Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

နတ်ဆေးပန်းချီ ပွဲတော် (သို့) တောင်ကြီး တန်ဆောင်တိုင် ပွဲတော်

 နတ်ဆေးပန်းချီ ပွဲတော် (သို့) တောင်ကြီး တန်ဆောင်တိုင် ပွဲတော်

                                                စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဆိုတာ မသိတဲ့သူ မရှိသလောက် မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ပွဲတော်ကြီး တစ်ခုလည်းဖြစ်ပါတယ်။
တန်ဆောင်တိုင် ပွဲတော်ရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်မယ်ဆိုရင် ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ထဲက မီးပုံးပျံတွေ လွှတ်တင်တဲ့ ဓလေ့ ရှိပြီးတော့ ရိုးရာတစ်ခု အနေနဲ့ တည်ရှိလာတာ နှစ်ထောင်ပေါင်း များစွာ ကြာမြင့် ခဲ့ပြီး ဖြစ်ပါတယ်။
တောင်ကြီးမြို့ကို ၁၈၉၄ ခုနှစ်မှာ အင်္ဂလိပ်တွေက စတင် မြို့တည် ကာလ တွေ တုန်းက မီးပုံးပျံပွဲတော် မရှိသေးဘဲ နဲ့ မီးထွန်းပွဲ၊ ဗျောက်အိုး ဖောက်ခြင်း၊ မီးရှူး လွှတ်တာ တို့လောက်ပဲ ရှိသေးတယ်။ ဒါ့အပြင် တောင်ကြီးမြို့မ ရဲစခန်း နေရာမှာ အင်္ဂလိပ်ခေတ် အာဝါဒေးပွဲ လုပ်တယ်။ ဂတ်တဲပွဲ သို့မဟုတ် မီး ဝင်္ကာပါပွဲ  လို့လည်း ခေါ်တယ်။ ကလေးတွေ လူကြီးတွေက မီးဝင်္ကာထဲကို လှည့်လည် ပျော်ပါး ကြ ဒီလောက်ပါပဲ။
မီးပုံးပျံသမိုင်းကြောင်း အစ
တောင်ကြီးမြို့မှာ ပထမဆုံး လွှတ်တဲ့ မီးပုံးပျံကတော့ ပိတ်စနဲ့ ချုပ်ထားတဲ့ မီးပုံးပျံ ဖြစ်ကြောင်း ပန်းချီဆွဲ ခဲ့သူ ပန်းချီဆရာ ဦးတင်ဝင်းက ပြောပါတယ်။ ပိတ်စနဲ့ ချုပ်ထားတဲ့ မီးပုံးပျံက ခေါင်အချင်း ပေ ၅၀၊ အမြင့် ပေ ၅၀ မြင့်ပြီးတော့ ၊ ကုန်းသာကျောင်းမှ ကျောင်းထိုင် ဆရာတော်ကြီး ဦးစီး ပြုလုပ်တာ ဖြစ်ပါတယ်။ ကူညီကုန်းရပ်ကွက် နေ ဒေါ်သင်းနဲ့ အဖွဲ့က အပ်ချုပ်စက် အလုံး ၃၀ နဲ့ တစ်လ တိတိ ချုပ်လုပ်ခဲ့တာ၊ ကိုက် ၄၀ ပါ အိတ်အုပ် ၄၀ ကုန်ကြောင်း သိရတယ်။ အောက်ဆွဲမှာ ဆန်အိတ်၊ ဆီပုံး၊ ထမင်းချိုင့်၊ ထီး စတဲ့ ပစ္စည်းတွေ ချိတ်ဆွဲထိားပြီးတော့ နတ်မင်းကြီး ၄ ပါး စက္ကူရုပ် တွေလည်း ပါတယ်။
