သမိုင်းဝင် စံကား မြို့ဟောင်း သို့ တစ်ခေါက်
စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ ရှိတဲ့ အင်းလေးကန်ဟာ
ထုံးကျောက်ကန်ကြီး တစ်ခု ဖြစ်ပြီးတော့ ရှေးနှစ်သန်းပေါင်းများစွာထဲက
ဖြစ်တည်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမိုင်းကြောင်း အစဉ်အဆက် ပြောရမယ် ဆိုရင် ညောင်ရွှေမြို့ဟောင်း ၊ ကောသမ္ဘီမြို့ဟောင်း ဆိုပြီးတော့ ခေတ်ချင်း ကွာခြားတာကို မြင်ရပါတယ်။
ကောသမ္ဘီမြို့ဟောင်းဟာ ပျူနဲ့ ခေတ်ပြိုင်ဖြစ်ပြီးတော့ ပျူကနေ ခွဲထွက်လာတယ်
လို့လည်း ဆိုပြန်ပါတယ်။ ကောသမ္ဘီဟာ မောင်နှမ နှစ်ယောက် အုပ်စိုးတဲ့
တိုင်းပြည် ဖြစ်ပြီးတော့ ပိုပြီးတော့ ရှေးကျတယ်လို့ သိရတယ်။
ကောသမ္ဘီမြို့ဟောင်း ဟာ အခု ညောင်ရွှေ- ရွှေညောင် လမ်းပေါ်က ပေါရိသတ် ဘုရား၊
ကနေ လမ်းခွဲ အတိုင်း ၀င်သွားလိုက်ရင် မြို့ဟောင်း တည်နေရာကို ရောက်ပြီး၊
မြို့ရိုးတွေလည်း အနည်းငယ် ကျန်ရှိပါသေးတယ်။ ဆက်သွားလိုက်ရင် တောင်လေးလုံး
နဲ့လည်း နီးပါတယ်။
စံကား မြို့ဟောင်း ဟာလည်း အဲဒီကောသမ္ဘီ နဲ့ ခေတ်ပြိုင် ထွန်းကားခဲ့မယ်လို့
ယူဆ ကြပါတယ်။ စံကားမြို့ဟောင်း ဟာ အင်းလေးကန် တောင်ဘက်ပိုင်းမှာ
တည်ရှိပြီးတော့ ဆက်သွားမယ်ဆိုရင် မိုးဗြဲ၊ ဖယ်ခုံ ကနေ ကယားပြည်နယ်
လွိုင်ကော်မြို့ကို ရောက်ပါတယ်။ စံကားမြို့ဟောင်းမှာ ယခု ထက်တိုင်
ရှေးဟောင်း လက်ရာ ဘုရား စေတီတော် အပြိုအပျက်များကို မြင်တွေ့နိုင်ပြီးတော့၊
အလွန်အင်မတန် အဖိုးတန်တဲ့ သန္တာကျောက်တန်းကြီးတွေလည်း တည်ရှိပါတယ်။
စံကား မြို့ဟောင်းကနေ ၁၅ မိနစ်ခန့် ဆက်သွားတဲ့အခါ ရောက်တဲ့ ကုန်းသာရွာ မှာ
နာမည်ကျော် သန္တာကျောက်တန်း များ တည်ရှိတာဖြစ်ပြီး၊ အင်းလေးကန် ကို
ရေစီးဆင်းမှု နှေးအောင်၊ အနည်အနှစ်တွေ ပို့ချအောင် တားဆီးထားတာ ဖြစ်ပါတယ်။
Xxx
တည်နေရာ
တောင်ကြီးကနေ ညောင်ရွှေကိုရောက်ရင် မိုင်းသောက်-နန်းပန် လမ်းအတိုင်း
စံကားမြို့ဟောင်းအထိ လမ်းပေါက်ပါတယ်။ တောင်ကြီး ကနေ စံကားအထိ ၅၅ မိုင် ခန့်
ကွာဝေးပြီး ဆိုင်ကယ်နဲ့ ၄ နာရီလောက် မောင်းရင် ရောက်ပါတယ်။ မှော်ဘီရွာ
