ခြံရှင်းခြင်း
သိရ် (အေးသာယာ) တစ်ရက် ခြံထဲမှာ မြွေတစ်ကောင် သွားလာနေတာကို တွေ့လိုက်ရတော့
ခြုံနွယ် ပိတ်ပေါင်းတွေ ရှင်းဖို့ လိုအပ်နေပြီဆိုတာကို တွေးလိုက်မိတယ်။ မြွေက အိမ်ရှေ့နားက
ဝါးတွေ ပုံထားတဲ့ ၀ါးပုံကြားထဲကနေ ပါးပြင်းထောင်ပြီး သွားနေတာပါ။ နေ့လည်ခင်း နေအရမ်း
ပူ လွန်းလို့ ထွက်လာတာ ထင်တယ်။ ဒီလိုပဲ အညာမှာ သွားလည်တုန်းက နေ့လည်ခင်း အရမ်းပူရင်
မြွေတွေ ကတ္တရာလမ်းမကြီးပေါ် တက်ပြေးရင်း ကားကြိတ်သွားတာတွေ မကြာခဏ ဆိုသလို မြင်ဖူးခဲ့တာကိုး။
အစာရှာထွက်တာလည်း ဖြစ်နိုင်တာပဲ။
၂ ရက်လောက် ကြာတော့ မိုးတွေ တအားရွာတယ်။ စက်တင်ဘာ ၂၃
ရက်ပေါ့။ မုန်တိုင်းဝင်တာလားတော့ မပြောတတ်ဘူး။ သတင်းထဲမှာတော့ တနင်္သာရီနဲ့ မြိတ် မှာ
ရေတွေ ၅ ပေလောက် ကြီးပြီး စိုးရိမ်ရေမှတ် ကြေငြာထားတာကို
ကြားလိုက်ရတယ်။ ရွာလိုက်တဲ့မိုး။ ဘာသံမှကို မကြားဘူး။ လေကြမ်းတွေလည်း တိုက်တယ်။ ၃ နာရီ
ကျော်ကျော်ကနေ ရွာလိုက်တာ မိုးချုပ်တဲ့ထိပဲ။ မိုးသက် မုန်တိုင်းဆိုတာ ဒါပဲ ထင်ရဲ့။
ကြမ်းတမ်းတဲ့ မိုးနဲ့လေကိုကြည့်ရင်း နာဂစ်မုန်တိုင်းသင့် ဒေသတွေကို စာနာမိသွားတယ်။
သူတို့ဆို ဘယ်လောက်တောင် ခံစားရမလဲ ဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။ ညဘက် ရောက်တော့
အိမ်ရှေ့က ခြံစည်းရိုး ၀ါးတိုင်ကြီး အလိုလို လဲကျသွားတယ်။ သွားကြည့်လိုက်တော့ အောက်ခြေက
ခြတွေကိုက်ပြီး ဆွေးနေတာကိုး။ မိုးကြီးလွန်းတော့ မြေပျော့သွားတာ ကြောင့်လည်း ပါတာပေါ့လေ။
အဲဒီ ခြဆိုတဲ့ အကောင်လေးတွေက လူတွေ အပြင်ကနေ မမြင်နိုင်အောင်
အတွင်းထဲကနေ လှိုက်ပြီးစားတတ်တယ်။ သာမာန်ကြည့်ရုံနဲ့ မမြင်နိုင်ပါဘူး။ ဘာမှ မဖြစ်သေးလောက်ပါဘူးလေ
ဆိုပြီး ပစ်ထားလိုက်ပြီး သတိရမိလို့ သေချာကြည့်မိတော့မှ အတွင်းဟောက်ပက်ကြီးနဲ့ ပြောင်နေအောင်ကို
တီး ပစ်ကြတာမျိုးလေ။ အိမ်တိုင်တွေ၊ ပြတင်းတံခါးတွေ၊ အဖွင့်အပိတ် တံခါးမကြီးတွေ၊ မြေကြီးနဲ့
ထိနေတဲ့ ပစ္စည်းတွေ များသောအားဖြင့် ခြဒဏ်ကို ခံစားရတတ်ပါတယ်။
ဒီလိုပဲ မိမိတို့ စိတ်နှလုံးထဲမှာလည်း အကုသိုလ် တရားဆိုးတွေ
ဟာ ပုန်းအောင်း နေတတ်ကြတယ်။ လူဆိုတာ ရုပ်နဲ့နာမ် ဖွဲ့စည်းထားတဲ့ အစုအဝေး ဖြစ်တာမို့
တစ်ခုနဲ့ တစ်ခုဟာ အမှီသဟဲ ပြုနေကြရတယ်။ ရုပ်တွေနောက်ပဲ လိုက်ပြီး လိုချင်တပ်မက်မှုတွေ
များနေမယ် ဆိုရင်ဖြင့် စိတ်ဟာ ပင်ပန်းနွမ်းနယ် လာတတ်ပါတယ်။ အဲဒီ အခါမျိုးမှာ စိတ်နောက်ကို
ရုပ်က ပြန်လိုက်သင့်ပါတယ်။
အလုပ်ကနေ ပင်ပန်းလို့ အနားယူတဲ့ အခါမျိုးမှာ စိတ်ကို
အနားပေးတဲ့ အနေနဲ့ အချိန်တစ်ခု ပေးထားသင့်ပါတယ်။ မိမိတို့ စိတ်နှလုံးတွင်းမှာ ကိန်းဝပ်
ပုန်းအောင်နေတဲ့ အကုသိုလ် တရားဆိုးတွေကို တွေ့အောင် ရှာဖွေပြီး၊ ရှင်းလင်းသင့်ပါတယ်။
ငါတို့ကတော့ စောပါသေးတယ်ကွာ၊ ငါတို့က ငယ်ပါသေးတယ် ဆိုပြီး ဆင်ခြေတွေ ပေးနေမယ် ဆိုရင်ဖြင့်
စောနက ခြတုတ်ခံရတဲ့ အိမ်တိုင်ကြီးလိုပဲ နောင်တစ်ချိန်ချိန် ရောက်ရင်ဖြင့် မြေကြီးပေါ်ကို
မလွဲမသွေ လဲကျ ရှုံးနိမ့်မယ် ဆိုတာ သိပ်ကို သေချာလွန်းပါတယ်။
စိတ်နှလုံးမှာ ပုန်းအောင်နေတဲ့ အကုသိုလ် တရားဆိုးတွေ
အများကြီး ရှိပါတယ်။ သူတို့ကတော့ ဒုစရိုက် တရား ၁၀ ပါးပဲ ဖြစ်ပါတယ်။ သူတို့တွေက သူ့လူ
ကိုယ့်ဖက်သား သူလျိုတွေပါ။ အ၀ိဇ္ဇာ ဆိုတဲ့ တရားက အမှန်ကို မမြင်နိုင်အောင် ဖုံးကွယ်တဲ့
