Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Wednesday, March 2, 2016

ရှမ်းပြည်နယ်မှာ ရှိတဲ့ ဒုတိယဦးပိန်တံတား(သို့) နောင်ဖာကန်

ရှမ်းပြည်နယ်မှာ ရှိတဲ့ ဒုတိယဦးပိန်တံတား(သို့) နောင်ဖာကန်

စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်မှာ ဒုတိယ ဦးပိန် တံတား ဟု တင်စားခေါ်ဝေါ်လောက်သော ခရီးသွား ဧည့်သည်များ မသိရှိသေးသော နေရာတစ်ခုရှိသည်။ ထိုနေရာသည် အေးချမ်းသာယာ ဆိတ်ငြိမ်ပြီး၊ ထိုပတ်ဝန်းကျင်းက ရှုခင်း အလှအပတွေကို ပါးစပ်နဲ့ စာနဲ့ ဓါတ်ပုံနဲ့ ပြောပြလို့ မရလောက်အောင် အပြင်မှာ ပိုပြီးတော့ လှပ ပါတယ်။ ထိုနေရာကတော့ နတ်ဘုံတမျှ လှပတဲ့ ရေကန်ကြီးနဲ့ အလယ်မှာ မုဆိုးမကျွန်းလေး တည်ရှိတဲ့ နောင်ဖာကန်ပဲ ဖြစ်ပါတယ်။
ရှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့နှင့် ၆ မိုင်အကွာ နောင်ဖာ ကျေးရွာမှာ နောင်ဖာကန် တည်ရှိပြီး၊ ဘေးပတ်ဝန်းကျင်မှာ တိုင်းရင်းသားပေါင်းစုံ  နေထိုင်ကြတဲ့ ရွာပေါင်း ၈ ရွာ တိတိ တည်ရှိပါတယ်။ ခိုလမ်ကနေ မိုင်းရှူးဘက် သွားလမ်းကို မသွားဘဲနဲ့ ကျိုင်းတောင်း ရေတံခွန် သွားရာလမ်းအတိုင်း သွားလိုက်ရင်၊ ခိုလမ်-နောင်ဖာ ဆိုတဲ့ ဆိုင်းဘုတ်သေးသေးလေး လမ်းခွဲအတိုင်း ဆက်ဝင်သွားရင် နောင်ဖာကန်ကိုရောက်ပါတယ် ။ လမ်းကဆိုးတဲ့အတွက် ကားနဲ့ သွားရင်တောင် ဆီးဖြူသီး စကောထဲ ထည့်လှိမ့်ထားသလို ဘယ်ညာလူးနေတတ်ပါတယ်။ ကားအနိမ့်လေးနဲ့ သွားရင်တော့ အောက်ပိုင်းက ချိုင့်တွေနဲ့ မလွတ်လောက်တဲ့အတွက် တောင်တက် 4Wheel အမြင့်ကားကြီးတွေနဲ့ ပိုအဆင်ပြေမှာပါ။ ရွာလမ်းအတိုင်း ၄ မိုင် နီးပါးလောက် ၀င်ရပါတယ်။
နောင်ဖာ ရေကန်သည်  ယခင်က ၆ မိုင် ပတ်လည် ကျယ်ဝန်းခဲ့သော်လည်း ယခုအခါ အနံ တစ်မိုင် ခွဲနှင့် အလျား ၃ မိုင် ပတ်လည် ခန့်သာ ကျယ်ဝန်းတော့ပြီး၊ ရေကန်ကြီး အလယ်တွင် ကျွန်းတစ်ကျွန်း ရှိပြီး၊ ရှေးဟောင်း စေတီတော် တစ်ဆူ ရှိကာ မုဆိုးမကျွန်း ၊ မုဆိုးမ စေတီတော်ဟု ခေါ်တွင်ကြသည်။ ထိုရေလည် ကျွန်းပေါ်တွင် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး ရှေးဟောင်းသမိုင်းဝင် စေတီပျက် တစ်ဆူ ရှိသည်။ ထိုစေတီမှ ရေကန်ရှိရာသို့ ဆက်သွားသော တံတားရှိပြီး တစ်ဖက်တွင်  View Point သစ်သား အဆောက်အအုံ တစ်ခုကို လက်ရှိ ဆောက်လုပ်နေဆဲလည်း ဖြစ်သည်။