မီးပုံးပျံက ကြီးမားတော့ လိုအပ်တဲ့ မှိုင်းကို ရရှိဖို့ ကုန်းသာ ဘုန်းကြီးကျောင်းတောင်စောင်း တစ်လျောက် ဥမှင် လှိုဏ်ခေါင်း တူးပြီး တစ်ဖက်မှာတော့ လှိုဏ်ခေါင်းအ၀ ကို ပီပါပြတ် ထားပြီးတော့ မှိုင်းခံရတယ်။ မီးပုံးပျံကို ဆိုင်းကြိုး ၄ ချောင်း နဲ့ သစ်ပင်မှာ ချည်ထားပြီးတော့ ၄ ဖက် ကနေ တစ်ပြိုင်နက် အချက်ပြပြီးတော့ ဓါးနဲ့ ခုတ်စေရာမှာ ရာဟု ထောင့်က ကိုရင်က ခုတ်ရာမှာ လက်နှေးလို့ အတက်မညီတော့ဘဲ၊ မီးပုံးထိခိုက်မှု ဖြစ်ခဲ့တာကြောင့် ယခု ဗိုလ်ချုပ်ပန်းခြံ အနီးမှာ မီးပုံးပျံ ကြီး ပြန်ပြုတ်ကျခဲ့ရပါတယ်။ ဒီမီးပုံးပျံကြီးကို မီးမလောင်အောင် ရေထဲဆွဲပြေးပြီးတော့ ခြင်ထောင် ချုပ်ရာမှာ သုံးလေး လုံးလောက် ရတယ်လို့ ပန်းချီ ပညာ ရှင် ဦးတင်ဝင်းက ဆိုတယ်။

နောက်ဆက်တွဲ မီးပုံးပျံ သမိုင်းကြောင်း
၁၉၄၅ ခုနှစ် ၊ တန်ဆောင်မုန်းလတွင် ဂတ်တဲပွဲ ကို Our Day ပွဲ အမည်နဲ့ တောင်ကြီး ရဲစခန်းမှာ စတင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကို တောင်ကြီးမြို့မှာ ရှိတဲ့ ရပ်ကွက်တွေ ဖြစ်တဲ့ တောင်ပိုင်း၊ အလယ်ပိုင်း ရပ်ကွက်နဲ့ ညောင်ရွှေဟော်ကုန်း၊ ရတနာ သီ၇ိ စတဲ့ ရပ်ကွက်တွေ ကနေ မီးကြာကပ်များ၊ မီးပန်းများ လက်ကိုင်ဆောင်ပြီး ရိုးရိုး မီးပုံးပျံတွေကိုလည်း အပျော်သဘောနဲ့ ဈေးကြီးတောင်ဘက် နားမှာ လာလွှတ်ကြတယ်။
ပထမဆုံးလွှတ်တာ ဈေးတောင်ဘက် ညဈေးနားမှာ၊ ပြီးတော့မှ စီးပွားရေးဘဏ်တိုက်၊ နောက်တော့ ဘော်လုံးကွင်း၊ ဗိုလ်ချုပ်ပန်းခြံ ကြေးရုပ်ကွင်း၊ ကရင်မ ရေထွက် ၊ ဘော်လုံးကွင်း၊ စူဌာမုနိ ။ အဝေရာ ကုန်းသာယာ (၁၉၉၆) စသဖြင့် အသီးသီး ပြောင်းလဲခဲ့ခြင်း ဖြစ်တယ်။
ဈေးကြီးပတ်ဝန်းကျင်မှာ ညောင်ပင်တွေ ရှိပြီးတော့ ဘာအကာအရံမှလည်း မရှိဘူး။ နောင်နှစ်တွေများမှာ  ရပ်ကွက်တွေကနေ ဒီလိုပဲ လာလှည့်ကြရင်းနဲ့ မြို့လယ် ဓမ္မရုံကို မီးပူဇော်ဖို့ အတွက် မီးပဒေသာပွဲ ဘုရားမီးပူဇော်ပွဲ လုပ်ရင်းနဲ့ ။ သစ်သီး ဝလံ မီးပုံး မီးကြာကပ်တွေ။ ယူဆောင်လာကြတယ်။ နောက်တော့ သင်္ဘောနာနတ်ပင် တွေမှာ မီးပုံချိတ် အလှဆင်ကြတယ်။ နောက်များတော့ သစ်ကိုင်းခြောက်ကနေ ဝါးနဲ့ စေတီပုံတွေ အပြိုင်အဆိုင် သူ့ထက်ငါ လှအောင် လုပ်ရင်း နဲ့ ရပ်ကွက်တွေထဲကနေ အိုးစည် ဗုံမောင်းတွေ တီးမှုတ် ဖျော်ဖြေ ပူဇော်လို့ မီးပဒေသာ အလှ ပြိုင်ပွဲဖြစ် လာတယ်လို့ သိရတယ်။
ပြိုင်ပွဲစတာ ၁၉၅၀ လောက် စတယ် ပြောတယ် ။ အင်္ဂလိပ်ခေတ်မှာ ပြိုင်ပွဲ မရှိသေး ။ အပျော်သဘော လွှတ်တာပဲ ရှိသေးတယ်။
