Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Saturday, May 30, 2020

သယံဇာတ ကမ္ဘာ့တန်ဆာ မဟာပါသာဏ မုံတဝလှိုဏ်ဂူ

သယံဇာတ ကမ္ဘာ့တန်ဆာ မဟာပါသာဏ မုံတဝလှိုဏ်ဂူ

 

 ♥♥♥  ဆောင်းပါးရှင် --စည်သာ(တောင်ကြီး)

Daily Eleven သတင်းစာ ၂၀၁၅ခုနှစ် ၂၆ ရက်ထုတ် သတင်းစာ ပါ ခရီးသွား ဆောင်းပါးကို မွမ်းမံပြင်ဆင် တင်ပြသည်။

● ♥♥♥  ရှမ်းပြည်နယ် တောင်ပိုင်းမှာ လည်ပတ်စရာ ရှေးဟောင်းဘုရားစေတီတော်ပုထိုးတော်များ၊ ရေတံခွန်၊ စမ်းချောင်း၊ သဘာဝလှိုဏ်ဂူ စသဖြင့် တော်တော်များပါတယ်။ အဲဒီထဲကမှ သဘာဝလှိုဏ်ဂူ တွေကလည်း နေရာအနှံ့အပြားမှာ တည်ရှိကြပြီး၊ လူသူအရောက်အပေါက်နည်းတဲ့ ဒေသတွေထဲက ပျောက်ကွယ်နေသေးတဲ့ သဘာ၀ လှိုဏ်ဂူတွေလည်း အများကြီး ရှိပါသေးတယ်။ ဥပမာ - ရွာငံဘက်မှာ သဘာဝလှိုဏ်ဂူတွေအသစ်တွေ့ ထားတာ မကြာသေးဘူး။ ဒီလိုပဲ မိုးနဲဘက်မှာလည်း သဘာဝလှိုဏ်ဂူတွေ ထပ်မံ တွေ့ရှိထားတယ်ဆိုတာ သိထားရပါတယ်။
ဂူအကြောင်း ပြောရမယ်ဆိုရင် သဘာဝလှိုဏ်ဂူတိုင်းဟာ ထင်ရှားတဲ့ ဖြစ်ရပ်နဲ့ နောက်ခံသမိုင်းကြောင်း တွေ ရှိကြစမြဲ ဖြစ်ပါတယ်။ ပင်းတယ လှိုဏ်ဂူ၊ မြင်းမထိ လှိုဏ်ဂူ တို့ဟာ နှစ်ပေါင်းများစွာထဲက တည်ရှိလာသလို လူသိများတဲ့ ဂူများလည်းဖြစ်ပြီး၊ ထမ်ဆမ်းလှိုဏ်ဂူကိုတော့ နောက်ပိုင်းမှ လူလုပ်တဲ့ ဂူအဖြစ်လူသိများပါတယ်။ အဲဒီထဲကမှ တောင်ကြီးမြို့နယ်မှာ ရှိတဲ့ မုံတဝလှိုဏ်ဂူ ကတော့ ကြီးလည်းကြီး ၊ ကျယ်လည်း ကျယ်သလို၊ လှိုဏ်ဂူရဲ့ အရှည်ပေ ကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင်ကြပါဘူး။ ဘူမိဗေဒ ပညာရှင်များလည်း ဒီမုံတဝဂူ ကို အစဉ်အမြဲ လာရောက်လေ့လာသုတေသနပြု ကြပြီး၊ မှတ်တမ်းတွေ ပြုစုထားတယ်လို့ သိရပါတယ်။



♥♥♥  တောင်ကြီးမြို့ အနောက်တောင်ဘက် ယွန်းယွန်း ဘက်မှာ မုံတဝဂူ တည်ရှိပါတယ်။ မြေပုံထဲမှာ ဆိုရင် တောင်ကြီးမြို့ဟာ တောင်နဲ့မြောက် သွယ်တန်းနေပြီး အရှေ့ဘက်မှာ တောင်တန်းကြီး နဲ့ အနောက်ဘက်(အောက်ဘက်) မှာ အေးသာယာမြို့ကလည်း တောင်မြောက်သွယ်တန်းနေပါတယ်။ ကျောင်းကြီးစုရပ်ကွက်ရဲ့ နေရာလောက် တောင်ခါးပန်းနေရာလောက်မှာ ရှာဖွေလိုက်မယ်ဆိုရင် မုံတဝဂူ နေရာကို ဂူဂဲလ်မြေပုံထဲမှာ ရှာတွေ့နိုင်ပါတယ်။


