Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

စကားလုံးသက်သက်

 စကားလုံးသက်သက်

သိရ်(တောင်ကြီး)

1.

ပြောခဲ့တဲ့အတိုင်း ဒါ အက္ခရာသက်သက် ၀တ္ထု ပါ။ ဒီတော့၊ ဒီတော့ ပေါ့လေ။ ဖြစ်ချင်တာက လမင်း  ဖြစ်နေတာက လရိပ်၊ စိတ်ကို လေထဲ ပစ်ခွင့်ထည့်လိုက်တယ်။ အရူးကအကောင်းကို ပြောရဲ့။ ခင်ဗျားရော၊ ကျုပ်နဲ့ ဘာထူးလို့လဲတဲ့။ ဒါပေမယ့် အဲ ဒါပေမယ့် ပေါ့လေ။ နော်။

ကဲ စကားလုံးတွေနဲ့ လွင့်မျောစို့ ။

2.

ဘ၀မှာ လိုအပ်တာထက် လိုချင်တာ က အလေးချိန် ပိုစည်းနေတော့ နိစ္စဓူဝ တွေက ဟန်ချက်မမျှတဘူး။ မပြည့်စုံမှု ကနေ ရုန်းကန်ခြင်း ကြောင့် ကြွယ်ဝမှု ဖြစ်လာမယ်။ ကြွယ်ဝမှု ကနေ မာန်တက်ခြင်း ကြောင့် မောက်မာမှု ဖြစ်လာမယ်။ မောက်မာမှု ကနေ ပွတ်တိုက်ခြင်း ကြောင့် ပျက်သုဉ်းခြင်း ဖြစ်လာမယ်။ ဒါကြောင့် မပြည့်စုံမှု ကနေ စတင်လာတဲ့ ပျက်သုဉ်းခြင်း ဆိုတဲ့ နံပါတ်အထိ လောဘစက်ဝိုင်း ဆင့်ကဲဖြစ်စဉ် မှာ ထွက်ရာလမ်းမဲ့၊ ပုထုဇဉ်တွေ အတွက် ဘဲဥအစ ရှာမရ သကဲ့သို့ပင်။ဖျတ်ခနဲ အိပ်မက်ကနေ လန့်နိုးသွားတယ်။

ကုန်ဈေးနှုန်းကလွဲရင် ကျတိုင်းလဲ မကောင်းဘူး။ မီတာက လွဲရင် တက်တိုင်းလဲ မကောင်းဘူး။ ကိုယ့်ကို ပစ်လိုက်တဲ့ အရာတွေ (လောက်စာလုံး၊ ခဲလုံး၊ ကျည်ဆန်) ကလွဲရင် မှန်တိုင်းလည်း ကောင်းတယ်။ ကရုဏာ ဒေါသော နဲ့ မေတ္တာ ရှေးရှုတဲ့ မိဘမေတ္တာတွေက လွဲရင် မှားတိုင်းလည်း မကောင်းဘူး။ ဘောပင်ကလွဲရင် သေးတိုင်းလည်း မကောင်းဘူး။ မိုးမျှော်တိုက်ကလွဲရင် ကြီးတိုင်းလည်း မကောင်းဘူး။

ထမင်းဆိုင်မှာ ဟင်းတစ်ပွဲ ၃၅၀၀ ကျပ် ဖြစ်ကတဲက စိတ်ဓါတ်ဂျုံးဂျုံး ကျသွားတယ်။ လျော့ဦးလေ ဆိုတော့ ရူးနေလား တဲ့ ၊ ခေါင်းထဲ လက်ခနဲ တစ်ချက်လင်းသွားတယ်။ ကိုယ့်ဖက်က မှန်နေရဲ့သားနဲ့ စော်ကားမော်ကား ခံရပြီဆိုရင်တောင် ကိုယ့်ဖက်က အလွန်မဖြစ်စေနဲ့၊ ကိုယ့်ဖက်က အပြစ်မကျူးလွန်စေနဲ့လို့ အမေ ပြောခဲ့တယ် လေ။ ၀ဋ်ရှိရင် ခံရမယ်၊ ဘာလို့ဆို ၀ဋ်ဆိုတာ ခံရမယ့် အရာ၊ ကာလ ၀ိပါတ် နောက်ပိုးတက်၊ ၀ဋ်ကြွေး ကြမ္မာ မပြေးသာ ။