လမ်းခွဲ တုန်ဟုန်း တံတားကနေ ပင်လောင်း ကို သွားတဲ့ လမ်းခွဲလည်း
ရှိပါသေးတယ်။
စံကားမြို့မ ကျေးရွာ ဆိုတဲ့ လမ်းချိုးအတိုင်း ၀င်သွားရင် စံကား
မြို့ဟောင်း ကို ရောက် နိုင်ပြီး၊ ရှေးဟောင်းဘုရား စေတီတော်များကို
လေ့လာနိုင်ပါတယ်။ စံကားမြို့မ ကျေးရွာကနေ ၁၅ မိနစ်လောက် ဆက်သွားတဲ့ အခါ မှာ
ကုန်းသာရွာ ကိုရောက်ပြီး ရွာလမ်းအတိုင်း သွားလိုက်တဲ့အခါ သန္တာကျောက်တန်း
အလှအပ ကို သွားရောက် ကြည့်ရှုလို့ရပါတယ်။ လမ်းကတော့ တောလမ်း ဖြစ်တဲ့ အတွက်
လမ်းဆိုးပါတယ်။
သန္တာကျောက်တန်းတွေကို အင်းသား အခေါ် ဒေသအခေါ် ကတော့ တာရိုး လို့ ခေါ်ပါတယ်။
ကျောက်တန်းဟာ လူတစ်ရပ်ကျော် မြင့်ပြီးတော့ ဗြက်ကတော့ အနည်းငယ်
ကျဉ်းမြောင်းပါတယ်။ အခုဆိုရင် ခြုံနွယ်ပိတ်ပေါင်းတွေ နဲ့ အဝေးကနေ ကြည့်ရင်
ရှင်းလင်းစွာ မမြင်နိုင်ပါဘူး။
စံကားမြို့ဟောင်း ဒေသခံ တွေက တံငါရှာ ငါးဖမ်း၊ ကျွန်းမျောစိုက်တဲ့
ရိုးရာအလုပ်ကို လုပ်ပါတယ်။ တံငါ ခြောက်လ ၊ ခြံခြောက်လ ဆိုတဲ့ စကား
တိုင်းပဲ၊ အကုန်လုပ်ပါတယ်။ ရလာတဲ့ ငါးတွေကို ပြန်ဝယ်တဲ့ ဒိုင် ရှိပြီး တော့
ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် ကို ပြန်လည် တင်ပို့ ရောင်းချတယ် လို့
ဆိုပါတယ်။ ကြောင်ငါးလို့ ခေါ် တဲ့ ဆလားဘီးယား (ငါးကင်လုပ်တဲ့ငါး) တွေကို
အများဆုံး ငါးခြောက်လုပ်ပြီး နေလှန်းထားတာ ဖြစ်ပါတယ်။
Xxx
စကား မြို့
ညောင်ရွှေမြို့နယ်၊ အင်းလေး တောင်ဘက်မှာ တည်ရှိပြီး၊ လှေနဲ့ သွားနိုင်သလို၊ မိုင်းသောက်-နန်းပန် ကားလမ်းအတိုင်းလည်း သွားလို့ ရပါတယ်။
စကားမြို့ဟောင်းနဲ့ သမိုင်းဝင်ဘုရားစေတီများကို မြန်မာသက္ကရာဇ် - ၈၄၁ (၁၅)
ရာစု၊ ခရစ်သက္ကရာဇ် (၁၄၇၈) ခုနှစ် ခန့် တွင် အုပ်ချုပ်ခဲ့သော ကျင်းဟိုင်
မြို့စား ညီအစ်ကို နှစ်ဦး ဖြစ်သော စပ်ပြားလဲ နှင့် စပ်ပြားခဲ တို့မှ
တည်ထားခဲ့ကြောင်း၊ စကားရွှေဂူဘုရားမှာ စကားသား(Frangipanni) သစ်မာအပင်ကြီး၏
အသားဖြင့် ထုလုပ် ကိုးကွယ်ခဲ့သဖြင့် စကားရွှေဂူ ဘုရားဟု
အမည်ပေးခေါ်ဝေါ်ခဲ့သည်။
စကားရွာ၊ စကားမြို့ဟောင်း၊ စကားမြို့မ၊ ကုန်းသာ ရွာနှင့် သာခေါင်ရွာ တို့
