မိအေး အခါခါ ရှက်
ပေါ်ကြီး(အေးသာယာ)
အဲဒီ အဖြစ်ကတော့ တော်တော်လေး ဆိုးရွားပါတယ်ဗျာ…။ ညဘော်ဒါဆောင်မှာ
အိပ်တုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံပေါ့၊ ၁၀ နှစ်လောက်ကြာပြီ…။ ကျွန်တော်
ဆယ်တန်း…ဖြေရမယ့်နှစ်မှာ စုပေါင်း ညစာကျက်ဝိုင်း တက်ဖြစ်တယ်..။ အဲဒီ
စာကျက်ဝိုင်းမှာ ချာတိတ် ၆ ယောက်၊ မိန်းကလေး ၄ ယောက်ရှိတယ်..။ ဆရာမကလည်း
စာသင်တာ ၂ နှစ်လောက်ပဲ ရှိသေးတဲ့ ၊ တက္ကသိုလ်ပြီးခါစ အရွယ်လေး…။ ဒီတော့ကာ
သိတဲ့အတိုင်း လိုသေးတာပေါ့..။ ဆားဗစ် နုသေးတော့ ကျောင်းသူ ၊ သားတွေကို
ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သိပ်မကျွမ်းသေးဘူး…။
မနက်ဆိုရင် စောစော ထ ရပြီး စာကျက်ရတယ်…။ ၈နာရီ မထိုးမချင်း
ကျူရှင်တက်ရတယ်…။ ပြီးမှ အိမ်ပြန်၊ အ၀တ်အစား လဲပြီး ကျောင်းသွားရတယ်…။
ကျောင်းဆင်းတာနဲ့ အိမ်ပြန် အ၀တ်အစားလဲပြီး၊ ရေမိုးချိုး
စားသောက်ပြီးတာနဲ့ ညစာကျက်ဝိုင်း ခပ်သုတ်သုတ် ယွန်းရတာပဲ…။
အချိန်ရှိသရွေ့ ကျောင်းနဲ့ စာကျက်ဝိုင်းမှာ ပဲ လုံးချာလည် လိုက်နေတော့
စိတ်လေလာတယ်…။ ဒါကို သိတော့ကျူရှင် ဆရာမကလည်း ပျော်ပွဲ ရွှင်ပွဲ လေးတွေ
လုပ်ပေးပါတယ်…။ တစ်ပတ်မှ တစ်ရက် ဆိုစလို အင်္ဂလိပ် ကားကြည့်ခွင့်ပေးတယ်..။
ညဘက်လည်း အပြင် ထွက် ခွင့်ပေးထားတဲ့ အပြင် လ္ဘက်သုတ်၊ ခရမ်းချဉ်သီးသုတ် ၊
ဖီတန်သုတ် တို့လို အကြော်လှော်လေးတွေနဲ့ အိပ်ချဉ်ပြေ လုပ်ပေးလေ့ရှိတယ်…။
စာကျက်တယ်သာ ပြောပါတယ်…။ အမှန်က နာမည်ခံ ပဲ ရှိတာ.။ ညဆို ဘီယာဆိုင်
ထိုင်လိုက်၊ ကြူထိုးလိုက်၊ ရှပ်ကီပင့်လိုက် နဲ့ အပြင်မှာပဲ လမ်းသလား
နေကြတာ.. ။ မှတ်မိသလောက်…ရန်ကြီးအောင် ဆိုတဲ့ ငနဲ ဆိုးပုံ ပြောရရင်…။
တစ်ခါ ညောင်ရွှေ ဘုရားပွဲ ရှိလို့ ဆိုင်ကယ် နဲ့ သူ့ နောက်က ကျွန်တော်
လိုက်စီးရင်း သွားလည်မိပါတယ်။ သကောင့်သား ဆိုင်ကယ် အမောင်းကြမ်း
