Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, September 24, 2017

ဂျူး တွေ တည်ခဲ့တဲ့ မြို့

ဂျူး တွေ တည်ခဲ့တဲ့ မြို့

 

စည်သာ(တောင်ကြီး) (မှတ်ချက် - 2016 EMG သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း)

ရှမ်းပြည်နယ်မှာ ရှေးယခင် နှစ်ပေါင်းများစွာ အတွင်းက အစ္စရေး နိုင်ငံက ဂျူး လူမျိုးတွေ တည်ခဲ့တဲ့ မြို့ ဟောင်း တစ်ခု တည်ရှိပါတယ်။ ဂျူးတွေဟာ မြို့တည်ပြီးချိန်မှာ တောင်ထိပ်ပေါ်ကနေ ရေကန်ကြီး တည်ဆောက်ပြီး တစ်မြို့လုံးကို ရေပေးဝေရေး စနစ်နဲ့ ဖြန့်ဖြူးခဲ့တာ ဖြစ်တဲ့ အတွက် ဂျူးတွေရဲ့ ဥာဏ်ပညာအစွမ်းကိုလည်း လက်ဖျားခါရပါတယ်။ ရေကန်ကြီးဟာ အခုထက်ထိ တည်ရှိနေပြီးတော့ ရေကန်အောက်မှာ ဆောက်ထားတဲ့ ဂျူး ရှေးဟောင်း အိမ်များ၊ အရာရှိ အိမ်ယာများကို ယနေ့ ထက်တိုင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီနေရာကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှိတဲ့ နမ့်စန်မြို့(Namsang) လေးပဲ ဖြစ်ပါတယ်။ နမ့်စန်ကို ရှမ်းလို ခေါ်မယ် ဆိုရင် မှားနိုင်စရာ မရှိဘူးလို့ ရှမ်းတွေက ဆိုကြပြီး၊ ရှမ်းပြည်နယ်မှာ နာမည်တူသော မြို့လေး တွေ အများကြီး တည်ရှိနေတာလည်း ဖြစ်ပါတယ်။
တည်နေရာ
ရှမ်းပြည်နယ် မြို့တော် တောင်ကြီးကနေ သွားမယ် ဆိုရင်တော့ မိုင်ပေါင်း ၇၃ မိုင် ကွာဝေးပြီး၊ ကားနဲ့သွားမယ် ဆိုရင် ၃ နာရီ (မိနစ် ၁၈၀) ခန့် ကြာမြင့်နိုင်ပါတယ်။
တောင်ကြီးကနေ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင် မြို့ တို့ကို ဖြတ်ကျော် လာရပြီးတော့ တောင် ၃ တောင်ကို ကျော်ဖြတ်ရပါတယ်။ မိုင်းပွန် တောင်၊ လွိုင်လင်တောင် နဲ့ နမ့်စန် တောင် တို့ကို ကျော်ဖြတ်ရတာပါ။ လွိုင်လင်တောင် ဟာ အလွန်လှပပြီးတော့ လွိုင်လင် အ၀င် ဗျူဟာ ကုန်း ဖုန်းတိုင်ကနေ ကြည့်မယ် ဆိုရင် တစ်ဖက် မှာ မိုင်းပွန်၊ တောင်ရဲ့ အခြားတစ်ဖက် ခြမ်းမှာ လွိုင်လင်မြို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ၃ ထပ်ကွေ့ ရဲ့ အလှ၊ မိုင်းပွန်ရဲ့ စိုက်ကွင်း ၊ လယ်ကွင်းတွေ အလှ၊ လွိုင်လင်မြို့ အလှကို တောင်ပေါ် မြင်ကွင်းတွေကနေ ရှုမြင်ခံစားနိုင်မှာ ဖြစ်တယ်။ နမ့်စန်တောင်ကနေ ကြည့်မယ် ဆိုရင်လည်း အင်မတန် လှတဲ့ မြင်ကွင်းတွေ ခံစားနိုင်ပါတယ်။ 
အင်္ဂလိပ်တို့ဟာ ၁၈၉၀ ခုနှစ်မှာ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ချိန်မှာတော့ အင်္ဂလိပ် လက်အောက်ကို ပထမ ဆုံး ခိုလှုံတဲ့ စော်ဘွားက လဲချား စော်ဘွား ဖြစ်ပါတယ်။ လဲချား စော်ဘွား ဟာ အင်္ဂလိပ် ဘုရင်တွေကို ထောက်ခံ သောအား ဖြင့် အင်္ဂလိပ် အလံတော်ကို အစဆုံး အလံထူတဲ့ စော်ဘွား ဖြစ်တဲ့ အတွက် ဘုရင်မကြီးက ရှမ်းပြည်ကို လမ်းတွေ ဖောက်ပေးပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေ ဖောက်ခဲ့တဲ့ လမ်းတွေကို ယခုအချိန်ထိ နှစ်ပေါင်း တစ်ရာကျော် တိုင်အောင် ကြာမြင့်တဲ့ အထိ သုံးစွဲ နေတုန်းပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလိပ်တွေ ဆောက်ခဲ့တဲ့ လမ်းတွေဟာ တံတား တစ်ခုမှ မထိုးဘဲနဲ့ တောင်တွေကို ဖြတ်ပြီး ဖောက်ထားတာ အင်မတန် အတုယူဖို့လည်း ကောင်းပါတယ်။
တောင်ကြီးကနေ မိုင်းပွန်၊ လွိုင်လင် နဲ့ နမ့်စန် လမ်းပိုင်းတွေဟာ တောင်ကြားလမ်းတွေ ဖြစ်တဲ့ အတွက် အင်မတန် အန္တရာယ်များပါတယ်။ တောင်ကြားတွေမှာ တောင်ကမ်းပါးရံ ကာကွယ် နေတဲ့ အတွက် တစ်ဖက်က ယာဉ်ကြောကို ရုတ်တရတ် လှမ်း မမြင်ရပါဘူး။ လမ်းတွေကတော့ ယနေ့ အချိန်ထိကို ပြင်နေရတုန်းပါပဲ။ အဆိုးဆုံး ၂ နေရာ ရှိပါတယ်။ ဟိုပုံး ထမ်စန်းဂူ က ရွှေတိဂုံ ပုံတူ ဘုရားစေတီကို လှမ်းဖူးမြင်ရတဲ့ ပထမ လမ်းကျဉ်း၊ နောက်တစ်နေရာက တော့ မိုင်းပွန် အ၀င် နားက ဒုတိယ လမ်းကျဉ်းကတော့ အတော် ဆိုးပါတယ်။ ကားတစ်စီးစာပဲ ဖြတ်သန်း စရာ ရှိပြီး၊ အမြဲတမ်း လိုလို တောင်ဖြိုပြီး ပြုပြင်နေရတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။
Xxx


