သဒ္ဓါတရားတွေ မပြတ်စီးဆင်းရာ မြို့ကလေးရဲ့ ပွဲတော်
(မှတ်ချက် - ၂၀၁၈ ခုနှစ်တွင် ရေးသားခဲ့သော ရိုးရာပွဲတော် ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။)
စည်သာ(တောင်ကြီး)
မြန်မာနိုင်ငံမှာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို တစ်မြို့နယ်တိုင်းမှာ ဆယ့်နှစ်လ ရာသီပွဲတော် တွေ ရှိစမြဲပါပဲ။ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ အထင်ရှားဆုံး နဲ့ ရက်အရှည်ဆုံး ပွဲတော် တစ်ခုဖြစ်တဲ့ အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်ကြီး ကတော့ဖြင့် ရောက်ရှိတဲ့ ဌာနတစ်ခု ချင်း စီ တိုင်းမှာ စိတ်ဝင်စားစရာတွေနဲ့ နေရာတကာ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။
တကယ့်ကို ရှေးရိုးစဉ်လာ အမွေအနှစ်တွေနဲ့ သမိုင်းကြောင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ညောင်ရွှေမြို့နယ်မှာ ဆိုရင် ခိုင်မာကောင်းမွန်တဲ့ သမိုင်းအထောက်အထား အမွေအနှစ်တွေ ယခုထက်တိုင် ကျန်ရစ်နေသေးတာပဲ ဖြစ်ပါတယ်။ အထင်ရှားဆုံး နေရာတွေကို ပြမယ် ဆိုရင် ညောင်ရွှေတောင်ပိုင်းက ရွှေအင်းတိန် ရှေးဟောင်း မွေတော် ဘုရားများ၊ သာခေါင် မွေတော် ဘုရားစုများ ၊ နန်းပန် အလိုတော်ပေါက်ဘုရား၊ မိုင်းသောက်မှ ရွှေမုဋ္ဌောဘုရားကြီး၊ စသည့် ရှေးဟောင်းမွေတော်ဘုရားများဟာ အလောင်းစည်သူမင်း လက်ထက် တည်ထားကိုးကွယ်ခဲ့တဲ့ ၃၈ ဆူကုန်သော စေတီတော်တွေထဲမှာ အင်းလေးကန်မှာ ၂၁ ဆူ အပါအ၀င် လည်း ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း မှာ နရပတိစည်သူ ခေါ် အလောင်းစည်သူမင်းကြီးသည် စေတီပေါင်း (၃၈) ဆူ တည်ထားပြီး ဖောင်တော်ဦးတွင် ပါလာသည့် ရတနာရွှေပန်းတောင်းမှ ဗုဒ္ဓဆင်းတုတော်နှင့် ဓါတ်တော်များ၊ ရတနာများကို ဌာပနာတိုက်သွင်းခဲ့သည် ဖြစ်ပြီး၊ ထိုဘုရားစေတီများဟာ ဖောင်တော်ဦးဘုရားများ ဖြစ်ကြသည်။ သမိုင်းပေစာ၊ ကျမ်းစာအရ စေတီပေါင်း (၃၈) ဆူကို ဖော်ပြပါရှိသည်။
×××
ထက်သန်တဲ့ စေတနာ သဒ္ဓါ တရား
အင်းသားတို့ရဲ့ စေတနာ သဒ္ဓါတရားထက်သန်ကြီးများပုံမှာ ယခုနှစ် ၂၀၁၈ ခုနှစ် ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံရာတွင် စုစုပေါင်း ရွှေစင် ရွှေပြားပေါင်း ရွှေသား ၅၀ ကျပ်သားကျော် ရုပ်ပွားတော်မြတ် ၄ ဆူကို ကပ်လှူခဲ့ခြင်း ဖြစ်ပြီး၊ ဘုရားဖူး ဧည့်သည်များ ကပ်လှူသော ရွှေဆိုင်းများ ပါဝင်ခြင်း မရှိသေးကြောင်း သိရတယ်။
တကယ့် သက်ရှိ မြတ်စွာဘုရားကို လုပ်ကျွေးပြုစုကြတဲ့အတိုင်းပဲ ဒေသခံတွေရဲ့ စေတနာ၊ သဒ္ဓါတရား၊ ဇောအဟုန် တို့ဟာ အင်မတန်မှ အံ့သြစရာ ကောင်းပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း တသွေမတိမ်း လိုက်နာပြီး မွန်မြတ်လှတဲ့ သဒ္ဓါတရား အခြေခံအလှူအတန်း ရက်ရောမှုကို အင်းသား တိုင်းရင်းသား တွေမှာလည်း ထပ်တူ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။