● ♥♥♥  တောင်ကြီးမြို့ သုဿာန်သွားလမ်းပေါ်မှာ နဂိုက အမှိုက်ကြီး တည်ရှိခဲ့တဲ့နေရာဟာ မုံတဝဂူ အပေါ်တည့်တည့် နေရာဖြစ်နေလို့၊ ရေတံခွန်ညစ်ညမ်းခြင်းများ၊ မတင့်တယ်မှု ဖြစ်လာတဲ့အတွက် အမှိုက်ပုံဟောင်းကို ၂၀၁၄ ခုနှစ်လောက်မှာ ပြောင်းရွှေ့ခဲ့တာပါ။ ထိုသုဿာန်သွားလမ်းကနေ အေးသာယာ ကို ဆင်းတဲ့ အဆင်းလမ်းကြမ်းလည်း ဖောက်ထားပါသေးတယ်။ အန္တရာယ်များတဲ့အတွက် အသုံးမပြုတော့တာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုင်းရင်းသားပေါင်းစုံ သုဿာန်သွားလမ်း ဘုန်းတော်ကြီးကျောင်းကနေ လူသွားလမ်းအတိုင်း ဆင်းသွားမယ်ဆိုရင်လည်း မုံတဝဂူကို လမ်းလျှောက်ပြီးတော့ သွားလို့ရပါတယ်။ တောင်ပေါ်ကနေ ဆင်းမယ်ဆိုရင် မုံတဝဂူကို နီးနီးလေး ရောက်ပါတယ်။ အေးသာယာ၊ မုံတဝရွာကနေ တက်မယ် ဆိုရင် တော်တော်လေး အားစိုက်ပြီးတက်ရပါမယ်။ အဆင်းလမ်းမှာတော့ လမ်းချော်ပြီး တော်တော်ဂရုစိုက်ကာ ထိန်းဆင်းရမယ့် အနေအထားပါ။ ဂူထဲသွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်သွားဖို့ လိုပါမယ်။ အားကောင်းတဲ့ ဓါတ်မီးအကြီး တစ်လက်တော့ လိုပါမယ်။ ကြိုးတစ်ခွေတော့ လိုပါမယ်။ ချိတ်ကောက်နဲ့ တောင်ဝှေးတို့ကိုလည်း တောင်ဆင်းလမ်းမှာ အသုံးပြုဖို့ လိုပါမယ်။ လိုလိုမယ်မယ် ဆေးဝါး အချို့လည်း လိုပါမယ်။ စားစရာမုန့် ၊ ရေသန့်၊ ထမင်းတို့ကိုလည်း ယူသွားနိုင်ပါတယ်။ မုံတဝဂူကျောင်းတိုက် ဆရာတော်ကို လှူဒါန်းချင်ရင်လည်း လှူဖွယ်လေးတွေ ယူသွားဖို့ လိုပါမယ်။



♥♥♥  တောင်ကြီးမြို့နယ်၊အေးသာယာမြို့တို့၏ ဂုဏ်ကျက်သရေဆောင် ရှေးဟောင်းအမွေအနှစ်များစွာထဲတွင် တစ်ခုအပါအဝင် ဖြစ်သော မုံတဝလှိုဏ်ဂူကြီးသည် တောင်ကြီးမြို့၏တောင်ဘက် ၂ မိုင်အကွာ တောင်ကမ္ဘားရံကျောက်သားဖြင့် တည်ရှိပြီး၊ အေးသာယာ မုံတဝရွာလမ်းအတိုင်း အရှေ့ဘက် တောင်တက်လမ်းအတိုင်း ၆မိုင်ခန့်အကွာဝယ် တည်ရှိပါသည်။
မုံတဝဘုရားသမိုင်းကို လူတိုင်းလိုလို ပါးစပ်ပြောရာဇဝင်များဖြင့် ပြောဆိုကြသော်လည်း မည်သူမျှ အတိအကျ မပြောနိုင်ချေ။ မုံတဝဂူကြီးသည် ရှေးနှစ်သန်းပေါင်းများစွာကပင် ပေါ်ပေါက်လာခဲ့ပြီး၊ သဘာဝအရ ဖြစ်ထွန်းနေသော ကျောက်တောင်လှိုဏ်ဂူကြီး ဖြစ်သောကြောင့် နှစ်ပရိစ္ဆေဒ ကြာမြင့်သော်လည်း ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေခြင်းကလွဲ၍ ပျက်စီးခြင်း တစ်ကြိမ်မျှ မရှိခဲ့ချေ။
 