ထိုနေရာသို့ လာရောက်သူတိုင်းက မန္တလေးရှိ ဦးပိန်တံတား နှင့် တူသည်ဟု ပြောလေ့ ရှိကြောင်း နောင်ဖာ ဒေသခံများကို ပြောကြားသည်။ နောင်ဖာ ရွာနှင့် ပတ်ပတ်လည်တွင် ရွာ(၈) ရွာ ရှိပြီး၊ ရှမ်းတိုင်းရင်းသား နှင့် ပလောင် လီရှောများ နေထိုင်ကြကြောင်း ၊ အများစု စိုက်ပျိုးရေး လုပ်ကိုင်ကြကြောင်း သိရသည်။ ထိုမုဆိုးမကျွန်း စေတီမှ ရှမ်းဆရာတော် ဘုရား မိန့်ကြားသော နောင်ဖာကန် သမိုင်းကြောင်း ပုံပြင်သည် အောက်ပါအတိုင်း အဖြစ် မှတ်တမ်းတင်ရန် ကြားသိခဲ့ရပါသည်။
ယခင်နှစ်ပေါင်းများစွာက ထိုနေရာသည် မြို့ဟောင်းတစ်မြို့ဖြစ်ခဲ့ကြောင်း၊ အဘယ်ကြောင့် မြို့ကြီးပျက်သွားသလဲဆိုရင် အရင်တုန်းက မုဆိုးမကြီး တစ်ယောက်မှာ သမီးတစ်ယောက် ရှိပြီး၊ အပျိုဖော်ဝင်ချိန်မှာ နဂါးပြည်မှ နဂါးမင်းကြီးက လူ့ပြည် လာလည်တယ်။ နန်းကို လာဆုံပြီးတော့ ချစ်ကြိုက်ပြီး ယူလိုက်ကြတယ်။ မင်္ဂလာဆောင်ပြီး တစ်နှစ်ကျော် ကြာချိန်မှာ ကလေး တစ်ယောက်ရတယ်။ တန်ခူးလမှာ ရှမ်းထုံးစံအရ ရပ်မိရပ်ဖ တွေကို သွားကန်တော့ကြဖို့ ယောက္ခမ မုဆိုးမ အဘွားကြီးကို ခွင့်တောင်းကြတယ်။ “အမေ လူကြီးတွေ သွားကန်တော့မယ်။ သူတို့လင်မယား သွားနေချိန်မှာ သားလေးကို ရေပေး မဆော့ပါနဲ့ ။ ခဏတော့ သည်းခံပေးပါ။ ” လို့ နဂါးမင်းကြီးက မှာကြားပြီး ထွက်သွားတယ်။ မုဆိုးမအဘွားကြီးကလည်း ရေပေးမဆော့ပါဘူးလို့ သဘောတူလိုက်တယ်။ ထွက်သွားပြီး လမ်းတစ်ပိုင်းတစ်ရောက်ချိန်မှာ ကလေးက နင်းကန်ငိုတယ်။ ကလေးက ငိုနေတော့ အလုပ်မဖြစ်တော့တဲ့ အတွက် ရေကန်တူးပြီးတော့ ရေပေးဆော့ လိုက်တယ်။ ရေကန်ထဲ ထည့်လိုက်ချိန်မှာ မုဆိုးမကြီး မြေးက ငါးကြီး ဖြစ်သွားတယ်။ နည်းနည်းကြာသွားချိန် အဘွားကြီးက အသံတိတ်သွားလို့ ထွက်ကြည့်မှ သူ့မြေးက ငါးကြီး ဖြစ်သွားမှန်း သိပြီး၊ ရေပေးမဆော့နဲ့လို့ မှာထားတာကို သတိရပြီး နောင်တ ရမိတယ်။ မတတ်နိုင်တော့ပါဘူး ဆိုပြီး ကန်ကြီးကို သွားလွင့်တော့ ကားက နင်းကန်ကြီးထွားသွားတာ လူကြီး အလံ ၅ လံ လောက် ရှိသွားတယ်။ ရွာသားတွေ လာရှာတော့ ငါးကြီးကို တွေ့မိပြီး ဘုရင်ကို သတင်းပို့တယ်။
