1.
ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဟင်းချိုမှုန့်ကိုကိုတုတ် ဆိုသည်မှာ ထူးချွန်ထက်မြက်လှသော အလွတ်တန်း စုံထောက်ကျော်ကြီး တစ်ယောက် ပင် ဖြစ်ချေတမုံ့ ။
အပိုတွေကို ဇာမချဲ့တမ်းဈေးရင်းတိုင်း ဖောက်သည်ချပြရလျှင်ဖြင့် ကိုကိုတုတ်သည် နာမည်ကျော်ကြား လူသိများသော စုံထောက်ကြီးပင်။ သူ့ထင်ရှားပုံမှာ အများနှင့်မတူ တမူထူးခြားစွာ နာမည်ဆိုးဖြင့် ကျော်ကြားခြင်းပင် ဖြစ်ချေလတ္တံ့။ နမူနာအမြည်းတစ်ခုကျွေးရလျှင် တစ်ခါသားမှာ
“သေနတ်တွေ လျှို့လျှို့ဝှက်ဝှက် ရောင်းဝယ်ဖောက်ကားနေတာ မင်းလားကွ ”
“ ရှူး တိုးတိုးပြောပါ ဆရာ ၊ အားပေးမလို့လား ဗျ ။ လာလေ အထဲသွားရအောင် ပါ။ ”
“ ဘာကွ ။ မင်း ငါ့ ဘာကောင်ထင်လို့လဲ ဒါနောက်စရာ လားကွ ”
လည်သာဂျာကင်ရှည်ကြီး ၀တ်ဆင်၍ သူတောင်းစားဦးထုပ်(ထိုစဉ်က ခေတ်စားသော လျာထိုးပတ်လည် ဦးထုပ်) ကို ခပ်ငိုက်ငိုက်ဆောင်းထားရင်း ဂျွန်ထရာဗိုလ်စတိုင်း အတိုင်းလူကို မကြည့်ပဲ မထီမဲ့မြင် ပြောလိုက်ခြင်းပင်။ အပြောခံရသူမှာ ရုတ်တရက် ကြောင်သွား၏ ။ ပြီးမှ
“ ဆ ဆရာ က ဘာ ကောင်ကြီးလဲဟင် ကျုပ် ကျုပ်က လူကောင်ကြီး မှတ်နေတာ … ”
“ ခီးတဲ့မှ မင့် နှမ မင်းကို ဖမ်းဖို့လာတဲ့ စုံထောက် ကွ သိပြီလား ”
သူ့ ဦးထုပ်ချွတ်ရင်း လက်ညှိုးငေါက်ငေါက်ထိုးရင်း အော်လိုက်၏။
“ ဘာလို့ ဖမ်းမှာလဲ ဆရာ ”
“ သေနတ်ခိုးရောင်းလို့ ပေါ့ကွ ”
“ ဒါဆို တခြားသေနတ်ခိုးရောင်းတဲ့ကောင်တွေကိုရော မဖမ်းဘူးလား၊ ကြည်စော တို့ မင်းဘဲဥ တို့ ဆရာသိုး တို့ နေနေ တို့ရော မဖမ်းကြဘူးတဲ့ လား ”
“ အေး အဲဒါတွေ နောက်မှ ဖမ်းမယ် မင်းကို အရင်ဖမ်းလိုက်ပြီ။ လာ ငါ့ကို မင်းသေနတ်တွေ လိုက်ပြပေတော့ ”
ကိုကိုတုတ်တွင် လက်ထိပ် မရှိသဖြင့် ဂုန်နီအိတ်ကြိုးဖြင့် ထိုသူ့လက်ကို စည်းနှောင်လိုက်၏ ။ ငိုမဲ့မဲ့ မျက်နှာပေးလေး နှင့် ထိုသူ ရှေ့မှ ဦးဆောင်ခေါ်သွားရင်း အိမ်တွင်းသို့ ရောက်သော အခါ
“ မိန်းမရေ ငါတို့ သေနတ်လေးတွေ ယူလာပြလိုက်ပါဦးကွာ ။ ရွှတ် ဗြွတ်”
မျက်လုံးပြူး မျက်ဆံပြူး နှင့် မိန်းမတစ်ယောက် ထွက်လာ၏။ ဆံပင်ဖါးလျားချ၍ အ၀တ်အစားမှာ ဗိုသီဗတ်သီ ဖြစ်နေလေ ၏။ စတီးဇလုံလေးများစွာ ချထားရင်း
“ ဘာ ဘာဖြစ်လို့လည်း ကိုဘိုတီး ရယ် သူက သေနတ်ဝယ်မယ့်လူလား ရှင့်လက် က ဘာဖြစ် ဖြစ် … ”
ပြောပြောဆိုဆို နှင့် ဇလုံလေးများ ဖွင့်လိုက်သောအခါ
“ ဒါကတော့ သရက်သီး သနပ် အချိုပါ ဆရာရယ်။ ချိုချိုလေး၊ ဒါကတော့ ရှောက်သီးသနပ်ချဉ်ချဉ်လေး ၊ ဒါက ဂွေးသီးသနပ် ၊ ဒါက ချဉ်စော်ခါးသီး နဲ့ ပင်စိမ်းသီး သနပ်တွေ ပါ။ ကျုပ်တို့ ကိုယ်တိုင် လုပ်ရောင်းတဲ့ သနပ်လေး တွေ ရယ် ပါ။ လုပ်ငန်းလိုင်စင်ခွန် မဆောင်နိုင်လို့ တံဆိပ်မထည့်ပဲနဲ့ ခိုးရောင်းနေတာပါဗျာ၊ ကောင်းရာကောင်းမှု သမာဇီဝ လုပ်စားတယ်ဆိုတာ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာရယ်။ ကျုပ်ကို မဖမ်းပါနဲ့ နော်။ သရက်သီးသနပ် ၅၀ ကျပ် ဖိုး လက်ဆောင် ပေးလိုက်မယ်လေ။ လွှတ်ပေးနော် နော်လို့ ”
“ ဟိုက် အဲဒီ သနပ်တွေလား ဟ။ ဘာကွ မင်းက ငါ့ကို လာစားတဲ့ ကောင်လို့ ထင်နေလား ”
“ မဟုတ်ရင်လည်း ခွင့်လွှတ်ပါ ဆရာရယ် တောင်းပန်ပါရဲ့”
“ ထည့်ပေး ၅၀ ဖိုး မရဘူး။ တစ်ရာဖိုး ထည့်ပေးမှ လွှတ်မယ်။ ညစာအတွက်တော့ ရပြီ”
ဤသို့ဖြင့် ဈေးညှိကြရင်း သရက်သီးသနပ် ၇၅ ကျပ်ဖိုးဖြင့် ကိစ္စပြတ်သွားခဲ့ချေ၏။ ဤသို့တော်သော ကိုကိုတုတ် ပင်တည့်။ တစ်ကြိမ်သားကလည်း ဆေးဆိုင်တွင်
“ ခင်ဗျား ဟာက သေချာလို့လားဗျ။ ဒါ အင်မတန် အရေးကြီးတယ်နော်။ ”
“ ဟုတ်သမှ ဟုတ်ဟုတ်ဟုတ်ဟုတ် နဲ့ ကို မြည်သေး ဟော လာပါပြီ တဲ့ဗျာ ဟိုမှာ ”
“ ခင်ဗျား မသိသလိုနေ ကျုပ် ရှင်းမယ်။ ”
ရာဇ၀င်ဇာတ်လိုက်ကျော်ကြီး ကိုကိုတုတ်မှ ဆေးဆိုင်ထဲဝင်ရင်း ဆိုင်ပိုင်ရှင်ကိုဝင်းကို ထိုင်နေခိုင်းလိုက်၏။ ဆေးဆိုင်သို့ ကုပ်ချိချိ လူတစ်ဦး ရောက်လာပြီ ဂဏှာမငြိမ်သလိုဖြင့်