တရားကို နတ်စောင့်၊ ကိုယ်မှန်ရင် ခေါင်းမရွေ့ပါ။ သူ့ကိုတောင် ကျေးဇူးတင်လိုက်၊ “ သြော်၊ ငါ့ဝဋ်ကြွေးတွေကို ကူညီဆေးကြောပေးနေသူပါလား ” လို့လေ။ ဒါဆို အမြင်ရှင်းပြီး ကုသိုလ်ရတယ်။

ဒါနဲ့ ဘယ်ချိန်ရှိပြီလဲ၊ ညနေစောင်းချိန် နေ၀င်တော့မှာပါလား။ ဘိုးတော်မင်းတရားခေတ်မဟုတ်တော့ဘူး။ ကမ္ဘာရွာခေတ်ကြီး ရောက်နေပြီ။ အားလုံးပြောင်းလဲသွားပြီ။ ခုခေတ်ကြီးမှာ ငွေဟာ ဒုတိယ ဘုရားသခင်ပဲ။

ငွေဆိုတာ လူ့သည်းခြေကြိုက်၊ ချွေးမစို့ အလှမပျက်ဘဲ လူတိုင်းငွေလိုချင်ကြမှာပဲ၊ ငွေအတွက်နဲ့ လူသတ်ဖို့တောင် ၀န်မလေးဘူး ဆိုတဲ့ class ထဲမှာ ကျွန်တော် မပါချင်ဘူး။ ကျွန်တော့်ဘ၀အတွက် ငွေဆိုတာ အရေးမကြီးဘူး။ (တကယ်လား သိန်းတစ်ထောင်ပေးမယ်ဆိုရင်ကော) ဒါကတော့ ဒါကတော့ ကွာ (မာန်နတ် က အတင်းလာဖျက်နေတယ်။) ဒါကတော့ စည်းကမ်းနဲ့ စာချုပ်ကို အရင်ဖတ်ရမှာပေါ့။ ဘယ်လိုနည်းလမ်းနဲ့ ဒီ သိန်းတစ်ထောင်ကို ကျွန်တော်လက်ခံရမလဲဆိုတာ လေးတော့ သိချင်သေးတာပေါ့ဗျာ။ အကုသိုလ် နဲ့ ဆက်စပ်လာရင်တော့ ဆောရီး၊ Cancel ပဲ။

ယူတတ်ရင် ကုသိုလ်ရတယ်။ အဟုတ်၊ ဥပမာ စကပ်တိုတိုလေး ၀တ်ထားတဲ့ ကောင်မလေးတွေ ဆိုရင်လည်း  “င့ါပေါင်တန်လေးမြင်မိတဲ့ ပုရိသ လေးတွေ ပျော်သွားပါစေ ” ဆိုရင် ၊ ဟော ကုသိုလ် မရပေဘူးလား၊ နောက်ပြီး တစ်ခါ မြင်ရသူ ဦးဦး၊ ဘဘ၊ ကိုကို၊ ဘိုးဘိုး၊ မောင်မောင်၊ ညီညီ၊ ဘေးဘေး၊ လေးလေး တို့ကလည်း  “အိမ်း တွေ့ရတာ တယ်မြိန်ပေကိုးပဲကွဲ့၊ လက်ဖက်နဲ့ မြည်းရရင် ပိုမြိန်မယ် ထင်ရဲ့ကွယ်” ဆိုပြီး ၊ ဟော အပျော်လေးတွေ ကူးစက်ပြီး ဖရဏာပီတိ ကုသိုလ်တွေ မရပေဘူးလား။ တရားသမားအဖို့ကတော့ “ အော် အပုပ်ကောင် အရုပ်ဆောင် အရိုးစု အရိုးစု” ဆိုပြီး မရဏာနုဿတိ ကုသိုလ်အထုံ ရမသွားဘူးလား၊ နောက်တာပါ တကယ်ပါ။

ဘ၀ဆိုတာ စေတနာထားတတ်ရင် နေရာတိုင်းမှာ ကုသိုလ်တွေ အဆင်သင့်ရှိနေတယ်။ စေတနာသာ ပါလို့ကတော့လေ။ ဟောဒီ ကမ္ဘာမှာ ထမင်းရောင်းရင်းလည်း ကုသိုလ်ရနိုင်တယ်။ ဆရာ၊ ဆရာမ လုပ်ရင် လည်း ရနိုင်တယ်။ စာရေးရင်းလည်း ရနိုင်တာပဲ၊ ကားစီးရင်း လမ်းလျှောက်ရင်းလည်း ရနိုင်တယ်။ စကားပြောရင်းနားထောင်ပေးရင်းလည်း ရနိုင်တယ်။ ရယ်ရင်း ငိုရင်းနဲ့လည်း ရနိုင်တယ်။ (အသုဘတွေ မှာ စေတနာပါပါ ငိုပေးရင် ကုသိုလ်ရတာပေါ့) အများကြီးရှိသေး အဲလိုပေါ့။

