နောင်အင်စေတီ
စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့ မရောက်ခင် တောင်ခြေရင်းတွင် ရှိသော အေးသာယာ ကားကြီးကွင်းကို
ခရီးသွား ပြည်သူများ အားလုံးသိရှိကြမည် ဖြစ်ပေသည်။ အေးသာယာမြို့သည်
တောင်ကြီးမြို့ကို အမှီပြုပြီး မြို့တစ်မြို့ ဖြစ်ပေါ်လာခဲ့သော်လည်း
ထိုမြို့သစ်လေးသည် တောင်ကြီးမြို့ရဲ့ အရှိန်အ၀ါ အကျော်အဇော်ကို ကျော်လွန်ခြင်း
မရှိခြင်း ၊ အေးသာယာမြို့သစ် လေး အဖြစ် လူမသိ သူမသိ ရပ်တည်ခဲ့ရသည်။
အေးသာယာမြို့တည် သက်တမ်းသည် ၂၅နှစ် ငွေရတုကို ကျော်ဖြတ်လာခဲ့ပြီ ဖြစ်ပြီး၊ အေးသာယာ
စက်မှုဇုန်မှ ဆက်သွားလျှင် မွေးမြူဇုန်မှ တဆင့် ညောင်ရွှေလမ်းကို
ခရီးလမ်းတိုတိုဖြင့် သွားရောက်နိုင်သေးသဖြင့် နောင်တစ်ချိန်တွင် အာရှ လမ်းမကြီး
ဖြစ်လာနိုင်ဖွယ် ရှိနေသည်။
အဆိုပါ အေးသာယာ ၊ စက်မှုဇုန် -
ညောင်ရွှေ လမ်းမှ တဆင့်ပင် ညောင်ရွှေ အရှေ့၊ အနောက်ဘက် အခြမ်းများကို အလွယ် တကူ သွားရောက်နိုင်ပြီး၊
အနောက်ဘက်တွင် ပင်လောင်း၊ ဖယ်ခုံတို့သို့လည်းကောင်း၊ တောင်ဘက်တွင် လွိုင်ကော်
မြို့များသို့လည်းကောင်း၊ ညောင်ရွှေမြို့ မှော်ဘီ လမ်းခွဲမှ တဆင့် ကျောက်တလုံးကြီး
ဒေသ နှင့် ဆီဆိုင် တို့သို့ လည်းကောင်း ဖြတ်လမ်း များ အတိုင်း သွားလာနိုင်ပြီ
ဖြစ်သည်။ ပင်လောင်းမှ တဆင့် ပျဉ်းမနားကိုပင် အချိန်အနည်းငယ်အတွင်း
ဆက်သွားနိုင်သေးသည်။ ထိုလမ်းများသည် လူသိနည်းနေသေးသော လမ်းများလည်း ဖြစ်သည်။
အေးသာယာမြို့သည် မြို့တည်သက်တမ်း ၂၅
နှစ် ကျော်သာ ရှိသေးပေမယ့် အေးသာယာ မြို့ ဟူ၍ မဖြစ်ပေါ်ခင် ရှေးနှစ်ပေါင်း
ထောင်ပေါင်းများစွာ ကတည်းက လူမျိုးစုများသည် နောင်အင် ရွာ ၊ နှင့် မုံတ၀ ရွာ ဟူသော
ရွာများတွင် လူနေမှုများ ရှိခဲ့ကြောင်း ဒေသခံ များထံမှ မေးမြန်းချက်များအရ
သိရှိရသည်။ များသောအားဖြင့် ထိုရွာများတွင် ပအိုဝ်း လူမျိုး၊ ထနော့ လူမျိုး နှင့်
တောင်ရိုး လူမျိုးများ အများစု နေထိုင်ကြကြောင်း သိရှိရသည်။ နောင်အင် ရွာတွင်
တောင်ရွာနှင့် မြောက်ရွာဟူ၍ ရှိပြီး၊ ပအိုဝ်း နှင့် ထနော့ တိုင်းရင်းသား
များနေထိုင်ကြကာ၊ မုံတ၀ရွာတွင် ပအိုဝ်း နှင့် တောင်ရိုး တိုင်းရင်းသား များ
နေထိုင်ကြကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသား များ တို့သည် ရှေးနှစ်ပေါင်း
များစွာ တို့က တိုးတက်မှု နှေးကွေးစွာ၊ မိမိတို့ ယဉ်ကျေးမှု လူနေမှုစနစ်အတိုင်း လောဘ
