အထက်သို့ မြင့်တက်လာသော မြို့လေး
စည်သာ(တောင်ကြီး)ဗိုလ်ချုပ်အောင်ဆန်း
လမ်းမကြီးပေါ်မှာ လူတွေက ကိုယ့်အပူနဲ့ကိုယ် ဥဒဟိုသွားလာ လှုပ်ရှားနေကြတယ်။ ဒီလိုပဲ
နေ့စဉ်နဲ့အမျှ ဒီလမ်းတွေပေါ်မှာ လူတွေစည်ကားနေခဲ့တာပါ။ တပို့တွဲလပြည့်ညက
ရှားမီးပူဇော်ပွဲအတွက် လူတွေ သိန်းနဲ့ချီပြီး တောင်ကြီးမြို့ စူဠာမုနိ စေတီတော်ကို
တိုင်းရင်းသား လူမျိုးပေါင်းစုံ စုရုံးရောက်ရှိလာပြီး ပွဲတော်ဆင်နွှဲခဲ့ကြသေးတယ်။
ရှမ်းပြည်မှာ ပွဲတော်တွေ ရှားပါးတာကြောင့် ခုလိုမျိုးပွဲတော် တစ်ခုဆိုရင်
အိမ်ရှိလူကုန်နီးပါး ရောက်လာပြီး ဆင်နွဲကြတာကြောင့် ရှမ်းပြည်သားတွေဟာ
ပွဲကြိုက်သူတွေလို့လည်း ပြောလို့ရပါတယ်။
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ပိုင်းရဲ့ အသည်းနှလုံးဖြစ်တဲ့ တောင်ကြီးမြို့ဟာ
၁၈၉၄ ခုနှစ် စက်တင်ဘာကတည်းကစတင် မြို့တည်လာတဲ့အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာဆိုရင်
မြို့တည်နှစ် ၁၂၂ နှစ် တင်းတင်းပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ရှမ်းပြည် နယ်
အတွင်းမှာရှိတဲ့ ကျန်တဲ့မြို့တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်
တောင်ကြီးမြို့တော်ဟာ ခမ်းနားစည်ကားလှတယ်လို့ပဲ ပြောရပါမယ်။
အရှေ့ပိုင်းမြို့တော် တာချီလိတ်၊ မြောက်ပိုင်းမြို့တော် လားရှိုးမြို့တွေဟာ
နယ်စပ်မြို့တော်တွေ ဖြစ်တာကြောင့် စည်ကားပေမယ့် တောင်ပိုင်းမြို့တော်
တောင်ကြီးမြို့ကတော့ ဘယ်သူ့အကူအညီမျှ မယူဘဲ သူ့ဘာသာ လှနေတာကြောင့် ကျေးလက်တောရွာက
တောသူမလေး အရိုင်းပန်းတစ်ပွင့်လို လှပနေတာတော့ အမှန်ပါပဲ။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ အင်းလေးကန်နဲ့ ကလောမြို့နယ်ပြီးရင် ပြည်တွင်းပြည်ပ
ခရီးသွားတွေကို တတိယ အဆွဲဆောင်နိုင်ဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ
ထွန်းကားတဲ့ မြို့တစ်မြို့ဖြစ်တာနဲ့အညီ ဘုန်းတော်ကြီးကျောင်း အများဆုံး
မြို့တစ်မြို့ အဖြစ်လည်း ထင်ရှားကျော်ကြားပါတယ်။
တောင်ကြီးမြို့မှာ ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်နဲ့ လူဦးရေ နှစ်သိန်းကျော်