တည်ရှိပြီး၊ လူဦးရေ စုစုပေါင်း ၁၅၀၀ ခန့် နေထိုင်ကာ အင်းသား၊ ရှမ်း နှင့်
ပအိုဝ်း တိုင်းရင်းသားတို့ နေထိုင်ကြတာ မြင်တွေ့ရတယ်။ စိုက်ပျိုးရေး အဓိက
လုပ်ကိုင်ကြပြီး၊ ငါးဖမ်းခြင်း၊ ငါးခြောက်ရောင်းခြင်း၊ အချို့ ဆီကြိတ်ခြင်း
လုပ်ကြပါတယ်။
စကားရှေးဟောင်းသမိုင်းဝင်ဘုရား၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ စကားမြို့နှင့်
စကား(၅)ရက်ဈေးနှင့် သာခေါင်စေတီစုများ၊ သာယာကုန်းရွာ အရက်ဖို တို့ ကို
လည်ပတ်နိုင်ပါတယ်။ စကားရွာမှာ ရှေးဟောင်း သမိုင်းဝင် ဘုရားပေါင်း ၁၂၀ ဆူ
ရှိပြီးတော့၊ သာခေါင်ရွာ ရှေးဟောင်း သမိုင်းဝင်ဘုရားပေါင်း ၂၃၆ ဆူ ရှိကာ
သခေါင်ဆွမ်းလောင်းပွဲကို နတ်တော်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ ရှိမြဲ
ဖြစ်ပါတယ်။
စကားမြို့မကျေးရွာ မှာ ဆိုရင် ဆီပန့်လည်း မရှိသလို၊ ရွာအ၀င်လမ်းလည်း
ဖုန်တသောသော နဲ့ လမ်းဆိုး ပါတယ်။ စကားကနေ ၁၅ မိနစ်လောက် ဆက်သွားရတဲ့
ကုန်းသာရွာ အရောက်မှာတော့ ကတ္တရာလမ်း မရှိတော့ဘဲ ကျောက်ကြမ်းလမ်း
ခင်းထားတာပဲ ဖြစ်ပါတယ်။
xxxxxx
အင်းသား ရိုးရာ ဓလေ့များ
အင်းသား များဟာ တိဘက်- မြန်မာ အုပ်စုဝင် ဖြစ်ပြီး အင်းလေးကန်မှာပဲ
နေထိုင်ကြတာ ဖြစ်တယ်။ အင်းသား လူမျိုးစုမှာ ၉ ရာစုတွင် ရှိနေခဲ့ပြီး
မြန်မာနိုင်ငံ အရှေ့မြောက်ဘက် တိဘက် ကုန်းပြင်မြင့်မှ ဆင်းသက်လာသူများ
ဖြစ်တယ်လို့ ဖတ်ရဖူးပါတယ်။
အင်းသားတွေဟာ မြန်မာတွေနဲ့ မခြားဘဲ ပင်နီရောင် ရှမ်းတိုက်ပုံနှင့်
ရှမ်းဘောင်းဘီ ကို ၀တ်ဆင်ကြပြီး၊ အမျိုးသမီး တွေက မြန်မာ
အမျိုးသမီးများအတိုင်းပဲ ၀တ်ဆင်တာ ဖြစ်ပါတယ်။
အင်းသားတွေ စကားပြောတဲ့ အခါမှာ သ နဲ့ ဆ နဲ့ မကွဲပါဘူး။ ဥပမာ - အင်းသား ကို
သူတို့အခေါ် အင်းဆား လို့ ခေါ်ပါတယ်။ အကြီးကို အကူးလို့ ခေါ်တယ်။ ကျွန်တော့်
နာမည် စည်သာဟိန်း ကို သူတို့က အင်းသားလို သီတာအေး လို့ ခေါ်ကြပါတယ်။
အင်းသားလို စကားကို မြန်မြန် မြန်မြန် ပြောမယ် ဆိုရင် ကျွန်တော်တို့ နားထဲ
ဘယ်လိုမှ လိုက်မမှီတော့ပါဘူး။ အင်းသားတွေဟာ ထားဝယ်ကနေ ဆင်းသက်လာတဲ့ အတွက်
ထားဝယ် စကား နဲ့လည်း တစ်ပုံစံ တူနေပါတယ်။
