်တင် ရောင်းချဖို့ကလည်း မာနဆိုတဲ့
မွေးရာပါ ပိုးက တစ်လွဲဆံပင်ကောင်းနေပြန်တော့၊ အင်း ဘာကျန်သေးလဲ။ ကုန်ပြီပေါ့။ ဒီကမ္ဘာမှာ
မိမိလုပ်ဖို့ အလုပ် တစ်ခုမှကို မမြင်တော့။
ချစ်သူကလည်း
စိတ်လေပြီး စွန့်ခွါသွားတာ ကြာပြီ။ အကြောင်းပြချက်က အလုပ်မရှိလို့တဲ့လေ။ သူ့ အဖေကြီးနဲ့
သွားတွေ့ပြီး စကားပြောကြည့် ဖူးတယ်။ ထုံးစံ အတိုင်းပါပဲ…။
“မောင်ရင်က
ဘာလုပ်သလဲ”
“ စာရေးတယ်
ခင်ဗျ”
ဆိုတော့ .. “ဟေ” တဲ့။ ယောက္ခထီးကြီး သိပ်နားမရှင်းလို့နဲ့
တူပါတယ်။ ထပ်မေးတယ်။
“ ဟုတ်၊
ဝါသနာ အရ စာလေး ၊ ပေလေး ရေးပါတယ်။ အရင်ကတော့ ဈေးရောင်းဖူး… ဖူး ”
၃ ခါလောက်ကို
သေချာအောင် ပြန်မေးသေးတာ။ ပြီးမှ စိတ်မရှည်တဲ့ လေသံကြီးနဲ့ -
“မင်းကို
ထမင်းစားမယ့် အလုပ်ဘာလုပ်လဲ လို့မေးနေတာကွ၊ အပျင်းပြေလုပ်တဲ့ အလုပ်တွေကို ထည့်ထည့်
မပြောစမ်းနဲ့ .ငါလုပ်လိုက်ရင်တော့လား၊ ဟင်းဟွန်း”
ဆိုပြီး
လက်ကြီး တရွယ်ရွယ်နဲ့ တကယ်လုပ်မယ့် ရုပ်ကြီးမို့ ထွက်ပြေးခဲ့ရတယ်။ အဲဒီနောက်ပိုင်း
ချစ်သူနဲ့ ထပ်မတွေ့ဖြစ်တော့တာ ဒီ အသက်အရွယ်ရောက်တဲ့ အထိ။ သူကတော့ သစ္စာရှိရှိနဲ့ လာတင်တောင်းမယ့်နေ့ကို
စောင့်နေပါသေးတယ်။ ကိုယ့်မှာသာ ကိုယ့်အစာအိမ်ကို တင်တောင်းနိုင်ဖို့အနိုင်နိုင် ကြိုးစားနေရတာ
ဆိုတော့...။
“စိတ်ညစ်တယ်ကွာ။
လိပ်ဖြစ်ရင်တောင် အမြီးပေါက်မှာ မဟုတ်ဘူး”
အလုပ်လက်မဲ့
ကာလတွေ ဆိုတာ သေချင်စိတ်ပေါက်လောက်အောင် ဆိုးတဲ့ ကမ္ဘာပျက် ငရဲနေ့စွဲတွေပါပဲ။ ဒါနဲ့
တတ်သည့် ပညာ မနေသာ ဆိုသလို စာရေးခြင်း အမှုနဲ့ပဲ “သူဌေးဖြစ်၊ ခွေးဖြစ်” ဖေါင်ဖျက်ဖို့
သံဓိဌာန် တစ်ရပ်ချလိုက်တယ်။ အဲဒီနေ့က စပြီး နောက်ပိုင်း ဘယ်မှ မသွားဖြစ်သလို ၊ ဘာကိုမှလည်း မလုပ်တော့။ တစ်ရက်ကို
ဝတ္ထုတို ၂ပုဒ်နှုန်းနဲ့ တစ်ဖြဲနှစ်ဖြဲ အသေအကြေကို စာထိုင်ရေးတော့တာ။ အမျိုးတွေ ထောက်ပံ့တာစားလိုက်၊
အဖေကျွေးတာ အုပ်လိုက်နဲ့ တစ်နှစ်လောက်ကြာတဲ့ အထိ လစဉ်ထုတ်တွေထဲ မရမက ၀င်တိုးတယ်။ (ကိုယ့်
စာမူတစ်ပုဒ် ပါဖို့ အရေးကလည်း လူ့ပြည်နဲ့ ငရဲပြည် အပ်တစ်စင်းလို ဒုလ္လဘ တရား ပါပဲ။)
+++++
ဟော
… မကြာပါဘူး။
တစ်လကို
အပုဒ် ၂၀ နှုန်းနဲပ မဂ္ဂဇင်းတိုက် ၂၀ကို ပုံမှန်ပို့တာ
ဘာကြာလို့လဲ။ တစ်လ တစ်ပုဒ် တန်သည်၊ နှစ်ပုဒ်တန်သည် ပါပါ လာပြီး တစ်နှစ်ကြာတော့ ပုဒ်ရေ
အစိတ်လောက် နီးပါးကို ဖြစ်လာတာ။ ဒါနဲ့ ရွှေထွက်မယ့် ဦးနှောက်ကြီးက မဖြစ်ညစ်ကျယ် ဥာဏ်နီ
ဥာဏ်ပြာ တွေသုံးပြီး အချောင် ငွေရပေါက်ကို ဇယားချကြည့်လိုက်တော့ ။ ရောင်းစရာကုန်ပြီ
ဆိုပေမယ့် အိုစာမင်းစာ ချန်ထားတဲ့ မြို့သစ်ဈေးထဲက ဆိုင်ခန်းလေး ။ ဟုတ်ပြီ မိဘတွေ မသိအောင်
ဆိုင်ခန်းကို ၁၅ ပုံးနဲ့ ထုချလိုက်ပြီး ၊ အသာလေး ငွေတွေ ဘတ် ပြေးလိုက်တယ်။ ဒိုင်လျိုလေးပေါ့။
စီးပွါးရေး မဟာဇုန်၊ မြို့ရန်ကုန် ကြီးဆီပေါ့။
“ဟာ
ဘာမပြော။ ဘာမပြောနဲ့ ပေါက်ချလာတာပါလား”
“ဟုတ်ပ
ကိုယ့်လူရေ၊ ခင်ဗျား အိမ်မှာပဲ တည်းရလိမ့်မယ်၊ ကြာချင်သလောက်ကြာမှာ ၊ ခုလည်း ခင်ဗျား