နည်းနည်း ဖြင့် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုကြောင်း
သိရသည်။
မုံတ၀ ရွာသည် မုံတ၀ တောင်ကြောနှင့်
ဆက်နေပြီး၊ တောင်ကြီးမြို့ရှိ ကျောင်းကြီးစု၊ ဖရဲ စသော ရပ်ကွက်များနှင့် တောင်ပေါ်
တောင်အောက် တောင်ပတ်လမ်းများအတိုင်း ဆက်နေကာ ယခုအခါ သွားလာနေကြကြောင်း သိရသည်။
ယခုကျွန်တော်တင်ပြပေးချင်သောအကြောင်းအရာက
နောင်အင်ရွာရှိ ရှေးဟောင်းမွေတော် စေတီ သမိုင်းကို ဗဟုသုတ အဖြစ်
ပြန်လည်ဖော်ထုတ်ပေးချင်ပါသည်။ နောင်အင် မွေတော် ဘုရားသည် ရှေးဟောင်း လက်ရာဖြစ်ပြီး၊
ရှမ်းပြည်နယ်တွင်း ထိုလက်ရာနှင့် ဆင်တူသော နေရာမှာ မွေတော်ကက္ကူဘုရားရှိ
မျက်နှာတော်များနှင့် ဆင်တူသည်။ မွေတော် ကက္ကူ စေတီတော်နှင့် ဆင်းတုတော်
လက်ရာများသည် ရှေးခေတ် ယိုးဒယား လက်ရာများနှင့် ဆင်တူသည်။ စေတီတော် ထီးတော်များသည်
အနက်ရောင်ဖြစ်ပြီး၊ အမြင့်ပိုင်း သို့ ရှည်မျော တက်သွားကြလေသည်။
နောင်အင်စေတီတော်သည်လည်း ထို ဆင်းတုတော်နှင့် ဆင်တူနေလေသည်။ ယခုအခါ
နောင်အင်ကျောင်းအတွင်းတွင် အေးချမ်းစေတီတော် အသစ်တစ်ဆူကို ထပ်မံတည်ထားပြီး
ဖြစ်သည်။
နောင်အင်ကျောင်း မွေတော်စေတီ
သမိုင်းဦး
ကနဦး တွေ့ရှိချက်
အေးသာယာမြို့၊ မြို့လယ်တွင်းရှိ၊
ရှေးဟောင်း မွေတော်စေတီတော်သည် လွန်ခဲ့သော နှစ်ပေါင်း (၉၃၀) ခုနှစ်၌ သာသနာ့ ဒါယကာ-
နရပတိစည်သူမင်းတရားကြီး ပေါ်ပေါက်ခဲ့ဖူး၏။ ထိုမင်းတရားကြီးသည် ကောဇာသက္ကရာဇ် (၄၂၈)
ခုနှစ် ၊ ဝါဆိုလန်း (၈) ရက် နေ့ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့ပြီး (၄၅၄) ခုနှစ်တွင်
မင်းဘိသိက် ခံယူခဲ့ပါသည်။ (၄၅၇) ခုနှစ်ရောက်သောအခါ ၊ ဖောင်စကြာယာဉ်
ဖြင့်တိုင်းခန်း လှည့်လည်စဉ်၊ ယခု နောင်အင်ရွာသို့ ရောက်သောအခါ ကြက်သီးမွှေးညှင်း
တဖြန်းဖြန်းထလာသဖြင့် အကျိုးအကြောင်း အဆိုးအကောင်းကို ကြည့်ရှုဟောကြား
စွမ်းနိုင်သော ပုရောဟိတ် ၊ ပုဏ္ဏား တို့ကို အဖတ်ခိုင်းပြီး၊ ပရောဟိတ်
ပုဏ္ဏားတို့ကလည်း စစ်ရှုံး, စစ်နိုင် ဟူသော အကြောင်းကြောင့် ကြက်သီးမွှေးညှင်း
ထသည်မဟုတ်။ နောင်လာမည့် နှစ်ပေါင်း(၁၀၀၀) ကျော်တွင် ဤဒေသ၍ သစ်ပင်, ဝါးပင်
ပြည့်နေသော ဤတောအုပ်ကြီးသည် သာယာလှပ ရှုမဝနိုင်သော မြို့တစ်မြို့ ဖြစ်ရုံမျှ မကဘဲ
ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းမည် ဖြစ်၍ စေတီတည်ထားထိုက်ကြောင်း သံတော်ဦးတင်ကြလေသည်။
ကောဇာ သက္ကရာဇ် (၄၅၇) ခုနှစ်တွင်