“ ကျုပ်ဗျာ ။ ဒီအချိန်ရောက်ရင် မနေနိုင်တော့ဘူးဗျ။ အဲဒီ အဆင့်ကို ရောက်နေပြီ။ ဘယ်မလဲ သာကော ”
“ ဟုတ်လားဗျ။ မျှဝေစမ်းပါဦး အတွေ့အကြုံ ”
ထိုသူက ဘေးဘီဝဲယာ ကို လူရှင်းမရှင်း တစ်ချက် ကြည့်လိုက်သေး၏။ ချမ်းသလိုတုန်သလိုဟန်ဖြင့် လက်ပိုက်၍ ဇက်ချိုးရင်း သူ့ခေါင်းကို တိုးကပ်လိုက်၏ ပြီးတော့မှ နှစ်ကိုယ်ကြား ကြားရုံလေသံမျှဖြင့်
“ အေးဗျာ ရင်ထဲ လှပ်လှပ် လှပ်လှပ် နဲ့ ကတုန်ကရင်ကြီး ချွဲကပ်သလိုလည်း ခံစားရတယ်။ လုပ်ဗျာ မြန်မြန် ပေးစမ်းပါ ။ ပစ္စည်း ဒီမှာ ယင်း ထ နေပြီဗျ မရတော့ဘူး။ ချမှ ရမှာ ”
“ ခင်ဗျား ပုံစံကြည့်ရတာ စွဲနေတာ တော်တော်ကြာပြီ ထင်ရဲ့။ ကဲ ဖမ်းတယ်ဗျာ ”
“ ဟ ဘာလဲဟ ဘာလဲ ဘာလဲ ”
ထိုသူ့ရင်ဘတ်မှလက်ကို ဖမ်းဆွဲရင်း အုန်းဆံကြိုး နှင့်ချည်လိုက်၏။ ကြိုးတစ်ဖက်စအား ထိုသို မပြေးနိုင်စေရန် ဆိုင်တိုင် နှင့် ဦးစွာ ချည်၏။
“ ခင်ဗျား ဆေးစွဲနေလို့ ဖမ်းတာလေဗျာ။ ”
“ ဘာဆိုင်လို့လဲ ဗျ။ ဖမ်းချင်းဖမ်းရင် ဟိုဆိုင်ရှင်ကို ဖမ်းပေါ့။ ”
“ စကား မရှည်နဲ့ သူနဲ့ငါနဲ့က သူငယ်ချင်း တွေ ”
လွတ်နေသော ကျန်ဘယ်ဘက်လက်ကိုပါ တွေ့ရာကြိုးများဖြင့် ထိုသူမရုန်းနိုင်စေရန် ၀က်တုပ်တုပ်လိုက်၏။ သူတို့အဖြစ်ကို လူအများက တအံ့တသြ၀ိုင်းအုံ ကြည့်နေကြ၏။ ထိုသူက ရုန်းရင်းဆန်ခတ် လူးလွန့်ရင်း
“ ဆေးစွဲတာ ဖမ်းစရာလားဗျာ အရပ်ကတို့ရေ ဒီအတိုင်း ၀ိုင်းကြည့်နေကြတော့မှာလား ဒီအရူး လုပ်သမျှခံရ တော့မှာလားဗျာ။ အမေရဲ့ သားကို ကယ်ပါဦးဗျ အီးဟီးဟီး ”
“ ဟေ့လူ ဟေ့လူ ခင်ဗျား အသံဗြဲကြီးနဲ့ နားကွဲအောင် အော်မနေနဲ့။ ကဲပြော ခင်ဗျားစွဲနေတဲ့ ဆေးက ဒဗလျူ (W) လား၊ ကုတ်ကင်း လား၊ ဖင်ဆီဒိုင်းလား၊ နံပါတ်လေးလား ။ ခက်ကူးလား ၊ ဆေးခြောက်ကြီးလား၊ ဂန်ဂျားလား၊ ရာမ လား ၊ လက္ခဏာလား ဘာလဲ ပြောပြောပြော ”
“ ဘာတွေ လာပြောနေတာလဲ သောက်ရူး ။ ငါ ဖျားနေလို့ ချောင်းဆိုးပျောက်ဆိုး သောက်တာဟဲ့ ဖာခေါင်းရဲ့”
“ ဂိန် ”
ဂိန်ဟု အော်ပြီး ကိုကိုတုတ် တချိုးထဲ လစ်တော့၏။ ထိုသူကို ကြိုးပင်မဖြေပေးအား၊ မလစ်လို့လည်း မဖြစ်၊ ရပ်ကွက်မှ ဆွမ်းကြီးလောင်း ၀ိုင်းသမဖို့ စုပြုံလာကြသောကြောင့်ပင် ။
ထိုလောက်ဆိုလျှင်ဖြင့် ကမောက်ကမ တလွဲတချော်များ လုပ်၍ ကိုကိုတုတ် နာမည်ကြီးပုံကို သိလောက်ပြီ ဖြစ်ပေလတ္တံ့။2.
တစ်နေ့သ၌ ဟင်းချိုမှုန့် ကိုကိုတုတ်သည် ပျင်းပျင်းရှိသဖြင့် လေညင်းခံထွက်ရန် သူ့စီးတော်ယာဉ် ဆိုင်ကယ်စုတ်လေး စီးလာခဲ့၏။ လမ်းတွင် အကြွေးရှင်များ မမြင်စေရန် သူတောင်းစားဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားရင်း ပါးစပ်တွင် သူအင်မတန် ကြိုက်နှစ်သက်လှသော ဧ၀ရတ်တောင် ဆေးလိပ်အတုတ်ကြီး ခဲလာခဲ့၏။ အရေးအကြောင်းတွင် ဘရိတ်ဆီခန်းနေသဖြင့် ဘရိတ်မမိသော ကြောင့် ဘရိတ်ကို တော့ရင်းချော့ချော့နင်း နေရသေး၏ ။ ထိုဆိုင်ကယ်စုတ်ကြီးမှာစတိုင်ပဲ့သည်ဟု ထင်ရသော်လည်း ရေခန်းဘိုင်ပြတ်နေလေ့ ရှိသော သူ့အတွက်တော့ မဟာကျေးဇူးရှင် ထမင်းအိုးကြီးလည်း ဖြစ်ပေလတ္တံ့။ တစ်နေရာအရောက်တွင်သူရပ်လိုက်ရင်း နေ၀င်ချိန်အလှကိုခံစားလိုက်၏။
“ ဘိန်းက လိုရင် ရှာမရဘူးကွ တကယ် ခက်တယ်။ မလိုတော့တွေ့လိမ့်မယ် ပေါချင်းသောချင်း ”
နားထဲသဲ့သဲ့မျှ ကြားလိုက်ရသော အသံကြောင့် သူဆတ်ဆတ်လူသွား၏။ လမ်းသွားရင်း မုတ်ဆိတ်ပျားစွဲ လေပြီ။ ထို့ကြောင့် ထိုလမ်းသွားလမ်းလာ ထိုသူနှစ်ယောက်ကို လှမ်းခေါ်လိုက်ရင်းမှ
“ ဘယ်နှစ်နာရီ ထိုးပြီလဲကွ ငါ့ညီနောင်ဘွား တို့ ”
“ လေး … ခွဲ ”
တစ်ယောက်သော သူက ခပ်ပြတ်ပြတ်ဆို၏ ။
“ ဆေးလိပ်သောက်ပါဦးလား ” ဟု သူ့ပါးစပ်မှဆေးလိပ်အတုတ်ကြီး ချွတ်ရင်း ဖိတ်မန္တကပြုသည်ကို တွန့်သွားကြ၏။