အားကိုးနဲ့ မိုက်ရမှာ”
ဒီကာတွန်းဆရာကလည်း
သူ့ကို ဘာမှမလုပ်ရင်သာ သူများကို ဘာမှ ပြန်မလုပ်တတ်တဲ့ လူရိုးလူအေး။ မသိရင် ယူသုံးတတ်ပြီး။
သိသွားရင်လည်း ပြန်ပေးဖို့ ၀န်မလေးတတ်တဲ့ သဘောဖြူ၊ မနောဖြူ၊ ဒီလိုနဲ့ အင်းစိန် တစ်လှည့်၊
ကိုးမိုင်မှာတစ်လှည့် နေထိုင်ရင်း ဘ၀ကို ဖြစ်သလို ထိန်းကျောင်း ရပ်တည်ရတယ်။ စာပေထုတ်ဝေသူ
တွေနဲ့ စပ်မိပြီး ဖြန့်ချီရေးအကြောင်း၊ ပုံနှိပ်တိုက်တွေအကြောင်း၊ စာပေတိုက်တွေအကြောင်း၊
စာပေထုတ်ဝေပုံတွေ အကြောင်းလေ့လာသိရှိရတယ်။ နောက်ဆုံး`ဇွဲ` ပုံနှိပ်တိုက် လူငယ်တစ်ယောက်နဲ့
ခင်မိပြီး ကိုယ့်အတွင်းရေးတွေကိုပါ သူနဲ့ဆွေးနွေးဖြစ်ရာကစပြီး၊ မိမိရဲ့ပထမဆုံး ၀တ္ထုတိုပေါင်းချုပ်
စုစည်းမှုစာအုပ်လေး ထုတ်ဝေဖြစ်လိုက်တယ်။
“ညီနဲ့
ကိုယ်တို့က ရေရှည်လက်တွဲ ဖြစ်မှာပါ။ ညီလေးကို လူယုံခန့်လိုက်ပြီ။ ညီလေးဘက်ကလည်း မှန်ပါစေ။
ကိုယ့်ဖက်ကလည်း ကျေးဇူး မမေ့ပါဘူး ဆိုတာ ကတိပေးပါတယ်။ ချကွာ၊ သောက် …. ကိုယ်က မသောက်တတ်လို့”
“ဒါတော့
စိတ်သာချ၊ ကျုပ်က ဘယ်လောက်ရိုးလဲဆို ပါးစပ်ထဲ ခြေမ ထိုးထည့်ရင်တောင် ကျုပ်ဘယ်တော့မှ
မကိုက်ဘူး။ အဲလိုဗျ..။ အမှန်တော့ ရွံလို့ … ဟီး ၊ မူးရင်တော့ တစ်မျိုးပေါ့လေ။”
ပြောပြောဆိုဆို
သွားသွားလာလာနဲ့ ငွေတစ်သိန်းခွဲလောက်က တစ်လအတွင်းမှာပဲ စားစားမြိုမြိုနဲ့ ကုန်ရော။
စာအုပ်ထုတ် လိုက်တာ အုပ် ၁၀၀၀ ကို လုံးဝ အပြီးအစီး စရိတ်ငြိမ်း ၁၅ သိန်းကျော်လောက်
ကုန်သွားတယ်။ ဘာဘာညာညာ အသုံးစရိတ်တွေပါ တွက်ရင် ၂ သိန်း အကြွေးတင်ပြီး၊ တစ်လအတွင်း
ပြန်ဆက်ပါ့မယ် ဆိုတဲ့ ခံဝန်ကတိနဲ့ လက်မှတ်တောင် ထိုးထားရတယ်။ ဒါတောင် စာစီစာရိုက်နဲ့
ပရင့်လေးအောက် လုပ်တာက ကိုယ်တိုင်စိတ်တိုင်းကျ လုပ်တာမို့ ဒီဈေးနဲ့ ရတာ ဆိုပဲ။ ဒါတောင်
နေရေးထိုင်ရေး စရိတ် မပါသေးလို့ ခံသာတာ။ အိမ်ရှင် ကာတွန်းဆရာ ကလည်း မေးပါတယ်။
“ဘယ့်နှယ့်လဲ
၊ ခင်ဗျားစာအုပ်ရောင်းကော ကောင်းရဲ့လား”
“အေးဗျာ၊
ထွက်ပြီး တစ်ပတ်ကျော်ကြာတဲ့ထိ လုံးဝကို ငြိမ်နေတာဗျာ။ ထုတ်ဝေသူကလည်း ရှယ်ယာ တွဲထုတ်မယ်
ဆိုတာကို ငြင်းလိုက်မိတာ မှားပြီလား မသိ။ ကျုပ်ပြန်တော့မှာပါ။ နောက် ၃ရက် အတွင်း ပြန်မယ်။
ဖြန့်ချီရေးကိုတော့ ကျုပ်ဘော်ဒါလေး ပုံနှိပ်စက် က လူယုံနဲ့ပဲ လွှဲထားတယ်။ သူပဲ လိုက်လုပ်ပေးမှာလေ။
အိမ်ကို ဘယ်လို ပြန်ပြောရမှန်းတောင် မသိတော့ပါဘူး ဗျာ၊ မိုးမီးလောင်ပီ”
လူက
စိတ်ညစ်ညစ်နဲ့ ပေကပ်ပြီး ဘယ်မှ မသွားပဲ နေလိုက်တယ်။ ၂ရက်မြောက်နေ့ရောက်တော့ လူယုံလေး ဖုန်းဆက်တယ်။ ပြီး
၉ မိုင်အိမ်ကို အူယားဖါးယားနဲ့ ညနေပိုင်းမှာ ပေါက်ချလာရော။ ခရီးရောက်မဆိုက် ပါပဲ။
“အစ်ကို၊
အစ်ကို ခင်ဗျား ၀မ်းသာတော့၊ ဟောဟဲဟူး .. အကို့ စာအုပ်တွေ ဒီတစ်ရက်ထဲနဲ့ တစ်ဝက်လောက်
ပြောင်သွားပြီ”
“ဟာ
မီးလောင်သွားတာလား၊ လူခိုးခံရတာလား၊ မထိတ်သာ မလန့်သာကွာ ၊ ကလူ ကလူ လိပ်ပြာလေးရေ”
“ဟူး
..အား . ..။ နိမိတ် မရှိ နမာမရှိ ဟောဟဲ၊ နယ်တွေက ဆွဲလို့ ကုန်သွားတာဗျ၊ ဟူး၊ အဲ အဲဒါ