အတောင် ၅ တောင် လောက် ရှိတဲ့ ငါးကြီး တွေ့မိတယ် ဆိုတဲ့ သတင်းက ဘုရင်ရွှေနားတော် ပေါက်ကြားသွားပြီးချိန် ဘုရင်ကြီးကလည်း ငါးကြီးကို ဖမ်းမိန့်ထုတ်လိုက်တယ်။ ကြီးလေကောင်းလေ ပေါ့လေ ။အရိုးနည်းသွားတာပေါ့။ ဆိုပြီး သွားဖမ်းတယ်။ အဘွားကြီးက ကန်ဘေးမှာ ထိုင်ငိုနေတယ်။ “ မင်းတို့ကို တောင်းပန်ချင်တယ်။ ဒီငါးက တခြားငါး မဟုတ်ဘူး။ ငါ့မြေး ဖြစ်တယ်။ တောင်းပန်တယ်။ ” လို့ အဘွားကြီးပြောတာကို မင်းချင်းတွေက “ မရဘူး ။ ငါးက နင့် မြေး ဖြစ်တယ်ဆိုတာ အရူးကျနေတာပဲ။ ထုံးစံ မရှိဘူး ဆိုပြီး၊ မင်းမိန့်အတိုင်း ဖမ်းရမှာဘဲ ” ဆိုပြီး ဖမ်းလိုက်တယ်။ ငါးကြီးကို မိသွားပြီး ဘုရင်က တွေ့သွားပြီး၊ တံငါသည်ကလည်း ရွာသားတွေကို ပိုက်ဆံ ဘယ်လောက်ယူမလဲ ဆိုတော့ ငါးကြီးကို မစားဖူးလို့ အသားကိုတော့ နည်းနည်းလောက် ကျွေးဖို့ တောင်းပန်တယ်။ တံငါသည်ကြီးကလည်း ငါးကြီးကို သတ်ဖြတ်ပြီး အသားတွေကို တုံးပြီး တစ်အိမ်ကို တစ်တုံးစီလောက်ပေး ဝေစေလိုက်တယ်။ အဘွားကြီးက အရူးကြီးကျနေတာပဲ၊ ငါးကြီးက သူ့မြေးဖြစ်တယ်။ သွားမပေးနဲ့” လို့ ပြောတဲ့အတွက် မုဆိုးမအဘွားကြီးက မရလိုက်ဘူး။
နဂါးမင်းကြီးက နဂါးပြည်ကို လူကြီးတွေ သွားကန်တော့ရာက ပြန်လာတယ်။ အဘွားကြီးက ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော့ နဂါးမင်းကြီးက အမျက်ဒေါသ ကြီးစွာထွက်တော်မူတယ်။ “မင်းတို့ တော်တော် မိုက်ကန်းပါလား။ ငါ့ သား ကိုတောင် စားလိုက်တယ် ဆိုတော့ မင်းတို့ ငါ့အကြောင်း နောက်တော့ သိရမယ်။ ” ဆိုပြီး ဘုရင်ကြီးက နဂါးပြည်ကို ပြန်တော်မူတယ်။ မိန်းမလုပ်သူကိုလည်း မကြောက်ဖို့ ပြောပြီးတော့ နဂါးပြည်ပြန်ပြီး အမျိုးတွေ ခေါ်လာပြီး နဂါးအသားကို စားထားတဲ့ လူသားတွေနေတဲ့ မြို့ကြီးကို ရေနဲ့ မြှုပ်လိုက်တယ်။
ပြန်မယ်ဆိုတော့ မိန်းမလုပ်သူကလည်း အားကိုးစရာ အဖော်မရှိတဲ့ သားလည်း မရှိ၊ လင်ကလည်း ပြန်မယ်ဆိုတော့ လိုက်မယ် လို့ ပြောပြီး လိုက်သွားတယ်။ ကြာသွားပြီး နှစ်ပေါင်းများစွာ အကြာမှာ လူ့ပြည်ပြန်တက်လာပြီး ဒီမြေကြီး ဖြစ်နေတဲ့ကုန်းမို့မို့လေး ပေါ်မှာ ကျွန်းလေး ပေါ်မှာ နဂါးမင်း ယောက္ခမ လုပ်သူက လှူပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ မိန်းမလုပ်သူက လွမ်းစေတီလေး လာတည်ထားလိုက်တယ်။ ထိုစေတီလေးကို မုဆိုးမကျွန်း စေတီတော် လို့ ခေါ်တွင်ပြီး၊ ထိုကျွန်းလေး ကိုလည်း မုဆိုးမ ကျွန်းလို့ ခေါ်တွင်စေတယ်။