♥♥♥  ဂူ သမိုင်း
မုံတဝဂူ သမိုင်းအကြောင်း ပြောရမည်ဆိုလျှင် နရပတိစည်သူမင်းကြီး အကြောင်းကိုပင် ပြောရချေမည်။ လွန်ခဲ့သော နှစ်ပေါင်း (၉၃၀) ခုနှစ်၌ သာသနာ့ ဒါယကာ- နရပတိစည်သူမင်းတရားကြီး ပေါ်ပေါက်ခဲ့ဖူး၏။ ထိုမင်းတရားကြီးသည် ကောဇာသက္ကရာဇ် (၄၂၈) ခုနှစ် ၊ ဝါဆိုလန်း (၈) ရက် နေ့ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့ပြီး (၄၅၄) ခုနှစ်တွင် မင်းဘိသိက် ခံယူခဲ့ပါသည်။ (၄၅၇) ခုနှစ် ရောက်သောအခါ ၊ ဖောင်စကြာယာဉ် ဖြင့်တိုင်းခန်း လှည့်လည်စဉ် ရှမ်းပြည်နယ်တစ်ကြောလုံးကို ရောက်ခဲ့ဟန်တူလေသည်။
နရပတိစည်သူမင်းကြီး စီးသော ဖောင်စကြာကို အချို့ကလေယာဉ်ပျံကဲ့သို့ ရှပ်ပြေးယာဉ်ဟုလည်း ပြောကြ၏။ ထို့ပြင် တောင်ခံ နေလျှင် လှံတန်နှင့် တောင်ကိုခွဲလိုက်၍ ရသည်ဟုလည်း ချဲ့ကားပြောဆိုကြသည်။ ထို့ပြင် ပြာဆုပ်ကို ရေဖြင့်နယ်ပြီး ကြဲဖြန့်လိုက်ရာ အင်းလေးကန်တွင် ရေများ ဖြစ်ပေါ်လာရခြင်း၊ လက်ညှိုးညွှန်ရာ ရေဖြစ်ခြင်း၊ လိုအပ်လျှင် ရေပြင်ကို ကြိမ်စကြာဖြင့် ရိုက်ပြီး ရေစောင့် နတ်သမီးကို ခေါ်ယူခြင်း စသော ဒဏ္ဍာရီဆန်ဆန် ယုတ္တိမဲ့ဖြစ်ရပ်များကို စာရှုသူတို့အဖို့ ချင့်ချိန်ယူကြစေလိုသည်။
တောင်ကြီးမြို့အနီးတစ်ဝိုက်တွင် ရှိသော ဘုရားသမိုင်း တော်တော်များများတွင် နရပတိစည်သူမင်းကြီး အမည်ပါရှိသည်။ ဤသည်ကို မုံတဝကျောင်းဆရာတော် ဦးကောဏ္ဍည မိန့်တော်မူသည်မှာ- “ နရ ဆိုတာလည်း မင်း ပဲ။ ပတိ ကလည်း မင်း(ဘုရင်) ပဲ အကြီးအကဲပေါ့လေ။ နရပတိစည်သူ နဲ့ မဏိစည်သူ ၊ အလောင်းစည်သူ ဆိုပြီး ရှိကြတယ်။ မဏိ ဆိုတာ ဥလျောင်ပေါ့၊ ဘုရင် ပေါ့။ စည်သူက သူ့နာမည်ကို ထည့်လိုက်တာပေါ့လေ ” ဟု မိန့်၏။ ဆရာတော် ဆိုလိုသည်မှာ နာမည်တူပြီး လူကွဲခြင်းမျိုးကို ဆိုလိုဟန်တူ၏။
