Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Friday, September 23, 2022

ဒိုင်ကြောင်များ (၁)

အာလူး


အာလူးကြော် တာနဲ့ မိန်းမယူတာ အတူတူပဲ..။ ဟုတ်တယ်…။ မယုံမရှိစမ်းနဲ့ အကောင်းပြောတာ…ဘာတူလဲဆိုတော့   

နံပါတ်မှာ တစ်…။ မီးနဲ့ဆော့ကစားတာချင်းတူတယ်..။
အာလူးစကြော်ပြီဆိုတာနဲ့ နေရောင်နဲ့ ကြော်လို့တော့မရနိုင်ဘူး.။ အရင်ဆုံး အနည်းဆုံးလောက်တော့ မီးမွေးမှ ရတော့မယ်..။ မီးက အစထဲက  မွှေးလိုက်တာ ဆုံးတဲ့အထိကို မရပ်တန်းတရစပ်မီးထည့်ပေးနေမှ ကြော်လို့ရတာလေ.။ အဓိကက မီးကျွေးတတ်လို့ပဲ အရေးကြီးတယ်.။ မီးကျွေးတော်ရင် အဲဒီလူ ဆရာကြီးပဲ..။ မီးကိုလိုအပ်သလို ချိန်ဆပြီးကစားသွားနိုင်တာကမှ အာလူးကြော်ခြင်းရဲ့ လျှို့ဝှက်ချက်…။ မီထည့် ကျွမ်းကျင်တာက အကြော်ဆရာကောင်း တစ်ယောက်ရဲ့ အရည်အချင်း တစ်ခုပဲ..။ ဘာတူတာလဲ ဆိုတော့ ပြောခဲ့သလိုပေါ့..။ အိမ်ထောင်မှု တစ်ခုတည်လိုက်တယ် ဆိုတာကလည်း မီးပုံ ကိုစမွှေးလိုက်တာပဲ မဟုတ်လား…။ လက်ခံချင်ချ်င မခံချင်ချင်နေဗျာ…ကျုပ်ကတော့ ဒီလိုပဲ လက်တလော ယူဆရမှာပဲ..။ ။အဲဒီလို ပူမှန်သိလျက်နဲ့ မီးကို မွှေးမိပြီ ဆိုမှတော့ တစ်သက်လုံး ခံပေရော့ပေါ့။ နို့ မစုတ်ဘူးစလား..အဲဒီ အိမ်ထောင်မှု မီး ကို လိုသလို ချိန်ဆပြီး အတိုးအလျှော့၊ အတင်းအလျှော့ လုပ်ပေးနိုင်တာကမှ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက် ပဲ မဟုတ်လား..။ မီးထည့်ကျွမ်းကျင်ကောင်းပါမှ အိမ်ထောင်ဦးစီးရဲ့ အရည်အချင်းမဟုတ်လား…။ လိုင်းပူးတာမဟုတ်ပါဘူး ..တင်ပြတာပါ.။ ထား ။ လက်မခံနိုင်ရင်ကျော်လိုက်ပေါ့..။ ကိုယ်ဘယ်လောက်ထိကြာကြာပေးဆပ်နိုင်သလဲ ဆိုတာက ကိုယ်ခံစားခွင့် အကျိုးသက်ရောက်မှု အပေါ် မူတည်နေတယ်…။ ကြာကြာမီးပူခံနိုင်လေလေ…..ရေရှည်တည်မြဲလေပါပဲ….။
 