နောက်နေ့ မြို့ထဲ လာခဲ့၊ ကိစ္စရှိလို့ သွားမယ်”
ဒီကောင်
ဒီလောက် ခြေကုန်လက်ပန်းကျနေတာတောင် ပြောချင်ရာတွေ ပြောပြီး ထွက်သွားပြန်တယ်။ ဒီကောင်သာ
တိုက်ကြက် ဖြစ်ရင် ဈေးကောင်း ရလိုက်မယ့် အမျိုး။ ဟုတ်မဟုတ်တော့ မသိဘူး။ အေးပေါ့လေ
.. သူပြောသလို နောက်နေ့ မြို့ထဲ သွားမေးရမှာပေါ့၊ ပြန်မယ့် ရက်ကိုတော့ ရွေ့လိုက်မှ
ဖြစ်မှာပါလေ။ စိတ်ထဲမတော့ မယုံရဲ ယုံရဲနဲ့ ၀မ်းသာလုံးကြီးဆို့နေတယ။ ရင်ထဲ အဘား ဘုရားပွဲ
လှည့်နေသလိုပဲ..။
++++++== ====
“ခင်ဗျား
အရမ်းကံကောင်းတယ်ဗျာ၊ ကိုယ်တိုင်ထုတ်ဝေသူ လုပ်ပြီး ပထမဆုံး စာအုပ်မှာ ပေါက်တဲ့သူ ရှားတယ်။
မယုံလိုက်မေးကြည့် ကျုပ်ဆို ဗင်ကား တစ်စီး၊ ဟိုလူဆို အိမ်တစ်လုံး ပါသွားဖူးတယ်။ လူငယ်လေး
တစ်ယောက်ကို ၁၀ အုပ်လောက် ထုတ်ပေးလိုက်တာလေ။ ကံဆိုးချင်တော့ ၁၁ အုပ်မြောက်မှာ အဲဒီလူလေး
ပေါက်မြောက်သွားတယ်။ ခင်ဗျားကတော့ စံပါပဲ၊ ကွန်ဂရက်ကျူလေးရှင်းပါ ..”
စသဖြင့်
ထုတ်ဝေသူတွေက ချီးမွမ်းကြတယ်။ မချီးမွှမ်းပဲ နေရိုးလား။ ‘လူငယ်လေး တစ်ယောက်ရဲ့ ပထမဆုံးရင်နိုးသံ’
နာမည်နဲ့ စာအုပ် အတိုစုလေး တစ်လတွင်းမှာပဲ အုပ်တစ်ထောင် ပြောင်သွားလို့၊ လမကုန်ခင်မှာ
ဒု-ကြိမ် အုပ် ၁၀၀၀ ထပ်ရိုက်ရတယ် ဆိုတော့ မိမိ အတွက် သွေးနားထင်ရောက်ပြီး အနည်းဆုံးတော့
လက်မထောင်မိတယ်။
ဆပ်စရာရှိတဲ့
အကြွေးတွေ ဆပ်၊ နောက်ထုတ်မယ့် ကုန်ကျစရိတ်တွေကို လက်ငင်း ကြိုတင် ပေးချေ။ လက်ထဲ ကျန်တဲ့
ထဲကမှ ၁၅ လောက်ကို ဘဏ်ထဲ ပြေးလွှဲပြီး အိမ်ပြန်လာလိုက်တယ်။ ပုံနှိပ်တာနဲ့ ဖြန့်ချီတာက
ကိုယ်စားလှယ် လူယုံလေး အပိုင်းလေ။ နောက်တစ်ခေါက် ထပ်ရိုက်တာဆိုတော့ ကုန်ကျစရိတ်က သိပ်မရှိဘူး။
ပထမ တစ်ခေါက်တုန်းက ထပ်ကိုမှ ထက်ဝက်လောက် ဈေးသက်သာတော့ ခံသာတာပေါ့။ အိုး မြတ်သလားတော့
မမေးနဲ့..။
“ပြန်လာသေးတယ်နော်၊
နင့်ကိုနင်တို့အဖေ သတ်ချင်နေတာကြာပြီ။ ဘာတွေ လျှာက်လုပ်နေတာလဲ၊ခုဘယ်ကပြန်လာတာလဲ”
ဘာညာနဲ့
အမေက လေထိုးတော့တာ။ အသာလေး လက်ကာပြလိုက်ပြီး ‘သိပါတယ်၊ အသာနေ’ ပုံစံလုပ်ပြလိုက်တယ်။
“လောလောဆယ်
၊ ပင်ပန်းလာလို့ နားချင်တယ်”
ဆိုလည်း
မရဘူး၊ ဇွတ်ရော၊ အတင်းရော မေးနေတာနဲ့ အကြောင်းစုံ ရှင်းပြလိုက်မှ ပြေလည်သွားတယ်။ နောက်နေ့
ဘဏ်မှာ ငွေလွှဲထုတ်ပြီး ၁၀သိန်းကို စာအုပ်ထဲစု၊ ၅ သိန်းကို ကွန်ပျူတာ တစ်လုံး ၀ယ်ချလာလိုက်တယ်။
“ဟေးလာကြည့်ကြကွ၊
ဟိုလူကြီး ဘာကြီး ထမ်းချလာလဲ မသိဘူး”
ရွာထဲက
တောင်ယာစိုက်သမားတွေ များတော့ ကလေးတွေ အတွက်က ဘာမြင်မြင် အထူးဆန်း။ အိမ်ရောက်တော့ အမေက
မကန့်ကွက်ပေမယ့် ဘာမှတော့ မပြောဘူး။ ဘာဖြစ်ဖြစ်
ကိုယ်လုပ်စရာ ရှိတဲ့ လမ်းကြောင်းကို လုပ်ရမှာပဲလေ။ ကျန်တဲ့ ၁၀ ပုံးကို အလုပ်လုပ်ချင်
ထုတ်ပြီး လုပ်ဖို့ ပြောတော့ မိဘတွေက လုပ်ကိုင်ရဲစိတ် မရှိတော့ဘူးတဲ့။ သေချာပါတယ်လေ
ထိုင်စားရင်း ကုန်မယ် ဆိုတာ။ ထား….။ ဒါက ကိုယ့် ကိစ္စ မဟုတ်။
“ဒါဆို
နင့်ဟာက ဘာမြတ်လို့လည်း ၊ ဆိုင်ခန်းရတဲ့ ၁၅ကို ယူသွားပြီး မှ ပြန်လာတော့လည်း ၁၅ ပြန်ပါလာတယ်၊