နေထိုင်ကြပါတယ်။ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး ပအို့ဝ်၊ ရှမ်း၊ တောင်ရိုး၊
ဓနု၊ အင်းသား၊ ဗမာအပြင် ဘာသာခြားလည်း အနည်းငယ် ရှိပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၈၅
ရာခိုင်နှုန်းခန့်နဲ့ အများဆုံး နေထိုင်ကြပြီး အခြားဘာသာဝင်များလည်း
နေထိုင်ကြပါတယ်။
အရင်က မြို့နယ်နိမိတ်ဟာ မြောက်မှတောင် လေးမိုင်ခန့်၊ အရှေ့မှအနောက် တစ်မိုင်ခန့်ရှိကာ
ဧက ၃၉၆၈ ကျော်၊ ၄ ဒသမ ၉ စတုရန်းမိုင်သာ ကျယ်ဝန်းပြီး တောင်မြောက် ရှည်လျားတဲ့
ကုန်းပြင်မြင့်မှာ တည်ရှိခဲ့ပေမယ့် အခုဆို တောင်ကြီးမြို့ ဧရိယာ
ကျယ်ပြန့်လာပြီးတော့ နေရာအနှံ့မှာလည်း အထပ်မြင့် မိုးမျှော်တိုက်တာ
အဆောက်အအုံတွေကို မြင်တွေ့လာရပြီ ဖြစ်ပါတယ်။
တောင်ချွန်းကြီးတွေနဲ့ ၀ိုင်းရံအုပ်မိုးထားတဲ့မြို့ကို တောင်ချွန်းရိပ်ကျသော
မြို့ကလေး၊ အဲကွန်းတွေ လွှတ်ထားသော မြို့ကလေး တစ်မြို့အဖြစ် ကဗျာဆရာများက
တင်စားခေါ်ဝေါ်ကြပြီး ကျွန်တော်က တောင်ပိုင်း ချယ်ရီလို့ အမြတ်တနိုး
ခေါ်ဝေါ်လိုက်ချင်ပါတယ်။
ဒါပေမဲ့ ရိုးရာအမွေအနှစ်နဲ့ ရှေးဓလေ့ ထိန်းသိမ်းလေ့ ရှိတတ်ကြသူများက
အနောက်တိုင်းစရိုက် လွှမ်းမိုးလာသော မြို့ကလေးအဖြစ် သမုတ်နေကြပြီး
အတိတ်တဘောင်တွေအတွက် စိုးရိမ် ထိတ်လန့်နေကြသူတွေလည်း ရှိသေးတယ်။ တောင်ကြီးမြို့ဟာ
တောင်ပေါ်မြို့ဖြစ်တာကြောင့် ငလျင်ဘေးနဲ့ မြေအောက်ရေ ရှားပါးမှု ပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း
ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။
ယခုအချိန်မှာ အ၀ီစိတွင်းတွေ အဆမတန် တူးဖော်နေမှုကြောင့် မြေကြောပြတ်ရွေ့မှု၊
မြေအောက်ရေရှားပါးမှုများကြောင့် နောင်တစ်ချိန်မှာ မြေကြီးအတွင်းကို ရေများ
ပြန်ထည့်ရမှာ ဖြစ်တယ်လို့ ဘူမိဗေဒပညာရှင်တွေက ခန့်မှန်းထားကြတယ်။ တောင်ကြီးမြို့
မှာရှိတဲ့ ရပ်ကွက်တိုင်းမှာ မြို့ရဲ့သုံးပုံတစ်ပုံလောက်က အ၀ီစိတွင်း
တူးထားတာကြောင့် လမ်းတွေ တုန်ခါမှုရှိပြီး ရေထွက်တွေကော သွားရခြင်း ဖြစ်ပါတယ်။
ထိုအ၀ီစိတွင်းများကြောင့် လမ်းပေါ်မှာ တန်ချိန်မြင့်ကားကြီး များသွားလာတဲ့အခါ