အင်းသားတွေ များသောအားဖြင့် အစပ်နဲ့ အငန် ကို အလွန်အကျွံ စားပါတယ်။
ငါးဟင်းကို ဒိုင်ခံ နေ့တိုင်း ချက်လေ့ ရှိပြီးတော့ မရိုးနိုင်အောင် ငါးကို
စားကြပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ငရုပ်သီးတွေ နှိုင်းချင်းထည့်ပြီးတော့
စပ်စပ် ရှူးရှဲ ချက်စားကြပါတယ်။ ကျွန်တော်ကတော့ ငန်ငန်စပ်စပ် ဟင်းကို
မစားနိုင် ပေမယ့် အင်းသားတွေက အရမ်းကြိုက်တယ်လို့ ပြောပါတယ်။
အင်းသားတွေဟာ အချက်အပြုတ် တော်ပြီးတော့ တောင်ကြီးမြို့ပေါ်မှာ ရှိတဲ့
တရားရိပ်သာတွေ၊ ဘုန်းကြီးကျောင်းတွေ နဲ့ အလှူအတန်း ပြုလုပ်ရာမှာ အင်းသား
စားဖိုမှူးတွေ လက်စွမ်းပြ ချက်ပြုတ်လေ့ ရှိပါတယ်။ အင်းသားတွေ ချက်တဲ့
နာမည်ကျော် ဟင်းလျာတွေကတော့ ပဲလုံး (သို့မဟုတ်) ငါးရှဥ့် ဆေးခါးဟင်းချို၊
ငါးရှဥ့်ဟင်း၊ ၀က်သားဟင်း၊ ၀က်အူ အင်းသားချက်၊ ငါးဒုက္ခ၊ ဂျူးမြစ်သုပ်၊
လက်ဖက်သုပ်၊ ပဲခြမ်းကြော်၊ စတဲ့ ဟင်းကြီးမျိုးတွေ၊ နောက်ပြီးတော့ သားရေစာ
အဖြစ် ၀က်သားချဉ်၊ ဟင်းထုပ်၊ အင်းမုန့်တီ၊ ငါးထမင်းနယ်၊ ထိုဖူးသုပ်၊
ကောက်ညင်းခွက်၊ ကောက်ညင်း ကျည်တောက် စတာတွေက အင်းသားတွေ လုပ်ရောင်း
ကြတာများပါတယ်။ ဒါပေမယ့် အာလူးထမင်းတွေကတော့ ဓနုတွေလည်း လုပ်ပါတယ်။
နောက်ပြီး အင်းသားတွေ ရောင်းတဲ့ မုန့်တွေ ဖြစ်တဲ့ မုန့်ပြာလူး၊
မုန့်ခေါင်းအုံး၊ ဘီးမုန့်၊ မုန့်ကြွပ်၊ ကြွေမုန့်တွေ ကို အိမ်မှာ ကျွေးလေ့
ရှိပါတယ်။ ထမင်းစားပြီးရင် နေကြာစေ့၊ ပဲကြီးလှော်၊ ပဲပုပ်စေ့လှော်၊
ကြွေမုန့် မီးကင်၊ မုန့်ကြွပ် ကို ဆီစိမ်း နဲ့ တို့စား စေပါတယ်။ ဒါပေမယ့်
မုန့်ကြွပ်က ငန်တော့ သွေးတိုးတဲ့ အတွက် ကျွန်တော်မစားနိုင်ပါဘူး။
ကျွန်တော်ကြိုက်တာကတော့ အင်းလေး ကြောင်ငါး(ခေါ်) ငါးခြောက် ပါ။
ငါးခြောက်လို့သာ ပြောတယ်။ မစိုမခြောက်လေးပါ။ ငါးခြောက် အစို ကို
မီးဖုတ်ပြီး သံပုရာရည် ဆမ်းလိုက်တဲ့ အခါ အရမ်းစားကောင်းလို့ ငါးမကြိုက်တဲ့
ကိုယ်တောင် စွဲသွားတယ်။ ငါးခြောက် အာနိသင် အတိုင်း အငန်ဓါတ်လည်း ရှိတယ်။
အစို ဖြစ်တဲ့ အတွက် အသားက ပျော့ပျော့လေး နဲ့ ချိုနေတာ။ ထမင်းနဲ့ စားရင်
အင်မတန် နှုတ်မြိန်စေတာ ဖြစ်လို့ ကောင်းပါတယ်။ အင်းလေးမှာ ငါးခြောက်