မိမိတို့ ဒေသကို ဘုရားကြွရောက်မယ့် အရေးကို ညဘက် မအိပ်တမ်း စောင့်ကြပြီးတော့ ဆွဲလှေများကို မီးဆိုင်းများဖြင့် အလှဆင်ပြီးတော့ ပျော်ရွှင်နေကြပါပြီ။ တချို့ဆို ညမအိပ်တမ်းကို စောင့်ဆိုင်းပြီးတော့ ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ ဘုရား ဆွဲလှေကြီးများကို လုပ်အား ဒါန ပြုကြရာမှာလည်း အားလုံး ပျော်ရွှင်စွာဖြင့် တက်ညီလက်ညီ လှော်ခတ်ကြကာ တပျော်တပါး နဲ့ ဘုရားကို မိမိတို့ ရွာထံ ပင့်ဆောင်သွား ကြတာဖြစ်ပါတယ်။
မိုင်းသောက်အင်း ကျေးရွာမှာ ဆိုရင် ဘုရားကြွရက် မဟုတ်ဘဲ အခြားရက်တွေမှာလည်း မနက်မိုးလင်းချိန် အိမ်ကနေ ဆွမ်းတော်အုပ်လေးနဲ့ စေတီတော် ဘုရားရှိရာကို ဆွမ်းလာကပ်ကြတာ ရွာရဲ့ အလေ့အထ တစ်ခု လိုဖြစ်နေပါတယ်။ အဲဒီလို မနက်ပိုင်း ဆွမ်းကပ်ခြင်းဟာ နိစ္စဘတ် ကုသိုလ်တရား တိုးပွားစေသလို၊ ကျန်းမာရေး အတွက်လည်း ကောင်းမွန်ခြင်း၊ လူမှုရေး အတွက်လည်း ကောင်းပြီး၊ ရွာရဲ့ စည်းလုံးညီညွတ်မှုလည်း တိုးတက်စေတာ အမှန်ဖြစ်ပါတယ်။
×××
တန်ဖိုးကြီးမားတဲ့ ဆွဲလှေကြီးတွေ
ကျွန်းသစ်ဖြင့် ပြုလုပ်သော ဘုရားဆွဲလှေများဟာ လူတစ်ရာကျော် လိုက်ပါစီးနင်းရခြင်းဖြစ်ပြီး သိန်းပေါင်း တစ်ရာကျော် ခန့် ကုန်ကျစရိတ် ရှိတာကြောင့် ဘုရားဆွဲလှေများကို ရွာတိုင်းမှာ မထားရှိနိုင်ဘူးလို့ ဆိုတယ်။ တချို့ မရှိသော ကျေးရွာများဟာ အလှူရှင်များ လှူထားသော ဘုရားဆွဲလှေရှိသော ကျေးရွာများထံ လှေအငှား ယူရပါတယ်။ ဘုရားလှေ ခဏငှားပြီး လှော်ခတ်တာလည်းဖြစ်ပါတယ်။
ဘုရားရုပ်ရှင်တော်မြတ်များ ပင့်ဆောင်တော်မူသော ကရ၀ိတ်ဖောင်တော် ကို မိုင်းဖုန်းဆရာတော်မှ လှူဒါန်း ထားခြင်း ဖြစ်တယ်လို့ ဘုရား ဂေါပက ဥက္ကဌ ဦးထွန်းအောင်က ပြောပါတယ်။
×××
ဘုရားပင့်ဆောင်ရန် စည်တော် တီးသောဓလေ့
ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ပင့်ဆောင်ရာတွင် အသင့်ထားရှိသော ဘုရားစည်တော်ကြီး ကို ယူဆောင်ပြီး စည်တော် တီးရပါတယ်။ အဲဒီ ဘုရားစည်တော်ကို ကျန်အချိန်မတီးဘဲ ဒေသစာရီ ကြွချီတော် မူစဉ်အချိန်မှာသာ တီးခတ်ခြင်းဖြစ်ပါတယ်။
ဘုရားစည်တော် ပေါက်ခဲ့လျှင် ပေါက်သည့် ကျေးရွာ မှ ပြန်လည် အသစ်လဲလှယ်ပေးရပြီး၊ ရှေ့ကို ခရီးဆက် ၍ မရနိုင်ဘူး လို့ ဆိုပါတယ်။ စည်တော်ကို လဲလှယ်ရန်အတွက် သားရေချပ်ကိုလည်း အသင်းယူဆောင် သိုမှီးထားခြင်းကိုလည်း မပြုလုပ်ကောင်းဘူးလို့ ဆိုပါတယ်။ ယခုနှစ် ရွာမ အရောက်မှာ ဘုရားစည်တော် ပေါက်သဖြင့် အသစ်ပြန်လည် တပ်ဆင်ရတယ်လို့ ဆိုတယ်။
×××
အင်းလေးကန် ရဲ့ တစ်ရွာ တစ်ပုဒ်ဆန်း