ဂျူး တွေ တည်ခဲ့တဲ့ မြို့လေး
နမ့်စန်မြို့ကို ဂျူး လူမျိုးတွေ တည်ခဲ့တယ်လို့ သမိုင်းကြောင်းတွေ အရ သိရှိရပါတယ်။ နမ့်စန် တောင်ထိပ်မှာ ရေကန်ကြီး တည်ရှိပြီးတော့ တစ်မြို့လုံး ရေပေးဝေ ရေးကို တောင်ထိပ်ကနေ ဖြန့်ဖြူး ပေးနေတာ ဖြစ်ပါတယ်။  အောက်နားလေးက ရပ်ကွက်တွေမှာလည်း လျှာထိုးသစ်သား အိမ် လေးတွေနဲ့ တည်ဆောက်ထားတဲ့ ဂျူး လူမျိုး တွေရဲ့ အိမ်တွေလည်း အစီအရီ တည်ရှိနေပါတယ်။ အရာရှိ တန်းလျား နဲ့ ၀န်ထမ်း အိမ်ယာ တွေကို ခုချိန်ထိ တည်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နမ့်စန် နဲ့ ပင်လုံ နားတစ်ဝိုက်မှာ ယင်းနက် လူမျိုး လို့ ခေါ်တဲ့ ရှမ်းမျိုးနွယ်စု တွေ နေထိုင်ကြတဲ့ အတွက် ဒီတိုင်းရင်းသား လူမျိုးစုတွေ ရဲ့ သမိုင်းကြောင်းနဲ့ စာပေ နဲ့ ဘာသာစကားတွေကို လေ့လာ သုတေသန ပြု မှတ်တမ်းတင်ထားဖို့ လိုအပ်ကြောင်း တောင်ကြီး တက္ကသိုလ် မြန်မာစာ ဌာန မှ ယင်းနက် လူမျိုး အကြောင်း စာတမ်း ပြုစုနေတဲ့ ဆရာမ တစ်ဦးက ပြောကြားသည်။ ယင်းနက် တိုင်းရင်းသားတွေဟာ နမ့်စန် တစ်နေရာ ထဲမှာပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
Xxx
လက်ရှိ မြို့ အခြေအနေ
မြို့က ကျဉ်းပြီးတော့ မင်းလမ်း တစ်ကြောင်းထဲ တည်ရှိပါတယ်။ နမ့်စန် မြို့နယ် မှာ ကျေးရွာပေါင်း တစ်ရာကျော် တည်ရှိပြီးတော့ ခရိုင်တွင်း ကျေးရွာအများဆုံးပါ။ နို့ခြောက်နဲ့ ထိုဟူးနွေးက အရင်က နာမည် ရခဲ့တယ်။ ယခုချိန်မှာ နာနတ်သီး စိုက်ပျိုးရေး ၊ မှိုကြော် ထုတ်လုပ်ရေး နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ကျော်ကြားပါတယ်။ မြို့တွင်းကို နမ့်တိန်းချောင်း ဖြတ်သန်း စီးဆင်းနေတဲ့ မြို့ဖြစ်ပြီးတော့ နွေရာ သီမှာ ရေရှားတတ်ပါတယ်။ မိုးနဲ နဲ့ ခိုလမ် တို့ရဲ့ လမ်းခွဲဖြစ်ပြီးတော့ တိုင်းရင်းသား ပေါင်းစုံ နေထိုင်ကြပါတယ်။ အနောက် တောင်ဘက် ၁၄ မိုင် အကွာမှာ စုပေါင်း ပလောင် ရွာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နာနတ်သီး ပြီးတော့ ပြော င်းဖူး၊ ပဲစဉ်းငုံ၊ စပါး၊ နေကြာ၊ နှမ်း၊ ပဲ အမျိုးမျိုးနဲ့ ဆီထွက် သီးနှံတွေ ဖြစ်ပါတယ်။ တောင်ယာနဲ့ ရွေ့ပြောင်း တောင်ယာတွေကိုလည်း  တိုင်းရင်းသား များ လုပ်ကိုင် ကြပါသေးတယ်။