ပက်စက်တယ်..။ ၀ီးခနဲ ဝေါခနဲ တွေ့ရာ တွေ စွတ်ကျော်တက်နေတော့တာ နောက်ကလူကို
မြောက်တက်နေတာပဲ….။ သူ့ကိုယ် သူ ဂျက်လေယာဉ်မောင်းနေတယ်များ
အောင့်မေ့နေလား မသိဘူး…။ မျက်ရည်ကို အိမ်လုံးလောက် ကျတယ်….။ ကိုယ်ရှေ့က
မောင်းရင်သာ သေသေရှင်ရှင် ဘာမှမသိတာ…။ သူများနောက်က လိုက်စီးရင်တော့
ကြောက်တယ် ဆရာ..( အမ်အမ်း ကြောက်တာပေါ့လို့…လူများမှာက မီးမ မှ
မရသေးတာဂျီးကို ) ထား ။ အဲ့ငနဲ ညောင်ရွှေ လည်းရောက်ရော…ဆိုင်ကယ်ကို ရပ်၊
မျက်မှန်ကို ချွတ်တဲ့ပြီး…ဟန်ပါပါ နဲ့ ပြောချလိုက်တာက
“အေးကွ ကျွန်တော် မျက်စိ သိပ် မကောင်းဘူး”
ဆိုပဲလေ…။ ဂိန် ဂိန် ဂိန်..။ ဒါမှန်းသိ ကြိုတင် သရဏဂုံလေး တင်ခဲ့ပါတယ်..။
မျက်စိ မကောင်းပဲ တောင် ဒီလောက်ဆိုရင်..၊ ကောင်းများကောင်းလို့ ကတော့
မတွေးရဲဘူး.. ။အပြန်ကိုတောင် လိုင်းကား နဲ့ ပဲ ပြန်ခဲ့တာ။
အဲဒီနောက်ပိုင်း အဲ့ ငနဲ နောက်က ဘယ်တော့မှ ကျွန်တော်
လိုက်မစီးရဲတော့ဘူး…အဟုတ်…။
တောက်တစ်ကောင်က ကျောက်ပွဲစား ဇ၀ိန်..။ ကျောင်းသားက ပွဲစား လည်းလုပ်တယ်..။
လုပ်မှာပေါ့..နှစ်ကျ တန်းကြီးသမားတွေကိုး… ဒီ ငနဲက ခရစ် ဆိုပေမယ့်
အလှူတန်းတော့ ရေလည်း ရက်ရောတယ်..။ တော်ကြာ သူ့ မွေးနေ့ ဆိုပြီးတော့ ဘီယာ
နဲ့ ခရုပြုတ် လိုက်ကျွေးမွေးရတာနဲ့..။ တော်နေကြာ သူ့ ညီမ မွေးနေ့ ၊
ရှမ်းကြီးတို့ အတွဲကို မင်္ဂလာဦး လက်ဖွဲ့ ဂုဏ်ပြု၊ ဆရာမ အတွက်
ကျေးဇူးတင်ဂုဏ်ပြု ဆိုပြီး ခေါင်းစဉ် တွေ မထပ်ရလေအောင် ဆိုပြီး
လိုက်ပြုစုတာ..။. တကယ်တော့ သူ့ဘာသူ ဘီယာ သောက်ချင်လို့ ကြားကောင်းအောင်
လျောက်ပြောပြီး ဆိုင်းဘုတ်တွေ တပ်နေတာ..။ ဒီ ငနဲ က ကြည့်လိုက်တိုင်း
ပြုံး နေ တာပဲ….။ အရေးထဲ ၀ါသနာ အရ ကဗျာက ကပ် ရေးလိုက် သေးတယ်..။ ဘာမှ
ဖြစ်လာတာလဲ မှုတ်ဘူးရယ်..။ ဒီော့ အားလုံးက တညီတညွတ် ထဲ နာမည်ပြောင်
ပေးထားကြတယ်။ ဇ၀ါ တော့ မဟုတ်ဘူး ဇ၀ိန် လို့…။