မြေကြီးများ တုန်ခါသွားကြောင်း သိနိုင်ပါတယ်။ ဒါ့အပြင် ကွန်ကရစ်လမ်းများနဲ့
အင်္ဂတေများ နေရာအနှံ့ခင်း ထားတာကြောင့် မြေကြီးအတွင်းသို့ ရေစိမ့်ဝင်မှု မရှိတော့ဘဲ
မိုးပေါ်ကကျလာတဲ့ ရေတွေဟာ တောင်အောက်ကို စီးဆင်းသွားနေပါတယ်။
ဒါကြောင့် တတ်သိနားလည်တဲ့ သဘာဝ ထိန်းသိမ်းသူ တချို့က မိုးရေကို စုဆောင်းပြီး
မြေကြီးထဲကို ပြန်ထည့်တဲ့ နည်းလမ်းကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ မြို့တည်စက
ရေထွက်ပေါင်း ၁၃ ခုရှိတယ်လို့ သိရပေမယ့် ယခုအခါ ရေထွက်များဟာ ရေထွက်အား
မကောင်းတော့ကြောင်း သိရသည်။
လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့အတူ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ယာဉ်ကြောပိတ်ဆို့ခြင်း၊
အထပ်မြင့် ကွန်ဒိုကြီးများနှင့် ၀န်ထမ်းအိမ်ရာ တိုက်ခန်းစီမံကိန်းများကြောင့်
ရှေးရိုးစွဲ ၀ါဒီသမားများက ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ် အစဉ်အလာများကို
အန္တရာယ်ပြု ခြိမ်းခြောက်လာနေပြီ ဖြစ်သောကြောင့် စိုးရိမ်နေကြခြင်းပင်တည်း။ မြေပိုင်ရှင်
မူရင်းဖြစ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေဟာ မြေတွေကိုရောင်းချရင်းနဲ့
မြို့တွေရဲ့အဝေးကို ထွက်ပြေးတိမ်းခွာကြရပြီး လူမျိုးခြားတွေသာ တဖြည်းဖြည်း
စိုးမိုးလာတဲ့ လက္ခဏာတွေကို စိတ်မကောင်းစရာ မြင်တွေ့လာရပါတယ်။
ရှမ်းပြည်နယ် အတွင်းမှာ မြေဈေးအကောင်းဆုံး မြို့တစ်မြို့အဖြစ် ရပ်တည်လာခဲ့ပြီး
တောင်ကြီးမြို့လယ်က ပြည်တော်သာတို့လို ရပ်ကွက်တွေမှာဆိုရင် သိန်းပေါင်း
သောင်းနဲ့ချီ တန်ကြေးရှိ ကာ လူစည်ကားရာ နေရာတွေမှာဆိုရင် ရောင်းမယ့်သူ
မရှိသလောက်ဖြစ်နေပြီး ၀ယ်လိုသူတွေ ထောင်ပုံရာပုံ ဖြစ်နေပါတယ်။
လုပ်ငန်းရှင် တစ်ယောက်ရဲ့ အကြံပေးချက်အရ ပြည်နယ်အစိုးရဟာ မြေခွန်နဲ့ဂရမ်တွေ
လျှောက်ထားရာမှာ အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းရခြင်းနဲ့ မလိုလားအပ်တဲ့
စိစစ်မှုတွေကြောင့် လုပ်ငန်းတိုးတက်ဖို့ နှောင့်နှေးမှု ဖြစ်ရတယ်လို့ ဆိုပါတယ်။
အာဏာ ပိုင်တွေနဲ့ အသိတွေဆိုရင် အချိန်မြန်ချင် မြန်ဆန်နိုင်ပြီးတော့