ပုရောဟိတ်တို့၏ ဖတ်ကြားချက်အရ ဗုဒ္ဓမြတ်စွာ၏ သရီရဓါတ်တော် မွေတော်ဖြင့်
တည်ထားကိုးကွယ်သော စေတီ (၇) ဆူ ပါဝင်ကြောင်း သိရှိရလေသည်။ ၎င်းစေတီသည် မွေတော်စေတီ ဟု
သမုတ်၍ ထင်ပေါ် ကျော်ကြားသော စေတီတစ်ဆူလည်း ဖြစ်ပါသည်။ စေတီတော်၏ မြောက်ဘက်နှင့်
တောင်ဘက်တွင် နောင်အင်မြည်သော ရွာ ရှိသဖြင့် ၊ ရွာနှစ်ရွာ၏ အလယ်တွင်
တည်ရှိနေသောကြောင့် နောင်အင်စေတီ၊ နောင်အင်ဘုရား ဟုလည်း ခေါ်လာကြသည်။
+++++
(နောင်အင်သမိုင်း အကျဉ်း)
နောင်အင် ရွာသူရွာသားများသည်
ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်ကြသောကြောင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ(၂ဝဝ)ကျော်
ကာလ၌ မွေတော်စေတီ၏ တောင်ဘက်တွင် ပထမ နောင်အင်ကျောင်းကို ဆောက်လုပ်လှူဒါန်းပြီး
ကိုးကွယ်အားထားခဲ့ကြပါသည်။ နှစ်ပေါင်း(၁ဝဝ) တစ်ရာ ကျော်လာသောအခါတွင်
ကျောင်းတော်ကြီး ဟောင်းနွမ်း ပျက်စီးလာသဖြင့် မွေတော်စေတီတော်၏ မြောက်ဘက်တွင်
ထပ်မံပြီး၊ ဒုတိယ နောင်အင်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပြန်သည်။ (၁၉)
ရာစုနှစ်ရောက်သောအခါ ရပ်ရွာ၏ တိုးတက်မှု အရှိန်အဟုန်ကြောင့် သစ်သားကျောင်းကြီးကို
အားရမှုမရှိဘဲ (၁၃၃ဝ) ပြည့်နှစ်တွင် တိုက်ကျောင်းကြီး ဖြစ်နိုင်ရန်အတွက်
တတိယမြောက်ကျောင်းကို ဆက်လက်လှူဒါန်းပြန်သည်။ တတိယမြောက်ဖြစ်သော
တိုက်ကျောင်းကြီးသည်လည်း ကောဇာသက္ကရာဇ် (၁၃၄၆) ခုနှစ်တွင် အစစအရာရာ
အားလုံးပြီးဆုံးသောကြောင့် ကျောင်းရေစက်ချပွဲတွင် စည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့ပါသည်။ ဤသမိုင်းကို ကြည့်သောအားဖြင့် နောင်အင် ရွာသူရွာသားတို့၏ သဒ္ဓါအား၊
စေတနာအား၊ ဝီရိယအားတို့ကို ခန့်မှန်းနိုင်ပေသည်။
ကောဇာသက္ကရာဇ် (၁၃၅၃) ခုနှစ်
ဝါဆိုလပြည့်နေ့မှစတင်၍ နောင်အင်ကျောင်း ဗုဒ္ဓသာသနာ ပိုမိုထွန်းလင်းရန်အတွက်
အဋ္ဌမမြောက် ဆရာတော်-ဘဒ္ဒန္တမဟောသဓ(ဓမ္မာစရိယ) ဦးစီးပဓာနဖြင့်
တိုးတက်လာသောမြို့နှင့်အညီ တောကျောင်းအဖြစ်မှ ပရိယတ္တိ စာသင်တိုက်အဖြစ်သို့
ကူးပြောင်းဆောင်ရွက်ခဲ့ပါသည်။
+++++
(နောင်အင်ကျောင်းနှင့် စေတီသမိုင်း)
နောင်အင်ကျောင်းတွင်
သီတင်းသုံးတော်မူသော ဆရာတော် (၈)ဆက်အနက် (၅) ဆက်မြောက် ဆရာတော် ဦးပဏ္ဍိတသည် ဒါယကာ၊
ဒါယကာမများကို ဦးစီးပြီး ကမ္မဋ္ဌာန်းတိုက် စေတီအဖြစ်ဖြင့် မွေတော်စေတီ၏ အရှေ့တောင်
ထောင့်တွင် အရန်စေတီ နောက်ထပ် တည်ထားခဲ့ပါသည်။
ကောဇာသက္ကရာဇ် (၁၃၂၇) ခုနှစ်မှ စ၍