အင်းနောက်ပြီး ရှမ်းကြီး၊ ကျော်ကိုကိုထွန်း၊ ဈာန်ထွန်းအောင် တို့ပေါ့။
ဒီ ၆ယောက် စုမိပြီ ဆိုရင် ဆရာမ ရော ကောင်မလေး တွေရော ပါးစပ်ကို
မပိတ်ရတော့ဘူး ။ တစ်ခုမဟုတ် တစ်ခု ဗရွတ်ရွတ်တောက် ပြောနေလို့ နားအေးလေ
ကောင်းလေ ဆိုပြီး ဆရာမ ကတောင် ဘီယာ ဖိုးထုတ်ပေးသေးတာ။
ကောင်တွေက တစ်ကောင်မှ ကျောင်းမတူဘူး…။ ၆ယောက်ရှိ ၆ ကျောင်းပဲ….။
မြို့တွေလည်း မတူကြဘူး…။ ရန်ကြီးအောင်က ရွှေဘိုသား..။ ရှမ်းကြီးက
မြောက်ပိုင်း လားရှိုးမှာ မွေးတာ။ ကျွန်တော်က သထုံသား..။ အဲလိုပေါ့လေ။
မတူညီတဲ့ လက္ခဏာ စရိုက်တွေနဲ့ မတူညီတဲ့ နေထိုင်မှု စနစ် ရှိကြသူတွေချင်း
တစ်နေရာထဲ ကြံကြံဖန်ဖန် လာဆုံကြတာ…။
ဆိုတော့ကာ လူကများ အိမ်က ၃ ပင် ၂ ခန်း နှစ်ထပ်အိမ် ဆိုပေမယ့်ကျဉ်းတယ်…။
အိမ်သာကလည်း တစ်လုံးပဲ ရှိတယ်..။ အိမ်သာ နဲ့ ပါတ်သတ်ရင် ကိုယ်တွေကလည်း
ရာဇ၀င် နဲ့ကို လာတာ…။
ကျွန်တော်တို့  ငယ်ငယ်တုန်းက သထုံမှာ နေခဲ့ရတဲ့ ခြေတံရှည်
သစ်သားအိမ်လေးနဲ့ အိမ်သာက ဝေးတယ်။ မနက်ဖြစ်ဖြစ် ၊ ည ဖြစ်ဖြစ်
ကိုယ်တွေကတော့ လှေကား ပေါ်ကနေ ကော့ပန်းချလိုက်တာပဲ…။ အဲဒါ ကလေး ဘဝ
တစ်လျောက်လုံး အရွယ်ရောက်တဲ့ထိပဲ ဆိုပါတော့။ အဖေ့ဘက် က အိမ်ကြီးမှာ
နေတုန်းက ဆိုရင်တော့ ဆီးအိုးကြီးနဲ့ပဲ သွားတာပေါ့… ။ အဲဒါကြီး ကို
မနက်ရောက်ရင် အစ်ကိုနဲ့ ကျွန်တော်အလှည့်ကျ သွားသွားသွန်ရတယ်..။
တစ်နေ့တော့ အစ်ကို လုပ်သူက ပေ ၂၀ လောက်မြင့်တဲ့ အင်္ဂတေ လှေကား
လက်ရန်းတိုင်ကနေ ဆီးအိုးကြီးကိုင်ပြီးတော့ လျှောစီးဆင်းတာ…။ ပြုတ်ကျလို့
ဝုန်းဒိုင်းကြဲပြီး အဘိုးကြီးရော အဘွားကြီးရော လူစုံတက်စုံ
ရောက်လာပါလေရော..။ ကျွန်တော့ အစ်ကို ခမျာ ဆီးအိုးကြီး ခေါင်းမှာ
စွပ်ပြီး၊ ကံကောင်းလို့ မသေတာ…။ အဲဒါကြီးကို ခေါင်းကနေ မနည်း ပြန်
ချွတ်ယူ ရပါတယ်ဆို…။ ပိန်လိန် ကုန်တော့ မနည်းရင်းခေါင်း ချွတ်ယူ