နောက်တော့ ကံသာ နဲ့ တောင်ပိုင်း ရပ်ကွက် ပြသနာ ဖြစ်ပြီး နှစ်အတော်အတန်ကြာအောင် မီးပဒေသာပွဲ ပျောက်ကွယ်သွားပြန်တယ်။
Xxx
မီးပုံးပျံကြီးတွေ ရဲ့ သမိုင်းကြောင်း
မီးပုံးပျံကြီးတွေကို စတင်လွှတ်တင်စဉ် ကာလတုန်းက ဗလာသက်သက် အဖြူထည် သာ ဖြစ်ပါတယ်။ တချို့တွေက ဒါကို သိပ်မသိကြပါဘူး။ ဗလာသက်သက် အဖြူထည်ကနေ တဆင့် ဆက်ရာနေရာမှာ ချုပ်ရိုး လိုက်ရာကနေ အစင်းကြောင်းလေးတွေ၊ မျဉ်းကြောင်းလေးတွေကို အလှဖော်လာကြတယ်။ အဲဒီကမှ တဆင့် ကောက်ကြောင်းတွေ၊ အကွက်တွေ၊ ကနုတ်တွေ ပေါ်လာတယ်။ အကွက်ပေါ်လာပြီးနောက်တော့မှ စက္ကူပြားပေါ် မှာ အပေါက်ဖောက်ပြီးတော့ ဆေးမှုတ်တာ ဖြစ်လာတယ်။ နောက်တော့ ဒီဘက်ခေတ်မှာပန်းချီ ဆရာတွေ ရဲ့ စိတ်ကူးဥာဏ် ကွန့်မြူးပြီးတော့ ပန်းချီကားတွေ ဆွဲလာကြတာ ဖြစ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ် ပြောင်းလဲလာပုံ ဖြစ်ပါတယ်။
အကွက်ကနေ ပန်းချီကို စတင် ပြောင်းလဲခဲ့တဲ့ မီးပုံးပျံ နာမည်ကတော့ တောင်ကြီးမြို့၊ မြို့မ ရပ်ကွက်ထဲက ဟာသ မီးပုံးပျံ မီးဆရာများပဲ ဖြစ်ပါတယ်။ သူက ရွှေစက္ကူ၊ ငွေစက္ကူ တွေနဲ့ ဘုရားပုံတော်တွေကို စတင် တီထွင် ပြုလုပ်လာတာ ဖြစ်ပြီးတော့ နောင်နှစ်တွေမှာ ဆေးရောင်တွေ နဲ့ ပန်းချီတွေ ဆွဲလာကြတာ ဖြစ်ပါတယ်။
ဒီလို ပြောင်းလဲလာပုံကို သဘောပေါက်မှပဲ လေ့လာလို့ရတာဖြစ်ပါတယ်။ တချို့က ပြောကြတယ်။ အကွက်တွေ ကနုတ်တွေ ဖော်တယ် ဆိုတာ ရိုးရာတဲ့။ အမှန်က ရိုးရာ ဆိုတာ ဗလာသက်သက် က စတင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင် ပန်းချီဆရာတွေရဲ့ စိတ်ကူးဥာဏ် ရင့်သန်မှုကို လွတ်လွတ်လပ်လပ် ဖွင့်ထားစေချင်ပါတယ်။ ဒါမှလည်း သူတို့ စိတ်ကြိုက် ရေးဆွဲနိုင်မှာဖြစ်ပြီးတော့ ကွန့်မြူးနိုင်မှာ ဖြစ်တယ်။ တကယ်တမ်း ချုပ်ခြယ်လိုက်မယ် ဆိုရင် ဘောင်ကျဉ်းပါတယ်။ အကွက်တွေ ဆိုတာ ပန်းချီဆရာတိုင်း ရေးတတ်တာ ဖြစ်ပြီးတော့၊ ပန်းချီဆိုတာကတော့ လူတိုင်း မရေးတတ်တာ ဖြစ်တဲ့ အတွက် ဒါက ပန်းချီ ပညာရပ် ပိုင်း ဆိုင်ရာ အတတ်ပညာ တစ်ခုလည်း ဖြစ်တဲ့ အတွက် ပန်းချီဆိုတာ အမြင့်ဆုံး အပိုင်းတစ်ခုပါ။
Xxx
ပြိုင်ပွဲတွေ ရဲ့ သမိုင်းကြောင်း