ဒါကိုမှ ၅ သိန်း ကွန်ပျူတာ ၀ယ် ဆိုတော့”
“ စာအုပ်ထုတ်ဖြစ်တာ
အမြတ်ပေါ့၊ စာအုပ် မြတ်တယ်လေ။ နောက်ပြီး ဒု ကြိမ် ထုတ်ထားတာ အမြတ်ပေါ့။ အခုထိ အကြောင်း
မပြန်သေးလို့ပါ။ ၅ သိန်းက ကျွန်တော် ပြန်ပေးမှာပါ”
ကွန်ပျူတာ
ဝယ်ပြီးနောက်ပိုင်းမှာ ရှိရှိသမျှ စာမူတွေ အားလုံး ပြန်စုစည်းပြီး သေသေချာချာ စာရင်း
ပြုစုရတယ်။ အနှစ်နှစ် အလလ က ရေးထားတဲ့ စာမူတွေ၊ ဘယ်ကို ပို့ပြီးလို့ ဘယ်မှာ ပါသွားမှန်းတောင်
မသိတဲ့ စာမူတွေ၊ ဘယ်ကိုမှ မပို့ရသေးတဲ့ စာမူဟောင်းနဲ့ မရွေးဖြစ်တော့တဲ့ တိုက်ပယ် စာမူဟောင်းတွေ၊
မပြီးသေးတဲ့ တိုးလို့ တန်းလန်း စာမူတွေ ပြန်သိမ်းဆည်းရတယ်။
++++++++++
ကွန်ပျူတာဆိုတာ
ရဲ၃ဘော် စာရင်းထဲပါတယ်ဆိုတာ ဟုတ်ပ။ အင်္ဂလိပ်စာ၊အင်တာနက်နဲ့ ကွန်ပျူတာမှ မတက်ရင် ခေတ်မမှီဘူး
လို ဖြစ်နေပြီ။ ဆိုတော့ ကွန်ပျူတာ တစ်လုံးနဲ့ အစုံလျှောက်လုပ်တော့တာ။ ဓါတ်ပုံလည်းကူး၊
စာတွေလည်း ရေး။ ဖိတ်စာကတ်လည်း လုပ်၊ မွေးနေ့ကတ် မကျန် လိပ်စာကတ်ပါ လုပ်တယ်။ ရေးတဲ့
စာတွေကလည်း ဟာသ တစ်လိုင်း၊ အချစ်တစ်လိုင်း၊ ဂမ္ဘီရ သရဲတစ်လိုင်း၊ ပို့စ် မော်ဒန်နဲ့
တကွ၊ လျှို့ဝှက်ပါ မကျန်စေရ.။ အချိန်ရရင် မှုခင်းသတင်းတွေကိုပါ ရေးသေးတာ။ ဒါ့ပြင် ကဗျာရော၊
ကာတွန်းရော၊ ဆောင်းပါးရော၊ ဆေးပညာတွေနဲ့ သမိုင်း သုတေသနတွေပါ မကျန် ရှိရှိသမျှ တွေထဲကနေ
ခိုးချ (အဲ ) ကိုးကားxxx ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လိုင်းပေါင်းစုံကို တွယ်တော့တာ။
စာအုပ်က
အချစ် ၀တ္ထုပေါင်းချုပ်ပြီးတော့၊ ဟာသ ၀တ္ထုတို ပေါင်းချုပ် ဆက်ထုတ်တယ်။ အရင်တစ်ခေါက်
ရောင်းရငွေနဲ့ ထပ်ပေါင်း ပံ့ပိုးငွေလွှဲပေးပြီး လုပ်တယ်။ ပါပြီးသား စာမူတွေကိုတော့ အချိန်မကုန်ပဲ
လမကုန်ခင် ပြီးစီးသွားပြန်တယ်။ ကလောင်နာမည် တွေကလည်း စုံလို့ ပါပဲ။ ဖုတ်၊ ဂိန်ဂိန်၊
နွားသိုးကြီး၊ ဆိတ်လား၊ ဟောလောက်ကြီး၊ ကျွဲအို၊ ပုရွတ်ဆိတ်ပေါက်၊ ထိပ်တင်ကား၊ အတွင်းကျယ်၊
အလယ်လပ်၊ ထိပ်ကြီးစိ စသဖြင့် ကလောင်ခွဲ၊ လိုင်းခွဲ ပေါင်းစုံနဲ့ ၀င်တိုးတော့တာ။
“ဆရာရယ်
၊ ဆရာ့စာမူလေး ချီးမြှင့်ပေးပါဦး၊ ဆရာ့ စမူဆာတွေ အဲလေ ဆရာ့ စာမူ တွေမပါတဲ့ လဆိုရင်
ရောင်းမကောင်းလို့ ပါရှင့်။ စာမူခ ကိုလည်း ကန်ဒေါ်လာနဲ့ ချီးမြှင့် ပါရစေရှင့်”
ဆိုတာက
တစ်မျိုး။ တစ်ချို့က
“ဆရာနော်၊
ဒီလ စာမူ မပို့လို့ကတော့ အပြတ်ပဲ။ မုန်းလိုက်မှာ … အိမ်ကိုလည်း လာနဲ့တော့ … မုန်းမှာ
.. ဒီက”
ဆိုတာတွေက တစ်ဖုံ။ စာမူတောင်းတာ။ စာမူတောင်းတာ ။
အဲအဲ .. အချို့ကတော့ ခပ်ကြမ်းကြမ်း။
“ဆရာ ။ ဒီလ အတွက် စာမူ ပို့မလား မပို့ဘူးလား။ မပို့ရင်တော့
ဆရာ့အိမ်ကို မီးနဲ့ လာရှို့ခိုင်းလိုက်မယ်”
ဆိုပြီးတော့
တစ်သွယ်။ မဂ္ဂဇင်းတိုက်တွေက ဖုန်းတွေဆို လာလိုက်တာမှ တဂွမ်ဂွမ်၊ နားကို ကွဲမတတ်။
နောက်ဆုံးသူတို့ကို
ကြောက်လို့ ဇနပုဒ်ထဲမှာ လူမသိ သူမသိ ခပ်လျိုလျို လာနေပါတယ် ဆိုမှ မရဘူး။ ကိုယ်က နိုင်ငံကျော်