ရှေးလူကြီးတွေရဲ့ ပြောစကား အရ အင်းလေးကန်မှာ အလောင်းစည်သူမင်းတရားကြီး တိုင်းခန်းလှည့်လည် ကြွချီလာချိန် မှာ အင်းလေးကန် အရပ်မှာ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်တာလည်းဖြစ်တယ်။ အလောင်းစည်သူ မင်းတရားဟာ စကြာရှင် ဆိုတဲ့အတိုင်း ကြိမ်စကြာနဲ့ ရိုက်လိုက်တိုင်း ရေပြင်ကျယ်ဖြစ်ပြီး ဖောင်တော်ယာဉ်ဖြင့် ခရီးလှည့်လည်တာဖြစ်တယ်။ သူသွားလေရာ လှေဦးထိပ်မှာ ကိုးကွယ်ဖို့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ၅ ဆူကို တင်ဆောင်ပြီး တိုင်းခန်းလှည့်လည်ခြင်းဖြစ်တယ်။
အဲဒီတုန်းက အင်းလယ် အိမ်တော်ရာ လို့ခေါ်တဲ့ မိုင်းသောက်နဲ့ သလဲဦး ကြားမှာ ရှိတဲ့ နေရာလောက် မှာ နန်းတော်ကြီး နဲ့ မြို့တည် နန်းစံခဲ့တာ ၄ နှစ် ကြာတယ် လို့ ဆိုတယ်။ ၄ နှစ် အကြာ နေပြီး ပုဂံပြည်ကို ပြန်တော့မယ် ဆိုတော့ စကြာဝတေး မင်း က ရုပ်ပွားတော်မြတ်များ ထားရစ်တော်မူဖို့ တောင်းပန်တဲ့ အတွက် ရတနာဆင်တော် နှင့် တင်ဆောင်ပြီး ထားရှိမည့် နေရာကို ရွေးချယ်ခြင်း ဖြစ်တယ်။ အဲဒီ အင်းလယ် က အိမ်တော်ရာ လို့ ခေါ်တဲ့ နေရာမှာ ရေတိမ်ချိန်ရေအောက်ကို ကြည့်လိုက်မယ်ဆိုရင် ဆင်ချည်တိုင်၊ မြင်းချည်တိုင် နဲ့ အိမ်တော်ရာ၊ နန်းတော်ရာ များကို မြင်နိုင်သေးတယ်လို့ ဆိုတယ်။ အဲဒီရေအောက်က မြို့တော် ကြီးကို ပြာ နဲ့ ရေ ဖြန့်ကြဲလိုက်ပြီးတော့ ရေမြှုပ်လိုက်တာလို့လဲ ဆိုပြီး၊ အဲဒီ ရေအောက်မှာ ဆည်ယူရရှိတာကတော့ ခုချိန်ထိ ပြာလိုလို နုန်းတွေပဲ ဖြစ်တယ်လို့ ဆိုတယ်။
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပွဲတော်မှ ကျေးရွာတစ်ရွာချင်းစီ မှာ ထူးဆန်းတဲ့ ဓလေ့လေး တွေ တစ်ချင်းစီ ရှိနေပါတယ်။ ပထမဆုံး ကြွရောက်တဲ့ နေရာက အင်းတိန်ကြေးပေါခုံကျောင်း ပါ။ ရွှေအင်းတိန် မှာ ရှိတဲ့ အင်းတိန်ကြေးပေါခုံ ကျောင်းကို ကြွရောက်ဖို့ ရေပြင်ကျဉ်းလို့ ကရ၀ိတ်ဖောင်တော်အငယ်နဲ့ သယ်ဆောင်ပြီး၊ လမ်းခရီးမှာ ပထမ စံကျောင်းတော်၊ ဒုတိယ စံကျောင်းတော် (ကျောင်းတော်ရာ) တို့ကို ဖြတ်ပြီး၊ ဖောင်တော်ဦးဘုရား မူလ စံကျောင်းတော်ရာ၊ ၀တ္တက ဥယျာဉ်တော် မှာ ပန်းအိုးတင် သော ဓလေ့ကို ဆောင်ရွက်ပါတယ်။ ပန်းအိုးတင်ရန် ဘုရားလူကြီး အသက်အကြီးဆုံးဖြစ်သော အဘ ဘိုးဆောင် မှ ပန်းအိုးကို ယူဆောင်ပြီး တင်ပေးရပါတယ်။
နောက်ပြီး မိုင်းသောက် အထွက် သလဲဦး ကို ကြွချိန် အင်းလယ် အိမ်တော်ရာ အရောက်မှာလည်း ပန်းအိုးချ သော ဓလေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ ရှိတယ်လို့ လည်း ဆိုပါတယ်။ ပန်းအိုးချခြင်းကို နောက်ထပ် စည်သာရွာ မှာလည်း ပြုလုပ်ပါသေးတယ်။ လင်းကင်းမှ မနက် (၇) နာရီ ထွက်ရှိလာပြီး၊ နန်းသဲရွာအနီး စည်သာရွာ ရောက်တဲ့အခါ ညောင်ရေပန်းအိုးတစ်လုံး ရေတွင်ချရသည်။ စည်သာရွာ ဆိုသည်ကား ဖောင်တော်ဦးဘုရားဒေသစာရီ ကြွချီရာတွင် စည်သာရွာဟု ခေါ်တွင်သော ရွာသို့ အရောက်၌ ဘုရားစည်တော်မှာ လွန်စွာ သာယာသော အသံမြည်ဟီးလျက်ရှိရာ ထိုရွာကို စည်သာရွာ ဟု ယနေ့တိုင် ခေါ်တွင်ခြင်းဖြစ်တယ်။