တရား ဖြစ်တာကြောင့်မို့ တော်တန်ရုံ ပညာလောက်နဲ့တော့ မမြင်နိုင်ပါဘူး။ အ၀ိဇ္ဇာက မိမိစိတ်ကို
အမျိုးမျိုး အဖုံဖုံ လှည့်စားပြီး၊ မြှူဆွယ်မှာပဲ။
ဒီနေရာမှာ ဒုစရိုက် ၁၀ ပါး၊ အပြား ၃၀ ကို စာရှုသူတို့
သိပြီးပြီလို့ ယူဆတဲ့ အတွက် မရေးပြလိုတော့ပါ။
++++++
တကယ်တမ်း ခြံရှင်းတော့ ထင်သလောက် မလွယ်ကူဘူး။ အရင်အိမ်မှာ
နေတုန်းကလည်း ဆူးခြုံတွေကို ရှင်းခဲ့ဖူးပါတယ်။ ဟဲဟိုး တောင်ပေါ်မှာ နေတုန်းကလည်း တောလိုက်ရှင်း
ဖူးတာပါပဲ။ ဒါပေမယ့် လုပ်နေကျ မဟုတ်တော့ လူက မောလွယ်တယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းတော့
မကြာခဏ ဆိုသလို အမောဖောက်တယ်။ မောလာပြီ ဆိုရင် ဟိုက်ခနဲ၊ ဟိုက်ခနဲ နေအောင် အသက်ရှူ
ပြီးမှ ဆက်လုပ်နိုင်တယ်။ အားနဲ့ မာန်နဲ့ ကီသွင်းပြီးတော့မှ လုပ်ရတာ။ ဓါးရှည်ကလည်း အားမပါတော့
အလုပ်ကို မတွင်ဘူး ဖြစ်နေတယ်။
ဒါနဲ့ ဘေးအိမ်က ခြံရှင်းဓါးကို သွားငှါးရတယ်။ တောင်ပေါ်မှာ
သုံးတဲ့ ခြံရှင်းဓါးကောက်က ၀ါးလုံး လက်ကိုင်ရိုးမှာ အရိုးကွေးထား တဲ့ ဓါးကောက်လေး
တပ်ထားတယ်။ သူတို့ ခေါ်တာကတော့ ခြုံရှင်းဓါးကောက် လို့ ခေါ်တာပဲ။ ယမ်းတဲ့ ဓါးတဲ့။ အဲဒီ
ဓါးကောက်နဲ့မှာ ခရီးတွင်တော့တာ။ အရင်တစ်နှစ်တုန်းကလည်း ရှင်းခဲ့ပြီးပြီ။ လွန်ခဲ့တဲ့
၎ လ လောက်ကလည်း ရှင်းခဲ့ပြီးပြီ။ ခုလည်း ရှင်းနေရတုန်းပဲ။
ဆူးတွေခြစ်မိပြီး လက်တွေလည်း ပေါက်ပြဲလို့။ ဓါးကို တစ်ဖက်သတ်ကြီး
ယမ်းရလွန်းလို့ ခါးတွေလည်း ညောင်းလို့။ နောက်ဆုံး အားကုန်လာတော့ တစ်ခါ တစ်ခါ ယမ်းလိုက်ဖို့တောင်
အော်ဟစ်ပြီးမှ အားကုန်ထုတ်သုံးနေရတယ်။ တစ်နေကုန် ရှင်းတာတောင်မှ မကုန်ချင်သေးဘူး ဖြစ်နေတယ်။
ဒီလိုပဲ မိမိတို့ စိတ်နှလုံးထဲက ကိလေသာ အညစ်အကြေးတွေ
ဆိုတာ လက်တွေ့မှာ မျက်စိနဲ့ မြင်ရတဲ့ ခြုံတွေထက် အဆပေါင်း များစွာ သာအောင် ရှုပ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ တစ်သံသရာလုံး ထားရှိခဲ့တဲ့ စိတ်ထားတွေ ဆိုတော့ နည်းတဲ့ စေတနာ တွေမှ
မဟုတ်တာ။ လူဆိုတာ အမြဲတမ်း သူတော်ကောင်း မဖြစ်နိုင်တော့ လူတိုင်း မှားဖူးကြမှာပဲ။ လူတိုင်းဟာ
ကုသိုလ်ထက် အကုသိုလ် တရားတွေ ပိုများနေမယ် ဆိုတာကတော့ သိပ်ကို သေချာလွန်းနေတယ်။
အတွင်းထဲက စိတ်နှလုံးထဲက ကိလေသာ ခြုံပုတ်တွေကို နေ့တိုင်း
ရှင်းပေးသင့်ပါတယ်။ တစ်နေ့စာ တစ်နေ့ မရှင်းဖြစ်လိုက်တဲ့ အခါမှာ ကျွန်ုပ် ကြုံတွေ့သလိုမျိုး
ခြုံပုတ်ထူကြီး ဖြစ်နေတာကို တစ်နေ့တွေ့ရမှာပါပဲ။ သူတပါး ကောင်းစားတာကို မနာလိုမှု၊ သူတပါး
အပေါ်ကို မေတ္တာ မထားနိုင်မှု၊ သူတပါး ပစ္စည်းကို အချောင်ရယူ ပိုင်ဆိုင် လိုမှု စတဲ့ ကိလေသာ
တရားတွေဟာ နေ့စဉ်နဲ့ အမျှ ဖြစ်ပွါးနေတာ အသားသေသွားခဲ့ရင် အကျင့်တစ်ခု အနေနဲ့ ဖြစ်သွားတတ်ပါတယ်။
လူဆိုတာ အလေ့ကနေ အကျင့်ကို ဖြစ်ပွါးစေလို့ပဲ ဖြစ်ပါတယ်။ မိုးဦးကျ မိုးလေး တစ်ဖြိုက်
နှစ်ဖြိုက်လောက် ကျရင် ခြုံပုတ်တွေ ရှင်သန်ကြီးထွားလာကြသလိုမျိုးပဲ၊ အကောင်းဆိုတဲ့
လောကဓံတရားလေး ကြုံလိုက်တဲ့အခါ မသိပျော်ပျော်လိုက်၊ အဆိုးလောကဓံနဲ့ တွေ့ပြန်တော့ သိပျော်ပျော်လိုက်နဲ့
ကိလေသာတွေ ကြီးထွားချင်တိုင်း ကြီးထွားလာကြလိမ့်မယ်။ ဒါကို တစ်နေ့ နည်းနည်းစီသာ ရှင်းသွားလိုက်ရင်
ခြုံပုတ်ကြီးလည်း မဖြစ်နိုင်တော့ပါဘူး။
ရှင်းတယ် ဆိုတာက စိတ်မှာ မကောင်းမှုကို ဖြစ်ခွင့်မပေးတာ၊