ရခက်တာပေါ့..။ တော်တော်ဆော့တဲ့ မျောက်လောင်းတွေ ဆိုပြီး အဘိုးကြီး
ရိုက်လို့ ကောင်းလိုက် တဲ့ အမျိုး…ဟိုကောင် မြော့နေတာပဲ….။ တစ်ခါ အစ်ကို
နဲ့ ကျွန်တော် ဆီးကော့ပန်း ပြိုင်ကြတာ ဘယ်သူ ဝေးဝေး၊ ၊ ဘယ်သူ ကြာကြာ..။
အဲဒီခေတ်က မတ်စေ့တွေ သုံးသေး တယ်လေ…။ နဂါး ညီနောင် ဇီးထုပ် တစ်ထုပ်
တစ်မတ်၊ ဘိန်းမုန့် တစ်ခု တစ်မတ်။ အဲဒါ အစ်ကို က မုန့်ဖိုး ရတဲ့
မတ်စိငုံပြီး ဆီးကော့ ပန်းတာ..။ ဖြစ်ချင်တော့ ပြီးခါနီး အထိ ဘရိတ်
မဖမ်းပဲ နင်ပိတ်ကန် အတွင်းအား တွေ ညှစ်ပန်းတာ..။ မတ်စိကြီး မြိုချမိပြီး
မျက်ဖြူလန် နေလို့ အဖေတို့ အဒေါ်တို့တွေ ပြာယာခတ် ကုန်တော့တာပဲ..။ ဦးလေးက
ကားငှားရင် ကြာပါတယ် ဆိုပြီး အစ်ကို့ကို ကျောပေါ်တင်ပြီး ဆေးရုံ
ထမ်းပြေးတာ..။ တော်သေးတာပေါ့ မခွဲမစိတ်ရပဲ ၀မ်းနဲ့အတူ ပြန်ထွက်လာလို့…။
စောစောက ပြောခဲ့တဲ့ ခြေတံရှည် အမေတို့ အိမ် ရောက်တော့လည်း အိမ်ပေါ်ကနေ
ကော့တာပဲ။ ပတ်ဝန်းကျင် က အိမ်နီးချင်းတွေ လာလည်ကြတော့ စကြတာပေါ့..။
အပျိုကြီး တစ်ယောက်က ဆိုရင်
“ဟယ် ချာတိတ်လေးတွေ အပေါ့သွားတာ ဘယ်လိုကြီးလဲ.ပေါ်တင်ကြီး”
ဆိုပြီး ရွဲ့သလိုလို ၊ ခနဲ့ သလိုလို နဲ့ သူ့ ရင်ဘတ်လေး သူဖိပြီးပြောတာ…။
အဲ့ဒါကြောင့် အပျို ကြီး ဖြစ်တာ နေမှာပေါ့..။ မြင်ရင် မြင်သလို
နေလိုက်တာမှုတ်ဘူး..။ အာချောင်လိုက်ရမှ ကျေနပ်တာ အပျို ကြီးတို့ ဗီဇ
လားတော့ မသိဘူးနော်…။ အိမ်က လူကြီးတွေကတော့ ဘာမှ မပြောပါဘူး..။ သိတယ်မလား
အလိုလိုက် ထားတာလေ…။ တချို့ကတော့ ရွံသလိုလို ဘာလိုလို နဲ့ မဲ့ကာ
ရွဲ့ကာလုပ်ပြကြတယ်။ အိမ်ရှေ့ကြီး အဲလိုလုပ်ကောင်းဘူး နဲ့ ပြောကြတယ်..။
တစ်နေ့ ညနေခင်းမှာ ကျွန်တော်လည်း ဆီးသွားချင်နေတာနဲ့ ၀ရံတာပေါ်ကနေ
ရှဲရိုက်ချတာ.။
“အမလေး..မိုးရွာပြီတော့၊ အ၀တ်တွေ ပြေးရုပ်ဦးမှ”
ဆိုပြီး အဒေါ်ကြီး တစ်ယောက် ထပြေးတာ..။ မော့ကြည့်တော့မှ မိုးအတုရွာနေတဲ့