“ တော်ပြီဗျာ၊ ခုပဲ သောက်ခဲ့ပြီးပြီ ဟီး ”
“ ဒါနဲ့ စောန မင်းတို့ ပြော နေတဲ့ အကြောင်းက ဘာ ဘိန်းဆိုလား ဘာလား ကြားလိုက်မိလို့ ပါ ”
သူတို့ချင်း တိုင်ပင်သလို ကြည့်ကြ၏။ ပြောပြလိုက်ရမလား ဟု မေးနေသယောင်ယောင် ပင်
“ နိုး နိုး ကိုယ့်အနေနဲ့ ဘာအကန့်မှ မရှိပါဘူး။ ကိုယ်လည်း ဘိန်းဝယ်ချင်လို့ပါ။ ၀ယ်လက် ၀ယ်လက် ”
ဒီလောက်ဖြစ်တာ ရှုပ်တယ်ကွာ ပြောပြလိုက် ဟူသည့်အထားဖြင့် တစ်ယောက်က ခေါင်းတစောင်း မေးဆတ်ပြ၏။
“ ဒီလိုဗျ။ ဟိုးမှာမြင်လား တောအုပ်လေးလိုပဲ။ အေးအေး အဲဒီသစ်ပင်ကြီး အောက်မှာပဲ၊ ကျန်တာ ကျုပ်တို့ မသိဘူးနော် ”
“ အိုခေ အိုခေ သင့် ခ ယူ ”
ဒါမျိုးက မှီတုန်းလိုက်ထား၍ လက်မလွှတ်သင့်ပေ။ ဆိုင်ကယ်ကို အားကုန်သွန်မောင်းရင်း မျက်ရည်ဘူးသီးလုံးလောက်ကျမတတ်နှုန်းဖြင့် အတင်းကျော် အပြင်းလှော်လာခဲ့၏။ ပုံစံက ဂျိန်းစ်ဘွန်းကဲ့သို့ ကွေ့ကာဝိုက်ကာ ပလာတာဖုတ်သလို မောင်းရင်း တောအုပ်မှ သစ်ပင်ကြီးဆီသို့နီးကပ်လာချိန်တွင် ဘရိတ်မမိတော့ချေ။ လူနှစ်ဦးမှ ကြောင်ကြည့်နေမိကြ၏။
“ ဖုန်း ဒိုင်း ဂွမ်း၊ ဒုန်း - ၀ုန်း”
ဘယ်နှစ်ခုနှစ်ထဲကမှ ပြိုချင်နေလဲ မသိ။ သစ်ပင်ကို ၀င်တိုက်မိရင်း ဆိုင်ကယ်တစ်စစီဖြစ်သွားသည့် အပြင် ဘီးပါ ပေါက်သွားသဖြင့် လူလည်းဝေးရာသို့ လွင့်စင်ပြီး မြေပြင်ပေါ်တွင် ပြားပြားကပ်နေ၏။ ထိုလူနှစ်ဦး ပြေးလာပြီး ထူပေးကြ၏။
“ ရရဲ့လား ။ ကိုယ့်လူ ။ မသေကောင်း မပျောက်ကောင်းဗျ။ ဂရင်းနစ်စံချိန်ဝင်ဖို့ စတန့်ထွင်တာလားဗျာ ကျွတ်ကျွတ်ကျွတ် ”
“ ရတယ် ရတယ် အေးဆေး။ ခြေထောက်လေး ကျိုးရုံလေးပဲ ဘာမှမဖြစ်ဘူး ရတယ်။ တဆိတ်လောက် ကူညီပါဦးဗျာ။ ခင်ဗျားတို့ လက်တွေနဲ့ ကျုပ်လက်ကို ဟောဒီကြိုးနဲ့ တင်းတင်းချည်ပေးစမ်းပါ။ ”
“ဘာလုပ်ဖို့လဲဗျ။ ”
သူ့အမေးကို ကိုကိုတုတ် တောင်းပန်းသလို ကြည့်လိုက်သဖြင့် နောက်တစ်ယောက်မှ
“ လုပ်ပေးလိုက်ပါကွာ ။ သေလူရဲ့ ဆန္ဒ လိုက်လျော ကောင်းပါတယ်။ ”
ကြိုးချည်ပြီးသောအခါ
“ ဟားဟားဟား မင်းတို့နှစ်ကောင်ကို တရားမ၀င် ဘီးရောင်းဝယ်မှုနဲ့ ငါဖမ်းလိုက်ပြီကွ။ လတ်စသတ်တော့ ဒီနယ် တ၀ိုက်မှာ နာမည်ကြီးနေတဲ့ ဘိန်းရာဇာ ချက်ကြီးနဲ့ နှပ်ချေးဆိုတာ မင်းတို့နှစ်ကောင်မို့လားကွ။ ဟားဟား ဟား ငါ သိနေတယ် လေ ”
“ ဗျာ ။ မဟုတ် မဟုတ် ။ ဟုတ်ပါတယ် ။ ကျုပ်က နှပ်ချေး၊ သူက မျက်ချေး။ ဟာ ဘာတွေလဲ ကွာ ”
သူ့ကို အရူးဟုထင်မှတ်၍ ထိုသူနှစ်ယောက် ထပြေးမည်အပြုတွင် လက်သုံးချောင်းကို ကြိုးဖြင့် ချည်ထားသဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားမရဖြစ်နေ၏။ ကိုကိုတုတ်မှ
“ ဟိတ်မလှုပ်နဲ့ ငါ့ အိတ်ကပ်ထဲမှာ ဘာပါတယ် ထင်နေလို့လဲ ”
“ ဘာပါလဲ ဟင်၊ လက်ပစ်ဗုံးလား ”
“ အပေါင်ချလံ တွေက ”
ညာဘက်ဖြင့် ကျင်လည်စွာနှိုက်ရင်း ယမ်းသေနတ်ကို ထုတ်လိုက်လေ၏။ ရုတ်တရက်ကြည့်လျှင် တကယ့် သေနတ်အစစ်အားအောက်မေ့ရ၏။ ထိုတော့မှ သူတို့ ငိုယို၍
“ ကျွန်တော်တို့ တရားမ၀င်ဘီးရောင်းဝယ်နေကြတယ်ဆိုတာတော့ ဟုတ်ပါတယ်ဗျာ။ ဒါပေမယ့် တဆင့်ခံတွေ ပါဗျာ။ ယုံပါ ခိုးလာတဲ့ဆိုင်ကယ်တွေကို ရုပ်ဖျက်ပြီး ပြန်ရောင်းပေးရတဲ့ သူခိုးလက်ခံတွေရယ်ပါ။ သူခိုးအစစ် မဟုတ်ပါဘူး။ သူခိုးယောင်ဆောင်ထားတဲ့ ဆိုင်ကယ်ခိုးဘီးတွေ ရောင်းဝယ်ကြတာပါဗျာ။ ဟီးဟီး ဟင့် ရွှတ် ။ မအေးမိရေ နင်ပြောတာ မှန်နေပြီဟဲ့။ အောင်မျလေး တစ်နေ့နေ့မှာ တော့်ဟာကြီးက တော့်ကို ဒုက္ခပေးမယ် ဆိုတာ မှန်လိုက်လေခြင်း မအေးမိရယ် ။ ငါ နောင်တရ ပါပြီ ကွာ ဟင့် ”
ကိုကိုတုတ် စိတ်ပျက်ပျက်ဖြင့် ကြိုးဖြေ၍ ထိုသူနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ရ၏။ တရားမ၀င်ဘိန်းရောင်းဝယ်မှု ကို ကိုယ့်ထမင်းကိုယ်စား၍ ချော်တောငေါ့ကာ ဖမ်းဆီးခဲ့ရရှာသောကိုကိုတုတ် ဆိုင်ကယ်ပျက်စီးခြင်း နှင့် ခြေထောက်ကျိုးခြင်း သာ အမြတ်ထွက်ခဲ့လေ၏။3.