လက်မခံတာပါ။ ယောနိသောမနသိကာရ ဆိုတဲ့ မှန်ကန်တဲ့ နှလုံးသွင်းမှုလေး ရှိဖို့ပဲ လိုပါတယ်။
စိတ်ဆိုတာ တစ်ကြိမ်ထဲမှာ နှစ်ခုယှဉ်ဖြစ်ရိုး မရှိတာကြောင့် ကုသိုလ် စိတ် ဖြစ်နေရင်၊
အကုသိုလ် ဖြစ်ခွင့် မရပါဘူး။ ကိုယ် လက်ခံတဲ့ တရားကို ကိုယ်ခံစားရတာပါပဲ။ ဒီသဘောတွေ
ရှင်းသွားရင် အရမ်းလွယ်သွားပါတယ်။
ဒါတွေက ကျွန်ုပ် ဆရာလုပ်လို၍ ပြောနေခြင်း ဟု မယူဆစေလိုပဲ
သိစေလိုတဲ့ စေတနာကြောင့် ပြောပြနေပါလားဟု နှလုံးသွင်းစေလိုပါတယ်။ ဆုံးမတယ် ဆိုတဲ့ နေရာမှာ
သူတစ်ပါးကို ဆုံးမခြင်းနဲ့၊ မိမိကိုယ်ကို ဆုံးမခြင်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ သူတစ်ပါးကို
ဆုံးမခြင်းက လွယ်ကူပြီး ၊ မိမိကိုယ်ကို ပြန်ဆုံးမခြင်းကသာ အင်မတန် ခက်ခဲပါတယ်။ စာတစ်ပုဒ်
ရေးခြင်း ဆိုရာမှာလည်း မိမိအနေနဲ့ သူတစ်ပါး ဆိုတာထက် မိမိကိုယ်ကို ပြန်ဆုံးမခြင်းလို့
ခံယူပါတယ်။
သတိတည်း ဟူသော မျက်လုံးနဲ့ စောင့်ကြည့်ပြီး၊ သီလတည်း
ဟူသော ဘယ်လက်နဲ့ ခြုံပုတ်တွေကို ဆုပ်ကိုင်၊ သမာဓိ ဟူသော ညာလက်နဲ့ ပညာတည်း ဟူသော ဓါးလက်နက်
ကို ဆုပ်ကိုင်ပြီး သကာလ။ ၀ီရိယတည်း ဟူသော အားစိုက်မှုနဲ့ ကိလေသာ ခြုံပုတ်တွေကို အမြစ်ကနေ
မြေလှန်သွားအောင် အားရှိပါးရှိ ခုတ်ထွင် ရှင်းလင်းလိုက်ကြပါ။
အပြင်လောကမှာ
ခြုံရှင်းလို့ လှပသွားသလို အတွင်းထဲမှာလည်း ကိလေသာရှင်းသွားခဲ့ရင် သင်တို့ရဲ့ မျက်နှာတွေဟာလည်း
ကြည်လင် ရှင်းသန့်ပြီး အပြုံးပန်းတွေနဲ့ လှပသွားမယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်နေပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စိတ်တံခါး သိရ်
(အေးသာယာ)
စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်လေလွင့် ပေါ့သွပ်ခြင်းများသည်
ပြဿနာ တစ်ခုအပေါ် ကိုယ့်စိတ်နှင့် မကိုက်တိုင်း သတ်မှတ် တိုင်းတာ၍ ခံစားလိုက်သော “သဘောထား
အမြင်ကျဉ်းမှု ရောဂါ လက္ခဏာများ” ဖြစ်ပါသည်။ စင်စစ် စိတ်ဟူသည် ပင်ကိုယ် သဘောအရ အဖြူထည်သက်သက်
ဖြစ်ပြီး ခံစားမှု သဘော မပါချေ။ သူ့အား စွဲဝင်ပူးကပ် ခြယ်လှယ်တတ်သော စေတသိတ် ဆိုသည့်
အာရုံ ခံစားတတ်သိသော အရာများသည်သာ တရားခံ ဖြစ်ကြောင်း လူတိုင်း သိထားကြပေမယ့် လက်တွေ့တွင်မူ
ထိုသို့ ထဲထဲဝင်ဝင် နှလုံးသွင်း ဆင်ခြင်နိုင်သူ နည်းပါးလှချေ၏။
ပုထုဇဉ် လူသားတို့သည် ကောင်းမှုထက် မကောင်းမှု တရားများတွင်သာ
ကျင်လည်ကျက်စားကြသဖြင့် ပြဿနာ တစ်ခုနှင့် ရင်ဆိုင်ရသောအခါ လူတိုင်း အဆိုးမြင် အယူအဆ
နှင့် ဦးစွာ ယူဆသုံးသပ်ကြလေ့ ရှိ၏။ မကောင်းမှုများကိုသူ အစဉ်တွေး၊ မကောင်းမှု များကိုသာ
အစဉ်ကြည့်ရှုကာ မကောင်းတရားများ ပြောဆိုပြုလုပ်နေကျ သူတို့ အဖို့ တစ်တက်စား ကြက်သွန်၊
နှစ်တက်စား ကြက်သွန် သဘောမျိုးဖြင့် မထူးဇာတ်ခင်းကာ ကိုယ့်ဘ၀ကို အနစ်မွန်းခံလိုက်ကြသူ
များ၏။ တစ်ဖက်တစ်လမ်းက ကြိုးစားအားထုတ်ပြီး မိမိ အမှား များကို ပြုပြင်ပြောင်းလဲလိုက်ဖို့
ဆန္ဒ မရှိကြ။ ဒါကလည်း လေ့လာ သင်ကြား နာယူ မှတ်သားတတ်သော အလေ့ မရှိသောကြောင့်ပင်။ ပြောဆို
ဆုံးမမည့် ဆရာကောင်း ရှိပြန်လည်း နာယူရကောင်းမှန်းလည်း
မသိ။ ကိုယ့် နဂို အခံစိတ်အစွဲ နှင့် ပြန်တိုက်နေသေး၏။
ကိလေသာ အမှောင်တိုက်တည်း ဟူသော သဘောမျိုးသည် စိတ်ကိုညစ်နွမ်းစေကာ
ညှို့ယူ ဖမ်းစားနိုင်သော အစွမ်း ရှိ၏။ အရိယာ သူတော်စင်များမှ လွဲ၍ တော်တန်ရုံ ကိုယ်ခံ