ဒေါ်လာစား စာရေးဆရာကြီး ဖြစ်နေပြီ ဆိုတော့လည်း မကောင်းတတ်တာနဲ့ တောင်ခြစ်မြောက်ခြစ်နဲ့
ရေးပေးလိုက်ရတာ ပါပဲ။ တစ်ခါခါ အလျင်မမှီတော့တာနဲ့ အကြွေးစာရင်းတွေ ထည့်ပေးလိုက်လည်း ပဲ သုံးတာဗျာ။ ‘အောက်စဖို့တွင် မသင်လိုက်ရသော ကမ္ဘာကျော်
၃ ကျပ် တွက်နည်းများ’ ဘာညာနဲ့ လုပ်သွားတာ။ ခပ်တည်တည်ပဲ။ ကိုယ့်ဘက်ကလည်း ကြည့်ဦးလေ။
တစ်လ တစ်လ ပေါင်းချုပ်တွေ လုပ်လိုက်ရ။ တိုက် ၂၀ ကို အပုဒ် ၂၀ အလျင်မှီအောင် ပို့နေရတာ
ဆိုတော့ ရေချိုးဖို့ မပြောနဲ့ ၊ ဖင်ယားလို့ လူငှါးကုတ်ခိုင်းနေရတယ်။
“ဆရာ
ပေါ်ကြီးရဲ့ ၀တ္ထုတို စုစည်းမှု အတွဲ- ၃ ဆုချီးမြှင့် ခံရ”
ဒီလို
ဒီလိုတွေ နေ့စဉ်ထုတ် သတင်းစာတွေကနေ ကြော်ငြာခံရတာ။ ဒါတင် ဘယ်က ဦးမလဲ။ ‘အကြိမ်ကြိမ်
ပြန်ရိုက်နှိပ်ရသော ၀တ္ထုတို အသစ်- နှစ် ၅၀ အတွင်း အရောင်းစံချိန်သစ်တင် ’ ဆိုတာတွေ ‘နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ ဘာသာပြန်ရောင်းချရသော
ဝတ္ထုတို စုစည်းမှုများ’ ဆို့ ‘ပေါ်ကြီးရဲ့ လိင်စိတ်ထိန်းချုပ်နည်း
ဝတ္ထုတိုများ ရုပ်ရှင်ရိုက်ရန်၊ ဗီစီဒီရိုက်ရန် အလုအယက် ၀ယ်ယူမှုကြောင့် ၀ယ်သူများ အကြား
ပဋိပက္ခ ဖြစ်ပွါး ’ ဆိုတာတွေ ‘ပေါ်ကြီး ရဲ့ စာကောင်းပေမွန်များကို
မဖတ်ရှုနိုင်သဖြင့် ၀န်ဆောင်မှု ညံ့ဖျင်းမှု အကြောင်း … အား အများပြည်သူသိအောင် တစ်ကိုယ်တော်
ဆန္ဒထုတ်ဖေါ်’ ဆိုတာတွေဟာ နေ့စဉ်ထုတ် သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်း သတင်းတွေ ဖြစ်လာကြတယ်။
သက်ဆိုင်ရာတွေကလည်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာ အပူတပြင်း ဆွေးနွေးနေကြပြီး၊
နောင်တစ်ချိန်မှာ ဒီကိစ္စတွေဟာ အလုပ်လက်မဲ့ ပြဿနာတွေကို ခြိမ်းခြောက်လာနိုင်တဲ့ အတွက်
ခေါင်းခဲနေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေဟာ အလုပ်မလုပ်ကြတော့ပဲ ပေါ်ကြီးစာတွေပဲ ထိုင်ဖတ်နေကြပြီး၊
အရသာတွေ့နေကြလို့ ဖြစ်တယ်။ ပေါ်ကြီး စာတွေကလည်း အရူးအမဲသား ကျွေးမိသလိုမျိုး၊ တော်တန်ရုံ
စာမဖတ်တတ်တဲ့သူကိုတောင် ဆွဲဆောင်အားကောင်းလှတဲ့ အတွက် စာပေ အသိုင်းအ၀ိုင်းကပါ ဒါကို
အလေးအနက်ထား စည်းဝေးနေကြရတယ်။ ပေါ်ကြီးရဲ့ ၀တ္ထုတို သတင်းအကြောင်း မပါတဲ့ နေ့စဉ်ထုတ်
သတင်းစာတွေ ရောင်းအား ထိခိုက်မတတ် ဖြစ်လာတယ်။ တစ်ဆက်ထဲမှာပဲ ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ၊
ကုမ္ပဏီ ပိုင်ရှင်နဲ့ ဒါရိုက်တာတွေဟာ မိမိကို စပွန်ဆာ ပေးဖို့ပဲ ချောင်းနေရတာကိုက အလုပ်တစ်ခု
ဖြစ်လာတယ်။ ပေါ်ကြီးသုံးဖို့ ဆာဒူးကြီး အားဆေး ဆပွန်ဆာ၊ ရေအိမ်တက်ရင် လွယ်ကူဖို့ ကိုးရီးယား
တစ်သျူး၊ ညစာစားပွဲတက် စိန်စီ ၀တ်စုံ စပွန်ဆာ ..။ စသဖြင့်။
xxxxxxxxx
အများ
ပြည်သူ အကျိုးကို ရှေးရှု မျှော်ကိုးပြီး သကာလ ….၊ ပေါ်ကြီး ဆက်လက် ထုတ်ဝေဖြစ်တဲ့ စာအုပ်တွေကတော့။ ‘အိမ်မရှိလည်း ဂေါ်လီလုပ်နည်း’ ‘ဟင်းချက်နည်း တစ်သန်း’ ‘စိုက်လိုရာစိုက်၊ မပေါက်ရင် ကံ (စိုက်ပျိုးရေး
လက်စွဲ)’ ‘မိုးရွာချင် ရွာမယ်၊ မရွာချင် မရွာဘူး၊