၁၉၅၁ ခုနှစ်မှာ ညဈေးတန်းနေရာမှာ မီးပုံးပျံတွေ စတင်လွှတ်တင် ကြတယ်လို့ သိမှီသူ မြို့ခံအများက ဆိုကြပါတယ်။ အဲဒီအချိန်တုန်းက ယမ်းမရှိတော့ အုန်းဆံကြိုးကို တောက်တောက်စဉ်းပြီးတော့ ယမ်းနဲ့သမ အောင် ရောစပ်ပြီးတော့ ကောင်းကင်ကနေ ဖွားခနဲ ကျလာတာလောက်ပဲ လောက်နိုင်သေးတယ်။
၁၉၅၃ ခုနှစ် လောက်မှာ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ဗျောက်အိုးတွေ၊ မီးပန်းတွေ၊ မီးရှူးတွေ ၀င်လာတော့ အဲဒီမှာ ယမ်းစနစ် ခေတ်သစ် ထွန်းတော့တယ်။ ၁၉၅၅ ခုနှစ်မှာ အရောင်တွေကို စမ်းသပ်နေကြပြီ။ ၁၉၅၇ ခုနှစ်လောက်မှာ ပေါ့ပါးတဲ့ လေယာဉ်သံ သတ္တု စပ်တစ်မျိုးကို ရှာဖွေတွေ့ရှိပြီးတော့ အဖြူရောင် လုပ်တာကို တတ်လာကြတယ် ။ လေယာဉ်သံ အခြေခံပြီးတော့ အရောင်မျိုးစုံ ၊ ကာလာမျိုးစုံ တီထွင်စမ်းသပ် အောင်မြင် လာကြတယ်။ ၁၉၅၈ ခုနှစ်လောက်မှာ သိမ်တောင် ဆရာတော်မှ ယမ်းစပ်နည်း ယမ်းစိမ်း၊ ထုံး၊ ကန့်၊ ဒုတ္တာ၊ လေယာဉ်သံ၊ မီးသွေး တို့နဲ့ အရောင်စုံကို စမ်းသပ် တီထွင်နိုင်တယ်။
မြေပြန့်ကနေ ယမ်းစပ်နည်းကို စတင်သင်ယူခဲ့တာကတော့ တောင်ပိုင်းမီးဆရာကြောင့် ကာလာစုံ အသုံးပြုလာခဲ့ကြတယ်။ ၁၉၆၀ ကျော် ခုနှစ်လောက်မှာတော့ အဆင့်မြင့်တဲ့ ရောင်စုံ ယမ်းအလှကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်လာကြပြီဖြစ်တယ်။
၁၉၇၀-၇၅ ခုနှစ်လောက်မှာ မီးပုံးပျံ မီးကြီး ယမ်းရောင်စုံ ဖြစ်လာပြီးတော့၊ စိန်နားပန် မီးပုံးပျံ တွေကိုလည်း အမျိုးမျိုး တီထွင်လာကြတာ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်လောက်မှာ တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းကို စတင် အကောင်အထည် ဖော်ဆောင်လာခဲ့ပြီး အကြီးမားဆုံးသော ပွဲတော်ကြီး တစ်ခု ဖြစ်လာတာ ဖြစ်ပါတယ်။ တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော် အကြောင်း ရေးမယ် ဆိုရင် ဘယ်တော့မှ မပြီးဆုံးသေးတဲ့ ပန်းချီကား တစ်ချပ် လိုပါပဲ။ ပိုတယ်လို့ မရှိဘဲ အမြဲလိုအပ်နေတာ လည်း ဖြစ်ပါတယ်။
xxx
Pre World လို့ ခေါ်တဲ့ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်က တောင်ကြီးမှာ ဘုန်းကြီးကျောင်း ၁၀ ကျောင်း ရှိခဲ့တယ် လို့ သိရပါတယ်။ အဲဒီကျောင်းတွေကတော့ -