သာမန်ဂရမ်လျှောက်ထားသူ အတွက်တော့ ၀န်ထမ်းအင်အား မလုံလောက်ခြင်း၊ ဌာနဆိုင်ရာများ
တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု အားနည်းခြင်းတွေကြောင့် မြေဂရမ် လျှောက်ထားရာမှာ
နှစ်နဲ့ချီကြာမြင့် နေရတဲ့အတွက် အစိုးရသစ်ကို အကြံပေးချင်တာက တိုးတက်ဖို့ဆိုရင်
ဒီကိစ္စတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ဖို့ အစီအမံသစ်တွေ
ချမှတ်သင့်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် အစပိုင်းမှာပဲ တောင်ကြီးမြို့ပြင် ဟိုပုံးအထွက်နားမှာ ကားကြီးကွင်း
တည်ဆောက်နေမှု တစ်ဝက်ခန့် ပြီးစီးနေပြီး လာမယ့်နှစ် အနည်းငယ်အတွင်း
ဖွင့်လှစ်နိုင်တော့မယ်လို့ သိရပါတယ်။ လတ်တလော အသုံးပြုနေရတဲ့ အေးသာယာ
ကားကြီးကွင်းထက် နှစ်ဆကျော် ကျယ်ဝန်းပြီး ဆိုင်ခန်းများကို စနစ်တကျ
တည်ဆောက်ထားလို့ တိုးတက်မှု ပြယုဂ်တစ်ခု ဖြစ်လာမှာလည်း မလွဲပါဘူး။
ဒါ့အပြင်
တောင်ကြီး ဆေးတက္ကသိုလ်ကို ၂၀၁၃-၂၀၁၄ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅
ခုနှစ် ဒီဇင်ဘာက စတင်ဖွင့်လှစ် လက်ခံသင်ကြားခဲ့ကာ ကျပ်သန်းပေါင်း တစ်သောင်းကျော်
ကုန်ကျမယ်လို့ လျာထားရာမှာ ကျပ် ၁၆ ဘီလျံခန့် ကုန်ကျခဲ့ပြီဖြစ်ကြောင်း၊
ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူ့စွမ်းအား
အရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်း၊ ထိုဆေးတက္ကသိုလ်ကြီး
တိုးတက်တည်မြဲအောင် ဒေသခံများ အနေနဲ့ ၀ိုင်းဝန်း ထိန်းသိမ်းကြရန်
လိုအပ်ကြောင်းများကို လုပ်ငန်းရှင်းလင်းဆောင်တွင် နိုင်ငံတော် သမ္မတကြီးက မိန့်
ခွန်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တောင်ကြီးမြို့မဈေးနဲ့ မျက်စောင်းထိုး ကုန်ခြောက်သားငါးဈေးမှာလည်း ဈေးသစ်ကြီးတစ်ဆောင်
တိုးချဲ့တည်ဆောက်နေတာ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး အကြမ်းထည်ပြီးစီးလု အနေအထား
ရှိနေပြီ ဖြစ်ပါတယ်။ ဈေးသစ်ကြီး တည်ဆောက်ဖို့အတွက် မြို့မဈေးမြောက်ဘက်က
ဈေးမီးပွိုင့်လမ်းကို ဖြတ်ပိတ်လိုက်ပြီး ယာယီ ဆိုင်ခန်းများကို
နေရာချထားခြင်းကြောင့် ဈေးသည်များ၊ ကူလီများ၊ ကားသမားများနှင့် ဆိုင်ခန်းရှင်များ