သူ့သဘော (မိုးဇလ မိတ်ဆက်)’ ‘မြန်မာ စပီကင်
ကျင့်စဉ် ၁၀၀၀ (အနောက်တိုင်းသားတို့ လက်စွဲ)’
‘ယောက္ခမကို အပိုင်ပေါင်းနည်း (အိမ်ထောင်ရေး တက်ကျမ်း)’ ‘ခေတ်သစ် သမီးရွှေဥ (လူမှု စိတ်ဗေဒ)’ ‘ချစ်လို့ ပြောတာ နားပိတ်(ဆုံးမစာ)’ ‘မိန်းမနဲ့ ယောင်္ကျား( ချစ်ဗျူဟာ)’ ‘ချစ်သမီးရေ အိပ်တော့ (သမီးချော့တေး)’ အပါအ၀င် စိတ်ထင်တိုင်းကို လျှောက်ခိုးချတော့တာ။ ဘယ်လောက်ထိလည်း
ဆိုရင် မြန်မာလို ရေးထားတဲ့ ကျမ်းတွေ မှီငြမ်းစရာ မကျန်တော့လောက်အောင်ကိုပဲ။ အဲ့လောက်ထိ။
အရင်ကတော့
ဝတ္ထုတစ်ပုဒ်ရေးရင်ပဲ ပုံမှန် ၃၀၀၀၊ ပုံမမှန်ရင် ၂၀၀၀။ ပုံမှန်လွန်ရင် ရှယ် ၁၀၀၀၀။ ပေါ့။
အခုတော့ လက်တစ်ထွာ လောက် စာတစ်ကြောင်းရေးရင်ပဲ ဒေါ်လာက ၁၀၀၊ စာ ၃ မျက်နှာလောက် ဆိုရင်
ကန် ဒေါ်လာ - ၂၀၀၊ စာ ၆ မျက်နှာလောက် ခပ်ရှည်ရှည် ရေးမိရင် မျက်စိညောင်းခ၊ ဥာဏ်ညောင်းခ
ကန် ဒေါ်လာ ၅၀၀၊ ၀တ္ထုရှည် ဆိုရင်တော့ အခြေခံ ဈေးနှုန်း ယူရို ၅၀၀။ ဒါတောင် နောက်ပိုင်း
မရေးနိုင်ပဲ လက်ကျလာလို့။ ရွာထဲက ရှိသမျှ ကလေးတွေ ခေါ်ပြီး သူတို့ ကြိုက်ရာ ထိုင်ရေးခိုင်းထားတယ်။
ဘယ်လောက်
ရီးရယ် ကျထားလဲ။ တစ်နှစ်လောက်ကြာတော့ နောက်ထပ် ပေ ၂၀၀ ပတ်လည် ခြံနဲ့ အိမ်တစ်လုံး အပြင်၊
အိမ်ရှေ့ မျက်နှာစာမှာ ဆိုင်ခန်းလေး တစ်ခန်းပါ ပူးတွဲ ပိုင်ဆိုင်မိနေပြီ။ မိဘတွေကိုတော့
အရင်အိမ်မှာ ထားပြီး ကုန်စုံဆိုင်ကြီး ဖွင့်ပေးထားတယ်။ လိုသမျှ ကိုယ်က လှမ်း လှမ်းပို့ပေါ့။
ကိုယ်တိုင် ရေးစရာ အလိုပဲ အလုပ်ထဲ ပါးစပ်နဲ့ ကြီးကြပ်ဖို့ပဲ လိုတော့တယ်။
“လုပ်ဟေ့
၊ ကိုယ့် အလုပ် ကိုယ် သေသေချာချာ လုပ်ဟေ့”
ဆိုင်ခန်းထဲမှာ
ကွန်ပျူတာက ၁၀လုံး။ စာရေးမက ၁၀ ယောက် ။ စာတွေ တဗျောင်းဗျောင်း ရိုက်ခိုင်းထားတာ။ ဘာစာရှိမလဲ။
ရွာထဲမှာ ရှိတဲ့ ကလေးတွေ ရေးထားတဲ့ ပေါက်ကရလေးဆယ် စာတွေပေါ့။ ဒီ့ အတွက်လည်း ကလေးတွေကို
နေ့စား ၅၀၀၀ အပြင်၊ အစားလည်း ကျွေးပါတယ်။ စာရေးမတွေကတော့ တစ်လ ၃ သိန်း အပြင်၊ ဟွန်း
ဟွန်း သိတယ်မလား။ ဘောက်ဆူးလည်း ပေးတယ် ပြောမလို့ပါ…။ လူကြီးမင်း တို့ကလည်း။
“ပေါ်ကြီး
စာပေ ကုမ္ပဏီ”
ဆိုင်းဘုတ်တပ်ထားပေမယ့်
အခွန်မဆောင်ဘူး။ အခွန်သာရှောင်တာ၊ အလုပ်ကတော့ အပ်သမျှ ကြုံး လက်ခံတာ။ ၀င်သမျှ သပိတ်ဝင်
အိတ်ဝင် ထွက်လမ်းကို မရှိတဲ့ အလုပ်လေ .. သိတယ်မလား။ မိတ္တူနဲ့ ကွန်ပျူတာ ဆိုင်လား ဆိုလည်း
မဟုတ်ဘူး။ ဓါတ်ပုံဆိုင်လည်း မဟုတ်ပြန်ဘူး ဆိုတော့ အခွန်တောင်းရ အခက်ပေါ့။ ကိုယ်ကတော့
စာပေဗန်းပြပြီး ရသမျှ အကုန်ကြုံးလုပ်တော့တာပဲ။ (အလုပ်စုံ ပြောပါတယ်) လူမြင်ကောင်းအောင်
အလှူလေး ဘာလေးလည်း လုပ်ပြရသေးသပေါ့လေ။
xxxxxxxxxxxx
တစ်နှစ်ခွဲလောက်ကြာတော့
ချစ်သူလည်း မာနမကြီး။ အသည်းမမာနိုင်တော့ပဲ ကိုယ့်ဆီ ပြန်ရောက်လာတယ်။ သူ မှားသွား ကြောင်း၊
ခွင့်လွှတ်ဖို့ အကြောင်း၊ ကျန်တဲ့ သက်တမ်းကို ရွှေလက်တွဲဖို့ အကြောင်း၊ ကလေးတွေ မွေးဖို့
အချိန်သိပ် မကျန်တော့ကြောင်း တွေ ပြောပြီး ဆွေးနွေးလာတော့ ကိုယ်လည်း ဘာရမလဲ ဈေးကိုင်လိုက်တာပေါ့။