ဥာဏ်ပညာစွမ်းဖြင့် မတွန်းလှန်၊ မပုန်ကန်နိုင်။ ထို့ကြောင့် လူတိုင်း လူတိုင်း သတ္တ၀ါ
တိုင်း သွားမြဲတည်း ဟူသော ထို မွေးသေလမ်းကြီးကို မြန်းနေရခြင်းပင်။ ဥာဏ်လိုအပ်ပါ၏။
ဥာဏ်ဆိုသည်မှာ သာမာန် ထိုးထွင်း သိမြင်နိုင်ရုံ ဥာဏ်လောက်လေးဖြင့်
မရ။ အမြဲတစေ ထုံမွှမ်းအပ်သော ဥာဏ်။ စက္ကန့် မလပ် စောင့်ကြည့် လေ့လာတတ်သော သတိတရားနှင့်
တည်ကြည်သော သမာဓိတို့ လိုအပ်ပြန်၏။ ဓါးသွေးကျောက်ထက် တရစပ် အဆက်မပြတ် သွေးထားသကဲ့သို့
ထက်မြ စူးရှသော ဥာဏ်ဖြစ်ဖို့ လိုအပ်၏။ ကိလေသာ ရန်သူတို့ကို နိုင်အောင် တိုက်ဖို့ ဆိုသည်မှာ
တွေးတောကြံစည် ဆင်ခြင်ရုံနှင့် ရသော ကိစ္စမျိုး မဟုတ်။ ဥာဏ်ပညာ ကြီးစေအပ်ပြီဟု အထင်ရောက်စေရုံမျှ
ပြီးစေအပ်သော အရာ မဟုတ်ပါချေ။ ကိလေသာကို အကြမ်းဖျင်း အဆင့် ၃ ဆင့် ပြ ခွဲ လိုပါသည်။
၁) အဆိုးဆုံး အယုတ်ဆုံး တရား
၂) အလယ်အလတ် အညစ်တရား
၃) အသိမ်မွေ့ဆုံး အညစ်တရား
အဆိုးဆုံး အယုတ်ဆုံး တရားကို ပမါ ပြရလျှင်ဖြင့် အရက်။
“ငါ့ဘာငါ အရက် သောက်တာ ဘာဖြစ်လဲ။ ငါ့ပါးစပ်နဲ့ ငါသောက်တာ ဘယ်သူ့မှလည်း မစော်ကားဘူး….။
အေးအေးလေး အိပ်နော ဘာဖြစ်လဲကွာ” ဟု တချို့ အဓွန့်တက်ကြသည်။ အရက်သောက်၍ ၇ ရက်သားသမီးများအား
ဒုက္ခ မပေးပင် မပေးသော်ငြားလည်း သူ့ကိုယ်သူ
ဦးစွာ ပထမ ဒုက္ခပေးနေ၏။ ထို့ကြောင့် အရက် ဆိုးကျိုးများ အနေနှင့် အရက်သမား ဦးနှောက်
အလုပ် မလုပ်တော့။ ဆင်ခြင်တုံ တရားတို့ ကင်းမဲ့ပြီး၊ အရာအားလုံး ကျူးလွန်နိုင်သေး၏။
ဦးနှောက် အလုပ်မလုပ်ခြင်းကြောင့် ဥာဏ်ပညာ စွမ်းရည် ကျဆင်းလာပြီး တွေးခေါ် မျှော်မြင်မှု
မရှိတော့။ လေးလေးစားစား မှတ်သား နာယူမှု မရှိသည့် အပြင် လူတိုင်းကိုလည်း ကပျက်ကချော်
အမြဲတစေ ဆက်ဆံ တတ်တာမည်။ ကြာသောအခါ ဥာဏ်တုံး၍ ပညာနှင့် ဝေးသထက် ဝေးတော့၏။ ဖြစ်လေရာ
ဘ၀တိုင်း ဥာဏ်ထိုင်းပြီး ရူးသွပ်ရချေတော့၏။
လူမှန်လျှင် တာဝန် ရှိစမြဲ။ အရက်မူးရူးကာ ဘာမှ မလုပ်နိုင်သဖြင့်
တာဝန်နှင့် ၀တ္တရား မဲ့လာသောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကို သူ့ ပတ်ဝန်းကျင် ဆီသို့သာ
လှိုင်းဂယက် ရိုက်ခတ်သွားလေတော့၏။ ပထ၀ီ မြေကြီးပေါ်တွင် ဘာမှ မလုပ်နိုင်သော လူပို တစ်ယောက်
အနေဖြင့် သူ့ ၀န်ပို အား မိသားစုက ထမ်းထားရခြင်း၊ ပတ်ဝန်းကျင်က ထမ်းထားရခြင်းတို့ ဆိုးကျိုး
ဖြစ်လာနိုင်သည်။ ထို့ကြောင့် အရက်သမားသည် လူမှု ၀န်းကျင်အား အဓိက ဒုက္ခပေးတတ်သော အန္တရာယ်ကောင်ကြီး
အဖြစ် ၇ ရက်သားသမီးများ အပေါ်တွင် တိုက်ရိုက် ဒုက္ခ ပေးလေတော့သည်။ ထို့ကြောင့် မူးရူး
အိပ်နေရုံဖြင့် အကုသိုလ် မဖြစ်ဟု မထင်ကြပါနှင့်။
အကုသိုလ်ကိုမှ ကြီးစွာသော အကုသိုလ်၊ အဆိုးဆုံး အယုတ်ဆုံး အညစ်တရား ကိလေသာကြီးပင် ဖြစ်သေးတော့၏။
ထို အကုသိုလ် ဆိုးကျိုး အကျိုးဆက်ကို ယခုဘ၀ အပြင်၊ နောင် သံသရာအထိတွင်ပါ ရူးသွပ်ခြင်း
အတိ ခံစားရလေမည်။
လူတစ်ယောက် စိတ်တွင် မကောင်းမှု၊ အကုသိုလ် ကိလေသာ ဖိစီးဖန်များပြီ
ဆိုလျှင် ခက်ထန်ကြမ်းတမ်းခြင်း၊ စိတ်မရှည်ခြင်း၊ သည်းမခံနိုင်ခြင်း၊ စိတ်ရိုင်းပေါက်ခြင်း
များ ဖြစ်ပေါ်လာတတ်၏။ ထိုချိန်တွင် ကောင်းရာ ပြုလုပ်ဖို့ စိတ်ညစ်နွမ်း ထိုင်းမှိုင်းညှိုးငယ်
လေးလံနေတတ်၏။ ကောင်းရာ ကောင်းမှုကို မတွေးချင်၊ ကောင်းရာ ကောင်းကြောင်းကို မကြားချင်၊
မဆိုဝံ့ ဖြစ်တတ်၏။