×××
ရာဇ၀င် ထဲက မိုင်းသောက်
မိုင်းသောက် ဟာ ထူးခြားသော ဒေသတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ရေလမ်း ကုန်းလမ်း ဆုံဆည်းရာ ဖြစ်ပြီး နှစ်ပေါင်းများစွာ ထဲက မိုင်းသောက် နဲ့ နန်းပန် ဟာ တည်ရှိလာခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ တောင်ကြီးအစ မိုင်းသောက်က လို့လည်း ပြောလို့ရပါတယ်။
ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များဒေသစာရီ ကြွချီအပူဇော်ခံပွဲတော် ၁၁ မြောက် နေ့သော မိုင်းသောက်ဘုရားကျိန်းကျောင်း မှ သလဲဦးကျောင်းသို့ ကြွချီအပူဇော်ခံရာတွင် အင်းလယ် အိမ်တော်ရာ၌ ပန်းအိုးချသော ထူးခြားသော ဓလေ့ ကို နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်လာခဲ့သည်ဟု မိုင်းသောက် ရွှေမုဌောဘုရား အကျိုးတော်ဆောင် ဦးကျော်ညွန့် က ပြောသည်။
ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ သည် ၁၈၈၄ ခုနှစ်တွင် စတင် မြို့တည်ခဲ့ခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့ကို ၁၈၉၆ ခုနှစ်တွင် စတင်တည်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းသောက် ရွှေမုဌောဘုရားသည် ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပြီး၊ ရှေးယခင် အလောင်းစည်သူ မင်းတရားကြီး ရှမ်းပြည်နယ်ဘက်တွင် တည်ခဲ့သော စေတီပုထိုးပေါင်း ၃၆ ဆူ ရှိရာတွင် အင်းလေးကန်တွင် တည်ရှိသော ၂၁ ဆူ ထဲတွင် ရွှေမုဌောဘုရားသည် လည်း တစ်ဆူ အဖြစ်ပါဝင်သော သမိုင်းဝင် ဘုရားတစ်ဆူဖြစ်ကြောင်း မိုင်းသောက် ရွှေမုဌောဘုရား အကျိုးတော်ဆောင် ဦးကျော်ညွန့် က ပြောသည်။
မိုင်းသောက် ထူးခြားချက်များမှာ မိုင်းသောက်အင်းကျေးရွာအ၀င် မှ ရွာထိပ်အထိ ဘုရားပင့်ဆောင်လာသော ကရ၀ိတ်ဖောင်တော်သည် ဆွဲလှေများ မဆွဲဘဲ အလိုအလျှောက် ကြွချီတော် မူခြင်း၊ ရွှေမုဌော ဘုရားသည် အင်းလေးကန်တွင် ဆွမ်းဦး ရွှေမုဌော အဖြစ် ထင်ရှားခြင်း၊ ထို့ပြင် မိုင်းသောက် ဘုရားကျိန်းကျောင်းတွင် ညဘက် ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ပွားတော် ၄ ဆူ ကို ကပ်လှူပူဇော်ထားသော ပန်းအိုးကို၊ မနက်ဘက် မိုင်းသောက် ဘုရားကျိန်းကျောင်းမှ သလဲဦးကျောင်းသို့ ကြွချီ အပူဇော်ခံရာတွင် အင်းလယ် အိမ်တော်ရာဘုရား အရောက်တွင် အဆိုပါ ပန်းအိုးကို ရေအောက်သို့ ပန်းအိုးချသော ဓလေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လာသည်မှာ ယခုနှစ်တိုင်ပင် ဖြစ်ကြောင်း ရွှေမုဌောဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