ဒီအရွယ်ကြီးရောက်တော့မှ မူ ရတော့ ရှက်သလိုလို တော့ဖြစ်မိသား။
“ချစ်ချစ်တို့
မိဘတွေ ကိုယ့်ဆီ လာတင်တောင်းလေ၊ ဘာမှ မလိုပါဘူး။ ရွာဓလေ့ ၊ အုန်းသီး၊ ငှက်ပျော်သီးနဲ့
ဆို ရပါပြီ။ ကိုယ်က ဂုဏ်ပဲ လိုချင်နေတာ ညှင်းညှင်း ညှင်း၊ ၀ဲဝဲ ၀ဲ J ”
ဆိုတော့
ချစ်သူ ငိုပါလေရော။ ဒီလောက်ကြီး အနိုင်မယူသင့်ကြောင်း၊ ထားခဲ့တဲ့ သံယောဇဉ်ကို ငဲ့ဖို့
သဘောထားကြီးဖို့ တောင်းပန်ကြောင်း၊ နောင်ဆို ဘယ်လို ဘ၀အခြေအနေ ရောက်ရောက် နားလည်သိတတ်စွာ
နေပေးမယ့် အကြောင်းတွေ ပြောလာတယ်။ သိတယ်မလား။ ကိုယ်ကလည်း ဘူးဆို ငပျော မသီးတဲ့ ကောင်လေ။
အဲ အဲ။
မကြာခင် လမကုန်ခင်မှာပဲ ချစ်သူတို့ မိဘတွေ ကိုယ့်ဆီ လာတင်တောင်းတယ်။ အဲဒီအခါမှ အထင်သေးတတ်တဲ့
ရွှေယောက္ခမ တွေကို မှတ်ပလား ဆိုပြီး ပြုံးပြုံးနဲ့ မိန့်မိန့်ကြီး၊ ကိုယ် အထက်စီးက အထာကိုင်ပလိုက်တယ်။
“အမှန်တော့
ဝီရိယ ပါပဲ၊ ဘယ်အလုပ်မဆို ကြိုးစားရင် ခုလိုမျိုး မောင်ရင့်ဘ၀အတိုင်း အောင်မြင်တတ်တာ
သဘာဝ ပဲလေ”
ယောက္ခထီးက မင်္ဂလာစကားကို သိက္ခာဆည် သလိုလိုလေသံနဲ့
လုပ်ပြောတယ်။ စိတ်တော့ မကောင်းဘူးပေါ့လေ။ လူကြီးတွေ ခမျာမယ် ကန်တော့ပွဲကြီးတွေနဲ့ အိန္ဒိယ
ဓလေ့လို သတို့သားကို လာတင်တောင်းတာ ဆိုတော့ သိပ်တော့ မနိပ်ဘူးပေါ့လေ။ ကိုယ့်အလှည့်ရောင်ရင်တော့
ဝဋ်မလည်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ။ အားလုံးကိုယ်စီမှာ အောင့်သက်သက် မျက်နှာပေးတွေနဲ့
အခမ်းအနားကို ရုပ်သိမ်းလိုက်တာပေါ့။ ယောက္ခထီးတို့က ဘာမှကို ပြောမနေပဲ တန်းပြန်တော့တာ။
xxxxxxxxxxxxx
အိမ်သစ်တက်ပွဲနဲ့
မင်္ဂလာပွဲကို ပူးတွဲကျင်းပလိုက်ပြီး တောင်ကြီး တစ်မြို့လုံး၊ အေးသာယာနဲ့ စက်မှုဇုန် တစ်ဇုံလုံး၊
မုံတ၀ တစ်ရွာ လုံးကို မီးခိုးတိတ် ဖိတ်စာဝေ ထားတဲ့ အပြင်၊ ဒါနဲ့တောင် မတင်းတိမ် အားမရသေးတာနဲ့
ဖေ့စ်ဘုတ်ပေါ်ကတောင် မြန်မာတစ်နိုင်ငံလုံးမှာ ရှိရှိသမျှ ကိုယ့်မိတ်ဆွေတွေ လာနိုင်အောင်လို့
အင်တာနက်ပေါ် တင်ဖိတ်လိုက်သေးတယ်။
“စားကွာ၊
အားရပါးရ သာစားကြ။ သောက်ကြ . အဟေးဟေး”
လူတွေ
လာလိုက်ကြတာ မနည်းဘူး။ လူတန်းရှည်ကြီးက တစ်မိုင်လောက် လမ်းတွေ ပိတ်ကုန်တယ်။ ရင်ထဲ ဘိုးသိုးဘတ်သတ်
နဲ့ပေါ့။ အဖျက်ရန်စွယ်ကို ကြောက်ရလို့ လုံခြုံရေးကိုတောင် တင်းကျပ်အောင် ချထားရတယ်။
ဘာလက်ဖွဲ့မှ ပေးစရာ မလိုဘူး ဆိုတော့ လာကြတာပေါ့။ အေးပေါ့လေ .. တောသူ တောင်သား တွေကမှ
ရိုးသားကြတာ ကလား။ ကြည့်လိုက်ရင် အပြစ်ကင်းစင်တဲ့ မျက်နှာလေး တွေနဲ့ တွယ်လိုက် တီးလိုက်
ကြတာ ဘယ်ကမ္ဘာထဲက ငတ်လာခဲ့လဲ မသိဘူး။ သနားပါတယ်။
ကျွေးတာတွေက
ထမင်းနဲ့ အသီးအရွက်စုံ ပဲဟင်းကြီး၊ ငါးခြောက်၊ ငါးပိရည်၊ ဗာလချောင်ကြော်၊ ငရုတ်သီးကြော်၊
ငါးမုန့်ကြော် တို့နဲ့ အတို့ အမြှုပ်တွေ။ အသားဟင်း မပါပေမယ့် အရွက်ကြော်ကမှ အစုံပါတယ်။
ဆယ့်နှစ်မျိုးရွက်ကြော်၊ မှိုကိုက်လန် ကန်စွန်း၊ လက်ဖက် သရက်နှပ်၊ ပဲပြား အုန်းနို့ကြော်ဟင်း၊
