စိတ်အန်ဖတ်
သိရ်(အေးသာယာ)
(မှတ်ချက် - 2012 - Promise မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော အချစ်ခံစားမှု ၀တ္ထုတိုတစ်ပုဒ်)
တစ်ခါ တစ်ရံမှာ အချစ်က ထူးဆန်းတယ်။
အပြင်မှာ ဖြစ်နေတဲ့ ကိစ္စတွေက တစ်ခါ တစ်ခါ စိတ်ကူးယဉ် တွေထက်
ပိုဆန်းကြယ်တယ် ဆိုတဲ့ စကားကို အစက ပုံ့ လက်မခံခဲ့ဘူး။
အချစ်ကို မဝေမျှနိုင်ဘူး ဆိုတာက ပုံ့ရဲ့ အတ္တလို့ ပဲ ဆိုချင်ဆို။ ဒါပေမဲ့
မိန်းကလေး တိုင်းကတော့ သစ္စာ ကိုလိုချင် ကြမှာပဲလေ.။
တောင်ကြီး တက္ကသိုလ်ရဲ့ အီးမေဂျာ မထမနှစ်တန်းမှာ ပုံ့က ကွင်း။ ပုံ့က
အင်းလေးသူ လေးမို့ ရိုးသားဖေါ်ရွှေတော့ လူတကာ ချစ်ခင် ကြပါတယ်။ ပုံ့ တို့
ဦးလေး အဆောင်က ကျောင်းနားမှာပဲ မို့ သွားရလာရ အဆင်ပြေပါတယ်။
ကျောင်းထဲမှာ ပုံ့ ခင်မိတဲ့ သူငယ်ချင်း တွေက အိအိဇာ၊ သိမ့်သိမ့်စိုး၊
သွယ်သွယ်နဲ့ မေလေး။ မိန်းကလေး သူငယ်ချင်း ဒီလေးယောက်က အတွဲဖြစ်ဆုံး။
တစ်ရက် မြို့ထဲ သွားရင်း လိုင်းကား စီးမိတော့ သူနဲ့ တွေ့ဆုံဖြစ်တာပဲ…။
BMလိုင်းကားပေါ်မှာ ခုံရလို့ ထိုင်နေတုန်းရှိသေး။ နောက်ကနေပြီး ထိုင်ခုံ
ကြမ်းပေါက်ကနေ ပုံ့တင်းပါးကို မထိတထိနဲ့ ခဏခဏ။ ပထမတော့ မတော်တဆ ဆိုပြီး
သည်းခံသေးတယ်။ မဟုတ်ဘူး တမင်တကာုလပ်နေသလိုမျိုးကြီး။ ဒါနဲ့ နည်းနည်း
ရှေ့ တိုးထိုင်ရတာပေါ့။ လှည့်လည်း မကြည့်ရဲဘူး။ နောက်ဆုံး အကြိမ် ကြိမ်
ဆိုတော့ စိတ်မရှည်တော့ပဲ ဆတ်ခနဲလှည့် ကြည့်လိုက်တာ။ သူကတော့
မသိသလိုပဲ..။ ပုံစံက သူနဲ့ မဆိုင်သလိုပဲ။ အင်းလေ.. ။ ထိုင်ခုံက ကျဉ်း၊
ဒူးခေါင်းက ရှည်လို့နဲ့ တူပါတယ် ဆိုပြီး ဘာမှ မပြောတာ။ အခြေနေက
ပိုရောင့်တတ်လာသလိုပဲ။ နောက်ထပ် တစ်ခါ ထပ်လှည့် ကြည့်ပြီး တော့သူ့ကို ..
“ဒီမှာ ဒီမှာ … ကိုယ်ချင်းစာ တရားမွေးပါ ခရီးသည်ချင်းကိုယ်ချင်းစာတဲ့
အနေနဲ့ အခွင့် အရေးမယူပါနဲ့..”
“ဗျာ ကျွန်တော် ဘာလုပ်လို့လဲ…….”
“ရှင်လုပ်တာ ရှင်ပဲ သိရမှာပေါ့……..”