တစ်ပိဿာမှ နှစ်ထောင်၊ သုံးထောင်ပဲ ရှိပါတယ်။
Xxx
အင်းသားတွေ ရဲ့ လိုအပ်ချက်များ
တခြား တိုင်းရင်းသားတွေ ထက် စာရင် အင်းသားတွေရဲ့ ဆုံဆည်းရာနေ့ကို အမြဲ
နှစ်စဉ် နှစ်တိုင်း ကျင်းပလေ့ ရှိပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အလေ့အထ
တစ်ခုပါပဲ။
လိုအပ်ချက်တွေကတော့ အင်းသား တွေဟာ ဖွဲ့စည်းပုံ ပြည့်မှီသော်လည်း ယခုချိန်ထိ
ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသ မရသေးတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်းသား
စာပေ နှင့် စကားကို သင်ရိုး ပြဌာန်း နိုင်ခြင်း လည်း မရှိသေးပါဘူး။
နောက်ပြီး အင်းသား ရိုးရာ အိုးစည် နဲ့ တူရိယာ တွေ၊ အင်းသား ရိုးရာ ဓလေ့
ထုံးတမ်း တွေကို လည်း ဒီ့ထက် ပိုမို ကျစ်လစ်ခိုင်မာအောင် ပြန်လည်
စုစည်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အင်းလေးဟာ လောပိတရေအားလျှပ်စစ်အတွက် အဓိက ရေအရင်းအမြစ် ဖြစ်ပြီး၊ ၁၉၄၇
ခုနှစ်မှာ ရေအားလျှပ်စစ် စူးစမ်းတိုင်းတာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊
၁၉၅၄ ခုနှစ်တွင် ဂျပန် ကုမ္ပဏီ က (NKK- Nippon Koei Kabushilu Kaisha) နှင့်
စာချုပ်ချုပ်ဆိုခဲ့ကာ ရေအားလျှပ်စစ်ဖြန့်ဖြူးရေးကို (ကျွန်တော့် မွေးရက်၊
မွေးလ အတိုင်းပဲ) ၃-၄-၁၉၆၀ နေ့မှ စတင်၍ ရန်ကုန်မြို့ကို
ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး၊ မန္တလေးမြို့ကို ၁၉၆၃ ခု ဒီဇင်ဘာ လဆန်းတွင်
ဖြန့်ဖြူး နိုင်ခဲ့သည်။
စိတ်မကောင်းစရာ တစ်ခုက အင်းလေးကန်မှာ ယခုအချိန်ထိ မီးမလင်းသေးတာပဲ
ဖြစ်ပါတယ်။ တချို့ရွာတွေ မီးလင်းပေမယ့် ကျွန်တော် တည်းခိုခဲ့တဲ့
အလိုတော်ပေါက် ဘုရားမြောက်ဘက် ကြာတော ဆိုတဲ့ ရွာကလေး မှာ ခုချိန်ထိ
မီးမလင်းသေးတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။
နောက်တစ်ခုက အင်းသားတွေဟာ ရေထဲကိုပဲ အမှိုက်တွေစွန့်၊ မစင်တွေစွန့်၊
ပန်းကန်တွေ အညစ်အကြေး တွေ စွန့်ပစ်ကြတာ မြင်ရတော့ ကျွန်တော် အံ့သြမိတယ်။
စွန့်ပစ်လိုက်တဲ့ မစင် အညစ်အကြေး တွေက ရေထဲမှာ ဘယ်လို ပျော်ဝင်ပြီးတော့