နရပတိစည်သူမင်းကြီး တည်ထားခဲ့သည်ဆိုသော ဘုရားသမိုင်းများမှာ - နောင်အင်စေတီတော်၊ မုံတဝ လှိုဏ်ဂူ၊ အောင်သပြေ ဂူကြိုး စေတီတော်၊ စွယ်တော်ကျောင်း၊ မွေတော် ကက္ကူစေတီတော်၊ မြင်းမထိလှိုဏ်ဂူ (မြင်းမထိက ကျန်စစ်သားဟုလည်းဆို) ၊ ပင်းတယ လှိုဏ်ဂူ၊ ဖောင်တော်ပေါက်စေတီတော် (အေးသာယာ)၊ အရိပ်မပေါ်မွေတော်ဘုရား၊ ညောင်ရွှေဖေါင်တော်ဦး စေတီတော် နှင့် ထမ်စမ်း လှိုဏ်ဂူ တို့ပင်ဖြစ်သည်။ (စေ့ငုစွာ မဖော်ပြနိုင်ခဲ့သော မွေတော်ဘုရားပေါင်းများစွာ ကျန်ရှိပါသေးသည်။) မင်းကြီးသည် ခြုံနွယ်ပိတ်ပိန်း တောထူထပ်လှသော အေးသာယာဟု ခေါ်တွင်မည့် ထိုအရပ်သို့ အရောက်တွင် ထူးခြားစွာ ကြက်သီးထမှု ကြောင့် ပုဏ္ဏား၊ ပရောဟိတ် တို့ကို မေးမြန်းရာမှ နောင်နှစ်ပေါင်း (၁ဝဝဝ) တွင် သာသနာတော် စည်ပင်ထွန်းကားသော ဒေသကြီး ဖြစ်ပေါ်လာနိုင် သောကြောင့် ကြက်သီးထခြင်း ဖြစ်ပြီး၊ နောင်လာနောက်သားများအတွက် စေတီတော်များတည်ထားခဲ့ရန် အကြံပေးသည့်အတွက် ယခုကဲ့သို့ ရှမ်းပြည်နယ် နေရာအနှံ့အပြားတွင် စေတီတော်များ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု စာပေများတွင် တွေ့ရသည်။ ထိုစဉ်က စက်မှုဇုန်နား အထိ ရေများပြည့်လျှံ ဖုံးလွှမ်းလျက်ရှိပြီး၊ ယခု ဖောင်တော်ပေါက်ဟု ခေါ်တွင်သော ဖောင်တော်ပေါက်ဘုရားအထိ မင်းကြီး၏ ဖောင်တော် ပေါက်ရောက်ခဲ့သည်ဟု ဆို၏။ မင်းကြီးမှ အေးသာယာတွင် တည်ရှိသော ဘုရားများကိုတည်ဆောက်သွားခဲ့သည်ဟု ကျမ်းဂန်ဆို၏။
စေတီတော်များ၏ မူရင်းဒါယကာမှာ ရေတွင်းပေါင်း၊ ရေကန်ပေါင်း ၈၄ဝဝဝ တည်ခဲ့သော သီရိဓမ္မာ အသောက မင်းဖြစ်ပြီး၊ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ဌာပနာထားပြီးတည်ခဲ့သောကြောင့် ဘုရားများတွင် “မွေတော်ဘုရား” ဟုခပ်များများခေါ်တွင် ကြသည်။ ပုဂံခေတ်တွင် အနော်ရထာမင်းကြီးမှ ပြန်လည်မွမ်းမွံပြီး၊ ပုဂံမင်းဆက်ဖြစ်သော အလောင်းစည်သူမင်းကြီးမှ တစ်ဖန်ပြန်လည် ပြုပြင်သည်ဟု ပေစာ၊ ကျောက်စာများနှင့်ရာဇဝင်များက ဆိုပြကြ၏။ (အလောင်းစည်သူ၊မဏိစည်သူ၊နရပတိစည်သူ စသဖြင့်ကွဲ၏)