နံပါတ်မှာ နှစ် ။ တွေဝေနေလို့ မရဘူး…။
အာလူးကြော်တဲ့ အခါ ငေးတိငေးငိုင် တွေဝေမှိုင်နေလို့ကတော့ မီးလောင်မှု ဖြစ်သွားမှာပဲ သေချာတယ်…။ အချိန်နဲ့ တပြေးညီ အဆင်ပြေသလို လှုပ်ရှားသွားမှ စားချင်စဖွယ် ချစ်စရာ အာလုူးကြော် လှလှလေးတွေ ရမှာဗျ….။ ဆီပွက်လာတဲ့ အခါမှာ ချက်ချင်းထည့်လိုက်ရတာ…..အထည့် မတတ်ရင်လည်း ဆီပူကလောင်သေး…။ ဝေါခနဲ တက်လာတဲ့ ဆီငွေ့မှိုင်းလုံးကြီး တွေကို အရှောင်မတတ်လို့ကတော့ မျက်စိကန်းပြီသာမှတ်.။ အာလူးကြော် တစ်ချပ်စားရဖို့များ ဒီလောက်လွယ်မယ်များ မအောက်မေ့ကြနဲ့.။ အသက်ထွက်မတတ် လုပ်ငန်းစဉ် များသားလား။  ထည့်ပြီးရုံနဲ့ ပြီးပြီလားဆို ဘယ်ပြီးမလဲ..။ ထည့်ပြီးရုံနဲ့ ပြီးကြေးဆို ကျွန်တော် အရင် သူဌေးဖြစ်တာကြာလှပေါ့။ ထည့်ပြီးရင် မွှေရတယ်.. ။ ယောက်မ နဲ့ ပြောပါတယ်…။ ဆီပူထဲမှာ အကြာကြီးသွေ့လာတဲ့ အထိ မွှေရတယ်..။ ခပ်တန်တန်လေး မရပ်မနားမွှေပြီးပြီဆိုမှ စိမ်ထားရသေးတာ.။ ခဏတဖြုတ်စိမ်တဲ့ သဘောပေါ့..။ အချပ်တိုင်းစီ အကြွပ်ညီစေဖို့အတွက် မီးအေးနဲ့ စိမ်ရတာကိုက အာလူးကြော်တစ်ထုပ်ရဲ့ အဆင့်အတန်းပဲ..။ အဲဒီလို ဇိမ်နဲ့စိတ်ရှည်ရှည် အချိန်ယူကြော်တတ်ပါမှလည်းစားကောင်းတာမျိုး.။ နို့မို့ရင်တော့ပြီးကပစ် တူးခါးကြီးပဲရမှာ…။ အစိမ်လွန်ရင်လည်း ကျွမ်းကုန်တတ်တယ်လေ…။ တချို့ကမီးပြင်းပြင်းနဲ့ ဟောဟောဒိုင်းဒိုင်း ထည့်ကြော်တော့ မြန်တာပေါ့။ ဒါပေမယ့် ခါးခါးကြီးနဲ့ စားလို့တော့ မကောင်းလှပါဘူး။ ဒါမျိုးကအချိန်ယူတတ်ပါမှ ပိုစားကောင်းတာလား…။ ချစ်ရေးချစ်ရာတွေ ဆိုတာလည်းဒီသဘောတွေပဲ မဟုတ်လား..။ တူညီတဲ့ အချက်တွေကတော့ တွေဝေမနေပဲ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ဖို့ရယ်..၊ အနုစိတ် အချိန်ယူပြီး လုပ်ဆောင်တတ်ဖို့ရယ်ပဲ အရေးကြီးတယ်..။ သဘောရိုးနဲ့ ပြောတာနော်..ချော်တောငေါ့ပြီး မတွေးနဲ့ဦးဆရာ..။ အသေးစိတ်တော့ ရှင်းမပြနိုင်တော့လို့ ခွှင့်လွှတ်ပါဗျာ…မရှင်းရင်တော့ အစက တစ်ခေါက် ပြန်ဖတ်ပေါ့…။ နော့်..။
 

နံပါတ်မှာ သုံး …။ လောမကြီးရဘူး……
နေရာတကာ လျှပ်တီးလျှပ်ပြာနဲ့ ဗျိုးဗျိုး ဗြန်းဗြန်း စိတ်မြန်လက်မြန်သမားတွေ အာလူးကြော်လို့ မရဘူး။ တချို့ရှိကြတယ်..။ ကျုပ် အကို ဝမ်းကွဲ တစ်ယောက်ဆိုရင် ကားနဲ့ လိုက်ပို့ပေးတိုင်း တစ်ခါမှ စောင့်မနေတတ်ဘူး..။ စိတ်မရှည်လို့တဲ့လေ..။ အရမ်းစိတ်ဆတ်တဲ့ စနေသားဆိုတော့ စိတ်လည်းကြီးတယ်…ဘယ်လောက်တောင်စိတ်ကြီးလည်းဆိုရင် အီးတောင် နှစ်ချက်ဆင့်မပေါက်ဘူး..။ တစ်ချက်ထဲနဲ့ အပြီးပေါက်တာ။ အဲလို။ အာလူးကြော်ပြီဆိုမှ တော့ အချိန်တစ်ခုတော့ ပေးတတ်ရမယ်။ ဆီမပူသေးရင် ထည့်လို့မရသေးဘူး။ ဆီမပူပဲထည့်မိရင် ခရုလိုလိပ်ကုန်ပြီး ရုပ်ပျက်ဆင်းပျက်တွေပဲ ထွက်လာတတ်တယ်.။ ထည့်ပြီးရင်လည်း အလောသုံးဆယ်ပြန်မဆယ်ချင်ရဘူး..။ ဆယ်မိရင်ပျော့တာပျော့၊ ကြွပ်တာကြွပ်နဲ့ အားလုံးပျက်ကရော။ လိုအပ်တဲ့ အခြေအနေမှာ လိုအပ်သလို ပြောင်းလဲနိုင်စွမ်းရှိရမယ်..။ တီထွင်ဆန်းသစ်တဲ့ စိတ်ကူးတွေလည်း အမြဲတွေးနေသင့်တယ်.။ ဒီလိုပြောလို့ကျုပ်အပြောကြီးတယ် ထင်နေဦးမယ်။ လက်တွေ့ဆိုတာ စိတ်ကူးယဉ် အပြောလေးထက် အမြဲတမ်းပိုခက်ခဲလေ့ ရှိတယ်မဟုတ်လား..။ ဘယ်အရာမဆို အချိန်ယူပြီးကြိုတွေးနိုင်တာ အကောင်းဆုံးပဲ..။ အဲဒီထဲမှာ အာလူးကြော်တာနဲ့ မိန်းမယူတာလည်းပါတာပေါ့နော်…။
ကြည့်တော့သာလွယ်တာ။ တကယ်လုပ်ကြည့်တော့မှ ခက်မှန်းသိပါလိမ့်မယ်..။ နှစ်မျိုးနှစ်စား ရှိတာပေါ့ ၊ ရိုးရိုးအပါးကြော်နဲ့ ဇကာပေါက်ကြော် ဆိုပြီး ရှိတယ်။ ရိုးရိုးအပါးက ရှေးခေတ် အမေရိကန်အားလူးကြော် အစစ်။ ဇကာကတော့ ဒီကလူတွေနောက်မှထွင်လုပ်ကြတာပေါ့..။
 