မြန်မာနိုင်ငံမှာ အဖြစ်များလေ့ရှိတဲ့ စိတ်ဓါတ်ညံ့က သူများအောင်မြင်မှု ကိုယ့်မနာလိုမှု၊ ကြယ်တွေကို ကြည့်ပေး အရမ်းအပြစ်ကင်းတယ်။ သဘာဝနဲ့ တသားထဲ နေမှုကသာ စစ်မှန်တဲ့ နေခြင်းတရား၊ ဘဂ္ဂဒက်နဲ့ ဂါဇာ ကမ်းမြောင် ယူတတ်ရင် သံဝေဂ ပွားကြ၊ အီရတ်နဲ့ ဆော်ဒီ၊ ကူဝိတ်၊ လစ်ဗျား ပွားပါလေ့ သံဝေ ဖောသီသီ။ မောတယ် အတွေးတွေ လိုက်ဖမ်းရတာ မောတယ်။ ကတွတ်ရေပွင့် တရစပ်ကြီး စီးဆင်းပုံများပြောချင်ဘူး ။ မောပ လိုက်ပါများတော့ ဝေဒနာတွေသာ လှိုင်ဘောလည်ကြီး အဖတ်တင်ကျန်ရစ် ခဲ့။

မနှေးမှန်စွာ ၊ သို့ ပြန်စာပို့၊ ဖွေရှာကြံတွေး၊ ကာရန်ရွေးသီ၊ အတွေးပန်းချီ၊ စိတ်ဝယ်မှီကုံး၊ အရယ်ပြုံးငွေ့ ၊ မှုန်းမြေ့မြေ့ထုံ၊ မေ့မေ့မုန်းမုန်း ၊ သက်ဆုံးရှုံးထိ၊ လုံးလုံး မမေ့ရက်ပါ ယုံကွယ်။မြန်မာပြည်မှာမွေးတဲ့ မြန်မာတစ်ယောက်မို့ မြန်မာ့ရေသောက် မြန်မာ့မြေမှာနေ၊ မြန်မာ့လေ ရှူရင်းနဲ့ မြန်မာစကားပြေ၊ မြန်မာစာတွေသင်၊ မြန်မာစာတွေဖတ်၊ မြန်မာစာတွေရေး၊ မြန်မာလိုပဲ ပြောကြ၊ မြန်မာ့ဟန်ကို ခံစားရင်း မြန်မာ ပီသဖို့ မြန်မာ့အမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မြန်မာပီသကြပါစေ၊ မြန်မာပြည်ဟေ့ ကမ္ဘာတည်သရွေ့ ဇာနည်ဓလေ့ကိုပြ (ရွာစား လုပ်ဟ၊ ဘိန်းဘောင်း )

အရှက်နဲ့ အကြောက်ဟာ ကမ္ဘာ့လောကပါလ တရား၊ ကိုယ်ချင်းစာတရားဟာ ကမ္ဘာ့ဘာသာရေးတစ်ခု၊ အားလုံး သီလထဲမှာ အကြုံးဝင်ပါတယ်။ လူတစ်ယောက် ကို တူးတူးခါးခါးမုန်မိပြီဆိုရင် နှလုံးသားထဲ ဓါးဝင်နေသလိုပဲ တော်တော် ဆိုးတယ်။ သွားမလုပ်နဲ့ အဲဒါ မီး၊ ပူတတ်တယ် မကိုင်ရ။ ဘုန်းကြီးနဲ့ မိတ်ကပ်၊ သီလရှင်နဲ့ ဘီး။ အပျိုမဒန်းမလေး နဲ့ မလုံမခြုံလို ကလက်တတ်တယ် မအပ်စပ်။