ရှုပ်ထွေးပွေလီနေကာ လမ်းပိတ်နေလို့ မီးရေး ထင်းရေး ပူပင်ရတယ်လို့ ဈေးသူဈေးသားတွေက
ဝေဖန်နေကြပါတယ်။
အရင်က စ၀်စံထွန်းဈေးကြီးကို အထပ်မြင့် ဈေးပြန်ဆောက်ဖို့ စီစဉ်တုန်းက
ဆိုင်ခန်းရှင်တွေ အပြင်းအထန် ဝေဖန်ခဲ့တာကြောင့် အစိုးရသစ် လက်ထက်အထိ စောင့်ပေးဖို့
ခေတ္တရပ်ဆိုင်းခံခဲ့ရပြီး မြို့မဈေးရဲ့ ကုန်ခြောက်ဈေးမှာလည်း ဈေးသည်တွေ
ကန့်ကွက်မှုနဲ့ မြေအနေအထား စိုးရိမ်မှု ရှိတဲ့ကြားက ဆောက်လုပ်ပြီးစီးတော့မှာ
ဖြစ်ပါတယ်။ ထိုဈေးမြေနေရာအောက်မှာက ရွှံ့နွံတောဖြစ်တာကြောင့် အထပ်မြင့် အဆောက်အအုံ
ဆောက်လုပ်ရန် မဖြစ်နိုင်ကြောင်း ပညာရှင်များက ထောက်ပြမှုများ ရှိခဲ့ပေမယ့် အခုတော့
ပေပေါင်းရာနဲ့ချီကာ အောက်ခြေမှာ ဖောင်ဒေးရှင်းချရတာကို မြင်တွေ့ရပါတယ်။
ထို့ပြင် တောင်ကြီးသည် အင်္ဂလိပ်များ ဆောက်လုပ်ခဲ့ပြီး ရေနုတ်မြောင်း
စနစ်များကြောင့်သာ အခုလို သန့်ရှင်းတိုးတက်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြို့ဧရိယာနဲ့
နှိုင်းယှဉ်ရင် လမ်းကြားလေးများမှာ အလွန်ကျဉ်းမြောင်း လျက်ရှိတာကို တွေ့ရပါတယ်။
နောင်တစ်ချိန် ယာဉ်များ တိုးပွားလာချိန်မှာ တောင်ကြီးမှာ လမ်းပြဿနာတွေ
ပိုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။
တောင်ကြီးမြို့ကို အထက်စီးက ကြည့်မယ်ဆိုရင် မိုးပေါ်ထိုးထွက်လာတဲ့ တိုက်တာတွေကို
အထင်းသားမြင်တွေ့ရမှာ ဖြစ်တယ်။ နောက်ပိုင်းတွင် အထပ်မြင့် ပေါင်းထောင်နဲ့ချီကာ
တိုးပွားလာပြီး အထူးသဖြင့် မြို့လယ်မှာ ဖြစ်ပါတယ်။ ကျောင်းကြီးစု၊ ဘုရားဖြူတို့လို
မြို့စွန်များမှာ တိုက်တာတွေ ရှိပေမယ့် မြို့လယ်ကောင်လို အထပ်မြင့်တွေ
မများပြားသေး။
မြို့ရဲ့ မြောက်ဘက်ခြမ်း အတက်လမ်းမှ မြို့အ၀င် တက်တက်ချင်းရပ်ကွက် ဘုရားဖြူ နဲ့
မြို့တောင်ဘက်ခြမ်း ကျောင်းကြီးစုပ်ကွက်တို့ဟာ တောင်ကြီးမှာ အကြီးဆုံး
ရပ်ကွက်တွေဖြစ်ပြီး လူနေသိပ်သည်းမှုမြင့်ကာ တိုးချဲ့ရပ်ကွက်တွေနဲ့ လက်တံရှည်ကာ
တောင်ကြီးမြို့ အတွင်းကို ဆွဲသွင်းလာသော ရပ်ကွက်နှစ်ခုလည်း ဖြစ်ပါတယ်။
ပေ ၄၀၀၀ အထက် လူနေတဲ့တောင်ပေါ် မြို့ကြီးတွေထဲမှာ အကြီးဆုံး မြို့တစ်မြို့