ပိုင်ရှင် သိကြားမင်း ကျွန်တော့်ကို မြင်မိပြီး
“သေနာလေး ၊ နင်လုပ်လို့ ငါ့တစ်ကိုယ်လုံး ရွှဲ ကုန်ပြီ”
အယုတ္တ၊ အနတ္တ တွေ ဆဲလိုက်တာ မိုးကိုမွှန်ရော…။ သူ့ဘာသူ ဘာလုပ်နေမှန်း
မသိ..။ ကိုယ်လည်း ကိုယ့်ဇော နဲ့ကိုယ် ဇောကပ်နေတော့
ဘယ်သတိထားနေနိုင်မလဲ..နော့်..။ အဲလိုပေါ့..။ ၀ရံတာမှကြ ရေအိုးစင်
တစ်လုံးလည်း ထားထားတယ်လေ…။ အချို့ကတော့
“အော်…ငါက ရေအိုးကွဲသွားပြီ မှတ်နေတာ….မင်းကိုး”
တဲ့။ ကိုယ်တွေက အဲလို မတ်တပ် ကို အကျင့်ကို ပါနေတာ…။ ဘယ်လောက်ထိ
အကျင့်ပါလည်း ဆိုရင် နို့ညှာမ ဖြစ်တဲ့ ကျွန်တော့် အောက်ကညီမ ကိုတောင်
အဲဒီ အကျင့် ကူးတဲ့ အထိ ပဲ..။ ဒီကောင်မကလည်း အကို တွေ နဲ့ အပြိုင် ကို
မတ်တပ်ကြမ်းတာ ။ အောင်မာ လှည့်ကြည့်ပြီးတောင် ပြောလိုက်သေးတယ်…။
“နင့်ဥစ္စာ နဲ့ ငါ့ဥစ္စာ မတူဘူးနော် ဒါလေးက ဘာလေးလဲ ဟင်”
ဆိုပြီး ယူဆော့သေးတာ..။ လူကြီး တွေ တားလို့ သာပေါ့…။ တစ်သက်လုံ
မတ်တပ်ကြမ်းခဲ့တဲ့ ကျွန်တော် …ညစာကျက်ဝိုင်းမှာ အရှက်ကို
ကွဲပါလေရောလား….။ ဖြစ်ပုံက ဒီလို…..
ဒီလိုဗျ…။ အဲဒီညက ပျော်ပွဲစားထားကြတာ အစားလည်းစုံ သွားတယ်..။ နောက်ပြီး
အသောက်လည်း စုံသွားတယ်နဲ့ တူပါတယ်..။ သရက်သီး၊ လဘက်သုတ် ချဉ်စပ်၊
မုန်ညင်းချဉ်၊ ပဲပုတ်ကြော်..ဘာတွေမှန်းတောင် မမှတ်မိတော့ဘူး…။ မှတ်မှတ်ရရ
ရခိုင်မုန့်တီ တော့မှတ်မိတယ်..။ ကိုယ်တွေကလည်း ဝေသာလီပြည် ၀င်စီးယက္ခ
လက်ကျန် တွေ ထဲက ဆိုတော့ …၊သိတယ်မလား…။ အလကားရရင် တစ်သျူး နဲ့ တစ်ခါ
သုံး သူကို ပါ လစ်လစ်သလို ဘတ် တတ်တဲ့ကောင် ဆိုတော့။ ဗိုက်ကွဲရင် ကွဲပါစေ
…။ ရာဇ၀င်တော့ အရိုင်းမခံဘူး ဆိုတဲ့ အစားထဲကလေ..။ စေတနာ နဲ့ ကျွေးတာလို့
စားကောင်းအောင် ပြောပြီးတော့ တစ်ဖြဲနှစ်ဖြဲ ကြိတ်ထားသမျှ မနက် အစောကြီး
ရောက်တော့ ဗိုက်ဒုက္ခ ရောက်ပါလေရော…။ မနက် ၅ နာရီ….