လူတိုင်း ထိုစိတ်မျိုး ပေါ်လာတတ်၏။ အထူးသဖြင့် လောကဓံ၏
အထုအထောင်း ခံရလာလျှင် ပိုဖြစ်လေ့ရှိသည်။ ဤ ခံစားချက် ကို ကုစားပေးနိုင်သည်မှာ တရားဓမ္မ
တစ်ခုထဲပင် ရှိ၏။ ဘာသာရေး တရား ဓမ္မ အကြောင်းဟု ဆိုလိုက်လျှင် လူတိုင်း သွေးပျက်မတတ်
ကြောက်လန့်သွားကြပြီး တွေးလိုက်ရုံမျှဖြင့် ခေါင်းမွှေးများ ထောင်ထသွားတတ်ကြ၏။ အမှန်မှာ
စိတ်ထားလေး ပြောင်းလိုက်ရုံ တစ်ခုနှင့် လုံလောက်၏။ ထိုသို့ လွယ်လွယ်လေး သိလိုက်ရသောအခါ
စိတ်လွတ်လပ် ပေါ့ပါးခြင်း အာကာသဓါတ်ကို ခံစားရစေ၏၏။ မကောင်းမှု ကန့်လန့်ကာလေး ဆွဲလှန်လိုက်ရုံမျှဖြင့်
ကောင်းမှု ဘုံဗိမ္မာန်သို့ ရောက်သွားနိုင်၏။ ဒင်္ဂါးတစ်ချပ်၏ ခေါင်းနှင့်ပန်းလို ပင်။
စိတ်၏ သဘောမှာ မကောင်းရာ တွေးလျှင် မကောင်းနိုင်။ ညစ်စရာတွေးလျှင်
ညစ်။ ပျော်စရာ တွေးလျှင် ပျော်မည်မှာ မုချ မသွေပင်တည်း။ မကောင်းမှု နွံနစ်နေသော မိမိစိတ်ကို
ဆွဲထူ ပေးဖို့ သတိ၊ လဲကျနေသော စိတ်ကို နလန်ပြန်ထအောင် တောင့်ခံ အားပေးရဲဖို့ လုံ့လ
ဝီရိယ။ အမှန်ကို အမှန်တိုင်း မြင်တတ် ဝေဖန်တတ်ရဲဖို့ သတ္တိ ရှိဖို့ပဲ လိုအပ်၏။ ထိုကား
အကြမ်းစား ကိလေသာပင်။
အလယ်အလတ် အညစ်တရားကို ပုံဆောင်ရလျှင် မာန်။ လူတစ်ချို့က
“တို့က ကောင်းမှု ကုသိုလ်သာ မလုပ်တာ၊ မကောင်းမှု လည်း ဘာဆို ဘာမှ မလုပ်တော့ ငရဲ မကြီးဘူး။
ကိုယ့်ဘာကိုယ် အေးရာ အေးကြောင်းပဲ နေနေတာ” ဟု ပြောတတ်ကြ၏။ အဘိဓမ္မာလာ စိတ်၏ သဘောမှာ
ကောင်းမှု မရှိနေလျှင် မကောင်းမှုသာ ရှိနိုင်၏။ ကုသိုလ်စိတ် ရှိလျှင်၊ ဖြစ်နေလျှင် အကုသိုလ်စိတ်
မရှိနိုင်။ စိတ်တစ်ခု ထဲတွင် ကောင်းမှု၊ မကောင်းမှု နှစ်ခု မယှဉ်တွဲနိုင်။
ထို့ကြောင့် ကုသိုလ်ရော၊ အကုသိုလ်ရော မပြုလုပ်တိုင်း
အပြစ်မရှိဟု ဆို၍မရ။ လောက အမြင်အရ ဆိုရလျှင် ကုသိုလ်၊ အကုသိုလ် တရားတို့အား ကြီးမားသော
ကာယကံ၊ ၀စီကံ တို့နှင့်သာ တိုင်းတာလေ့ ရှိကြ၏။ မနောကံ ကိုမူ ထည့်တွက်လေ့ မရှိကြ။
လူက ထိုင်ပင် ထိုင်နေသော်ငြား၊ စိတ်က တစ်ပါး တစ်ယောက်အား
ကောက်ကျစ်ယုတ်မာ လိုက်ရုံမျှဖြင့် အကုသိုလ် မြောက်၏။ အနုသယ သဘော။ သူတစ်ပါးအား ပျက်စီးစေချင်ရုံ၊
အဆင့်ကို မဆိုထားနှင့်၊ မုဒိတာ မဖြစ်ပွါးနိုင်လျှင်ပင် အပြစ်ကမြောက်နေ၏။ မုဒိတာ မဖြစ်လျှင်
မနာလို၊ ၀န်တိုမှု ဖြစ်ပေါ်ဖို့ များစွာ အလားအလာ များသောကြောင့် ဖြစ်၏။ ထိုအစွန်းနှစ်ဖက်
လွတ်နေမည် ဆိုလျှင် ဥပေက္ခာ ဝေဒနာသာ ဖြစ်ပေါ်နိုင်၏။ ထို ဥပေက္ခာ ဝေဒနာလေး မှာလည်း တမင်သက်သက်
သူ့အလိုလို ဖြစ်ပွါးနေခြင်း မဟုတ်ပဲ နှလုံးသွင်း ဆင်ခြင်နေမှသာ ဖြစ်ပွါးခြင်းမျိုး
ဖြစ်သည်။ ထို့ကြောင့် အလကားထိုင်နေလည်း အပြစ်မြောက်ဖို့ ရာနှုန်း ပိုများနေလေတော့၏။
ထိုင်နေရုံနှင့်လည်း အကုသိုလ် မလွတ်ကင်းသလို၊ ကုသိုလ်စိတ်
မဖြစ်ပွါးနိုင်။ ဆိုလိုသည်မှာ သီလ ၅ ပါးကို လုံခြုံနိုင်ပေမယ့် လုံးဝ ဥဿုံ အပြစ်ကင်းကြောင်းတော့
မဟုတ်နိုင်။ သတ်ဖြတ်၊ ခိုးယူ၊ လိမ်လည် ခြင်း ဆိုတဲ့ အကြမ်းနည်းများကို ပယ်သတ်ရာတော့
ရောက်နိုင်ပါ၏။ အနုသယနည်း မဟုတ်သေးသဖြင့် အပြစ်မြောက်နေနိုင်သေး၏။ မိမိကိုယ်ကို အထင်ကြီးမိလျှင်လည်း
ထိုတည်း လည်းကောင်းပင်။ နှလုံးသွင်း မှန်ကန်ဖို့ အရေးတကြီး လိုအပ်ပေ၏။ ယောနိသော မနသီကာရ။
တစ်နည်း။ အကောင်းမြင် ၀ါဒ။ မည်မျှလောက်အထိ အကောင်းမြင်ရမည်လဲ ဆိုလျှင် အဆိုးဆုံး အခြေအနေအထိ