မူရင်းမကောင်းရင် ဘယ်လိုမှ မိတ္တူမကောင်းဘူး။ ကိုယ့်ပုံမလှတိုင်း ဓါတ်ပုံဆရာကိုလက်ညှိုးထိုး မစောနဲ့လေ။ ကိုယ့်ကံကြမ္မာကိုယ်ပြန်ကြည့် ၊ အကမတတ်တော့ ဖျာအပြစ်တင်သလိုမျိုး၊ ရှက်တတ်ရင် သတ်သေသင့်တယ်။ အသက်ကြီးမှ လက်တွန်းလှည်းတွန်းရတယ် ဆိုတာလည်း ဒီလိုပဲ၊ အမေက ပြောတယ်။ ဒီလို အိုဇာတာ မကောင်းတဲ့ သူတွေ ကို လိုက်မေးကြည့် လိုက် နောက်ကြောင်း မကောင်းတာ တစ်ခုတော့ ရှိစမြဲတဲ့ ၊ ကံငါးပါး ကို ပြောနေတာပါ။

အကြောင်းနဲ့ အကျိုးကို မယုံရင် အစောထဲက လူမလုပ်နဲ့တော့၊ လူလုပ်လို့မှ အကြောင်းအကျိုး မယုံဘဲ ၊ ဆင်ကန်းတောတိုးခဲ့ရင် ၊ ဗိုလ်အောင်ဒင် ပြောသလိုပေါ့။ “ အလှည့်ကျတော့ ၊ မနွဲ့စတမ်းလေ ၊ ကိုယ့်လူ” ပေါ့။ လောက ဆိုတာ ရှင်းတယ်။ ဘ၀ဆိုတာ တိုတိုလေး၊ ကိုယ်ကြိုက်ရာလမ်းကို အရင်ရွေးလိုက်၊ ကိုယ်ကြိုက်တာလုပ်လိုက်၊ ပြီးရင်တော့ ကိုယ်လုပ်ခဲ့တာကို ပြန်ခံလိုက် ဒါပဲ။ ဘာမှ မရှုပ်ဘူး၊ ရှင်းရှင်းလေးရယ်၊ စာရွက်ဗြောင်ကမှ ရှုပ်ချင်ရှုပ်နေဦးမယ်။

နာကျင်စရာဆိုတာ အကျိုးပြုကိစ္စမဟုတ်လို့ ပြန်ပြီး ရေမနှူးသင့်ဘူး။ လောဘဒေါသတရားကိုယ်ကြီးသူတွေနဲ့ ထိပ်တိုက်ပက်ပင်းကြုံဆုံရရင် သတိဆိုတာ အမိအရ လှမ်းဆွဲသင့်တဲ့အရာပဲ။ လောကမှာ ဘယ်အရာမှ တည်မြဲ လေ့ မရှိပါဘူး။စိတ်ချ တစ်ချိန်မှာပြန်အကျိုးပေးဦးမှာပါ မလွဲမသွေ မုချ။ အဆင်သင့် သိုလျှောင်သိမ်းဆည်းမှု တွေ ရှိတယ်။ ကံပဲပေါ့။ ကိုယ်ပြုသမျှဟာ ကံ၊ ကံသည် အလုပ်။

အဲဒီထဲမှာ စိုးရိမ်မှုတွေ ရှိတယ်။ လိုချင်တောင့တမှုတွေ ၊ သောက ဗျာပါဒတွေ၊ အာဃာတတွေ၊ ပျော်ရွှင်ကြည်နူးမှု၊ အချစ်၊ သံယောဇဉ်နဲ့ မေတ္တာ အစုံ အစုံပဲ၊ အဆိုးများပြီး အကောင်းက နည်းနည်းလေး ရယ်။ အတွေးရိုင်းတွေ ပေါက်ဖွားဖို့ အကောင်းဆုံး စားကျက်နယ်ပယ်က မောဟနွံ ။ အလိုမကျမှုကို သေချာဓါတ်ခွဲပြီး စိတ်ဖြာကြည့်ရင် ကိုယ့်စိတ်နဲ့ အံမ၀င်တာကို တွေ့ရမယ်။ ဘာကိုမှ ကိုယ့်စိတ်နဲ့ နှိုင်းပြီး မဆုံးဖြတ်သင့်၊ မခံယူသင့်၊ သူ့အကြောင်းရှိခဲ့လို့သာ သူ့အကျိုးပေး ခံစားရတာ၊ သူ့အကြောင်းကောင်းခဲ့လို့ အကျိုးပေး ကောင်းနေတာ၊ ဟော အဲဒီလို လှည့်တွေးလိုက်တော့ ပေါ့မသွားဘူးလား၊ ဘာမနာလိုစရာ ရှိလို့လဲ၊ ကိုယ့် စိတ်ထဲမှာ ဘာကိုမှ မခံယူထားတော့ ဘာမှ ခံစားဖို့ မရှိတော့ဘူး။ ဘယ်လောက် ပေါ့သွားလဲ တွေးကြည့် ။