♥♥♥  အမည်ပေါ်ပေါက်ခြင်း
ဤသို့ဆိုလျှင် မုံတဝဂူဘုရားကိုလည်း မင်းကြီးတည်သွားသည်ဟု ဆိုနိုင်ပါသည်။ မုံတဝဆိုသောအမည်မှာ သဘာဝ အားလျော်စွာရရှိထားသော အမည်ဟုလည်း ဆိုကြ၏။ မုံ ဆိုသည်မှာ ပအိုဝ်းဘာသာဖြင့် တောင်ထွဋ်တောင်ကုန်းဟု ဆိုလို၍ ၊ တဝ မှာ မြန်မာဘာသာ ဂူဟု အဓိပ္ပါယ်ရလေသည်။ အဝ ဟု ဆိုလိုဟန်တူသည်။ ပအိုဝ်းဘာသာ တောင်ထွဋ်တောင်ကုန်းဟု အဓိပ္ပါယ်ရသော မုံနှင့် မြန်မာဘာသာ ဂူဟု အဓိပ္ပါယ်ရသော တဝ တို့ကို ဆက်စပ်၍ မုံတဝဂူ (တောင်ထွဋ်ဂူ)ဟု အမည်တွင်လေသည်။ ထိုနေရာတွင် ကြားဖြတ် ပြောလိုသည် မှာ ထိုသို့ တိုင်းရင်းသား ဘာသာစကားနှစ်ခု ပေါင်းစပ်ပြီး မှည့်ထားသော ဘုရားနာမည်များအကြောင်းဖြစ်သည်။ လူမျိုးနှစ်စု အကြား ချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန်အတွက် ထိုသို့မှည့်ခေါ်ခြင်းလည်း ဖြစ်နိုင်ပါသည်။ တော်တော်များများတွင် တွေ့နိုင်ပါသည်။ ထန်းဘုရားဟူသောရွာမှာ ပအိုဝ်းစကား(ထန်=ဂူ)နှင့် မြန်မာ(ဘုရား) ဟုလည်းကောင်း၊ ရှမ်းမြောက်ပိုင်း ဘော်ကြိုဘုရား သည်လည်း ရှမ်းစကား(ပေါ့=အဖေ)၊ မြန်မာစကား(ကြို=ကြိုဆိုခြင်း) စသဖြင့်မှည့်တတ်၏။ မူကွဲများရှိသေး၏။ တစ်နည်းမှာ ဤသို့ဖြစ်၏။
မောင်နှမ နှစ်ယောက်နေသောဂူဖြစ်သောကြောင့် မောင်နှမဂူ ဟုပြောဆိုရာမှ ခေတ်ကာလကြာမြင့် စကားရွေ့၍ မုံတဝဂူဖြစ်လာ သည်ဟုလည်း ဆိုကြသည်။ အကိုက အထက်တွင် နေပြီး၊ နှမက အောက်တွင်နေသောကြောင့် ဂူတွင်းတွင် အကိုနေထိုင်သွားသော ခြေရာလက်ရာများကို တွေ့နိုင်သည်ဟုလည်း ဆိုကြသည်။ နောက်ထပ်မူကွဲတစ်ခုမှာ- မဏိစည်သူမင်းကြီး တိုင်းခန်းလှည့်လှည်စဉ်က ရှမ်းပြည်သို့ရောက်လာခဲ့ရာ ဤနေရာ၌ ဘုရားတည်ရန် ဓါတ်တော်မွေတော်များကို ဆင်ဖြင့်တင်၍ ယူဆောင်လာခဲ့ရကြောင်း၊ ဤနေရာ အနီးတွင် ဆင်များမုန်ယိုသွားသဖြင့် ဤဂူဝ ရေတံခွန်တွင် မုန်ယိုသောဆင်များကို ရေဆေးကြောသန့်စင်ပြီး ထားခဲ့ရကြောင်း၊ ဆင်များကို မယူတော့ပဲ ပြန်သွားရကြောင်း၊ “မုန် ထား သွား” မှ ကာလရွေ့လျောသဖြင့် မုံတဝ ဖြစ်လာသည်ဟုလည်း ဆိုကြသည်။ (မုန် ထား သွား= ဟူသော စကားဖြစ်ပေါ်လာပုံကို ယခုမုံတ၀ အောက်ရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်မှ မိန့်ကြားတော်မူခြင်းဖြစ်၏။)
မင်းကြီးတည်စဉ်က စည်ကားခဲ့သော်လည်း နောက်ပိုင်းတွင် လူသူအရောက်အပေါက်နည်းသဖြင့် မှေးမှိန်သွားပြန်သည်။ နောက်ပိုင်းတွင် ရှမ်းစော်ဘွားများ ဝင်ရောက်ခိုအောင်းသည်ဟုလည်း ဆိုကြသည်။ သက္ကရာဇ် ၇၂၁ ခုနှစ်မှစ၍ စိုးစံသော ညောင်ရွှေ စော်ဘွားကြီး ဆီဆိုင်ဖမှ အစပြုပြီး ၁၂၈၉ ခုနှစ် စိုးစံသော စော်ဘွားကြီး စောရွှေသိုက်အထိ စော်ဘွားဆက်ပေါင်း ၃၃ ဆက်တို့ထဲမှ ပြည်တွင်းရေး အခြေအနေကြောင့် တိုင်းပြည်မှခွာပြီး ထိုဂူပျောက်ကြီးတွင် လာရောက်ပုန်းခိုနေခြင်းလည်း ဖြစ်နိုင်၏။ ၁၂၄၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိချိန်တွင်လည်း စော်ဘွားများပုန်းအောင်းနိုင်သည်ဟု ယူဆနိုင်သည်။ ဂူတွင်းတွင် ရှိသော ရှေးဟောင်း ဘုရား ၂ ဆူမှာ (ဉာဏ်တော် ၁၁ လက်မ၊ ၉လက်မ) လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ကျော်ခန့်က ညောင်ရွှေအမတ်ကြီးတစ်ဦးဖြစ်သူ ဇရပ်တကာ မှတ်တည်ခဲ့ကြောင်း စစ်တမ်းများအရသိရသည်။ ထို့ပြင် ဂူအတွင်းပိုင်း လူမဝင်နိုင်လောက်သော နေရာများတွင်လည်း ဆောက်လုပ်ထားသော ခုနှစ်မခန့်မှန်းနိုင်သည့် ရှေးဟောင်းလက်ရာများကိုလည်း မြင်တွေ့ရသည်။
 