အကောင်းမြင်ရေး ၀ါဒ။ အပြစ်ပြောစရာ မရှိလောက်အောင် နူးညံ့သိမ်မွေ့သော စိတ်နှလုံး။
အနီးစပ်ဆုံး နှိုင်းတုရသော် မေတ္တာ။ မေတ္တာ ဆိုသည်မှာ အပြစ်မမြင်၊
အချစ်ကျွမ်းဝင်၍ သူ့အကျိုးကို လိုလားတဲ့စိတ်။ ပေါ့စတစ်။ လူ ၃မျိုးလုံးအား အကောင်းမြင်တတ်မှသာ
အလယ်အလတ် ကိလေသာ အယုတ်တရားကို အောင်နိုင်ရာစေ၏။
ကိုယ်ချစ်တဲ့သူရဲ့ အကျိုးကိုလည်း လိုလား။ အကောင်းမြင်တတ်ရမယ်။
ပြီးမှ ကိုယ်ချစ်လည်းမချစ် မုန်းလည်း မမုန်းသောတဲ့သူ။ နောက်ဆုံး ကိုယ်မုန်းတီး ရွံရှာတဲ့
လူကိုတောင် အကောင်းမြင်ရမည်။ ဒီလူ၃ ယောက် အပေါ်မှာ မေတ္တာထားနိုင်မှသာ စိတ်သက်သာရာ ရနိုင်လိမ့်မည်။
(မေတ္တာအကျယ်သိလိုလျှင် ဆရာတော်များ ရေးသားချက်ကို ရှု) ထိုကား အလယ်အလတ် ကိလေသာပင်။
အသိမ်မွေ့ဆုံး အညစ်တရား ကိလေသာမှာ ရုပ်နှင့်နာမ် တရားတို့
အတွက် အဆင့်အမြင့်ဆုံး ပင်။ တော်တန်ရုံ ပြောပြနေကာမျှ ဖြင့် သဘောမပေါက်နိုင်။ အလုပ်စခန်း
မပြုလုပ်ဖူးလျှင် မသိရှိနိုင်။ အမှန်တော့ ဤအခန်းကို ရေးသားဖို့ အတွေးအခေါ်နှင့် ကိုယ်တွေ့
လည်း မရှိသောကြောင့် ကျွန်ုပ် မရေးသားချင်။ သို့သော် တစ်ပိုင်းတစ်စ ဖြစ်နေမည် စိုးသဖြင့်
ကျွန်ုပ် ဥာဏ်မှီသမျှ အကျဉ်း တင်ပြပါအံ့။
ရုပ်တရား ၊ နာမ်တရား တို့၏ လျှင်မြန်လှစွာသော ဖြစ်ပျက်ပြောင်းလဲနေခြင်း
သဘောတရားတို့အား အသေးစိတ် ကြည့်ရှုနေချိန် မှာပင် နှစ်သက်တတ်သော ကိလေသာတို့ ၀င်လာတတ်သေး၏။
ကြည်နူးနှစ်သက်သော ပီတိသဘောမျိုး၊ မဂ် ဖိုလ် အဆင့်မတက် ကြောင်း ထင်ယောင်ထင်မှား ကိလေသာ၊
အလင်းရခြင်း ဈာန် ခံစားခြင်း၊ နောက်ဆုံး သာယာငြိမ်းချမ်းလှစွာသော ၀ိပဿနာ တရား ကိုပင်
ချမ်းသာလှပေစွ တကားဟု နှစ်သက် တပ်မက်သောစိတ်တို့ ဖြစ်ပေါ်တတ်သေး၏။ ထိုစိတ်ကား မဂ်ရကြောင်း
အမှန်စိတ် မဟုတ်သေး။ ထိုစိတ်သည်လည်း ဖြစ်ပြီးလျှင် ပျက်ရမည်ပါလား ဟု ၀ိပဿနာစိတ်ကိုပင်
ဖြစ်ပျက် ရှုပွါးရမည်ဟု တရားတော် လာရှိ၏။
ထိုကဲ့သို့ အဆင့်အမြင့်ဆုံး အခြေအနေမှာပင် အရမ်းအနုစိတ်သော
ကိလေသာကြားခို နိုင်သေးလျှင်ဖြင့် ကျွန်တော်တို့လို သူလိုကိုယ်လို သာမာန် လူသားတွေအဖို့
ကိလေသာကို တွန်းလှန်ပယ်ရှားဖို့ အဝေးကြီးလိုသေးကြောင်း သိသာထင်ရှား မြင်သာ လှပေပြီ။
အဆင့် ၃ ဆင့် မျှကို ကွာခြားနေကြောင်း မြင်နိုင်၏။ ထို့ကြောင့် မိမိတို့ ထင်သလို မပြောဖို့
၊ မလုပ်ကြဖို့ သိစေလိုခြင်းပင်။
ဤ ဆောင်းပါး၏ အနှစ်ချုပ် လိုရင်းအချက်မှာ ကိလေသာ ပြွန်းတီးနေကြသော
လူမှုဘ၀ ထိုထိုမှာ ကိုယ် နိုင်သလောက် စိတ်နှလုံးတွေကို ချုပ်တည်းကြပြီး၊ မွန်းကျပ်မှုတွေကို
ထွက်ပေါက်တည်း ဟူသော စိတ်တံခါးချပ် တွေ လူတိုင်း တပ်ဆင်နိုင်ဖို့အတွက် ရည်ရွယ်ပါသည်။
လူတိုင်း မွန်းကြပ်မှု ရှိကြ၏။ ကြီးကြီး၊ ငယ်ငယ် ၊ လတ်လတ် မရွေး ရှိကြမည်။
ဘ၀ အမှားတွေထဲက သင်ခန်းစာ မယူနိုင်၊ မမြင်နိုင်ကြပဲ တ၀ဲဝဲလည်
နေတာထက်စာရင် လူတိုင်း လူတိုင်းအတွက် စိတ်ထွက်ပေါက် တစ်ခု ထားရှိသင့်ပါသည်။ စိတ်ညစ်လို့
အရက်ကို သောက်တယ် ဆိုတာ စိတ်ထွက်ပေါက်မဟုတ်ပါ။ စိတ်ထွက်ပေါက် ဆိုတာ လူတိုင်းရဲ့ အတွင်း
အဇ္ဈတ္တထဲမှာသာ ရှိတဲ့ အတွက်မြင်အောင် ကြည့်တတ်ဖို့ လိုပါ၏။
ထိုအချက်ကို ပိုင်နိုင်စွာ သိသွားလျှင် “တကယ်လို့” ဆိုသည့် အစား “နောက်တစ်ခါကျရင်” ဆိုသည့် စကားကို