စွန့်ဦးတီထွင် မွေးမြူရေးသမား ဆိုလို့ ကြက်ဆင် အနည်းငယ် မွေးမြူတာကိုလည်း တွေ့ခဲ့ရတယ်။
နမ့်စန်မြို့မှာ လက်နက်ကိုင် တပ်ဖွဲ့ အများစု ရှိပြီး၊ ဌာနချုပ် ၃ ခု နဲ့ အဖွဲ့ပေါင်း ၅ ဖွဲ့လောက် ကျင်လည် လှုပ်ရှားရာ ဘူမိ နက်သန်နေရာလည်း ဖြစ်တယ်။ တွင်းထွက် အဖြစ် ကျောက်မီးသွေး တူးဖော်နေခြင်းများကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က တူးဖော်နေကြပြီးတော့၊ အခြား သတ္တုထွက် ပစ္စည်းများလည်း ထွက်ရှိနိုင်ပါတယ်။
မူးယစ်ဆေးဝါး နဲ့ WY(ခေါ်) ရာမ စိတ်ကြွဆေးပြား  အန္တရာယ် နေရာအနှံ့ လူငယ်များကြားမှာ ပျံ့နှံ့တည်ရှိနေပြီး၊ နောက်ကွယ်က စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ အတွက် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။ စီးပွားရေး သမားတွေ ရဲ့ ပြောပြချက် အရ ၁၀ ယောက်မှာ ၆ ယောက် လောက် က ဒီ မူးယစ်ဆေး ငွေကြေး လည်ပတ်မှုနဲ့ လုပ်ငန်း မကင်းကြဘူး လို့ ဆိုပါတယ်။
ထူးခြားချက် တစ်ခုကတော့ ရှမ်းပြည် တောင်ပိုင်းမှာ ဗဟို ချက်မ လို့ ယူဆကြတဲ့ ကြေးတိုင်ကို နမ့်စန်မြို့မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ရှေးယခင်က ရွှေဟင်္သာ ငှက်များ တည်ရှိဖူးတယ်လို့လည်း ဆိုပါတယ်။ ကျောက်လက်နက်များ ထွက်ရှိရာ မိုင်းပန် နဲ့ နယ်နိမိတ်ချင်း ဆက်စပ် နေတဲ့ အတွက် ရှေးဟောင်း သမိုင်းကြောင်း နဲ့ အများကြီး ဆက်စပ် နိုင်တယ် လို့ ဘူမိဗေဓ သမားများက သုံးသပ်ကြပါတယ်။
တိန်းချောင်း သဘာဝ ရိပ်သာ ကလေးငယ် ပညာရေး ကျောင်း နဲ့ ရတနာ မာန်အောင် ဘက ဘုန်းတော်ကြီးသင် ပညာကျောင်း၊ နှစ်ကျောင်း တည်ရှိပါတယ်။ ရတနာ မာန်အောင် ဘက ကျောင်းမှာ ကလေးငယ်ပေါင်း ၃၄၀ ကျော် ရှိပြီးတော့ ကလေးအိပ်ဆောင် မလုံလောက်တဲ့ အတွက် လိုအပ်ချက်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။
Xxx
ဖေးကူပါ
မြို့အပြင်ဘက်မှာ တောင်းရမ်းစားသောက်သူများ နဲ့ အနာကြီး ရောဂါသည်များ စုဝေး နေတတ်တဲ့ ရွာကလေး တစ်ရွာလည်း တည်ရှိပြီးတော့ နေ့ခင်းပိုင်းတွေ ဆိုရင် မြို့ထဲကို ရှာဖွေ စားသောက်တတ်ကြတာ ကို မြင်တွေ့ရ ပါတယ်။ ကလေးငယ် တွေနဲ့ အမျိုးသမီးတွေ တောင်းရမ်းနေတာ မြင်ရတာ စိတ်မချမ်းမြေ့ဘွယ် မြင်ကွင်း တစ်ခု လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ခိုလမ် နဲ့လည်း နီးတဲ့ အတွက် မြေယာ ပြဿနာရပ်များ အများဆုံး ရှုပ်ထွေး တည်ရှိနေပြီးတော့ မပြီးသတ် သေးတဲ့ မြေယာ မှုခင်းတွေ အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်။ နမ့်စန်မြို့ ကျေးရွာ အတော်များများ မှာ လိုအပ်နေတာကတော့ လမ်းပန်း ဆက်သွယ်ရေး နဲ့ လျှပ်စစ်မီး လိုအပ်ချက် တွေပဲ ဖြစ်ပါတယ်။ တချို့ ဒေသတွေမှာ မီးကြိုးတွေ ဖြတ်သန်းသွားပြီးတော့ မီးမရတဲ့ ရွာတွေ အများကြီး ရှိပါတယ်။ တေးရေးဆရာ စိုင်းခမ်းလိတ် ရေးပြီး စိုင်းထီးဆိုင် ဆိုတဲ့ “ရန်ကုန်မှာ သာတဲ့ လ” သီချင်းထဲကလို ပျံသာ ပျံတယ် မနားတယ် ဆိုတဲ့ စာသား အတိုင်းပါပဲ။ စာနာသင့်ပါတယ်။
နမ့်စန်မြို့သာယာတိုးတက် ဖွံ့ဖြိုးဖို့ အတွက် ရှမ်းပြည်နယ် အစိုးရ တာဝန်ရှိသူများရော၊ ဒေသခံ ပြည်သူများပါ ၀ိုင်းဝန်း ကြိုးပမ်း လုပ်ဆောင်သွားကြမယ် ဆိုရင်တော့ဖြင့် မကြာခင် ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသ တစ်ခု ဖြစ်လာမယ် ဆိုတာ ဆုတောင်းရင်း 

×××

No comments:

Post a Comment


Aung Hein - နည်းပညာ