♥♥♥  ဂူပုံစံ
မုံတဝဂူကြီး မည်မျှနက်ရှိုင်းပြီး မည်သည့်နေရာတွင် လမ်းဆုံးကြောင်း မည်သည့်ပညာရှင်မှ မတွက်ချက်နိုင်ပေ။ ပါးစပ်ပြော ရာဇဝင်များအရ ပြောရမည်ဆိုလျှင် မုံတဝဂူသည် ပင်းတယဂူနှင့် ဆက်နေပြီး ပုဂံအထိလမ်းပေါက်ကြောင်း ပြောဆိုနေကြပေသည်။ ဟုတ်မဟုတ်ကိုမူ မည်သူတစ်ဦးတစ်ယောက်မှ မစူးစမ်းမသွားလာခဲ့ဖူးသဖြင့် အတည်ပြုပြောကြားရန် မဖြစ်နိုင်။
ဂူကို ကြီးမှူးပြုပြင်နေသော ဦးသိန်းလွင်နှင့် အဖေါ် ၁၈ ဦးပါသော အဖွဲ့သည်  ၅ ရက်တိုင်တိုင် ရက်ရှည်စားသောက်ဖွယ် ရိက္ခာ၊ လက်နှိပ်ဓာတ်မီးများနှင့် လိုအပ်သော ကိရိယာအသုံးဆောင်များ ယူဆောင်၍ ဂူတွင်းပိုင်းသို့ ဝင်ရောက်စူးစမ်းရာ အသွား-၃ ရက်၊ အပြန်-၂ ရက်ခရီးတွင် အရှေ့တောင်အရပ်သို့ ဂူတွင်းလမ်းဦးတည်၍ ဆင်းတက်ကွေ့ကောက်ကာ သွားနေရကြောင်း၊ ခန့်မှန်းခရီးမိုင် မိုင်-၂ဝခန့် ပေါက်ခဲ့ကြောင်း သိရပေသည်။
လှိုဏ်ဂူပုံစံမှာ ဝင်ဝင်ချင်း ၁၀ ကိုက်ခန့်အကွာတွင် ကျဉ်းမြောင်းသွားပြီး၊ တဖန်ကျယ်သွားပြန်သည်။ ကိုက် ၃၀ ခန့် အကွာတွင် လမ်းလျှောက်၍မရတော့ဘဲ လေးဘက်မထောက်ရုံတမယ် ကုန်း၍ဝင်ရပြန်ပြီး၊ ထိုတစ်ကွေ့လွန်သွားလျှင် ခန်းမကျယ်ကြီးထဲသို့ ရောက် သွားပြန်သည်။ ထို့သို့လမ်းကျဉ်းပေါင်းများစွာ ရှိပြီး လမ်းသွယ်အမျိုးမျိုး ဂူဝပေါင်းများစွာတို့ မရေမတွက်နိုင်အောင် ရှိကြသည်။ ထို့ပြင် ရေကျသံကြားရသော သံတံတားချောက်တွင်းသို့သွားသော လမ်းသွယ်လည်း ရှိသေးသည်။ လူအများ သွားလာရန်အတွက် ဝင်ရောက် သူများလမ်းအဆုံး သတ်မှတ်ထားသည့်နေရာမှာ သံလှေကား ပြုလုပ်ထားသည့်နေရာအထိသာ ဖြစ်ပြီး ထိုနေရာရောက်လျှင် ပြန်လှည့်လာကြရသည်။ ထိုနေရာမှအောက်ပြုတ်ကျသွားလျှင် အန္တရာယ်ရှိ နိုင်သောကြောင့် တားမြစ်ထားလည်း ခြင်းဖြစ်၏။