ကိုကိုတုတ်ဆေးရုံမှ ဆင်းသောအခါ နဂိုရှိရင်းစွဲဗီဇအရ အစာငတ်ခံ စုံစမ်းထောက်လှမ်းဖို့ပြင်ဆင်တော့၏။ ယခုတလောတွင် ခေတ်စားနေသော ဝေဘာဂီရောဂါကြီး၏ ဇစ်မြစ်ကို လိုက်ရန် တေးထားလိုက်၏။ တနည်းအားဖြင့် ပြည့်တန်ဆာ နှိမ်နင်းရေး ။
“ ဟောဒီက ဖြဲသီး ”
ဖရဲသီးသည် စံမိ၏ အော်သံကို “ ဟောဒီမှာ ဖြဲကြည့် ” ဟုပင် ကိုယ်သန်ရာသန်ရာ ၀ါသနာအရ ကြားချင်ရာ ကြားမိလေ၏။
“ ဟော ကိုတုတ်။ သမီးကိုအားပေးဖို့ ဖရဲသီး ကြည့်ဦးမလား အရင်အကြွေးက ၅၀ နော် ”
ကောင်မလေးက စကားပြောမြန်နေသဖြင့် သူ့နားထဲတွင် မကြားကောင်း ကြားကောင်း “ ကိုတုတ် မီးကို အားပေးဖို့ ဖြဲပြီး ကြည့်ဦးမလား ” ဟုပင် ကြားနေမိတော့၏။ ဘာမှ ပြန်မပြောတော့ပဲ ဂျပန်မင်းသားကြီး စတိုင်လ် နှင့် အိုက်တင်အစိတ်သားဖြင့် Taxi ကို လက်ကျော်ပြ၍ ဆိုက္ကားတစ်စီး ငှားစီးလိုက်၏။ ဆိုက်ကားသမားမှ
“ ကား… ကားချင်း တူတူကိုတောင်မှ ကျုပ်တို့ ဆိုက်ကားနင်းသမားတွေက ဆိုက်ကားနင်းရင်း ပိုပင်ပန်းပြီး ၀င်ငွေလည်း နည်းတယ်ဗျာ။ ရင်နာစရာပဲနော် တောက် ”
ဆိုက္ကားနှင့် ကားကို တစ်တန်းစားထဲ ထား၍ အခွင့်အရေး ပေးသင့်ကြောင်း စာတမ်းပြုစုရန်လည်း စီစဉ်နေကြောင်း ဆိုက္ကားဆရာက ဆက်ပြော၏။ ကြီးကြီးကျယ်ကျယ်တွေ ပြောနေသော ဆိုက္ကားဆရာကို
“ မြို့စွန်ရပ်ကွက်တွေကို ခင်ဗျား ကျွမ်းရဲ့လား။ ကျုပ်က မနှံ့လို့ မသိဘူးဗျာ။ ကျုပ်ကို အစင်လေးတွေ ရှိတဲ့ နေရာကို ပို့ပေးဗျာ။ ဟဲဟဲ ကီပင်လေးတွေ သိတယ်မလား။ ဆလပ် လေးတွေ ”
“ ဘာတွေလဲဗျ။ အစင် ၊ ကီပင်၊ ဆ လပ် ”
အ ရန်ကော အကြည့်တစ်ချက်ကြည့်လိုက်ရင်း တံတွေး တစ်ချက် ဗျစ်ခနဲ ထွေးလိုက်၏။
“ ရှယ် မာဆတ်လေ ဗျာ။ အနှိပ်ခန်း အနှိပ်ခန်း ”
“ သြော် သြော် သိပြီ။ ခုတလော ရေပန်းစားနေတဲ့ ဟဲဟဲ ဟဲဟဲ ”
ဆိုက္ကားဆရာမှ အထာနပ်သလို ပြုံးရင်းခေါင်းတညိတ်ညိတ်နှင့် ဆိုက္ကားကို ကြုံးနင်းလေတော့၏။ ကုန်းတက်ဆိုလျှင် လိမ့်တယ်ဆိုရုံမျှ ရွေ့နေသလောက် ကုန်းဆင်းဆိုလျှင် တစ်ဘရိတ်ထဲ ရမ်းသရူး တရကြမ်း ပြေးနေသဖြင့် ဆိုက္ကားလက်ရန်းကိုင်ရင်း ဘုရားတပြီး လိုက်လာရ၏။ ကွမ်းသုံးယာညက်အကြာတွင် လိုရာ ခရီးကို ခလုတ်မထိ ရောက်လေတော့၏။ ဆိုက္ကားဆရာမှ လက်မောင်းရင်းကိုင်ရင်း ဆိုင်ခန်းတွင်းသို့ ပို့ပေး၏။
“ ဆရာ သွားချင်တဲ့နေရာပြော၊ ကျွန်တော် နယ်မြေ အားလုံး ကျွမ်းတယ်။ ”
“ ၀ှူး ၊ ကံကောင်းလို့ စမုံမတုံးတာ၊ ဒါပေမယ့် ဘုရားတ နေလို့ ကုသိုလ်တော့ ရတယ်ကွ။ အဟေဟေး ရော့ ကွာ နှစ်ရာ ပြန်မအမ်းနဲ့တော့ ”
“ ဟမ် ငါးရာ လေဗျာ။ ”
“ ဘာကွ တက္ကစီများမှတ်နေလား မယူချင်ရင် ပြန်ပေး ဘာမှတ်နေလဲ ”
ပြန်ပေးရမည် စိုးရိမ်သဖြင့် အောင့်သက်သက် နှင့် ယူရင်း ဆိုက္ကားဆရာ ပြန်သွားလေ၏။ ဆိုင်တွင်းဝင်သော အခါ သမရိုးကျပြင်ဆင်ပုံ အခမ်းအနား အယောင်အဆောင် များကို မတွေ့ရပဲ ခပ်ရိုးရိုးကြီး မြင်လိုက်ရသဖြင့် ကြိုက်သွား၏။ မှောင်နေပြီ ဖြစ်သောကြောင့် ၀ါးလုံးလေးများကိုအ ပေါက်ဖောက်ရင်း မီးချောင်းကွေးလေးများ တပ်ဆင်ထားသော ကြောင့် ရိုမန်တစ်ဆန်နေသည်ဟု ထင်ရ၏။ ဆိုင်ခန်းအလယ်တည့်တည့်တွင် ကောင်တာ စားပွဲခုံရှိ၍ ထိပ်ပြောင်ပြောင်လူကြီးတစ်ဦးလည်း ထိုင်နေသေး၏။ ဆိုင်မန်နေဂျာ အမှတ်ဖြင့်
“ ကြိုက်ပြီဗျား။ ကြိုက်သွားပြီ။ တကယ့်ကို ကြိုက်သွားပြီ။ ဒက်ဂရေးရှင်း က မိတယ်။ ကဲ လုပ်ဗျာ။ ခံချင်လှပြီ။ တအားနဲ့ကို ခံချင်လှပြီ။ ဟင်း ဟင်း။ အမိုက်စားလေးတွေနဲ့ မြန်မြန်နှိပ်ပေးစမ်းပါဗျာ ”
ခုတော့ နေနှင့်ဦး။ ကိစ္စပြီးမှ ဖမ်းပစ်လိုက်မည်ဟု မောင်းတင်လိုက်၏။
“ လာမှာပေါ့ဗျာ။ ဘာလို့ ဒီလောက်ဆန္ဒတွေ စောနေရတာလဲ။ ဒါမျိုးက မလောရဘူးလေ။ တစ်ဆင့်ချင်း အပူထုတ်ရတာ သိတယ်မလား ဟဲဟဲဟဲ ”
ထိပ်ပြောင်လူဝကြီးက ရွှေသွားပေါ်အောင် ရယ်ကျဲကျဲ နဲ့ ပြောပြီး အထာနပ်သလိုနှင့် သိတယ်မလား ဟူ၍ မှတ်လုံးပင် မှိတ်ပြနေသဖြင့် ကိုကိုတုတ် ရင်ထဲ ကျလိကျလိ နှင့် ယားကျိကျိ ဖြစ်သွား၏။ ဂဏှာမရသလို သူ့ လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း ရှူနေမိ၏။
“ ကဲ ။ ဆို။ ရိုးရိုးလား ရှယ် လား ”
“ ဗျာ ”
“ ဟောဗျာ ၊ ကြောင်တောင်တောင် နဲ့ ဆိုင်းဘုတ် မမြင်ဘူးလား ”
လူဝကြီး လက်ညှိုးညွှန်ပြရာ ကြည့်လိုက်တော့ နံရံတွင်ချိတ်ထားသော ဆိုင်းဘုတ်ကြီးကို ကြည့်မိရာ အောက်ပါအတိုင်းတွေ့လိုက်ရ၏။
အကြောဝိဇ္ဇာ အနှိပ်ဆရာကြီး အူ ရဲ့ သားတပည့်
လေပူထုတ်သူ ဆြာကြီး ဘူ
နာမည်များဖြင့်ပင် ဓါတ်သတ်ပါ၍ သူ့ဝမ်းထဲမှ လေများ ရေကြောမြေကြော လိုက်ချင်သွား၏။ ဆိုက္ကားဆရာ သူ့ကို နှပ်ချသွားချေပြီ။ ကြည့်မရသော အငြိုးဖြင့် ပေါင်တွင်းကြောကြီးကို လက်တစ်ဆုံး အမြုပ်နှိုက်ကာ အနှိပ်မခံရခင် ပြေးလာခဲ့ရသည် တမုံ့ ။4.