နိုးလာတော့ ညအိပ် မီးကလွဲပြီး တစ်အိမ်လုံး မှောင်နေတယ်.။ ကောင်မလေးတွေက
အောက်ထပ်မှာ စုအိပ်တာလေ….။ ဆိုတော့ ခြေသံမကြားအောင် တံခါးကို အသာလေး
ဖွင့်ပြီး သူခိုး ခြေလှမ်းမျိုးနဲ့ အိမ်သာကို လှမ်းခဲ့ရတယ်…။ ခြေတစ်လှမ်း
ကုဋေ တစ်သန်း ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့..။ ထွက်ကျတော့မယ် ပြဿနာကို
အံကြိတ်ခံပြီး ချွေးဒီးဒီးကျအောင် လှမ်းနေရတဲ့ ဒုက္ခ ကို ကြုံဖူးရင်
မိတ်ဆွေ လည်း ကိုယ်ချင်းစာတတ်မှပေါ့။
လမ်းမှာ ရယ်ဒီ ဖြစ်အောင်လို့ ဇစ်လည်းဖွင့် အပြီး၊ ဘောင်းဘီ ကြယ်သီးလည်း
ဖြုတ်ပြီးပြီ..၊ ချွတ်ဖို့ပဲ ကျန်တော့တယ်..။ အိမ်သာနား နီးလေ ၀မ်းသာလေ
စိတ် နဲ့ကြိတ်မှိတ် လှမ်းရင်း.အိမ်သာရှေ့ အရောက်၊ တံခါးကို ဆတ်ခနဲ
ဆွဲအဖွင့်…..။ လားလား..မမြင်ဝံ့စရာ ကြီးဗျာ.. လုံးဝ အရှင်းကြီး
ဗျားလွဲစရာ မရှိဘူး တကယ်..။ သိပ်လှတဲ့ ကောင်မလေး တစ်ယောက် ငုတ်တုတ်ထိုင်
နေတာ မိတ်ဆွေ မြင်ဖူးပါလား…။ ကောင်မလေးက စာကြည့်ဝိုင်းမှာတော့  အလှဆုံး
မော်ဒယ်လေးဗျ…။ အဲဒါဗျာ..နမော်နမဲ့ နဲ့ အိမ်သာ ကလန့် မထိုးပဲ အင်အင်း
တက်နေတာ…။ ဘယ်ပြော ကောင်းမလဲဗျာ…။ ကိုယ်ကလည်း တန်းလန်းကြီး၊ သူကလည်း
တန်းလန်းကြီးပေါ့..။ (ကိုယ့်မှာ ဘောင်းဘီဖွင့် လျက် တန်းလန်းကြီး
ပြောတာပါ၊ သူ့ တန်းလန်းကြီး ကိုတော့ ကိုယ် ဘာကိုယ် တွေးယူပေါ့ဗျာ..။)
ကိုယ်လည်း ကြည့် ကောင်းကောင်းနဲ့ ဘယ်ထိ ကြည့်နေမိလဲ မသိ တော့ဘူး..။
ကိုယ်တော်မက ထိုင်ရင်းတောင် ငိုက်နေ လိုက်သေးတယ်..။ သူလည်း ရုတ်တရက်
ကြောင်ပြီး ကြည့်နေသလို၊ ကိုယ်လည်း တဒင်္ဂ ကျောက်ရုပ် ဖြစ်သွားတယ်…။
“အား…အား”
စူးခနဲ အော်သံကြားမှ တံခါးကို ၀ုန်းခနဲ ပြန်ဆောင့်ပိတ်မိတယ်…။ ဖြစ်ပုံက
ကောင်မလေး လည်း ကိုယတွေလို ၀မ်းရစ်လို့ မနက် အစောကြီး ၀မ်းပြဿနာ
ဖြေရှင်းတာ..။ သရဲကလည်း ကြောက်တတ်တယ်..။ တစ်ယောက်ထဲ ကလည်း အိမ်သာ
မတက်ရဲ..။ အဖေါ်တွေကလည်း မနှိုးချင်တာနဲ့ ပြီးစလွယ်ပဲ ကလန့်မထိုးမိဘူး ..။
နောက်ပြီး အိမ်သာ ပုံစံက ၀င်ဝင်ချင်း ရဲ့ အမြင့်မှာ အိမ်သာခွက် ရှိတယ်..။
ဆိုလိုတာက အိမ်သာခွက်ပေါ် တက်ထိုင်လိုက်တဲ့ အခါ တံခါးကိုလက်နဲ့
လှမ်းဆွဲလို့ မမှီဘူး..။ အဲလို အဲလို..။
ဘယ်လောက်ထိ အောင် စောင့်ရလဲတော့ မသိဘူး…။ အောင့်ထားရတာ နောက်ဖေးသွားချင်
စိတ်ကို ကုန်ရော… ။ သူပြီးလို့ ထွက်လာခါကျတော့ မျက်နှာလေး နီမြန်းနေတယ်…။
“နင်ဘာလို့ ကလန့် မထိုးတာလဲ….”