ဖြစ်တဲ့အပြင် အသန့်ရှင်းဆုံးမြို့၊ အလှပဆုံးမြို့ ဆုများကိုလည်း ရရှိထားတဲ့
ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ မြို့တော် တောင်ကြီးမြို့ဟာ ၂၀၁၅ ခုနှစ်မှာ
မြို့တည်နှစ် ၁၂၂ ပြည့်တော့မှာ ဖြစ်ပါတယ်။
တောင်ကြီးအစ မိုင်းသောက် (ညောင်ရွှေ) ကလို့ပင် ကျွန်တော် ဆိုလိုက်ချင်ပါတယ်။ ၁၈၈၅
ခုနှစ်မှာ သီပေါမင်း ပါတော်မူပြီး တစ်နှစ်ခန့်အကြာ ရပ်စောက်စော်ဘွားစ၀်ဝိုင်း
ဦးဆောင်သော လင်းပင်မင်းသား အုပ်စုဟာ ညောင်ရွှေကို ပိတ်ဆို့ဝန်းရံထားရာ
ညောင်ရွှေစော်ဘွား စ၀်အုံက ကျောက်ဆည်အရေးပိုင်ထံ စာနဲ့အကူအညီ တောင်းခံခဲ့သဖြင့်
၁၈၈၆ ခုနှစ် ဒီဇင်ဘာမှာ ဗြိတိသျှတို့က ရှမ်းပြည်နယ် တောင်ပိုင်းဒေသများကို
သိမ်းသွင်းနိုင်ရေးအတွက် သီးခြားစစ်မျက်နှာဖွင့်လျက် လှိုင်းတက်၌ တပ်စွဲကာ အင်အားစုပြီး
ညောင်ရွှေကို ဦးတည်ချီတက်ခဲ့ပါတယ်။
၁၈၈၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ဗောရိဿတ်ဘုရားကို ရောက်ရှိစခန်းချပြီး ဖေဖော်ဝါရီ
၉ ရက်မှာ ရပ်စောက်စော်ဘွား စ၀်ဝိုင်းရဲ့ ကူကြိုးခံတပ်ကို
တိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဖေဖော်ဝါရီ ၁၀ ရက်မှာ ညောင်ရွှေစော်ဘွား စ၀်အုံက ဆင်သုံးကောင်နဲ့
စစ်အင်အားပြပြီး ယခုရွှေရန်ပြေ ဘုရားနေရာ၌ လာရောက်ကြိုဆိုပြီး အင်္ဂလိပ်တပ်
နေထိုင်ရန် စစ်တန်းလျားများ ဆောက်လုပ်ပေးခဲ့သော်လည်း ဗြိတိသျှတို့က လက်မခံသဖြင့်
ညောင်ရွှေမြို့မှ တောင်ဘက် ခြောက်မိုင်အကွာ ဆင်တောင်နှင့် အင်းလေးကန်ကြားရှိ
မိုင်းသောက်၌ ၀ါးနဲ့စစ်တန်းလျားများ တည်ဆောက်ကာ တပ်စခန်းချခဲ့ပါတယ်။
ထိုတပ်စခန်းကို စစ်ခေါင်းဆောင်ကာနယ် စတက်မင်းအား ဂုဏ်ပြုသည့် အနေဖြင့်
ဖို့စ်စတက်မင်း (Fort Stedman) ဟု အမည်ပေးခဲ့ပါတယ်။
မိုင်းသောက်မှာ တပ်စွဲထားသော နိုင်ငံရေးအရာရှိ ဟေးလ်ဒီဘရန်းဟာ ၁၈၈၇ ခုနှစ် ဧပြီ ၂၄
ရက်မှာ မိုင်းပွန်စော်ဘွားကို စော်ဘွားခန့်အပ်စာ Sanad ပေးပြီး မိုင်းပွန်ကအပြန်
ယခုတောင်ကြီးမြို့ရှိ (၂၁၂) ဆက်သွယ်ရေး တပ်နေရာမှာ ခေတ္တစခန်းချခဲ့ပြီး အစိုးရဌာန
၁၇ ခုနဲ့ မြို့တည်ရာမှ တောင်ကြီးမြို့ စတင်ဖြစ်ပေါ်လာခြင်းလည်း ဖြစ်တယ်။ ယခင်က