ရပ်ကွက်ထဲတွင် ရဲများအား လက်တစ်လုံးခြား လှည့်ဖျားနေသည်ဟု နာမည်ကြီးနေသော ဂဏန်းဒိုင်ချုပ် ကျော်ကြီး သတင်းမှာ မကြားချင်မှ အဆုံးပလူပျံနေ၏။ ထို့ကြောင့် သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် တာဝန်နှင့် ၀တ္တရားအရ ကျော်ကြီးအား လက်ဝယ်ပိုင်ပိုင် ဖမ်းဆီးရန်အတွက် ရပ်ကွက်တွင်းသို့ သူစနည်းနာ ထွက်ခဲ့၏။ သူတောင်းစားပုံစံဖြင့် ရုပ်ဖျက်၍ ထွက်ခဲ့သောကြောင့် တော်တန်ရုံ သူ့ကို မမှတ်မိကြချေ။ နဂိုရှိမှ နဂိုင်းထွက်ဆိုသကဲ့သို့ သူ့ပင်ကို ရုပ်ရှည်မှာပင် ကယ်ပါ နှင့် နင်လားငါလား ဆိုရမလောက်အောင် ခန့်ညားရင်းစွဲ ရှိသောကြောင့် များများစားစား ရုပ်ဖျက်စရာမလိုချေ။ ဖိနပ်က တာယာ၊ ဆံပင်က ဖွာ၊ အသားက မည်း၊ ၀ဲက စွဲနေသဖြင့် ပတ်တီးလေး တစ်စ နှစ်စ ကောက်ချည်လိုက်ရုံပင်၊ တွေ့သမျှ လူများကို
“ သနားကြပါ ခင်ဗျာ။ ကိုကြီးတို့ မကြီးတို့ ကျွေးမှ စားရမယ့် ဘ၀ပါ။ ဟင် ။ တစ်ရာထဲလား ဒီရုပ်နဲ့ ဒီရုပ်ကိုမှ အားမနာ တစ်ရာထဲလားဗျာ။ ရပါတယ်လေ ဒစ်စကောင့်စနစ်နဲ့ လျှော့ပေးလိုက်ပါ့မယ် ။ ဒါနဲ့ နေပါဦး ကျော်ကြီး ဆိုတာ သိလား ”
“ ဖာခေါင်း ကျော်ကြီးလား ”
“ အသုပ်သည် ကျော်ကြီးပဲ သိတယ်။ ”
ဇွဲမလျော့တမ်း ကိုကိုတုတ် လိုက်လံစုံစမ်းရင်း သိလာရ၏။
“ ဒီကောင်က လူလည် သိပ်မာယာများတဲ့ကောင်ကွ။ မင်းက ဘာလုပ်ဖို့ ကျော်ကြီး ကို မေးနေတာလဲ ။ တန်ရာ တန်ရာ ပြောစမ်းပါကွာ။ သူတောင်းစား က သူတောင်းစားလို မနေဘူး။ ”
ဟူ၍ ထောပနာပြုကြကုန်၏။ စိတ်ဓါတ်မကျတမ်း ဈေးအထွက်တွင် ဆက်စုံစမ်းရာ
“ သေမှာမို့ ဇွတ်တိုးနေရတာလား သဒေါင်းဇား ရဲ့”
“ ဟွန်း ဒီ တတောင်းစား ငနူကလည်း တမှောင့် နံလိုက်တာ၊ အော့ ဖွီး ဟွန်း ”
“ တော် ကျုပ်ကို ဘာကြီးနဲ့ ထိုးနေတာလဲ၊ ဟင် ခွက်ကြီး၊ ပါးစပ်မပါဘူးလား၊ ဘာလို့ ခွက်နဲ့ ထိုးတာလဲ၊ လုပ်မယ့် လုပ် ထိထိမိမိ လုပ် ”
“ ဒီ သူတောင်းစားတော့ ခွက်ပျောက်ချင်နေပြီ နဲ့ ထင်တယ်။ ”
“ သူတောင်းစား ဗိုက်ဝ တစ်ခဏ ဆိုတာ အဲ ဒီကောင်လို အချိုးမျိုးပေါ့ ကြည့်ထား ”
“ ဒူးနေရာ ဒူး။ တော် နေရာ တော် နေ စမ်း ”
ဒီလိုနှင့် ငါးစိမ်းတန်း ရောက်လာသောအ ခါတွင်
“ ဟေ့ ဂဏန်းဒိုင်ကျော်ကြီးတဲ့ ပစ္စည်း တစ်ပါကင် ရောက်တယ်။ ”
သူ့ခေါင်းထဲ ဒိန်းခနဲ မီးတစ်ချက်ပွင့်သွား၏။ တွေ့ချင်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ပါလား။
“ ဟိတ်ကျော်ကြီး မပြေးနဲ့နော် ။ မင်းကို ငါဖမ်းလိုက်ပြီ။ ဟားဟား သူတောင်းစားဆိုပြီး အထင်မသေးလိုက်နဲ့ မနူပေမယ့် ၀ဲ စွဲရုံလေးပဲ ပြောစရာရှိတာ၊ ကျန်တာဘာမှ မပိုင်လို့ မွဲချင်ယောင်ဆောင်နေတာကွ။ ဟားဟား ကျော်ကြီး ကျော်ကြီး မင်းဘယ်လောက် ဟန်ဆောင်ကောင်းကောင်း ငါ့လက်က မလွတ်ပါဘူးကွာ။ သိနေတယ်လေ။ ဟဲဟဲဟဲ ”
“ ဘာတွေ လာပြောနေတာလဲ ခွေး သူတောင်းစား ရဲ့ ငွေလား ကန်တော့ပါသေးရဲ့ကွာ။ ”
“ ဒီမှာ ဟေ့လူ၊ မင်းဟာ ဂဏန်းဒိုင်ချုပ် ကျော်ကြီး မဟုတ်လား ”
“ အာ့တော့ ယိ ဖြစ်လား။ အဟက်ဟက် သူတောင်းစားကများ ရာရာစစ ငါ့ကို စော်ကားမော်ကား နဲ့ မင်းဂဏန်း စားချင်လို့ ဥာဏ်ဆင်နေတာလားကွ၊ စားရောစားနိုင်ရဲ့လား၊ အခု ဂဏန်းတစ်ပိဿာ ဘယ်ဈေးလဲ မင်းသိလို့လား၊ ကျလည်း ကျလောက်ပါရဲ့ကွာ သူတောင်းစား က ဂဏန်းစားချင်လို့တဲ့ ဗျို့၊ ကျားသားမိုးကြိုး ဟဟ ”
သူတောင်းစားအဖြစ်မှ အကန်းသမားအဖြစ် ဟန်ဆောင်ပြီး ထွက်ပြေးရပြန်လေ၏။