၁ ။ မင်းကျောင်း အစွန် စော်ဘွားသချိုင်္င်း။၂ ။ နဂါးပတ်ကြောင်း ။ ၃ ။ ကံဦး ။ ၄ ။ အောင်မြေသာစည် ။ ၅ ဘုရားကြီး မြောက်ကျောင်း ။ ၆ အတွင်းကျောင်း ။ ၇ သိမ်တောင် ။ ၈ ကုန်းသာ ၉ တောင်ကျောင်းကြီး ။ ၁၀ ။ မင်္ဂလာ ရာမ ကျောင်း တို့ပဲ ဖြစ်ပါတယ်။
အောင်မြေသာစည်က မင်္ဂလာရာမ ကျောင်းနေရာမှာ ဖြစ်ပြီးတော့၊ ဘုန်းကြီးထားကျောင်းခေါ်ပြီး ဘုန်းကြီးထားတာ ဘုရားကြီး မြောက်ကျောင်း ဖြစ်ပါတယ်။ သိမ်တောင်က ဓမ္မိကာရုံ ကျောင်းဖြစ်ပြီးတော့
လက်ရှိ သိမ်တောင်ကျောက်တိုက်သည် ယခင်က ပိဋိကတ် တိုက် နေရာဖြစ်ပါတယ်။ နောက်မှ သိမ်တောင် ကျောင်း ဆိုပြီး ဖြစ်ပေါ် လာတယ် ။
xxxx
မီးပုံးပျံ လွှတ်တင်ကြတာ ကံမြင့်၊ ကံတက်၊ ကံဇာတာ ကောင်းစေတယ်လို့ ယုံကြည်တာကြောင့် ရိုးရာ အနေနဲ့ လွှတ်တင်နေကြတာ ဖြစ်ပါတယ်။ ယခင် ရှေးနှစ်ထောင်ပေါင်းများစွာ ထဲက မီးပုံပျံ လွှတ်တင်ခြင်း ဓလေ့ ကို ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ ရိုးရိုး မီးပုံးပျံ များကို သာ လွှတ်တင်ခြင်းလည်း ဖြစ်ပါတယ်။ ဗျောက်အိုးတွေ ဖောက်တယ် ဆိုတာ မကောင်းဆိုးရွားကောင် တွေကို နှင်ထုတ်တာ ဖြစ်ပြီးတော့၊ ဖုတ်၊ သရဲ တွေ ကို နှင်တာ ဖြစ်တယ်လို့ ဆိုတယ်။
ဘုရားရှင် ကြွချီလာမည့် ကောင်းကင်ထက်ဆီကို မီးပုံးပျံတွေနဲ့ ကြိုဆို ပူဇော်ခြင်း ဖြစ်ပြီးတော့၊ သီတင်းကျွတ်ကာလ မှာလည်း ဘုရားမီးပူဇော်တဲ့ ဓလေ့ တွေလည်း ရှိတာ ဖြစ်ပါတယ်။
Xxx
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးကို ရိုးရာဓလေ့လည်း မပျောက်ကွယ်စေရန် ခေတ်လည်း မှီစေရန် ခေတ်သစ် အစီအမံများပြောင်းလဲဖို့ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း မီးပုံးပျံ အကဲဖြတ် အမှတ်ပေးဒိုင် ပန်းချီပညာရှင် ဦးတင်ဝင်း က ပြောကြားသည်။ သူက လျှပ်စစ်မီး အစားထိုးရန် နှင့် မီးပုံးပျံ လွှတ်တင်ရာတွင် အန္တရာယ် ကင်းစေရန် ခေတ်သစ်အစီအမံသစ်များကို စဉ်းစားရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြောဆိုနေသည်မှာ ၃ နှစ်ကျော် ကြာခဲ့ပြီဟု ဆိုသည်။
နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကျင်းပမြဲဖြစ်သော တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ လွှတ်တင်သော စိန်းနားပန် မီးပုံးပျံတွင် မီးပုံးပျံကြီး ဘေးပတ်လည် မီးပုံးငယ်များ ချိတ်ဆွဲအလှဆင်ရာတွင်၊ ဖယောင်းတိုင် မီးများ အစား လျှပ်စစ်မီး အစားထိုး အသုံးပြုလျှင် ခေတ်လည်း မှီကာ၊ အန္တရာယ်လည်း ကင်းနိုင်ကြောင်း၊ ထို့ပြင် မီးပဒေသာ လှည့်လည်ပွဲတွင်လည်း အလားတူ လျှပ်စစ်မီးလုံးလေးများကို ပဒေသာပင်ကြီးများတွင် ချိတ်ဆွဲ အလှပြခြင်းအားဖြင့် တာရှည်ခံ၊ အန္တရာယ်ကင်းမည် ဖြစ်ကြောင်း ပန်းချီပညာရှင် ဦးတင်ဝင်း က အကြံပြုပြောကြားသည်။
ထို့ပြင် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း အတွင်း လူအထိအခိုက်နည်းပါးအောင်လည်း မီးပုံးပျံလွှတ်တင်မည့် ကွင်းကို ချုံ့လိုက်ကာ (Resize) ၊ ဘေးပတ်လည်တွင် အမိုးပါသော ပေ ၂၀အကျယ် အဆောက်အအုံ တန်းလျားများ ခိုင်ခံ့စွာ ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ အဆောက်အအုံ ဘေးပတ်လည်တွင်လည်း လူလျှောက်လမ်း ပေ ၄၀ လောက် ခွာထားရန်လိုကြောင်း၊ ထိုမှသာ လူသူ ထိခိုက်မှု အနည်းပါးဆုံး ကာကွယ်ပေးမည် ဖြစ်ကြောင်း၊ မီးကြီး မီးပုံးပျံကိုလည်း ပညာရှင် အဆင့်၊ ၀ါသနာရှင် အဆင့် နှင့် မျိုးဆက်သစ် လူငယ် အဆင့် ဟူ၍ အဆင့် (၃) မျိုး ပိုင်းခြားကာ ၀င်ပြိုင်စေလိုကြောင်း၊ မီးပုံးပျံလုပ်သော အိမ်များတွင်လည်း ယမ်းစပ် နည်း သင်တန်းများ ပေးခြင်း တို့ကို ပြုလုပ်သွားလျှင် ပိုမို အဆင်ပြေမည် ဖြစ်ကြောင်း ပန်းချီပညာရှင် ဦးတင်ဝင်း က ထောက်ပြခဲ့သည်။
“ လျှပ်စစ်မီးပေါ့ဗျာ။ မီးပဒေသာ နဲ့ စိန်နားပန် ကိုယ်ထည်မှာ ဖယောင်းတိုင်အစား လျှပ်စစ်မီးလေးနဲ့ တာရှည် ခံအောင် ဒါလေးနဲ့ ခေတ်ပြောင်းချိန် တန်ပြီလို့ ပြောချင်တယ်။ ဒါလေး တိုက်တွန်းချင်တယ်။ လျှပ်စစ်မီးပြောင်း ခြင်း အားဖြင့် ကိုယ်ထည်ကနေ မီးလောင်ခြင်း ကာကွယ်မယ်၊ ကောင်းကင်မှာ တာရှည်ခံမယ်၊ လေတိုက်တာ ခံနိုင်မယ်။ အောက်ဆွဲ ခွေမှာတော့ ရိုးရာမပျက်အောင် ဖယောင်းတိုင် နဲ့ လုပ်ဖို့ပေါ့။ မီးပဒေသာလည်း ဒီိတိုင်း၊ တစ်ယောက်ချင်း ကိုင်တာက ဖယောင်းတိုင်ပေါ့။
ကွင်းထဲမှာ အန္တရာယ်ကင်းအောင် သေချာကြည့်ဖို့လိုတယ်။ အစိုးရ အရေးကြီးတယ်။ ကွင်းရဲ့အပြင် ပေ ၂၀ အလွတ်ထား မယ်။ ပေ ၂၀ ဟိုဘက်မှာ သစ်သားနဲ့ ခေါင်မိုးနဲ့ တောင့်တောင့်တင်းတင်း မိုးထားတဲ့ ပေ ၂၀ ထားမယ်။ အဲဒီရဲ့ နောက်ကျောမှာလည်း ပေ ၂၀ အလွတ်ထားမယ်။ ပရိသတ်က မီးပုံးပျံလာတဲ့ လမ်းကြောင်းမှာ ပြေးပြီး လမ်းရှင်းမယ်။ အမိုးထဲကို ၀င်ရင် အန္တရာယ်ကင်းမယ်။ ကွင်းထဲကို အဲလို လုပ်မယ်။