ခရမ်းသီး အစာသိပ်၊ အသားတု တောင်ပံ အစာသွပ်၊ ဂေါ်ဖီ ပန်းမုန်လာနဲ့ မုန်ညင်းကြော်၊ ချဉ်ပေါင်ကြော်
စုံလို့ စုံလို့။ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ကို လက်စွမ်းပြတာ။ စာဖိုမှူး ၁၀ ယောက်ကို
ရှယ် လက်စွမ်းပြထားတာ။ တရုတ် ပညာလည်း ပါတယ်။ ဥရောပ ဟင်းချက်နည်း မြန်မာ့ဟင်းကြီး ချက်နည်း
စုံလို့ စုံလို့။ ဖိုကြီး ဖိုငယ်နဲ့ကို ချက်ကျွေးရတာ။
မင်္ဂလာ
မောင်နှံကတော့ တပြုံးပြုံးနဲ့ လိုက်နှုတ်ဆက်တာပေါ့။ တစ်နေကုန် ညနေစောင်းတဲ့ လူမကုန်ဘူး။
“ပျော်လားဟင်
ချစ်လေး။ ဘယ်လို ခံစားရလဲ ဟင်”
“ပျော်တာပေါ့
မောင်ရဲ့၊ ချစ် ရင်တွေတောင် ခုန်နေတယ် ခစ်ခစ်”
အဲဒီချိန်မှာ
ပဲ ရွှေယောက္ခကြီးက ထတဲ့ပြီးမှ-
“ဒီ
မင်္ဂလာပွဲကို ကျုပ်သဘော မတူပါဘူး။ ဘာလို့ ခုမှ ထပြောရလဲ ဆိုတော့ ဒီကောင့်ကို တမင် သက်သက်
အရှက်ခွဲချင်လို့ပါ။ ဟားဟား မှတ်ပြီလားကွ၊ မင်း သေပေတော့ ..”
ဆိုပြီး
ဝါးရင်းတုတ်ကြီးနဲ့ ကျုပ်ခေါင်းကို ၀င်ရိုက်တာ။ ဘယ်သူမှ ဆွဲတားချိန် မရလိုက်။
xxxxxxxxxxxxxxxxxx
“ဒုန်း
၊ ဂွမ်း”
ခေါင်းကို
ထူ ပူခနဲ ဖြစ်သွားလို့ ထကြည့်လိုက်တော့ စတီးလင်ဗန်းကြီးနဲ့-
“ဟဲ့
သေနာ ခုချိန်ထိ မထ သေးရအောင် ရှင်မြိုဖို့ ဆို့ဖို့ ကျွန်မက ဘယ်က သွားခိုးပေး၊ တောင်းရမ်းပေးရ
မှာလဲ ။ ပြောစမ်း တကထဲတော် မပြောချင်လို့ ကြည့်နေတာ
အဟုတ်မှတ်နေတယ်။ အိပ်လိုက်တာကလည်း ကလားသေ ကလားမော၊ နဂါးတောင် နိုးတော့မယ်။ ရှင့်ရဲ့
အရည်မရ အဖတ်မရ အလုပ်တွေကို ခုချက်ချင်း ရပ်တန်းက ရပ်မလား ကျွန်မနဲ့ ကွဲမလား ၊ ဒါပဲပြော
…”
မီးဝင်းဝင်းတောက်
နဂါးမျက်စောင်းနဲ့ ခါးထောက်ပြီး လက်တစ်ဖက်မှာ စတီးလင်ဗန်းကိုင်ဆွဲထားတဲ့ ချစ်မဟေသီ
ငါးဖေါင်ခြောက် အရိုးကျော် ပါရမီ ဖြည့်ဘက် မယ်စန်း။ (အရေးထဲကွာ) မနေ့ညက စာရေးညနက်သွားမှန်း
သတိရသွားတယ်။
အိပ်ယာထက်က
လူးလဲ ထပြီး ပုဆိုးပြင်ဆင်ဝတ်။ ခြင်ထောင်သိမ်းရင်း ကုတင်ပေါ်က ဆင်းလိုက်တော့ တဲလေး တစ်ချက်
ယိုင်သွားတယ်။ ဒီနေ့ လကုန်ရက်မို့ ဆန်အိုးထဲ ကြွက်ဝင်ဆော့နေတာ သတိရသွားပြီး စိတ်ညစ်ညူးသွားပြန်တယ်။
အရေးထဲ အိပ်မက်ကောင်းမှ ဒိန်းဒေါင်းက ဖျက် ဆိုတာလို .. အလိုက်ကောင်းဆိုး မသိတဲ့ မိန်းမ။
ဒါကြောင့် မိန်းမတွေ မကောင်းပါဘူးလို့ ရှေးလူကြီး တွေ မိန့်ခဲ့တာ နေမှာ။ ကိုယ့်ခင်ပွန်း
ဒီလောက် အိပ်မက်ကောင်းနေတာကို သူမို့ နှိုးရက်တယ်။ မသကာ မစားရလည်း တစ်ရက် တစ်လေ အငတ်နေ
လိုက်ပါလားနော့်။ ဘာဖြစ်လဲ သေသွားတာမှ မဟုတ်တာနော့်။ မိန်းမတွေကိုက ခက်တယ်ဗျာ။
ခေါင်းက
အာလူးဖုကို စမ်းမိတယ်။ အမလေး ။ မနည်းပါပဲလား။ ဒါတွေကြောင့် ကျုပ်နဲ့ မတည့်တာပဲ။ ခုလည်းပဲ
ဘယ်သူ့ဆီ အပူသွားကပ်ပြီး ပြေးဆွဲရမလဲ။ ဆိုင်တစ်ဆိုင်ဆိုင်မှာပဲ ထိုင် အချိန်ဖြုန်းရမလား။
စာပေသမားတွေ ဆီပဲ သွားအောင်းနေရမလား ဆိုတာ သွားတိုက်ရင်း အပြေးအလွှား ခေါင်းထဲ စဉ်းစားနေမိရဲ့။
xxxxxxxxxxxxxxxxxxxxxxxxxxxx
ကလောင်
- ပေါ်ကြီး

No comments:
Post a Comment