“ ပန်းအိုးတင်တယ်ဆိုရာ အင်းတိန် ကျောင်းတော်ရာ မှာ ဘုရားဂေါပက တွေက ပန်းအိုး သွားတင်ရတယ်။ အဲဒါကို ပန်းအိုးတင်တယ်လို့ ခေါ်တယ်။ နောက် မိုင်းသောက် မှာရယ် ပန်းအိုးချတယ် ဆိုတာ ရှိတယ်။ မိုင်းသောက် ဂေါပကအဖွဲ့က ပန်းအိုးတစ်အိုး ပြင်ဆင်ပေးလိုက်ရတယ်။ ပန်းအိုးကို ညဘက် လူခြေတိတ်ချိန်မှာ ဘုရားလေးဆူ ကြားမှာ ထားလိုက်တယ်။ မနက်အစောဆိုရင် ဂေါပကလူကြီးတွေက တွေ့ပြီး ရင် သိမ်းထားတယ်။ နောက် အိမ်တော်ရာ ဘက်မှာ ပန်းအိုးကို ချလိုက်တယ်။ ပန်းက မကျွတ်ဘူး၊ ပန်းအိုး နဲ့ တစ်ဆက်ထဲပဲ။. ရေထဲကို နစ်မြှုပ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်တွေ ထဲကိုက အခုချိန်ထိ ပန်းအိုးက တစ်လုံးမှ မတွေ့ခဲ့ဘူး၊ အခုထက်ထိ ပန်းအိုးကို မတွေ့ခဲ့ဘူး ပျောက်သွားတယ်ဗျ။ တွေ့တဲ့သူလည်း တစ်ယောက်မျှ မတွေ့ဖူးဘူး ။ ဒါလည်း ထူးခြားချက် တစ်ခုပါပဲ။ ”
ဟု မိုင်းသောက် ရွှေမုဌောဘုရား အကျိုးတော်ဆောင် ဦးကျော်ညွန့် က ပြောသည်။
×××
ဆွဲလှေ များတဲ့ ကြေးစားကုန်း
အင်းလေးကန်ရဲ့ အလယ်ဗဟို တည့်တည့်လောက်မှာ ရှိတဲ့အတွက်ကြောင့်မို့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံရာတွင်ကြေးစားကုန်း ဟာ ထင်ရှားတဲ့ ကျေးရွာတစ်ခု ဖြစ်လာပါတယ်။ အင်းလေးကန် တောင်ပိုင်း၊ မြောက်ပိုင်းမှ အကုန်လုံး စုစည်း ရောက်ရှိလာပြီးတော့ ဘုရားဆွဲလှေများဖြင့် ကရ၀ိတ်လှေကို ပင့်ဆောင်ပူဇော်ကြခြင်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တွင် စာရင်းများအ ရ ကြေးစားကုန်းတွင် ဆွဲလှေပေါင်း ၇၀ ကျော်ဖြင့် ပင့်ဆောင်တယ်လို့ သိရပြီး၊ ကြေးစားကုန်းပြီး ရင် နောင်တော မှာလည်း ဆွဲလှေ များတယ် လို့ ဆိုတယ်။
ကြေးစားကုန်း ဟာ ဆွဲလှေ များပြားတဲ့အပြင် ကြေးစားကုန်းရွာစံကျောင်းတော်ကြီးတွင် ကျောင်းဆောင်ပလ္လင် နှစ်ခု ထားရှိသဖြင့် ဆွဲတော်ကြီးခုံ အင်မတန်မှ နာမည်ကျော်ကြားလှပေသည်။ စာပေများအရ ကြေးစားကုန်း စံကျောင်းတော်တွင် ဘုရားမကြွရောက်ခင်အချိန်မှ စတင်၍ ဆွမ်းတော်ကြီးခုံများ ပြင်ဆင်ထားရှိပြီး၊ ဆွမ်းတော်ကြီးခုံ စုစုပေါင်း (၆၄၀) ခုံ ရှိပြီး၊ တန်ဖိုးကြီး ပစ္စည်းများဖြင့် ဆပ်ကပ်လာသည် ရှေးယခင်ကတည်း က အစဉ်အလာ ဖြစ်သည်ဟု ဆိုပေသည်။
×××
တစ်ယောက်ထဲသော ဘုရားလူကြီး
အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ စောင့်ရှောက်တော်မူရန် ဘုရားလူကြီး တစ်ယောက်ထဲ ကိုသာ ထားရှိရခြင်းဖြစ်ပြီး၊ ဘုရားလူကြီး သက်ရှိထင်ရှားရှိနေသရွေ့ နောက်ထပ် တစ်ယောက်ကို ထားရှိခြင်း မဖြစ်ကောင်းဟု လက်ရှိ ဘုရားလူကြီး နာယက ဖြစ်သူ အဘ ဘိုးဆောင် ၏ သမီးဖြစ်သူက ပြောပါတယ်။