အိမ်မှာကတော့ တားလို့ မရဘူး။ ဓါတုပစ္စည်းတွေ ပေါလာတယ်။ အပြိုင်အဆိုင် လုပ်လာမယ်။ မဖြစ်အောင် သင်တန်းလေးတွေ လိုတယ်။ ပညာရှင်၊ ၀ါသနာ ရှင် နဲ့ မျိုးဆက်သစ် အဆင့် ၃ ဆင့် လောက်ခွဲဖို့လိုမယ်။ မျိုးဆက်သစ်ကို ယမ်းနည်းနည်းလေးနဲ့ သင်တန်းပေးပြီး ပြိုင်ခိုင်းမယ်။ ၀ါသနာရှင် အဆင့်ကို ပိသာချိန် ၃၀ လောက် ၊ ပညာရှင် အဆင့်ကို ပိသာချိန် ၄၀ လောက် နဲ့ ပြိုင်မယ်။ တဆင့်တဆင့် ခေါ်ပြီး တိုးတက် လာအောင် လုပ်ရင်၊ နာမည်ကြီး ပညာရှင်တွေကလည်း သင်တန်းပေးပြီး လက်တွဲခေါ်ရင် အန္တရာယ်ကင်းသွားမယ်လို့ ထင်တယ်။ ”
ဟု မီးပုံးပျံ အကဲဖြတ် အမှတ်ပေးဒိုင် ပန်းချီပညာရှင် ဦးတင်ဝင်း က ပြောကြားသည်။
ထိုသို့ စိန်နားပန် မီးပုံးပျံ တွင် လျှပ်စစ်မီး အစားထိုးခြင်းကို တချို့ ယမ်းဆရာ များက မဖြစ်နိုင်ကြောင်း နှင့် ကလေးကလား ဆန်သော အတွေးမျိုးသာ ဖြစ်ကြောင်း ပြောဆိုကြသည်။
“ စိန်နားပန်မှာ လျှပ်စစ်မီးလုံးတွေ နဲ့ လွှတ်တာက ဟိုးအရင်တုန်းက လွှတ်ဖူးတယ်။ မအောင်မြင်ဘူး။ ဘထ္ထရီအိုး တွေ သုံးလေး လုံးလောက် တွဲချည်ပြီးတော့ မီးလုံးတွေ နဲ့ ချည်လိုက်တာ မီးအားကလည်း နည်းတယ်။ သိပ်ပြီးတော့ မလှဘူး ။ တာရှည်လည်း မခံဘူး။ အဲဒါက အဆင်မပြေပါဘူး။ ဒီမှာက သဘာဝ ဖယောင်းတိုင် မီးကိုး ရိုးရာ အဖြစ် မှတ်ယူကြတယ်။ စိန်နားပန် ကိုယ်ထည်မှာချိတ်ကောက်လေးနဲ့ ခွာပြီး ကပ်ထားတဲ့ အတွက် မီးလောင်တာကလည်း ဖြစ်ခဲပါတယ်။ လောင်ရင်လည်း မီးပုံး တစ်လုံးပဲ လောင်ပြီးတော့ ကြိုးပြတ်ကျသွားအောင် စီမံပြီးသား ဖြစ်တယ်။ အန္တရာယ်လည်း မရှိပါဘူး။ ”
ဟု မီးဆရာ ကိုကျော်မြင့်က ပြောကြားသည်။
အောက်တိုဘာ ၂ ရက် မှ ၂၀ ရက် အထိ မီးပုံးပျံ အလုံး စာရင်းများကို လက်ခံသွားမည် ဖြစ်ပြီး၊ နိုဝင်ဘာ ၆ ရက် မှ ၁၅ ရက် အထိ ဆယ်ရက် တိုင်တိုင် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မီးပုံးပျံ ကျင်းပရေး ဆပ်ကော်မတီ အစည်းအဝေး ထံမှ သိရသည်။
Xxx
တောင်ကြီးတန်ဆောင်တိုင်နဲ့ ပတ်သက်ပြီးတော့ တောင်ကြီးသားတွေ အကြံပေးထားတဲ့ ဆောင်ရှောင် လေးတွေလည်း ရှိပါသေးတယ်။ ဒါကို ထပ်ဆင့် ဝေငှလိုက်ပါတယ်နော်။
တောင်ကြီးတန်ဆောင်တိုင်ည လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)