သီတင်းသုံးတော်မူသော သတ္တမမြောက်ဆရာတော် ဦးဝါရိန္ဒ သည် စေတနာထက်သန် သော ဒကာ၊
ဒကာမတို့ကို ဦးဆောင်ကာ စေတီတော်၏ အနောင်တောင်ထောင့်၊ အနောက်မြောက်ထောင့်၊
အရှေ့မြောက်ထောင့်တို့တွင် စေတီတော် (၃)ဆူနှင့်တကွ၊ အပြင်စေတီ (၄)ဆူတို့ကို
ထပ်မံပြီး တည်ထားကိုးကွယ်ခဲ့ပါသည်။
ရှေးဟောင်းမွေတော်
စေတီတော်မြတ်ကြီးသည် နှစ်ပေါင်းများစွာ ကြာညောင်းလာသဖြင့် အဘက်ဘက်မှ
ပျက်စီးယိုယွင်းလာ သဖြင့် (၁၃၄၁) တော်သလင်းလဆန်း (၈) ရက်နေ့တွင်၊ ပြင်းထန်သော
မိုးဒဏ်လေဒဏ်ကြောင့် တည့်မတ်ခြင်းငှါ မစွမ်းနိုင်တော့ဘဲ ပျက်စီးသည်ထက် ပျက်စီး၍
ပြိုကျခြင်း ခံခဲ့ရပါသည်။
အဋ္ဌမမြောက် ဆရာတော် ဖြစ်သော-ဘဒ္ဒန
္တမဟောသဓ(ဓမ္မာစရိယ) သည် ပြိုကျနေသော မိဘဘိုးဘွား၊ ဆရာသမားများ၏ အမွေအနှစ်ဖြစ်သော
စေတီတော်မြတ်ကြီးကိုမြင်၍ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ရှေးဘဝအဆက်ဆက် ကုသိုလ်
ပါရမီတော် ကြောင့် ဘဝဆုံဆည်းကြသော နောင်အင် ရွာသူရွာသားတို့နှင့် မြို့သူမြို့သား
ပါရမီရှင်များတို့ကို တိုက်တွန်းနှိုးဆော်၍ ကိုယ်တော်တိုင် ဦးဆောင်ပြီး
ရှေးဟောင်းလက်ရာ အနေအထား မပျက်ရလေအောင် ပြန်လည်မွမ်းမံခဲ့ပါသည်။
မွေတော် စေတီ အသစ်တဖန်
ပြန်လည်မွမ်းမံရာတွင် တောင်ကြီးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ-အရိယဝံသ (မြို့ဦးကျောင်း)
ဆရာတော်၊ တောင်ကြီးမြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဥတ္တရာရုံ ဆရာတော်၊
ရှမ်းပြည်နယ် သံဃနာယက တွဲဘက်အကျိုးတော်ဆောင် တောင်ကြီးမြို့ မင်းကွန်းကျောင်း ဘဒ္ဒန
္တတေဇောဘာသနှင့် နောင်အင်ကျေးရွာ အုပ်စု သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အေးသာယာမြို့
နောင်အင်ကျောင်း ဆရာတော် ဦးမဟောသဓနှင့် ကြွရောက်လာကြသော ဆရာတော်သံဃာတော် များသည်
(၁၃၅၃) ခုနှစ် နတ်တော်လဆန်း (၁၄) ရက်နေ့ သောကြာနေ့ ၊ နေ့လည် (၁) နာရီအချိန်တွင်
အုတ်မြစ်ချ အခမ်းအနားကို ကျင်းပကြပါသည်။
၁၃၅၄ ခုနှစ်၊ ကဆုန်လဆန်း (၁၂)
ရက်နေ့တွင် နောင်အင်ရှေးဟောင်း မွေတော်စေတီတော်မြတ်ကြီး၏ အဘက်ဘက်မှ “မွမ်းမံခြင်း
ကိစ္စပြီးဆုံးသောကြောင့် စတုဒီသာအရပ်မှ ဆရာတော် သံဃာတော် အပါး (၁ဝဝ) ကျော်
ပင့်ဆောင်ပြီး ၊ နံနက်ပိုင်းတွင် ဘုရားအနေကဇာတင် အခမ်းအနားကို ကျင်းပ၍၊
နေ့လည်ပိုင်း၌ ထီးတော်တင်အခမ်းအနားတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ် စောထွန်း ကိုယ်တိုင်တက်ရောက် ကြီးမှူးပြီး ဆောင်ရွက်ခဲ့ပါသည်။