သူစိတ်ဓါတ်မကျသေးချေ။ တစ်ဖန်ကြိုးစားပြန်၏၊ သို့သောဗျူဟာ ပြောင်းလိုက်၏။
“ တနားကြပါခင်ဗျာ။ တနားကြပါ။ မတနားရင် ငိုလိုက်မှာနော်။ ဟင့် ၊ သြော် ဒါနဲ့ ဒီနားမှာ တစ်လုံး နှစ်လုံး ဒိုင် မရှိဘူးလား ခင်ဗျ။ ”
“ ရှိတယ် ရှိတယ် အဲဒီကွမ်းယာဆိုင်လေးက လက်ခွဲဒိုင်လေးပဲ။ ခင်ဗျား မွဲနေတာ အားမရသေးလို့ မွဲဆေး သောက်ဦးမလို့လား ကိုရွှေသူတောင်းစား ရဲ့ ဟမ် ”
“ ကျုပ် ကြားဖူးတာကတော့ ဟိုးလေထိုးဆိုင်က တစ်လုံးနှစ်လုံး ဆရာကြီး တဲ့ သူက လေထိုးဆိုင်ကို ဟန်ပြ လုပ်တာ၊ အဓိက တစ်လုံးနှစ်လုံး အ၀ယ်ဒိုင်ချုပ် ပေါ့။ ဖင်မမြဲဘူး။ သူက ခြေများတယ်။ ”
ထိုသို့ စုံစမ်းရင်းနှင့် သတင်းနှိုက်လာခဲ့ရာ တိကျခိုင်မာသော သတင်းပေးသမား တစ်ယောက်ကြောင့် ကျော်ကြီး တည်ရှိရာနေရာကို သူ့အစွမ်းအစဖြင့် သိလိုက်ရ၏။ ယခုတော့ ကျော်ကြီးရှိရာ လေထိုးကျွတ်ဖာဆိုင်ကို သူသိရ ပေပြီ။ တော်လိုက်တဲ့ ငါပါလားဟုသွေးနားထင်ရောက်မိတော့၏။ လေထိုးဆိုင်အရောက်တွင်
“ တနားကြပါခင်ဗျာ။ ရေလေးတစ်ခွက်လောက် တိုက်စမ်း။ လုပ်ပါဗျ။ စေတနာပါပါ လေး ”
“ ရော့ ရော့ မြို ဆို့ ”
ဆောင့်ကြီးအောင့်ကြီး ရေခွက်ပေးလာသဖြင့် ရေများ ဖိတ်စင်ကုန်၏။
“ ခင်ဗျားက ကျော်ကြီး နော်။ ”
“ ဟုတ်တယ်။ ဇမ္ဗူတခွင် ကျော်ကြားတဲ့ လူအမည် ကျော်ကြီး ဆိုတာ ကျုပ်ပဲ ဟားဟား ဟား ”
သူ့ဘာသူ ပြောပြီး သဘောကျသလို လုပ်ရယ်နေ၏။ ကိုကိုတုတ် က မမှိတ်မသုန် စိုက်ကြည့်ရင်းမှ
“ တစ်လုံးနှစ်လုံးဒိုင်ကျော်ကြီးဆိုတာမင်းကိုး၊ မပြေးနဲ့ စခန်းရောက်မှ ရှင်း ”
ပြောပြောဆိုဆို ကျော်ကြီးအား ၀င်လုံးရင်း လက်ပြန်ကြိုးတုပ်လိုက်၏။ လူကြီးတွေလည်း ရောက်လာသဖြင့် -…ရပ်ကွက်ရှိ နယ်မြေ(၆) ရုံး ပြုလုပ်ထားသော ရပ်ကွက်ဓမ္မာရုံသို့ ခေါ်ဆောင်လာပြီး အများရှေ့မှောက်တွင် စစ်မေးလေတော့၏။
“ ကျွန်တော် ကျွန်တော် ကျွန်တော်က ကျော်ကြီး ဆိုတာတော့ ဟုတ်ပါတယ်ဗျာ။ ဘာလို့ ဖမ်းတာလဲ ရှင်းပြပါဦး။ တစ်လုံးထိုး နှစ်လုံးထိုး မီးစက်ကြီးတွေ အ၀ယ်ဒိုင်ဖွင့်တယ်ဆိုတာကလည်း စီးပွားရေးအရပွဲစားလုပ်စားတာ ပါဗျာ။ တချို့ ဗိုက်နာလို့ လာရောင်းသလို တခါတခါ တော့လည်း ပေါချောင်ကောင်း လိုက်ရှာဝယ်ရတာပေါ့ဗျာ။ ခိုးတာတွေတော့ မလုပ်ပါဘူး။ အချိုအချောင်လေးတွေ ရလာရင် ရလာသလိုပဲ၊ အားလားလား လက် ညောင်း လာပြီဗျ။ နည်းနည်းလေး ပြန်ပြင်၊ ပြန်ရွိုင်းပြီး ရောင်းထုတ်တာလေ၊ ဒီလုပ်ငန်းကို တိတ်တဆိတ်လုပ်ရတယ် ဆိုတာကလည်း မနာလိုသူ တချို့တွေနဲ့ ငွေတိုးပေးစားတဲ့ သူတွေကြောင့်၊ အမလေး သေပါပြီ အမေရေ တကယ်သေပါပြီ လွှတ်လွှတ် ပေးပါဗျာ ရှစ်ကြီးခိုးပါရဲ့ တကယ် ”
ထိုသို့ ဟင်းချိုမှုန့် ကိုကိုတုတ် ကိုယ်တိုင် စုံစမ်းထောက်လှမ်းနေပြီ ဟူသော သတင်းကြောင့် စိတ်ချက်လက်ချ အပြင်ထွက်၍ ကေတီဗွီတွင် သီချင်းဆိုမိသော ကျော်ကြီးအစစ်မှာ သူ့ဘာသူ ရန်ဖြစ်၍ အဖမ်းခံလိုက်ရ လေတော့၏။ အဖမ်းခံရသော အခါ ကျော်ကြီးမှ
“ အီးဟီးဟီး အဲဒါ ဟို ငတုတ် ဆိုတဲ့ကောင်ကြောင့် အဖမ်းခံရတာဗျ။ သူ့ကို ယုံမိလို့ အပြင်ထွက်မိပါတယ်”
ထိုရောအခါတွင်မှ စ၍ “ဟင်းချိုမှုန့် ကိုကိုတုတ်” ဟူသော နာမည်မှာ တရှိန်ထိုး ထင်ရှားသွားသောဟူ၏။ ကိုကိုတုတ် မပျော်ခံနိုင်ရိုးလား သူ့ဘ၀တွင် ထိုတစ်ကြိမ်သာ နာမည်ကောင်းလက်မှတ် ရဖူးသော ကြောင့် ဘ၀င်လေဟပ်၍ ဂုဏ်တက်ခဲ့ရခြင်းပေတည်း။ ဒါတောင် တရားခံ နှုတ်ထွက် ၀န်ခံခဲ့ခြင်းကြောင့် ပေတကား ပရိသတ်။5.