ဘယ်လို ပျက်စီးသွားမလဲ ဆိုတာတော့ ကျွန်တော် မသိဘူး။ အင်းသားတွေကိုတော့
မေးကြည့်လိုက်တော့လည်း အဲဒီအတွက် အဖြေ အဆင်သင့် ရှိမနေဘူး။ ရေပေါ် နေသူများ
အတွက် မစင်စွန့် ပစ် ဖို့ ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုမယ်လို့
ထင်ပါတယ်။
နောက်တစ်ခုက ခရီးသွားတွေ များပြားတော့ စက်လှေတွေက အင်ဂျင်ကြီးတွေ
တပ်မောင်းကြတာ ရေပေါ်အိမ် တွေမှာ စက်လှေ တစ်စီး ဖြတ်သွားတိုင်း အိမ်က
လှုပ်လှုပ်သွားတယ်။ ကျွန်းမျောတွေက လှုပ်တာ ပိုသိသာတယ်။ အင်ဂျင်ကြီး
တပ်မောင်းတဲ့ စက်လှေတွေကြောင့် ကမ်းပါးကို ရေတိုက်စားမှု ဖြစ်ခြင်း၊ ကမ်းပါး
ပြိုကျခြင်း၊ ရေ ညစ်နွမ်းခြင်း တွေ ဖြစ်နိုင်တဲ့ အတွက် စက်လှေတွေကိုလည်း
ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာ စဉ်းစားသင့်တယ်။
xxx
အကြံပေးချက်
ဒီနေရာမှာ တစ်ခုကြားဖြတ် တင်ပြချင်တာလေး ရှိပါတယ်။ တကယ်တော့ အင်းလေး
ဖောင်တော်ဦးဘုရားပွဲ တော်မှာ ဘယ်သူတွေ အမြတ်ထွက်သွားလဲ ဆိုတဲ့ ခေါင်းစဉ်
နဲ့ စာတစ်ပုဒ် ရေးမလို့ပါပဲ။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် အနည်းငယ်
ပြောစရာလေး ရှိပါတယ်။
အင်းသားတွေက အချိန်တွေ၊ လုပ်အားတွေ၊ ရိုးသားမှုတွေ စိုက်ထုတ်ပြီးတော့
အင်းလေး ဖောင်တော်ဦး ဘုရားပွဲ ဖြစ်မြောက်အောင် ကျင်းပကြရတယ်။ အင်းသားတွေက
ဘုရားဖူး လာရောက်တဲ့ ဧည့်ပရိသတ်ကို ဖျော်ဖြေ ၀န်ဆောင်မှု ပေးခြင်း
တစ်မျိုးပဲ။
အဲဒီပွဲတော်မှာ မြတ်သွားတဲ့ သူတွေ ရှိနေပါတယ်။ (၁)ယာဉ်ရပ်နားခ ကောက်ခံတဲ့
အိမ်တွေ။ (၂)တချို့သော တိုးဂိုက်တွေ၊ (၃)စက်လှေထောင်စားတဲ့ အိမ်တွေ၊
(၄)စက်လှေ ပွဲစားတွေ ပဲ ဖြစ်ပါတယ်။ ကန်ထရိုက် က ဖောင်တော်ဦး ဂေါပက အဖွဲ့ပဲ
ဆိုတော့ ဘုရားရန်ပုံငွေ ထားပါတော့။
(၁) ယာဉ်ရပ်နားခ ကောက်ခံသူတွေက ဘာအရင်းအနှီးမှ မရှိဘဲ ရသွားကြတာ။
အခွန်ကောက်သင့်တယ်။ (၂) တိုးဂိုက်တွေကလည်း ဘာပဲ ပြောပြော ဒီပွဲကို
အမှီပြုပြီးတော့ သူတို့ စီးပွားရှာရတာပဲ၊ သူတို့ကိုလည်း ထည်တွက်သင့်တယ်။
(၃) အင်းလေးကန် အရှေ့ဘက်ခြမ်းက ခေါင်တိုင်နဲ့ ရေပူဘက်မှာ ရှိတယ်။ စက်လှေတွေ