ခရီးထွက်ဖူးရင် သိမယ်။ လောကမှာ ဘာမှ မလိုဘူး၊ ဆရာ မောင်ချောနွယ် ပြောသလိုပေါ့။

 “မိတ်ဆွေ စစ်စစ် နဲ့ ရန်သူ စစ်စစ် နှစ်မျိုးပဲ လိုတယ်။”

ငိုတတ်ဖို့နဲ့ ရယ်တတ်ဖို့ပဲ လိုတယ်။ အလိုက်သင့် ပူးတုံခွာတုံပဲ လိုတယ်။အိပ်ဖို့နဲ့ နိုးဖို့ပဲ လိုတယ်။ လိုတိုးပိုလျှော့ နဲ့ ပိုလျှော့လိုတိုးပဲ လိုတယ်။ စားဖို့နဲ့ စွန့်ဖို့ပဲ လိုတယ်။ အလိုက်သိဖို့နဲ့ စိတ်ရင်းကောင်းဖို့ပဲ လိုတယ်။ တာဝန်နဲ့ ၀တ္တရားသိတတ်ဖို့ပဲ လိုအပ်တယ်။ အချစ်များများ နဲ့ အမုန်းနည်းနည်းပဲ လိုတယ်။ ခန္တီစ နဲ့ ယောနိသော မနသီကာရ ပဲ လိုတယ်။ စကားပြောတတ်ဖို့နဲ့ တိတ်တိတ်နေတတ်ဖို့ပဲ လိုတယ်။ နောက်ပြီး လောကနီတိ နဲ့ လူ့ကျင့်ဝတ်ပဲ လိုတယ်။ ဘာမှ မလိုဘူး။3.

အမြင့်ကြီးကို ကြည့်ပြီး စိတ်ပျက်အားငယ်ရင်း ဘာမှ မလုပ်နိုင်တဲ့အခါမျိုးမှာကိုယ်စွမ်းနိုင်တဲ့ကိုယ့်စွမ်းအားလေး တွေနဲ့ပဲ နည်းနည်းကလေး စတင်သင့်တယ်။ (မင်းရော လုပ်ဖူးလို့လား) လုပ်ဖူးတာပေါ့။ သိုးမွှေးလည်း ထိုးဖူးတယ်။ စာအိတ်လေးတွေ လည်း ချိုး၊ ရောင်းဖူးတယ်။ ဘာမှ မလုပ်ရင် ဘာမှမဖြစ်သလို အလကာ ဆိုတာ အလကား ပါပဲ။ ဘာမှ မဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့လေ။ တစ်ခုခု ဖြစ်ရင်တော့တ စ်ခုခု ဖြစ်တာပဲပေါ့။ ဒီလိုပဲ လောက ဓမ္မတာကိုက မဟုတ်သေးခင်တော့ မဟုတ်သေးဘူး။

နားလည်မှုဆိုတာ မရမက အတင်းကာရောမွေးသင့်တာမျိုးဗျ။ နားလည်မှုကို တစ်ဖက်သက်ဆန်ဆန် ဇွတ်အတင်းကြီးကနေ စရတယ်။ ဒါ လူမှုဝန်းကျင်ရဲ့ လူမှုဆက်ဆံရေး အုတ်မြစ်အခြေခံတစ်ခုပဲ၊ အဲဒီက ဖြာထွက်လာတဲ့ အရာတွေက အများကြီး အားလုံးအပေါ်မှာ နားလည်မှုက အုပ်မိသွားတယ်။ စာနာခြင်းပေါ့။ ဒါလည်း နားလည်ခြင်းတစ်မျိုးပဲ။ လမ်းပေါ်က တွေ့နေကျ ကိုယ့်ထက်နိမ့်ပါးတဲ့ လူတစ်ယောက်ကို ဘာမှ မပေးနိုင်ရင်တောင် အနည်းဆုံးတော့ အပြုံးတစ်ခုဖြစ်ဖြစ်၊ လေးစားဦးညွတ်မှု ဖြစ်ဖြစ် တစ်ခုခုတော့ ပေးနိုင်ရမှာပေါ့ဗျာ။ မဟုတ်ဘူးလား၊ တစ်ဖက်လူဘယ်လောက်ပျော်သွားမလဲ တွေးကြည့်၊ ကိုယ့်ဘက်က ဘာမှ မပင်ပန်းလိုက်ရပဲနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ တစ်နေ့တာ ပျော်ရွှင်မှုအတွက် အပြုံးလေးတစ်ခုတော့ မနက်တိုင်း လက်ဆောင်လိုက်မဝေငှသင့်ဘူးလား။ ကရုဏာ ဒါလည်း နားလည်ခြင်းတစ်မျိုးပဲ၊ အဒေါသ မေတ္တာ ။ နားလည်မှု ပဲ၊ ခန္တီ၊ အတူတူပဲ၊ မုဒိတာ ၊ သူတစ်ပါး ကောင်းစားတာ မြင်ရကြားရ တဲ့အခါ ကိုယ်ကိုယ်တိုင် တွေ့ထိခံစားသုံးဆောင်နေရသလို ပျော်ပေးရမယ်။ ဒါ လိုအပ်တယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ဥပေက္ခာ ။ ကိုယ့်ကို အဆိုးမြင် တိုက်ခိုက်ခဲ့ရင်တောင် အပြုံးလေးနဲ့ ခံနိုင်ရည်ရှိရှိ ဥပေက္ခာပြုနိုင်ရမယ်။ ကျွန်တော်ပြောနေတာတွေ သံကင်းတမန်ကင်း များဆန်နေရော့လား ခင်ဗျာ။