သူမ၏ ပြောပြချက်အရ ရှေးယခင် စစ်အစိုးရလက်ထက်စဉ် အခါက ဘုရားလူကြီး ပြောင်းလဲနိုင်ရန် တိတ်တချိန် ကြံစည်ခြင်း ပြင်ဆင်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး၊ ဘုရားလူကြီး အသစ် ထားရှိမည့် သူကို ရွေးချယ်လိုက်တိုင်း သေဆုံးသွားခြင်း၊ လေဖြတ်သွားခြင်းတို့ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး၊ ထိုသို့ ကြံစဉ်ချိန် ၃ ယောက် မြောက် တွင် ဘုရားလူကြီးပြောင်းလဲရန် ဆက်လက်မကြိုးစားတော့ဟု ဆိုသည်။ ထိုဒေသ ထိုအရပ် တွင် သင်္ကန်းဝါ၀ါ တို့ဆရာ ဟူသော ခံယူချက်ဖြင့် ဦးစီးနာယက၊ ပဓါန ဆရာတော် များ၏ လမ်းညွှန်မှု အောက်တွင် ဒေသခံများ တသွေမတိမ်း လိုက်နာဆောင်ရွက်ခြင်း ဖြစ်တယ်။
အဘ ဘိုးဆောင် ဟာ အသက်တော် ၅၅ နှစ် အချိန်မှ စတင်၍ ဘုရား ဥက္ကဌ နှင့် ဂေါပက လူကြီး ရာထူး နှစ်ခု ကို တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကာ၊ ယနေ့ အသက်တော် ၉၁ နှစ် အရွယ်ရောက်ချိန်အထိ ဘုရားလူကြီး တာဝန်ထမ်းဆောင်နေခြင်း ဖြစ်တယ်။ ထူးခြားချက်မှာ ဘုရားကြွချီချိန်ရောက်တိုင်း အဘ ဘိုးဆောင် ၏ ကျန်းမာရေးသည် နတ်များ ကူညီသည့်အတိုင်း ထူထောင်လာကာ ကျန်းမာရေး ကောင်းမွန်လာခြင်းဖြစ်သည်။ ယခု လက်ရှိ ဖောင်တော်ဦးဘုရား စံကျောင်းတော် အနီးရှိ နမ့်ဟူး ရွာတွင် နေထိုင်လျှက် ရှိသည်။
×××
မြန်မာပြည်ရဲ့ ဗဟိုချက်မ
ဖောင်တော်ဦးဘုရားလူကြီး အဘ ဘိုးဆောင် ၏ ပြောပြချက်အရ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် အလယ်ဗဟို ချက်မ၊ (သို့မဟုတ်) အညှာ ဟု ဆိုပါတယ်။ ဆိုလိုရင်းမှာ မြန်မာပြည်၏ အသည်းနှလုံး ဗဟို ချက်မ၊ သို့တည်းမဟုတ် အညှာ ဟု ဆိုပါတယ်။ မြန်မာပြည်သာ မက တစ်ကမ္ဘာလုံးနှင့်လည်း ဆိုင်တယ် လို့ ပြောပါတယ်။
အဆိုပါ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များကို အမျိုးသမီးများ လုံးဝ ထိကိုင်၍ မဖြစ်သင့်ပါ။ ယခုအခါ ဒေသစာရီ ကြွချီချိန်တိုင်းမှာ မြင်တွေ့ရသည်မှာ အမျိုးသမီး အုပ်စုများ ဘုရားကို ပြေး၍ ဦးခေါင်း နဲ့ ပြေးဝှေ့နေသည်မှာ အမြင်မတော် ဖြစ်ရပါတယ်။ ခုနှစ်ရက်သားသမီးများ လှူဒါန်းထားတဲ့ ရွှေတွေကို မိမိ ခေါင်း နဲ့ တိုက်ပြီး ရွှေခိုး နေသကဲ့သို့ ပြုလုပ်ခြင်းမှာ မဖြစ်သင့်သော ကိစ္စ လို့လည်း ဒေသခံတို့က ပြောပါတယ်။ ထိုသို့ ဘုရားရုပ်ရှင်တော်မြတ်များ လှုပ်လျှင် တိုင်းရေးပြည်ရေးလည်း မငြိမ်မသက် ဖြစ်တတ်သည်ဟု အယူ ရှိပါတယ်။ ဖြစ်သင့်သည်မှာ ဘုရားသယ်ဆောင်ရာတွင် မနီလာကြိုးဖြင့် ပတ်ပတ်လည်ကို ၀န်းရံစေပြီး ဘုရားရွှေချခြင်းမျိုး တို့ကို ခွင့်မပြုအပ်ပေ။
ထို့ပြင် ဘုရားလူကြီး အဘ ဘိုးဆောင် စိတ်ထဲတွင် စိတ်မကောင်းဖြစ်မိသော ကိစ္စတစ်ရပ်မှာ ဖောင်တော်ဦး စံကျောင်းတော် ကုန်းတော်ရင်ပြင်တော် ပေါ်တွင် ဈေးသည်မှာ ဆိုင်ခန်းများ အခိုင်အမာ တည်ဆောက်၍ ရောင်းချနေခြင်းကို စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်မိသည်ဟု ဆိုပါတယ်။ မြို့နယ် သံဃနာယက အဖွဲ့၊ ဦးစီး နယကအဖွဲ့ များ မှလည်း သမာအာဇီဝ ပြုလုပ်ခြင်းဟု တစ်ချက်ထဲ ဖြင့် ခွင့်ပြုနေခြင်းလည်း ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို တားမြစ်နိုင်မည့်သူ တစ်ယောက်မျှ မရှိဟုလည်း သိရပါတယ်။