ရှေးဟောင်းမွေတော်
စေတီတော်မြတ်ကြီးသည် နှစ်စဉ်နှစ်တိုင်း ကဆုန်လတွင် ရိုးရာမီးရှူးပွဲ၊ ဆီမီး၊ ပန်း
၊ ဆွမ်းတော်တင်ခြင်း အခမ်းအနားပွဲ ပြုလုပ်မြဲ ပြုလုပ်လေ့ ရှိပါသည်။
+++++
အေးချမ်းစေတီတော် သမိုင်းအကျဉ်း
၁၃၇၃ ခုနှစ် ကဆုန်လဆန်း (၁၄) ရက်
(၁၆.၅.၂၀၁၁) တနင်္လာနေ့၊ မနက် ၉ နာရီခွဲအချိန်တွင် ဘုရားဒါယကာ ဦးရွှေစိန်၊
ဘုရားဒါယိကာမ ဒေါ်သီတာဦး တို့သည် အေးသာယာမြို့စိန်နဂါးခန်းမ မင်္ဂဆောင်သို့
လာရောက်စဉ် နောင်အင်ပရိယတ္တိစာသင်တိုက် ဂေါပကဥက္ကဋ္ဌလူကြီး ဦးစိုးရှင်နှင့်
တွေ့ဆုံပြီး မိတ်ဆက်စကားပြောကြရာ ဒါယကာ ဦးရွှေစိန်မှ ဘုရားလှူဒါန်းလိုကြောင်း
ပြောသည့် အတွက် နောင်အင်ကျောင်းဆရာတော်ထံသို့ လာရောက်လျှောက်ထားရာ ဆရာတော်မှလည်း
ဒါယကာတို့ မိသားစုမတည်ပြီး ခုနှစ်ရက် သားသမီးများ စုပေါင်းလှူဒါန်းမှုပြုလျှင်
ပိုမိုကောင်းမွန်ကြောင်း မိန့်ကြားသည့်အခါ ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံခဲ့ပါသည်။
ဆရာတော်သည် နောင်အင် တောင်ရွာ၊
မြောက်ရွာ ဒါယကာ၊ ဒါယိကာမများနှင့် ညှိနှိုင်းပြီး နယုန်လဆန်း(၃)ရက် (၄.၆.၂၀၁၁)
စနေနေ့ မြေညှိခြင်း မင်္ဂလာ၊ နယုန်လဆန်း(၈)ရက် (၉.၆.၂၀၁၁) ကြာသပတေးနေ့၊ နံနက်(၈း၃၀)
အချိန် မြေသန့် အန္တရာယ်ကင်း မင်္ဂလာ၊ နယုန်လပြည့်ကျော် (၁) ရက် (၁၇.၆.၂၀၁၁)
သောကြာနေ့ နံနက် (၁၀း၄၉) အချိန် ပန္နက်တော်တင် မင်္ဂလာ ၊ ဝါဆိုလဆန်း(၄) ရက်
(၇.၇.၂၀၁၁) ကြာသပတေးနေ့ နံနက် (၆း၃၀) အချိန် အုတ်မြစ်စီတွင်းတော်ဝန်း မင်္ဂလာ
ပြုလုပ်နိုင်ခဲ့ပါသည်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
(၁၄.၈.၂၀၁၁) တနင်္ဂနွေနေ့ နံနက် (၁၀း၂၆) အချိန်တွင် ဆရာတော်ကြီး ၅ပါး
ကြီးမှူးကာဘုရား ဒါယကာ၊ ဒါယိကာမ များနှင့် ခုနှစ်ရက်သားသမီး အပေါင်းတို့က ဓါတ်တော်
၊ မွေတော်နှင့် ရတနာများကို သတ္တဌာန ဌာပနာတော်သွင်း မင်္ဂလာကျင်းပနိုင်ခဲ့ပါသည်။
ပျော်ရွှင်စရာကောင်းသော လည်ပတ်စရာ
ပေါများသော အေးသာယာမြို့ကို တောင်ကြီးမြို့ ရောက်တုန်းရောက်ခိုက် ဆိုရင်ဖြင့်
တစ်ခါတစ်ခေါက်တော့ဖြင့် အလည်အပတ် လာရောက် ကြဖို့ ဖိတ်မန္တက ပြုလိုက်ရပါတယ် စာရှုသူ
လူကြီးမင်းများ ခင်ဗျား။
xxx
မှတ်တမ်း - ဆရာတော် ဘဒ္ဒန္တဗုဒ္ဓဃောသ၊
နောင်အင်ပရိယတ္တိစာသင်တိုက်
Writter
- စည်သာ(တောင်ကြီး)
No comments:
Post a Comment