“ငါ ကြောက်လို့ပါဟ ..။ အိမ်သာထဲက လက်ကြီး ထွက်လာမှာတို့၊ သရဲ
ခြောက်မှာတို့ ကြောက်လို့.. ။ နောက်ပြီး နင်ကလည်း အသံမပေး၊ ဘာမပေးနဲ့
ဆိုတော့..ဟင့်..ဟင့် ..ငါရှက်လိုက်တာဟာ ။ ဒီအကြောင်းကို ဘယ်သူ့မှ
မပြောပါဘူး လို့ ငါ့ကို ကတိပေး….”
ကိုယ်လည်း ပြီးပြီးရော သဘောမး နဲ့ ကတိပေးလိုက်တယ်..။.
မှတ်မိသေးတယ်..။ ငိုမလို ရယ်မလို နဲ့ မချိုမချဉ် သူ့မျက်နှာလေးမှာ
ပန်းဆီရောင် သမ်းနေတာ ဒီနေ့ထိ စွဲနေတုန်းပဲ..။ အဲ..နောက်ပြီး…မပြောကောင်း
ပြောကောင်း…တွဲလောင်းလောင်း နဲ့ တန်းလန်းလန်း ကြီး မြင်ကွင်းကြီးကို လည်း
အဲဒီည အပါအ၀င် အိမ်မက်ထဲမှာ ၃ခါ တောင် ထည့်မက်တဲ့ အထိ
သွေးလန့်ခဲ့သေးတယ်…။ စိတ်ကစားတဲ့ လူပျို အရွယ် ဆိုတော့ သိတဲ့အတိုင်း
ပေါ့…။
အမှန်တော့ သူအော်လိုက်ထဲကိုက တစ်အိမ်လုံး လန့်နိုး နေပြီးည ပီ…။ ဒ၏ီတော့
ဆရာမက စစ်ကြောရေး ၀င်တော့တာပေါ့…။ အဲဒါကို ငိုယိုပြီး ဆရာမ ကို
သွားပြောလိုက်လို့ ဇယားတွေ ရှုပ်ပြီး တိုင်ပတ်ပါလေရော..။ ဆရာမက
ကိုယ့်ကို..
“မောင်စည်၊ နင်မြင်လိုက်ရတယ်ဆို… အဲဒါ တကယ်လား..”
“အာ ဆရာမကလည်း ဘယ်သူက တမင်လုပ်မှာတဲ့လဲ စဉ်းစားကြည့်”
ဒီလိုနဲ့သူက ငိုပြီးတိုင်လိုက် ကျွန်တော်က ဖြေရှင်းလိုက်နဲ့ ကျန်တဲ့
ကောင်တွေ အားလုံးနိုးလာကြပြီး အကုန်လုံးသိကုန်ပါလေရော။ ဘာပြောကောင်းမလဲ
သူတစ်ခါ ငိုလိုက်၊ ၀ါးလုံးကွဲအဖွဲ့လိုက်ရယ်လိုက်နဲ့ ဆယ်ခါပြန်
မကဘူးရှက်နေရတယ်။ အော် မေ့လို့ သူ့နာမည် မော်ဒယ် အေးအေးမိုးတဲ့။
“နင်စားပြီး နားမလည်လုပ်တာလား ..အီးဟီးဟီး….”
“ဂိန်ဂိန်ဂိန်………….”
ကိုယ်ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး……။
သူပဲ ဘယ်သူမှ လျှောက်မပြောပါနဲ့လို့ပြောပြီး၊ သူပဲငိုယိုပြီး..
အားလုံးကို အကြိမ်ကြိမ် လျှောက်ဖွနေတော့တာ။ ဟင်းမပြောလိုက်ချင်ဘူး။
အဲ့ဒီကစပြီး တွဲလောင်းလောင်းနဲ့ တန်းလန်းလန်းပါတဲ့ အစာတွေဖြစ်တဲ့
ရခိုင်မုန့်တီတို့၊ နန်းကြီးသုတ်တို့ကို ဘယ်တော့မှ ကျွန်တော်မစားတော့ဘူး။
Xxx xxxx xxx
No comments:
Post a Comment