အဆင်းလမ်း တစ်လမ်းသာရှိပြီး ထိုလမ်းကို ဂျာမနီမှ အင်ဂျင်နီယာ အမျိုးသမီးတစ်ဦးက
ဖောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့သည် နယ်ချဲ့အား တော်လှန်အန်တုခဲ့သူ မျိုးချစ်ခေါင်းဆောင် ၀န်းသို
စော်ဘွားကြီး ‘ဦးအောင်မြတ်’ ခေါင်းချခဲ့ရာ ဒေသ၊ ရှမ်းပြည်လူမျိုးစုများ
နိုင်ငံရေးဖြစ်စဉ် သမိုင်းကြောင်း အစဉ်အလာ ကြီးမားရာဒေသ၊ လမ်းပန်းဆက်သွယ်ရေး
အချက်အချာမြို့တော်ဖြစ်ရုံမက အလယ်ပိုင်းနှင့် နယ်စပ်ဒေသတို့အတွက်
ကုန်စည်စီးဆင်းရာစုဆုံရပ်၊ အဆိုတော်များ အနုပညာရှင်များ ထွက်ရှိရာမြို့၊
တိုင်းရင်းသား သွေးချင်းများ စည်းလုံးညီညွတ်ခဲ့သည့်ဒေသ၊ ပဒေသရာဇ်စနစ်
ချုပ်ငြိမ်းခဲ့ပြီး ရှမ်းစော်ဘွားများ ၁၉၅၉ ခုနှစ် ဧပြီတွင် အာဏာစွန့်လွှတ်ပွဲ
ကျင်းပခဲ့ရာ ဒေသလည်းဖြစ်သည်။
ထို့ပြင် ထင်ရှားသော ပွဲတော်များအဖြစ် နှစ်စဉ်ရိုးရာမပျက် တန်ဆောင်တိုင်
မီးပုံးပျံပွဲတော် ကျင်းပရာနေရာ၊ ရှမ်းနှစ်သစ်ကူးပွဲတော်၊
ပအို့ဝ်အမျိုးသားနေ့ပွဲတော်၊ ရှမ်းပြည်နယ်နေ့ ပွဲတော်များနှင့် ၅ ရက်တစ်ဈေး
ပြုလုပ်သော ဈေးနေ့များလည်း လည်ပတ်စရာ ရှိသေးသည်။
မင်းလမ်းတစ်လျှောက်မှာ အေးအေးလူလူ သွားလာရင်းဖြင့် တောင်းရမ်းစားသောက်နေရသော
မိသားစုများ တိုးပွားလာသည်ကိုလည်း စိတ်မကောင်းစရာ မြင်တွေ့နေရသည်။ အမျိုးသား
တစ်ဦးတည်းဖြစ်စေ၊ မိခင်နှင့် ကလေးငယ်ဖြစ်စေ မြင်ကွင်းတို့သည်
ရင်ကိုဆို့နင့်ကြေကွဲမှု ဖြစ်စေသည်။
လမ်းမပေါ်တွင် အလှူရှင်လောင်းလှည့်နေသော ကားတန်းကြီးက လှည့်လည်နေပြီး
ဖိတ်ဖိတ်တောက်နေသော ကားအကောင်းစားများဖြင့် မောင်းနှင်နေသည်ကို မော်တော်ယာဉ်ထိန်းက
လမ်းရှင်းပေးနေသည်။ ဆိုင်ကယ်တွေ ကားတွေဖြတ်မောင်းနေတဲ့ မီးပွိုင့်ကို
ဖုန်းပြောရင်း မိန်းမငယ်တစ်စု မျဉ်းကျားကနေ ဖြတ်ကူးနေကြတယ်။
ကြော်ငြာဆိုင်းဘုတ်တွေနဲ့ အထပ်မြင့်တိုက်တွေကို ငေးကြည့်နေရင်း
လမ်းဘေးပလက်ဖောင်းပေါ်မှာ ထိုင်နေတဲ့ အိမ်ခြေမဲ့တစ်ယောက်ရဲ့ မျက်ဝန်းတွေမှာ
မျက်ရည်တွေ ဆို့နင့်နေတာကို နေရောင်အောက်မှာ မြင်တွေ့လိုက်ရလေသည်။
+++
စည်သာ(တောင်ကြီး)
Eleven Media
No comments:
Post a Comment