(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။
(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိုက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမျိုးအစားတွေက ညလွှတ်များဖြစ်သည်။
(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် ၄ နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။ ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။
(4) ပွဲဈေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။
(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရာယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။
(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ ဈေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။
(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုးံတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)
(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။
(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။
(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။
(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။
……………………………………………….
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရိမ်ကြပါနှင့်။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။
"ကိုလေး"
ခိုဝ်းခမ်းမီး (Khay_Kham)
Xxx
တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် ပွဲတော်ကြီး အကြောင်း နဲ့ ဆောင်ရှောင် တွေကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည် အနယ်နယ် အရပ်ရပ်က မိတ်ဆွေများ လာရောက် လည်ပတ်ချင်တယ် ဆိုရင်ဖြင့် တောင်ကြီးမြို့ရဲ့ ဂုဏ်ဆောင် တန်ဆောင်တိုင် ပွဲတော်ကြီးကို မဖြစ်မနေ လာရောက် လည်ပတ် ကြပါလို့ တိုက်တွန်း လိုက်ရင်းနဲ့ မြန်ပြည်တွင်မဟုတ် ကမ္ဘာမှာပါ နာမည်ကျော်ကြား တဲ့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး အကြောင်းကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျား။ ရွှင်လန်းကြပါစေ။ 


×××

No comments:

Post a Comment


Aung Hein - နည်းပညာ