အများကြီး ထောင်ထားတယ်။ ခရီးသည်တွေကို အိမ်မှာပဲ တည်းခိုစေတယ်။
သွားချင်တဲ့ နေရာကို စက်လှေနဲ့ လိုက်ပို့ပေးတယ်။ တည်းခိုခ မယူဘဲ
စက်လှေဖိုးမှာ တစ်သိန်း၊ နှစ်သိန်း လောက် တင်ထားတာ။ တကယ်တမ်း
အလုပ်မနိုင်တဲ့ အခါမှာ ပြင်ပက စက်လှေဆရာတွေကို ငှားရမ်းပြီး တော့
မုန့်ဖိုးလောက်ပဲ ပေးတယ်။ သူက တစ်သိန်းခွဲ လောက် ရတယ်ဆိုရင် စက်လှေသမားကို
၃သောင်း လောက်နဲ့ ငှားပြီး ခိုင်းစားလေ့ ရှိတယ်။ ဒါဟာ
ခေါင်းပုံဖြတ်နည်းတစ်မျိုးပဲ။ (၄) နောက်တစ်မျိုး ရှိသေးတယ်။ ညောင်ရွှေ
စက်လှေ ဂိတ်မှာ ဆိုရင် စက်လှေပွဲစားတွေ ရှိတယ်။ ခရီးသည် ခေါ်ပေးတယ်။
စက်လှေဆရာနဲ့ ချိတ်ပေးတယ်။ သူတို့က ဈေးပိုတင်ပြီးတော့ ဝေစု အများစုကို
ပွဲစားတွေ ယူတတ်ကြတယ်။ ပွဲစားက ၇၀ ယူ၊ စက်လှေက ၃၀ ယူ ဆိုရင် တော့
မကောင်းပါဘူး။ မလုပ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ စက်လှေဆရာတွေ ဆိုတာလည်း
သူတို့ အသက်နဲ့ ရင်းပြီးတော့ မောင်းရတာပါ။ သူတို့မှာ ကုန်ကျစရိတ် ရှိတယ်။
အချိန်၊ လုပ်အား၊ စက်လှေ၊ ကျွမ်းကျင်မှု တွေ ရင်းနှီးထားရတယ်။
ပွဲတော်တွင်းကလည်း ဖြစ်လိုက်ရင် မလွယ်ဘူး။ စက်လှေဆရာ ဆိုတာ တစ်နေကုန်
စောင့် ရမှ တစ်ခါတစ်လေ ၂ ခေါက်လောက် အများဆုံး သွားရတာ။ ဈေးဦးမပေါက်တဲ့
နေ့တွေတောင် ရှိသေးတယ်။ စက်လှေဆရာတွေရဲ့ ဘ၀ ကိုလည်း ငဲ့ကွက်စာနာသင့်တယ်။
ဒီလို ခေါင်းပုံဖြတ် အမြတ်ကြီးစားတာ မျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
ဒါတွေ အားလုံး ရဲ့ အဓိက လိုအပ်ချက်ကတော့ စက်လှေများ ဂိတ် မရှိခြင်း ပါပဲ။
နန်းပန်၊ မိုင်းသောက် တို့မှာ စက်လှေ ဂိတ် မရှိပါဘူး။ စက်လှေဂိတ် သာ ရှိမယ်
ဆိုရင် စက်လှေတွေကို စာရင်း၊ ဇယား နဲ့ ထားမယ်။ အလှည့်ကျထွက်စေမယ်။ စက်လှေ
ဈေးနှုန်း ကိုလည်း (ခရီးစဉ်အလိုက်) ထိန်းချုပ်ပြီးသား ဖြစ်ပြီး တသတ်မတ် ထဲ
ဖြစ်စေမယ်။ ပွဲစား တွေ ရန်ကနေ ကင်းဝေးသွားမယ်။ စက်လှေဆရာတွေရဲ့ ဘ၀ ကိုလည်း
လုံခြုံစိတ်ချမှု ရှိစေမှာ ဆိုတာ တင်ပြ ရင်းနဲ့ ဆောင်းပါးလေးကို
နိဂုံးချုပ်လိုက် ရပါတယ် ။ ကျန်းမာ ချမ်းသာ ကြပါစေဗျာ။
×××
No comments:
Post a Comment