အကယ်၍ ဘုရားရင်ပြင်တော် ပေါ်တွင် မီးရေးထင်းရေး ဖြစ်လာလျှင် အင်မတန် စိုးရိမ်ဖွယ် ကောင်းသည်။ ရင်ပြင်တော်ပေါ်တွင် မီးမွှေးခြင်း၊ ချက်ပြုတ်ခြင်းကြောင့် မီးပွားများ လွှင့်စင်ခြင်း၊ အပူလွန်ကဲ၍ ဂဏ်စ် အိုးများ ပေါက်ကွဲနိုင်ခြင်း အန္တရာယ်များ ရှိခြင်း၊ တို့အပြင် အဘိုးအဘွား အသက်ကြီးရွယ်အို များကိုပင် ရွှေဆိုင်းထိုင်ရောင်းနေသည့် မြင်ကွင်းများမှာ နိုင်ငံခြားသားများ ကဲ့ရဲ့စရာ မြင်ကွင်းများပင်ဖြစ်ပါတယ်။
×××
အမှိုက်ပြဿနာ
အင်းလေးကန် ဖောင်တော်ဦးဘုရား ပွဲတော်ကာလတွေမှာ အမှိုက်တွေ တစ်နေ့ကို တစ်တန်လောက် သိမ်းဆည်းနေရတယ်လို့ အမှိုက်သိမ်းဆည်းရေး အဖွဲ့ က ပြောပါတယ်။ ဒေသခံတွေ အပြင် ဘုရားဖူးလာကြတဲ့ အများပြည်သူ ဧည့်ပရိသတ်တွေကလည်း စည်းကမ်း လိုက်နာခြင်းအားဖြင့် အမှိုက်တွေကို စွန့်ပစ်ခြင်းနဲ့ အင်းလေးကန်ကို ကယ်တင်သင့်ပါတယ်။
ယိုးဒယားမှာ ရှိတဲ့ ရေတံခွန်ကို သွားမယ်ဆိုရင် စားစရာတွေ ယူဆောင်သွားခွင့်မရှိပါဘူး။ နောက်ဆုံး ရေသန့်ဘူး အချိုရည်ကိုတောင် တစ်ဘူးကို တစ်ဘတ်နှုန်း ငွေပေါင်တင်ပြီး ယူဆောင်ရပါတယ်။ ပြန်လာရင် အမှိုက်ကို ပြန်သယ်လာရတာ ဖြစ်ပါတယ်။
×××
ရှမ်းပြည်နယ်တွင် ရက်ပေါင်း အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်သော ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော် ၄ ဆူ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက် နေ့ အထိ၊ ၁၈ ရက်တိုင်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီ လှည့်လည် အပူဇော်ခံလေ့ ရှိခြင်းဖြစ်တယ်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ပွားတော်လေးဆူ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲတော်ကြီးကို အောက်တိုဘာ ၁၀ ရက် နံနက် ၄ နာရီမှစ၍ နမ့်ဟူးကျေးရွာ ဖောင်တော်ဦးရတနာစံကျောင်းတော်မှ စတင်ထွက်ခွာခြင်းဖြစ်ကာ၊ အောက်တိုဘာ ၂၇ ရက်အထိ၊ အင်းလေးဒေသ ၂၁ ဌာနသို့ (၁၈) ရက်တိုင်တိုင် ဒေသစာရီ လှည့်လည်ပူဇော်ခံခြင်း ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အင်းတိုင်းရင်းသား တို့၏ ရိုးရာ ဓလေ့ ပွဲတော် တစ်ခုဖြစ်သော ခြေထောက်ဖြင့် လှော်ခတ်ရသော လှေလှော် ပြိုင်ပွဲကိုလည်း ကျောင်းတော်ဝင်မည့်နေ့ လပြည့်ကျော် ၃ ရက် တွင်ကျင်းပခဲ့ပြီး၊ အင်းသား အမျိုးသားနေ့ တွင် ဗိုလ်လုပွဲ ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
အင်းလေးဒေသ ဖောင်တော်ဦးဘုရား ဒေသစာရီ
ကြွချီတော်မူသည့် ကျေးရွာ တစ်လျှောက်တွင် ပွဲများ စည်ကားနေပြီး၊ ပြည်တွင်း ပြည်ပ
မှ ခရီးသွားဧည့်သည်များ လာရောက် ဖူးမျှော်ကြသဖြင့် မော်တော်ယာဉ်များ၊