ပြောင်းသုံးလာနိုင် ပေလိမ့်မည်။ နောင်တနှင့် ပူဆွေးခြင်း မရှိနိုင်။ ကလေးငယ် တစ်ယောက်အတွက်
စိတ်ထွက်ပေါက် နည်းကောင်း တစ်လက် တတ်မြောက်သွားလျှင် ဘယ်ခရီးကို ဘယ်သူနှင့် သွားသွား၊
သူ့ဘ၀ နောင်ရေးခရီး အတွက် နောက်ဆံတင်း ကြောင့်ကြ နေစရာ မလိုတော့။ လူလတ်ပိုင်း အတွက်လည်း
ထိုနည်းနှင်နှင်ပင်။ ထိုသို့ နိုင်ငံ့သားကောင်းများ စိတ်ဓါတ်ရေးရာ ကြွယ်ဝလာမည် ဆိုပါက
ကျန်အရေးများကို အထူးပဲ့ပြင်စရာ မလိုတော့ပဲ၊ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ များက အလိုလို
လိုက်ပါလာလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် စိတ်ဖြင့် ရုပ်များကို ဖန်တီးထားသောကြောင့်ပင်။
ထို့ကြောင့် နိုင်ငံတော်ကြီး ယခုထက်ပို၍ တိုးတက်လာလိမ့်မည်။
စိတ်ထားကောင်းမွန်ပြီး စည်းကမ်းပြည့်ဝသော နိုင်ငံ့သားကောင်းများ
ပေါ်ထွန်းလာရေး အတွက် ရည်သွန်၍ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနှင့် ဤ ဆောင်းပါးကို ရေးပါသည်။
ခွန်စည်သာဟိန်း
နေ့စွဲ-26-Nov-13 10:49:22 AM
___xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အကြည့်တစ်ခုရဲ့ လားရာ
အကြည့်ဆိုတာ များသော အားဖြင့် အပြင်ကိုပဲ ကြည့်ကြတာ များပါတယ်။
အတ္တသိပ်ကြီးတဲ့ လူတွေဟာ မချစ်တတ်ဘူးတဲ့။ ဟုတ်ပါတယ်။ အတ္တသိပ်ကြီး သူတွေဟာ အပြင် သူတစ်ပါးရဲ့
ပြစ်ချက်တွေကိုသာ မြင်တတ်ပြီး ၊ ဘယ်တော့မှ အတွင်းက ကိုယ့်အပြစ်ကို ကိုယ်ပြန်မမြင်တတ်ပါဘူး။
ငါကလွဲရင် အကုန်ဆိုးတယ် ၀ါဒနဲ့ လောကကို တစ်ဖက်သတ် သုံးသပ်လေ့ ရှိပါတယ်။
ဒါကို half Blind တစ်ဝက်ကန်း အမြင်လို့ ခေါ်ပါတယ်။ လူတိုင်းနီးနီး
တစ်ဝက်ကန်း အမြင်တွေပါ။ စုံလုံးကန်း ဆိုတာတွေကတော့ လူမိုက်တွေပေါ့။ ဒီနေမှာ အရမ်းအဖိုးတန်တဲ့
စကားတစ်ခွန်းကို လက်ဆောင်ပေးချင်ပါတယ်။ ကျွန်တော်ကတော့ ရှေးလူကြီးတွေ ရေးခဲ့တဲ့ ဒီကဗျာကို
အရမ်းကြိုက်တယ်။ စိတ်တွေ အရမ်း ရှုပ်ထွေးနေချိန်မှာတောင် ပြန်စဉ်းစားလိုက်ရင် ငြိမ့်ခနဲ
သိမ့်ခနဲ အေးသွားစေလောက်တဲ့ အထိ အစွမ်းရှိပါတယ်။
“မာန ကင်းစင်၊ ပြစ်တင်မစော၊ သူတော်ကောင်းတို့ သဘော”
တစ်ဖက်သားက မိမိအပေါ် နှိမ့်ချတဲ့ အမြင်နဲ့ ဆက်ဆံလိုက်လို့ပဲ
ဖြစ်ဖြစ်၊ ရိုင်းပျစော်ကားစွာ ဆဲဆိုသမှု ပြုလိုက်လို့ပဲ ဖြစ်ဖြစ် ပေါ့။ အဲဒီလို ရင်ထဲမှာ
စပ်ပူစပ်လောင် ခံစားလိုက်ရချိန်လေးမှာ ဒါလေး ပြန်တွေးကြည့်။ သူက သူတော်ကောင်းလည်း မဟုတ်၊
သူတော်စင်လည်း မဟုတ်တော့ ဒီလိုပဲ ဖြစ်မှာပဲလေ ဆိုပြီး နားလည်သွားတယ်။ နောက်တစ်ချက်က
ကိုယ့်မှာ ဒီလို ဆိုးယုတ်တဲ့ အကျင့် တွေ မရှိအောင် ရှောင်မှပဲဆိုပြီး ပြင်မိသွားတယ်။
မကောင်းဘူးလား။ ဟုတ်ကဲ့။ စကားလက်ဆောင် ပြီးရင်၊ နည်းလမ်းလက်ဆောင် လေး တစ်ခုလည်း ပေးခဲ့ချင်ပါသေးတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကို ဖေါ့ခြေတွေးနဲ့ အမြဲတွေးတတ်တဲ့
အလျော့တွက် အတ္တတစ်စုံတော့ လူတိုင်းပိုင်ဆိုင်တတ်ကြမှာပါပဲ။ ကိုယ့်မှာ အပြစ်ရှိရင်တောင်
အပြစ်ကင်းသလိုလို၊ သူများတွေထက်ပဲ ပိုပြီး အပြစ်ကင်းသယောင်ယောင် ဟန်ဆောင်ကောင်းတတ်
ကြတယ်။ အရမ်းဆိုးတဲ့ လူတွေကျတော့ အစွန်းရောက်သွားတဲ့ အထိ ငါတကောကော ကုန်ကြရော။ ဟုတ်ကဲ့။
ဒီပြဿနာကို ကိုင်တွယ်ရှင်းဖို့ အတွက် ရိုးသားမှု တစ်ခု
လိုပါတယ်။ ဘယ်လို ရိုးသားမှုလဲ။ ကိုယ့်ကိုယ်ကို ပြန်မလိမ်တမ်း ၀န်ခံရမယ့် ရိုးသားမှု။