“ ဆရာ တုတ်၊ ဆရာတုတ် ။ ထစမ်းပါဦးဗျ။ အရေးပေါ်နေပြီ။ လူသတ်လုယက်မှုဖြစ်လို့ တဲ့ ဗျ။ ”
ဇာတ်လိုက်ကြီး၏ တပည့်ကျော် မောင်မောင်ပိန် ၏ အော်ခေါ်သံကြောင့် ပက်လက်ကုလားထိုင်မှ ထလိုက်၏။ နာမည်ကျော်ပြီး နောက်ပိုင်းတွင် ဒုက္ခအတူခံရအောင် တပည့်ကျော် တစ်ယောက် မွေးထားပြီး မောင်မောင်ပိန် ကို အလုပ်သင်စေခြင်း ဖြစ်၏။
“အိမ်း ခုနှစ်ရက် သားသမီးတွေ အလိုရှိပြီဆိုတော့လည်း လုပ်ငန်း စကြတာပေါ့ကွာ။ ”
တပည့်ကျော်နဲ့အတူ ဆိုင်ကယ်စုတ်လေးဖြင့် အပြင်းနှင်လာရာ အခင်းဖြစ်ရာနေရာတွင် ကြိုးတားထားပြီး လုံခြုံရေးအစောင့်အရှောက်များစစ်ဆေးနေသည်ကို တွေ့ရ၏။
ဖြစ်စဉ်မှာ မြို့ကြီးရဲ့တောင်ဘက်ခြမ်း၊ တောင်ချွန်း၏တောင်ခြေရှိ လူကုန်ထံရပ်ကွက်တွင် နေထိုင်သော အဒေါ်ကြီးတစ်ယောက် အိမ်ပေါ်ထပ်ရှိ ဧည့်ခန်းတွင် သွေးအိုင်တွင်း လဲနေပြီး သေဆုံးနေသည်ကို တွေ့ရ၏။ ရွှေငွေရတနာ ငွေကြေးများလည်းပါသွားသည်ဟု သိရ၏။ ကိုကိုတုတ်လည်း သဲလွန်စများ ရှာ၏ ။
ဒေသန္တရ အစိုးရကလည်း လူသတ် ဓါးမြကြီး ကို လက်ရဖမ်းဆီးနိုင်လျှင် ငွေကျပ် ငါးသောင်း ၅၀၀၀၀ /ိ ဆုချမည်ဟုလည်း ဖမ်းဝရမ်း ထုတ်ထားသဖြင့် ကိုကိုတုတ် ပျော်ရွှင်သွားလေ၏။
“ အဒေါ်ကြီး မှာ ကုတ်ရာခြစ်ရာတွေ မြင်တယ်။ မသေခင် ရိုက်နှက် နှိပ်စက်ထားတယ်။ မတော်မတရားပြုကျင့် ထားပုံလည်း ရတယ်။ အတိအကျတော့ ဆေးစာရမှ သိမယ်။ ”
“ ဟုတ် ဆရာတုတ်။ ”
“ မင်းရော ဘယ်လို မှန်းထားလဲ ငါ့တပည့် ”
“ ကျွန်တော် ထင်တာ တစ်ယောက်ထဲတော့ မဟုတ်လောက်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ စီးကရက် ပြာတွေ နဲ့ ဖိနပ် ခြေရာတွေ ကျွန်တော် တွေ့လိုက်တယ်။ နောက်ပြီး မီးဖိုခန်းထဲမှာ ဖီးကြမ်း ငှက်ပျော်သီး နဲ့ ကြက်ဥ သုံးလုံး ကို ပန်းကန် ထဲမှာ စားလက်စ တန်းလန်း တွေ့ရတယ် ဆရာ ”
ကိုကိုတုတ်မှ လက်ဖျောက်တီးရင်း ပြန်ပြော၏ ။
“ မင်းတော်လာပြီ ငါ့တပည့်။ အဲဒီ ပန်းကန် က ဒီဇာတ်လမ်းရဲ့ အဓိက မိန်းပဲ ကွ။ သူတို့ဟာ အဖွဲ့လိုက် ကျူးလွန်လေ့ ရှိတယ်။ အဖွဲ့ထဲမှာ ဖီးကြမ်းနဲ့ ကြက်ဥ ကြိုက်တဲ့ ကောင်တော့ သေချာပေါက် ပါလိမ့်မယ်။ နောက်ပြီး လူအုပ်စုလိုက် ဆိုတော့ ပညာတတ်တွေပဲ ဖြစ်နိုင်တယ်။ နောက်ပြီး တံခါးဖျက်ဝင်တာနဲ့ တည်နေရာ သားကောင် ရှာဖို့အတွက် နည်းပညာသမားလည်း ပါလိမ့်မယ် ထင်တယ်။ အဲဒီတော့ ငါတို့ စုံစမ်းဖို့ပဲ ကျန်တော့တယ်။ ”
တပည့်ကျော် မောင်မောင်ပိန် တစ်ယောက် ခေါင်းတညိတ်ညိတ် ဖြင့် နားထောင်ရင်း ဆရာ ဖြစ်သူကို အားကျ အကြည့်ဖြင့် ကြည့်နေလေ၏။ နှစ်ယောက်သားမနက်စာ ပဲပြုတ်ထမင်းကြော် ကို အကြော်စုံဖြင့် စားနေကြရင်း မနက်က ဖြစ်စဉ် ကို ခရေစေ့တွင်းကျ ပြန်လည်သုံးသပ်နေကြခြင်းဖြစ်၏။
“ နောက်ပြီး မင်းမသိလိုက်တဲ့ အချက်တစ်ခု ရှိသေးတယ်။ ငါ့ တပည့် ”
“ ပြန့်ကျဲနေတဲ့ ဆံပင် မွှေးတွေလား ဆရာတုတ် အဲဒါ အိမ်ရှင်ဆံပင်ပဲ ထင်တယ်။ ”
“ မဟုတ်သေးဘူးကွ။ ”
“ သြော် အိမ်ရှင် အဒေါ်ကြီး က တစ်ယောက်ထဲ နေတယ်၊ ငွေကြေးချမ်းသာတယ်။ ဒီလူအုပ်စုက သားကောင် ရွေးပြီး လုပ်သွားတာမို့ နောက်ထပ် ဖြစ်နိုင်ခြေ ရှိသေးတာကို ပြောတာလား ဆရာတုတ် ”
“ မင်းပြောတာတော့ ဟုတ်တယ်။ တစ်ယောက်ထဲ ရှိတဲ့သူတွေကို ရွေးပြီး လုပ်တာ၊ အခုက အဲဒီအိမ်ရဲ့ နောက်ဖေး အိမ်သာ ထဲမှာ ထူးခြားတာ တွေ့ခဲ့တယ်။ ”
“ ဟုတ်၊ ဆရာ တုတ် ကျွန်တော် စိတ်ဝင်စားနေပြီ။ သိချင်တယ်။ ”
“ အချိန်တန်တော့ သိရလိမ့်မယ်ကွာ။ ”6.