စက်လှေများဖြင့် နှစ်စဉ်နှစ်တိုင်း ပြည့်ကျပ် နေလေ့ ရှိပြီး၊ လူဦးရေ သိန်းပေါင်း များစွာ
လာရောက်ကြသော ပွဲလည်း ဖြစ်သည်။
ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော် တွင်း လိုက်နာကျင့်သုံးရမည့်
စည်းကမ်းချက် နှင့် ညွှန်ကြားချက် များ ထုတ်ထားပြီး၊ လုံခြုံရေးကို အထူး ဂရုစိုက်
စောင့်ရှောက်သွားကြရန်၊ ကန်တွင်းသို့ အမှိုက် နှင့် ပလပ်စတစ်များ မစွန့်ပစ်ရန်၊
ဌာနတိုင်းတွင် ဘုရားကြိုဆွဲလှေ၊ လှေသားများသည် အင်းသား တိုင်းရင်းသား
ဝတ်စုံများကို တူညီဝတ်စုံ အဖြစ် ၀တ်ဆင်ကြရန် စသည့် စည်းကမ်းချက်များထုတ်ထားသဖြင့်
ယခုနှစ်တွင် စည်းကမ်းလိုက်နာမှုအားကောင်းလာသဖြင့် အဆင်ပြေလာကြောင်းသိရသည်။
×××
အင်းသား အမျိုးသားနေ့
နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁) ရက်နေ့ကို အင်းသား အမျိုးသားနေ့အဖြစ် ကျင်းပရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ၊ ၂၀၁၁ ခုနှစ်တွင် အင်းသား ဆုံဆည်းရာနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် အင်းသား ဆုံဆည်းရာနေ့ကို အင်းသား အမျိုးသားနေ့အဖြစ် ပြောင်းလဲ သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မိုးလေကင်းလွတ်ပြီး အားလပ်ရက်များ ရှိလာခဲ့သော တန်ဆောင်မုန်းလဆန်း (၁) ရက် ကို အင်းသား အမျိုးသားနေ့ အဖြစ် စုစည်းညီညာစွာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်းသားအမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များမှာ (က) အင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ ထုံးတမ်း၊ အစဉ်အလာများကို ဖော်ထုတ်၍ ထိန်းသိမ်းစောင့်ရှောက် မြင့်တင်သွားရေး နှင့် လူနေမှုအဆင့်အတန်း မြင့်မားရေး ဆောင်ရွက်ရန်၊ (ခ) အင်းသားလူမျိုးများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစားမှု၊ စုစည်းမှုတို့ဖြင့် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ လူမှုရေး ကိစ္စများကို စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ရန်၊ (ဂ) အင်းလေးကန်ကို မတိမ်ကော မပပျောက်ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အင်းလေးကန် မညစ်ညမ်းရေး လုပ်ငန်းတို့ကို အင်းသား လူမျိုးတို့၏ အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ခံယူပြီး တက်ကြွစွာ ဆောင်ရွက်သွားရန်၊ (ဃ) ပြည်သူလူထု တစ်ဝှမ်းလုံး၊ ငြိမ်းချမ်းသာယာရေး နှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြားသော ညီနောင် တိုင်းရင်းသားများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည့် အချက်(၄) ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
×××
Author - စည်သာ(တောင်ကြီး)
28-10-2018
No comments:
Post a Comment