နံပါတ်မှာ လေး ။ အမှားမခံဘူး။
အားလူးကြော်တာက အစ ကြော်လှော်ထုပ်ပိုးပြီးရောင်းတဲ့ အဆုံးထိ လုပ်ငန်းစဉ် တစ်လျောက်လုံး ဂရုစိုက်တတ်မှရတယ်။ ကြေတတ်တယ်၊ ကြေလွယ်တယ်လေ။ ခွါရာမှာ အခွံပါသွားရင်လည်း ပအာတတ်သလို၊ ကြော်ရာမှာ အသုံးမကျရင်လည်း ပျော့စိစိနဲ့ စားမကောင်းဘူး။ ဘက်စုံ ထောင့်စုံအောင်ဂရုစိုက်တတ်ပါမှ ရေရှည်ရပ်တည်လို့ ရတဲ့အမျိုး။ နည်းနည်းမှ အမှားမခံဘူး…နတ်ကြီးတယ်။ အချစ်ကလည်း နတ်ကြီးတယ်လေ။ အချစ်မှာ အကြိမ်တစ်ရာ မှန်ခဲ့ပြီးမှ တစ်ကြိမ်တစ်ခါ လေးမှားသွားတာနဲ့သွားရောပဲ။ အဲလိုပဲ အာလူးကြော်ပြီး ပိဿာထုပ်ကြီးကို ဆွဲပြီးချော်လဲ ကြည့်ပါလား.။ များများစားစား မဟုတ်ဘဲနဲ့ သောက်ရေလေးတစ်ခွက် လောက်လေးကိုပဲ ထည့်မှောက်ကြည့်ပါလား။ ဆောရီးဗျာ မှားသွားလို ဆိုပြီး အဓွန့်တက်လို့ရမတဲ့လား..။ အိမ်ထောင်ရေး ဆိုတာလည်း အဲဒီတိုင်းပဲပေ့ါ။ တစ်ခါတစ်လေ ကိုယ့်ဖက်ကမှန်နေလျက်သားနဲ့ သူ့ဘက်က တစ်ဖက်သတ်အထင်လွဲတာမျိုးတောင် ရှိသေးတယ်။ ဘာနဲ့တူနေလည်း ဆိုတော့ ဆီသန့် နဲ့ ကြော်လျက်သားနဲ့ ဆီသန့်ရဲ့လားလို့ိ ဆိုပြီးဝယ်သူက သံသယ ဝင်နေသလိုပဲ။ ငှက်ပျောသီးကို မိန်းမတိုင်း မစားကြပေမယ့်၊ အာလူးကြော် မကြိုက်တဲ့ မိန်းကလေးရယ်လို့ သိပ်မရှိသလောက်ပဲ။ ကြိုက်ရဲ့သားနဲ့ ရှောင်တာကတော့ ခြွင်းချက်ပေါ့နော်..။ ထုတ်မပြောရင်သာရှိမယ်..အားလုံးကြိုက်ကြမယ်တဲ့ တူတယ်နေယ်..။ အဲသလိုပေါ့..အချစ်ဆိုတာလည်း ငွေပြီးရင် မိန်းမတိုင်းအတွက် သည်းခြေကြိုက်ပစ္စည်းပေါ့..။ ချစ်တတ်ရဲ့သားနဲ့ လူ့ဘောင်ရှောင်ကြတာတော့ ခြွင်းချက်ပေါ့နော့်..။
အချစ်နဲ့ အာလူးကြော်ခြင်းဟာလည်း နည်းနည်းလေးမှ အမှားမခံဘူး ဆရာ..။ မယုံစမ်းကြည့်.။ ဒါတွေက ထွေလာထိုး သလိုမျိုး အစမ်းပြောပြရုံရှိသေးတာ….အများကြီးကျန်သေးတယ်..။



No comments:

Post a Comment


Aung Hein - နည္​းပညာ