ထိုနေရာမှ ကျော်လွန်၍ အောက်သို့ ပေ ၁၀၀ ကျော် ဆင်းပြီးသွားလျှင် နဂါးဖို၊ နဂါးမကန် စသော ထူးဆန်းသော ရေကန်များ ရွေငါး၊ ငွေငါးများ၏ မြူးပျော်ရာ ရေကြောင်း ရေလမ်းများဖြင့် စိတ်လှုပ်ရှားဖွယ်ရာများ ရှိကြောင်း သိရသည်။ ထို့ပြင် ထိုဂူကြီး၏အောက် တွင် ရင်စို့ခန့်ရှိသော ရေများကို နာရီဝက်ခန့် ကူးသွားလျှင် ရွှေလှေများ၊ ရွှေသင်္ဘောများနှင့် ရွှေစေတီများလည်း ရှိကြောင်း၊ ဘော်လုံးတစ် ကွင်းစာလောက် ကျယ်သော ဟောကြီးအတွင်းရောက်သွားကြောင်း၊ နောင်တစ်ချိန်တွင် သီလ၊ သမာဓိ ရှိသော ပုဂ္ဂိုလ်ပေါ်ပေါက်မှသာ နောင်တစ်ဖန် ပြန်လည်ပွင့်ထွန်းမည် ဖြစ်ကြောင်း သိရသည်။
ဂူကြီးသည် အရှေ့ဘက်သို့ လှိုက်၍ဝင်သွားရသောကြောင့် တောင်ကြီးမြို့စွန်ပိုင်း သချိုင်းအနီးနား၏ အောက်ခြေလောက်တွင် ရှိနေလိမ့်မည်ဟု မိမိခန့်မှန်းမိသည်။ ဂူကြီး၏ အထက်ပေပေါင်း ၁၅၀၀ လောက်တွင် တောင်ကြီးမြို့ရှိနိုင်၏။ တောင်ကြီးမြို့သည် ပင်လယ် ရေမျက်နှာပြင်မှာ ၄၇၁၂ ပေမြင့်သဖြင့်၊ တောင် ၃ပုံ ၂ပုံခန့်ရှိသော မုံတဝလှိုဏ်ဂူသည် ပေ ၃၀၀၀ ကျော်မြင့်သည်ဟု အကြမ်းဖျင်းတွက် ချက်နိုင်သည်။ ဂူတွင်းလမ်းသည် အရှေ့တောင်အရပ်သို့ ဦးတည်နေသည်ဟု ဆိုသဖြင့် ထိုတောင်ကြောအတိုင်း ဆက်သွားလျှင် ပင်းတယ ရောက်သည်ဆိုသည်မှာ ဖြစ်နိုင်လေသည်။ ပင်းတယမြောက်ဘက်မှာ ရပ်စောက်မြေနဲ့အစပ်၊ အရှေ့ဘက်မှာတောဆုံးမြေနဲ့ အစပ်၊ တောင်ဘက်မှာ ပွေးလှမြေနဲ့အစပ်၊ အနောက်ဘက်မှာ ရွာငံ၊ ကျောက်တူးသီဝံမြေနဲ့အစပ်ဟု သမိုင်းဆရာကြီးသန်းထွန်းဆိုသည်။ အေးသာယာ အရှေ့ဘက်တောင်တန်းကျော်လျှင် ဟိုပုံးအစပ်၊ တောင်ဘက်မှာညောင်ရွှေ၊တောင်လေးလုံးတောင်နှင့် မြင်းမထိတောင်တို့ နှင့် တောင်ကြောခြင်း ဆက်စပ်လျက်ရှိသည်။