တပည့်ကျော် မောင်မောင်ပိန် ခန့်မှန်းသုံးသပ်သလိုပင် အုပ်စုလိုက် အနုကြမ်းစီး လုယက်တိုက်ခိုက်မှုများ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ဆက်တိုက်ဆိုသလို ကြားလာရလေ၏။
“ ဇာတ်လမ်းက တိမ်မရောင်နဲ့ နက်တယ်ကွ။ ငါတို့အတွက် တရားခံဖမ်းဖို့ အခက်အခဲ တွေ ရှိတယ်။ ဒီတော့ အသွင်ယူ စောင့်ဖမ်းကြမယ်။ ”
ကိုကိုတုတ် က သူ့အစီအစဉ်အတိုင်း “ မင်းတို့အဖွဲ့ လွတ်အောင်ပြေးပေတော့” ဟု စာများ ဓါတ်တိုင်များတွင် လိုက်ကပ်တော့၏။ တစ်ခုသော ဈေးနေ့တစ်နေ့ မနက်ခင်း ၆ နာရီခန့် ထ၍ တစ်ယောက်ထဲ ဈေးဝယ်ထွက်လေ၏။ ကုန်သည်လမ်းတစ်လျှောက် ဈေးသည်များခင်းကျင်းရောင်းချကာ ဈေးရောင်းဈေးဝယ်နေသည်မှာ ပုရွတ်ဆိတ် လေးများ အစာချီနေသလိုပင် ကြက်ပျံမကျ စည်ကားနေ၏။
အထူးသဖြင့် တောဈေးသည်များ လာရောင်းသော သီးနှံများကို ကိုကိုတုတ် သဘောကျမိသဖြင့် ဧ၀ရတ်တောင် ဆေးလိပ်တုတ်ကြီး ခဲကာ မည်သည့်သီးနှံများဝယ်ယူလျှင် ကောင်းမည်နည်း စဉ်းစားနေ၏။ ထိုစဉ် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖီးကြမ်းငှက်ပျောသီးများစွာ ၀ယ်ယူနေခြင်းကို အကဲခတ်နေမိ၏။ ဒီလူ ဖီးကြမ်း အများကြီး ဒီလောက် ၀ယ်ပုံထောက်ရင် အတော်ကြိုက်မယ့် ပုံစံပဲ၊ မှည့်ခါနီး အသီးများရွေးဝယ်သဖြင့် လတ်တလော စားသောက်ရန် ဖြစ်နိုင်၏။
ထိုမှ တဆင့် ထိုလူဆိုင်ကယ်နောက်ကို မသိမသာ နောက်ယောင်ခံလိုက်ကြည့်ရာ တောပျားရည် တစ်ပုလင်း ၀ယ်ပြန်လေ၏။ ထို့နောက် ကြက်ဥ တစ်ကတ် (အလုံး သုံးဆယ်) ကို ၀ယ်နေစဉ် အချိန်မဆိုင်းတော့ဘဲ ကိုကိုတုတ် တစ်ယောက် ထိုလူကို ဂုန်နီအိတ်ကြိုးဖြင့် လက်ပြန်ကြိုးတုပ်လိုက်၏။ ထိုသူကလည်း ရုတ်တရတ် လန့်ဖြန့်ပြီး ရုန်းကန်ခြင်းကြောင့် ကြက်ဥဈေးသည်ပေါ် လူရော ဆိုင်ကယ်ပါ ပြုတ်ကျပြီး ရှိသမျှကြက်ဥများ ကွဲကြေကုန်၏။ ဈေးသည်ဈေးဝယ်များလည်း ၀ရုန်းသုန်းကား ဆူညံအော်ဟစ် ထွက်ပြေးကြလေ၏။
ထိုသူမှ ကိုကိုတုတ်ဗိုက်ကို ခေါင်းဖြင့် တိုက်၍ ရုန်းထထွက်ပြေးလေရာ ချက်ချင်း လိုက်လေ၏။ ဒီတစ်ချီတော့ ကိုကိုတုတ် ခံလိုက်ရပြီဟု မခံချိ မခံသာ ဒေါသဖြစ်ရလေ၏။ လမ်းထိပ် တွင် တပည့်ကျော် မောင်မောင်ပိန် ၏ လက်သီးဒဏ်ချက်တို့ကြောင့် အဖမ်းခံထားရသော ထို အသားမဲမဲ ဂင်တိုတိုလူကို မြင်မှသာ စိတ်အေးမိတော့၏။ ထိုသူ ကို လမ်းဘေးတစ်နေရာမှာပင် စစ်မေးရတော့၏။
“ ပြောစမ်းပါဦး ။ မင်းတို့ အဖွဲ့ ဘယ်နှစ်ယောက် ရှိတာလဲ ”
“ ဘာတွေ လာမေးနေတာလဲ ကိုယ့်လူ ”
“ မင်း အသိဆုံး ဖြစ်မှာပေါ့ကွာ။ အနုနည်း မရ ရင် အကြမ်းနည်း လာမယ်နော်။ ပလယာ နဲ့ လက်သည်း တွေ ဆွဲနှုတ်ပစ်မယ်။ ”
ထိုတော့မှ ထိုလူ ခြုံးပွဲချငိုတော့၏။ တရှုတ်ရှုတ် နှင့် ငိုနေသည်မှာ အတော်ပင် ကြာသည်ကို စောင့်ပေးရ၏။
“ ပြော ။ ပြောပြပါ့မယ်။ ကျွန်တော်တော့ မဟုတ်ပါဘူး။ ကျွန်တော့် တစ်ဝမ်းကွဲ ညီတော်မောင်တို့ လုပ်ကြတာပါ။ ခုက လည်း သူတို့ စားဖို့အတွက် ရိက္ခာ လာဝယ်ပေးတာပါ။ ခင်ဗျာ ”
ဒီလိုနှင့် ကြက်ကန်းဆန်အိုး တိုးပြီး ကျူးလွန်သူအုပ်စု လေးယောက် ကို ကိုကိုတုတ်တို့ ဆရာ၊ တပည့် ဖော်ထုတ်နိုင်ခဲ့လေတော့၏။ ကိုကိုတုတ် ဖြတ်ထိုးဥာဏ် နှင့် စဉ်းစားဆင်ခြင်မှုကြောင့် ဖော်ထုတ်နိုင်ခြင်း ဖြစ်ပြီး၊ ဆရာ၊ တပည့် နှစ်ယောက် ခန့်မှန်းထားသလို အတိအကျ ထပ်တူပင် ဖြစ်နေသည်ကို တွေ့ရလေတော့၏။
“ သြော် ဆရာ ပြောစမ်းပါဦး။ အိမ်သာထဲမှာ ဘာတွေ တွေ့တာလဲ ”
“ သုတ် ရေ တွေ လေကွာ ။ ငါ့ လခွမ်း ။ တော်တော် ဆိုးတဲ့ ကောင်တွေ ရေ တောင်မလောင်းခဲ့ဘူး ”
“ဒီလိုကိုး ဆရာ ရဲ့။ ဖီးကြမ်းနဲ့ ဒါကြောင့် ဆပ်စပ်နေတာကိုး ဆရာရဲ့။ တော်လိုက်တာဗျာ ၊ ဒါကြောင့်လည်း ဆြာတုတ် ဆြာတုတ် နဲ့ ကျော်ကြားနေတာကိုး ဗျ။ ”
ကိုကိုတုတ် တို့ ဆရာတပည့် နှစ်ယောက်သား ပြုံးပျော်ရွှင်စွာဖြင့် လက်ဖ၀ါးချင်းရိုက်လိုက်ကြပြီး မနက်စာ အဖြစ် ဖီးကြမ်းငှက်ပျောသီး များကို ဖြုတ်ယူစားသောက်ကြလေတော့၏။

ပြီးပါပြီ။
×××
ပြုံးပျော်ရွှင် ကြပါစေ။
ပြုံးပျော်ရွှင် ကြပါစေ။
No comments:
Post a Comment