ပ်စေးနှဲသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူပါ။ ဒေသကြီးသူကို ခွင့်လွှတ်ခြင်းနှင့် အနိုင်ယူပါ။ မာနကြီးသူကို သည်းခံ အလျော့ပေးခြင်းနှင့် အနိုင်ယူလိုက်ပါတဲ့။

သိချင်ဝယ်ဖတ် ၁၅ ကျပ်တဲ့။

“ ငါလဲ နင့်ကို ချစ်လိုက်တာပေါ့။ အဲလေ နင့်လို ချစ်လိုက်တာပေါ့။ ”

သေချာ စဉ်းစားကြည့်။

လူတိုင်း မပေါနိုင်ကြ။ မပေါရဲကြ၊ မပေါအားကြ၊ မပေါတတ်ကြ၊ မပေါဝံ့ကြ၊ ပေါဖို့တောင် အချိန် မပေါကြဘူး။ ခက်ခံလား၊ ဒီတော့ နင်လဲ လက်မထောင်၊ ငါလည်း ခြေမထောင်မယ်။ နင်လဲ လေပေါ် လက်ဝှေ့ရမ်းပြ၊ ငါလည်း ကင်းမြီးကောက်ထောင်ပြီး ခြေထောက်ဝှေ့ရမ်း ပြမယ်။ Ok Let do it ဆက်ပေါကြစို့၊ (ဒါများကွာ ဘာများလဲလို့ ငါ့နှယ်) ဒီစာပိုဒ်ကို အစကနေ သုံးခါ ဖတ်ပြီး ရယ်မောပါ။ သုံးခါထက် ပိုမရယ်ရ။ ၃ လ ပိုင်း ၃ ရက်နေ့ ညနေ ၃ နာရီ အချိန်မှာ လူ ၃ ယောက်၊ ၃ လမ်းဆုံထိပ်မှာ ဖတ်ပြီး ၃ ခါ အော်ရယ်ရင်ပိုကောင်းပြီး ထိရောက်တယ်။ ၃ နှစ်အောက် ကလေးငယ်များကို တော့ မဖတ်မိပါစေနဲ့ (ဝှေးတက်မှာ စိုးလို့) ဒါပေမယ့် တစ်နေ့ကို ၃ ခါ လောက်တော့ အနည်းဆုံး ရယ်မောသင့်တယ်။ တရုတ်ဆေးပညာအရ ပြောရတာပါ။  ရုပ်တည်ကြီး လုပ်မထားသင့်ဘူး။ အကြောတွေ တင်းနေတော့ မြစ်ပွားနာတို့ ကင်ဆာတို့ ဆီးချိုတို့ ဖြစ်လွယ်တတ်တယ်။ လောကကြီးကို ချစ်တယ်လို့ အော်ပြောလိုက်ပါ။ အခုက စပြီး စိတ်ညစ်တာကို ဖြေလျော့လိုက်တော့ ၊ ဘ၀ ဆိုတာ ဒီလိုပါပဲ လို့ တစ်နေ့ ၃ သုံးကြိမ် ရွတ်ပေး၊ အိုကေ။

×××

No comments:

Post a Comment


Aung Hein - နည်းပညာ