မျက်မှောက်အခြေအနေ
၁၃၂၆ခုနှစ် တော်သလင်းလပြည့်နေ့မှစ၍ တောင်ကြီးမြို့ ကူညီကုန်းရပ်နေ တပ်မတော်အငြိမ်းစား ဦးသိန်းလွင်နှင့် သံဂဟေ အလုပ်ရုံ ပိုင်ရှင် ဦးဘကြင်တို့ ၂ ဦးတည် ဦးဆောင်၍ ပြုပြင်ခဲ့ရာ သယံဇာတ ကမ္ဘာ့တန်ဆာ မဟာပါသာဏ မုံတဝလှိုဏ်ဂူတော်ကြီးသည် ရာစုနှစ်သစ်တွင် တစ်ခေတ်ဆန်းသစ် လာခဲ့ပြန်သည်။
၁၃၂၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် မုံတဝလှိုဏ်ဂူတော်အတွင်း၌ မူလရုပ်ပွားတော် ၂ ဆူမှသည် အရွယ်ရွယ် အစားစား ဘုရား ရုပ်ပွားတော်ပေါင်း ၁၀၈၆- ဆူ အထိ တိုးတက်စံပ္ပါယ်တော် မူလာလေသည်။ ဘုရားရုပ်ပွားတော်မှအပ ရဟန္တာရုပ်တုတော်များလည်း ၂၆၇ ဆူ ကိန်းဝပ်လာ၏။ လှိုဏ်ဂူဝင်ဝင်ချင်းတွင် ဗျည်း ၃၃ လုံး ဆုတောင်းပြည့် ၉ တောင်ပြည့် စေတီတော် ရှိသည်။ ထို့ပြင် ဂူပေါ်တက် သော ကျောက်လှေကားကြီးတစ်ခုကိုလည်း ရက်ပေါင်း ၅၂ရက်ဖြင့် အပြီးအစီး ဆောက်လုပ်ခဲ့သည်ဟု ဆိုသောကြောင့် ထိုစေတနာရှင် ၂ဦး၏ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကို လေးစားမိပြန်သည်။ ထို့ပြင် ရေတံခွန်အနားစပ် ပြုပြင်ခြင်း၊ လမ်းပြင်ခြင်း၊ မြေညှိခြင်း၊ ရေထိန်းသိမ်းကန် တည်ဆောက်ခြင်း ရေလွှဲလမ်းကြောင်း ပြုလုပ်ခြင်းတို့ဖြင့် ဂူတွင်းရေများကို ရေတံခွန်မှ ကျဆင်းစေလေသည်။  ထို့ပြင် နတ်ကွန်း၊နတ်စင် များနှင့် ရေထိန်းကန်အလယ်တွင် ရှင်ဥပဂုတ္တ ရုပ်တုတော်လည်း ရှိသည်။ ကျောက်လှေခါး တစ်ဝက်အရောက်တွင် နဂါးရုံဘုရား တစ်ဆူ လည်းရှိသေးသည်။
ထိုရေကျနေသော ရေတံခွန်ကို ကြည့်ခြင်းအားဖြင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်ကြောင်း တွေးမိသည်။ ဟိုပုံးထမ်စမ်းဂူတွင် ထိုမျှလောက် ရေစီးအား မကောင်းသော်လည်း ရေကိုလှောင်ထားပြီး ရေအားလျှပ်စစ်ထုတ်ယူရာ ၁၁ဝ ဝပ်ခန့်ထွက်ရှိကြောင်း တွေ့ရဖူး၏။
ထိုကဲ့သို့ သမိုင်းအစဉ်အလာ ကြီးမားခဲ့သော သယံဇာတ ကမ္ဘာ့တန်ဆာ မဟာပါသာဏ မုံတဝလှိုဏ်ဂူတော်ကြီးကို မိမိတို့ လက်ထက်တွင် တစ်ဖန်ပြန်လည် ဖော်ထုတ်သင့်ပေသည်။ မုံတဝလှိုဏ်ဂူကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံး သဘာဝလှိုဏ်ဂူကြီးအဖြစ် (၈) အဌမတန်းတွင် သင်နေရပြီ ဖြစ်သည်။ ထိုသို့ မိမိတို့မှ ပြန်လည် မဖော်ထုတ်လျှင်ဖြင့် သမိုင်းတာဝန်ပျက်ကွက်သကဲ့သို့၊ ကမ္ဘာရပ်ခြားမှ လူသားများ တန်ဖိုးထားနေရသော ရှေးဟောင်း အမွေအနှစ်များကို မိမိတို့လက်ထပ်တွင်မှ မျက်ကွယ်ပြုထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ နောင်တစ်ချိန်တွင် စည်ပင်လာရန် အလို့ငှာ ယခုအချိန်မှစ၍ တာဝန်ရှိသူများနှင့် မြို့ခံများမှ မုံတဝဂူကြီး ရှေးဟောင်းအမွေအနှစ်ကိုဖော်ထုတ် ထိန်းသိမ်း ပြုပြင်သင့်ပြီး၊ ခရီးသွားလုပ်ငန်းကိုပါ တွဲဖက်ဆောင်ရွက်နိုင်မည်ဆိုလျှင် နိုင်ငံဝင်ငွေသာမက၊ ဒေသခံတို့၏ စီးပွားရေး လည်း အဆင်ပြေမည်ဖြစ်ပါကြောင်း မေတ္တာအပေါင်းနှင့် စေတနာထပ်လောင်းလို့ သတင်းစကား ပြောကြားလိုက်ရပါသည်။
×××
ဆောင်းပါးကို ကူးယူလိုပါက ခွင့်ပြုချက်တောင်းခံပြီးမှသာ ကလောင်အမည် နှင့် ဓါတ်ပုံကို နာမည် ရေးထိုးမှ ကူးယူခွင့်ပြုပါမည်။ ကိုယ်တိုင် ကြိုးစားအားထုတ်သူကို စာနာသောအားဖြင့် သတင်းဆိုက်များ၊ အပျော်တမ်း ဝက်ဆိုက်များ၊  ပေ့ချ်များ၊ ဘလော့များမှ ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ 

(စည်သာ)

Sitha (Thi)
30-5-2020

No comments:

Post a Comment


Aung Hein - နည္​းပညာ