လူဆိုတာ သူများကိုပဲ လိမ်လို့ရတာနော်။ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်သူမှ လိမ်လို့ မရတော့ဘူး။
ကိုယ့်စိတ်နဲ့ ကိုယ် တည့်အောင် ပေါင်းပါ။
အကြည့်တွေကို အပြင်ကို မပို့ပဲ။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ။
လက်ညှိုးတွေကို အပြင်ကို မထိုးပဲ ကိုယ့်ကိုယ်ကို ပြန်ထိုးပါ။ ဒီလို သုံးသပ်ရာမှာလည်း
မိမိကိုယ်မိမိ မညာစတမ်း သုံးသပ်ပြီး၊ မှန်မှန်ကန်ကန် မြင်ဖို့ လိုတယ်။ ဒါမှ အမြင်မှန်မှာပါ။
စကားတွေက လွယ်တယ်။ လက်တွေ့က ခက်တယ်။ ကဲ ဒါဖြင့် ကိုယ့်ကိုယ်ကို အရှိအတိုင်း မြင်အောင်
ဘယ်လိုကြည့်မလဲ။ နှစ်ကိုယ်ခွဲပြီး ကြည့်လိုက်ပါ။ ဆိုကြပါစို့။ ရုပ်ရှင်တွေထဲက အတိုင်း
မောင်ဖြူနဲ့ မောင်မဲ နှစ်ကိုယ်ခွဲပေါ့။
သူတစ်ပါး နေရာကနေ ၀င်ကြည့်လိုက်။ မိမိက တခြားသူပေါ့။
တခြားသူက မိမိပေါ့။ သူ့နေရာမှာ ငါသာဆို ဘယ်လိုခံစားရမလဲ လို့ လေးလေးနက်နက် တွေးကြည့်။
ဒါ ကိုယ်ချင်းစာ တရားနဲ့လည်း အကြုံးဝင်ပါတယ်။
မောင်ဖြူက မိမိ။ မိမိ ရဲ့ ကိုယ်ပွါးက မောင်မဲ။ မနာလိုမှုတွေ
သိပ်များနေတဲ့အခါ မျက်နှာကြီးက ဘယ်လို ဖြစ်နေမလဲ။ ရုပ်ပျက် ဆင်းပျက်ကြီးပေါ့နော်။ အဲလို
ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်နေတဲ့ မောင်မဲရဲ့ မျက်နှာ ရုပ်ပုံလွှာကြီးကို မြင်အောင် ကြည့်။
မမြင်ရင် မှန်ထဲ သွားကြည့်။ ဒါဆို အရှိအတိုင်း မြင်သွားမှာ သေချာပါတယ်။ ဒေါသထွက်နေတဲ့
အခါတွေမှာ ကြည့်။ လောဘ ဖြစ်နေတဲ့ အခါတွေမှာထွက် ကြည့်။ မကောင်းမှု အကုသိုလ်စိတ် တစ်ခေါက်ဖြစ်တိုင်း
စိတ်ကို ကော်ပီကူးပြီး နှစ်ကိုယ်ခွဲကြည့်။ ဘယ်လိုမှ လိမ်လို့ကို မရဘူး။
အကျိုးများပါတယ်။ လက်တွေ့ စမ်းကြည့်ပါ။
ဒီလို စိတ်ကို ကော်ပီဆွဲပြီး နှစ်ကိုယ်ခွဲကြည့်လို့ ဘာထူးမှာလဲ။
ဦးစွာ စိတ်ချမ်းသာမှု ရစေတယ်။ ငါဟာ ငါမှ မဟုတ်တာ။ ငါလို့ ထင်ထားခဲ့တာတွေဟာ အခုတော့
အလကား ပါလား ဆိုတဲ့ အသိနဲ့တင် တန်ပါတယ်။ နောက်တစ်ချက်က ဖြစ်ပေါ်လာမယ့် အဆိုးတရား တွေ
တန့်သွားစေလို့ နောင်တ ဆိုးကျိုးလည်း ကျော်လွှားနိုင်မှာပါ။ နောက်ပြီး မိမိ အကုသိုလ်စိတ်ကို
ပြန်အနိုင်ရလိုက်တဲ့ အတွက် ကြီးစွာ သော ကျေနပ်မှု ပီတိကို ကြက်သီးဖြန်းဖြန်းထမတတ် ခံစားရလိမ့်မယ်။
လောကမှာ အပြင်ရန်သူတို့ကို အောင်နိုင်ခြင်းထက် မိမိစိတ်ကို မိမိ အောင်နိုင်ခြင်းကသာ
စစ်မှန်တဲ့ အောင်မြင်ခြင်း ဆိုတဲ့ ဓမ္မပဒ လာ တရားတော် နဲ့လည်း ကိုက်ညီပါတယ်။ မကောင်းမှုတွေ
ရပ်တန့်သွားပြီး ရှောင်ကွင်းသွားတဲ့ အတွက် ကြာလာရင် ကိုယ့်စိတ်မှာ ကောင်းမှုတွေ ဆောင်နိုင်လာမှာပါ။
နောက်ပိုင်း အတွေ့အကြုံ ရင့်ကျက် လာတဲ့အခါ ကိုယ့်စိတ်မှာ ဘာဖြစ်နေလဲ ဆိုတာ တန်းခနဲ
မြင်သွားနိုင်လောက်တဲ့ အထိ ဖြစ်လာပြီး ဘယ်ကိစ္စရပ်မှာ မဆို အကယ်၍ မှားခဲ့ရင်တောင်မှ
“မိမိဘက်က လွန်တာပါ” ဆိုတဲ့ထိ မာန ကင်းစင်သွားရော။ အတ္တနဲ့ ပရ ကွဲပြားသွားတယ် ခေါ်မလား။
သူတစ်ပါးကိုလည်း အပြစ်မမြင်တော့သလို၊ အပြစ်တင် မစောတော့ဘူး။
ဒီလိုဆိုရင် အထက်ကပေးခဲ့တဲ့ စကားလက်ဆောင်လေးနဲ့ ကိုက်ညီသွားပြီပေါ့။
“မာန ကင်းစင်၊ ပြစ်တင်မစော၊ သူတော်ကောင်းတို့ သဘော”
ဝေနေယျ အားလုံး ခန္ဓာအရှိ၊ ဥာဏ်အသိနဲ့ ကိုက်ညီနိုင်ကြပါစေလို့
ဆုခြွေရင်း…..
သိရ် (အေးသာယာ)
xxxxxxxxx-
၂၅.၉.၁၃
No comments:
Post a Comment