ထိုရေကန်နှင့် စေတီသည် နှစ်ပေါင်း တစ်ထောင်ကျော်ပြီး၊ ဆရာတကာ တို့သည် နှစ်ပေါင်းများစွာ တိုင်း ပြန်လည် ပြုပြင် တည်ထားသဖြင့် လက်ရာကွာပြီး၊ ယခုအခါ ထိုစေတီတော်လေးသည် ပြိုပျက်စ ပြုနေသည်ကို မြင်တွေ့ခဲ့ရသည်။
ထို့ပြင် ဦးပိန်တံတားလေးကို သစ်သားတံတားဖြင့် ပြုလုပ်ထားပြီး၊ အချို့နေရာများကို ပြန်လည် ပြုပြင်နေဆဲ ဖြစ်ကြောင်း မြင်တွေ့ရသည်။ နောင်ဖာကန်သည် ၈ တောင်ခန့်သာ နက်ပြီး၊ သုံးရေ အဖြစ် အသုံးပြုကြောင်း သိရသည်။ ကုန်းကာ ရွာဟောင်း၊ ဖာဖွေ ရွာဟောင်းနှင့် နောင်ဖာသွပ် ၊ ၀မ်ယွမ်းရွာ၊ ဟတ်ဖါ၊ ပါဆိုင်း စသော ပတ်ပတ်လည်တွင် ရွာ ၈ ရွာ ရှိကြောင်း သိရသည်။ ပလောင်နှင့် ရှမ်းတိုင်းရင်းသား အိမ်ထောင်စု ၁၀၀ ခန့်သာ နေထိုင်ကြပြီး၊ အများစုမှာ နိုင်ငံခြား ထွက်ခွာခြင်း၊ စစ်ဘေးရှောင် တိမ်းရှောင်ပုန်းအောင်းခြင်းတို့ကြောင့် လူဦးရေ နည်းပါးသွားကြောင်း သိရသည်။ ပလောင်တိုင်းရင်းသားများသည် ခါးတွင် ငွေကွင်းများကို စွပ်ထားကြပြီး၊ လွိုင်ကော်တွင် နေထိုင်သော ပဒေါင်လူမျိုး တို့သည် လည်ပင်းတွင် ငွေကွင်းများကို စွပ်ထားကြခြင်း ဖြစ်သည်။ ပလောင် ၂ မျိုး ရှိပြီး၊ အနက်ရောင် နှင့် အနီရောင် တို့ဖြစ်သည်။ တောင်ပိုင်းတွင် နေထိုင်သော ပလောင်လူမျိုးများသည် ငွေပလောင်များ ဖြစ်ပြီး မြောက်ပိုင်းမှ ပလောင်များသည် ရွှေပလောင်များ ဖြစ်သည်။ ပလောင်များသည် အကျီ င်္ အပြာနုများကိုလည်း ၀တ်ဆင်တတ်ကြပြီး နားပေါက် အကျယ်ကြီးများကို ဖောက်ထားလေ့ ရှိတတ်ကြသည်။ အမျိုးသားများသည် ဆံပင်ကို စုတ်ဖွား ထားတတ်ကြပြီး အ၀တ်အစားများကိုလည်း ဖြစ်သလို သာ ၀တ်ဆင်တတ်ကြကြောင်း မြင်တွေ့ရသည်။
ထိုနေရာသည် ပြန် လည် ဖော်ထုတ်လိုက်လျှင် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမည့် နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Xxxxx
Writter - စည်သာ(တောင်ကြီး)
Eleven Media Group- သတင်းစာပါ အချပ်ပို ဆောင်းပါး
Video Link ပေးထားပါတယ်။ (Youtube Video Crd and Photo Credit)

 

No comments:

Post a Comment


Aung Hein - နည်းပညာ