ဆိုတော့ လူတွေ ဝိုင်းကြည့်လာလို့ သူရှက်သွားတယ်နဲ့တူတယ်။ မျက်နှာကို
ရဲခနဲပဲ..။ ပုံ့မတ်တပ်ရပ်ပြီး နောက်ကို ထကြည့်လိုက်တော့မှ
“ဟောတော့… ဒီကျောပိုးအိတ်ကြောင့်ကိုး၊ ရှင့်အိတ်ကို ဖယ်လိုက်”
ဆိုတော့မှ သူလည်း သဘောပေါက်သွားတယ်။ ဖြစ်ပုံက သူပေါင် မှာ ကျောပိုးအိတ်
တင်စီးတော့၊ ကျောပိုးအိတ်က လျောကျပြီး၊ ရှေ့ထိုင်ခုံ ကြမ်းကြားထဲ
ကျွံဝင်နေတာ။ ကားလှုပ်လေ အိတ်လှုပ်လေဆိုတော့ မသိရင် တမင်တကာ
လုပ်နေသလိုပဲ။ BM ကားရဲ့ ထိုင်ခုံတွေ မြင်ဖူးတယ်မလား။ ခုံအောက်ပိုင်းမှာ
ဟနေတော့ မသကာ အရပ်ရှည်၊ ဒူးရှည်သူတွေနဲ့ဆို ဒူးနဲ့ ကွက်တိ။
ပုံ့ စိတ်မကောင်း ဖြစ်မိပေမယ့် ပြန်မတောင်း ပန်မိဘူး။ သူ့အမှား တစ်ဝက်
ပါတာပဲမှတ်လား။ သူနဲ့ ဆုံတာ အဲ့ဒါ ပထမဆုံးပဲ…။ ဒါပေမဲ့ သေချာ ပြန်စဉ်းစား
မိတော့ ပုံ့မှား မှန်းသိလိုက်ရပြီး၊ မတောင်းပန်ခဲ့လိုက်ရလို့ နောင်တ
တွေရနေ မိရဲ့။ သူ လည်းကျောင်းသားပဲထင်တယ်။ ကျောပိုးအိတ်နဲ့ ဆိုတော့
ကျောင်းသားပဲ ဖြစ်မယ်။ အယ် ကျောင်းကမှန်းသာ ပုံမသိတာ အဲ့ဒီနေ့က
သူ့မျက်နှာလေး ညိုးနေတာပဲ။
နောက် တစ်လလောက်ကြာတော့ သူနဲ့ ထပ်ဆုံပြန်တယ်။ သမရိုးကျ ကျောင်းထဲမှာ
ကျောင်းသားချင်းချင်း ဆုံကြတာ ဘာမှ မထူးဆန်း ပေမယ့် ပုံ့အတွက် ကတော့
သူ့ပုံရိပ်လေး ကို မှတ်မှတ်ထင်ထင် စွဲထင်နေ မိလို့ မျတ်မိနေတယ်။
အဲ့ဒီနေ့က အတန်းထဲမှာ လက်တွေ့ ဖြေပြီးလို့ ထွက်လာတော့ သူ့ကို တွေ့တာပဲ..။
“ဟိတ်.. ချိ..ချိ… ဟိုတစ်ယောက်…ဟိတ်..ဟိုလူ”
နာမည်ကို မသိတော့ ကြုံသလို ပုံ့အော်ခေါ်နေမိတာ သွယ်သွယ် တို့
မေလေးတို့တောင် အံ့သြနေကြတယ်။ သူကလည်း လမ်းလျှောက်နေရင်း
ကြောင်တောင်တောင်နဲ့ ရပ်ကြည့်ပြီးမှ သူ့ဘေးဘီ ဝဲယာကို ပြန်ကြည့်တယ်။
သူ့ကို ပုံ့လက်ညိုးထိုးပြတော့ သူ့ကိုယ်သူ လက်ညိုးပြန်ထိုးပြီး ယောင်တောင်
ပေါင်တောင် ခေါင်းလိုက်ညိတ် နေတယ်။ ပုံစံက ကျွဲကော် မျက်မှန်နဲ့ တကယ့်
အူကြောင့်ကြောင်။
“ဟုတ်တယ်…ရှင့်ကို ခေါ်နေတာ၊ ခဏ စောင့်ဦး…”
ပုံ့ ပြေးသွားမိတယ် အနားရောက်တော့မှ သူက..
“အော် ဘယ်သူများလည်း မှတ်တယ်….”
“သိပြီလား….တို့ကို ……မှတ်မိလား…..”
“မသိဘူး………။ အကြွေးရှင်မှတ်ပြီး လန့်နေတာ..။ ဆိုဘာကိစ္စလဲ”
တဲ့။ အသပတော့ သိသလိုလို အဟုတ်မှတ်နေတာ။
ကျောင်းကန်တင်းထဲ ထိုင်မိတော့ ဘာစကားမှ မဆိုဖြစ်ကြဘူး။ တကယ်ဆို သူက စ
ပြောသင့်တာပေါ့နော်။ တစ်ခုခုလေးတောင် အစ မဖေါ်ပေးတော့ ပုံ့ကပဲ တောင်းပန်
စကားပြောပြီး ဟိုနေ့က ကိစ္စ ရှင်းပြရတယ်။ အဲ့ဒီလိုနဲ့ သူနဲ့ ခင်သွားကြတယ်။
တစ်စစ နဲ့ သံယောဇဉ် ရစ်ပတ်နှောင်တည်းလာခဲ့တာ.. ၄ နှစ်ဆိုတဲ့ ကာလ
ကြာငြောင်းတဲ့ အထိပဲ ဆိုပါတော့ “သူက ဂျော်လော်ဂျီ” ကင်းဆိုပဲ။
ဟုတ်မဟုတ်တော့ ပုံ့မသိ။ ကောင်မလေးတွေကျလည်း ကျလောက်တဲ့ ရုပ်မျိုး
ပိုင်ဆိုင်တယ်။ သူ့နဲ့ သူငယ်ချင်းဖြစ်ခွင့်ရတဲ့ အတွက်ကိုပဲ ပုံ့ ဝမ်းသာ
ဂုဏ်ယူမဆုံးဘူး သူငယ်ချင်းဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ အမြဲလိုလို စားအတူ၊
သွားအတူ ရှိခဲ့ကြတာလွဲလို့ ပုံ့နဲ့ သူ့အကြားခင်မင်မှုမှာ ဘာအရောင်မှ
မဏွန်းထင်းခဲ့ဘူး။ ပုံ့က ချည်းသာ အမြဲလိုလို တစ်ဖက်သတ် ဗြောင်းဆန်
ခဲ့သလောက် သူ့ဖက်ကတော့ အငြိမ်ပဲ။ မျှော်လင့် စိတ်က လူက ပင်ပန်း
လွန်းစေတယ်။ အကယ်၍သာ သူ့ဖက်က တစ်စုံတစ်ရာ နိမိတ်ပုံ ပြခဲ့မယ်ဆိုရင်
ပုံ့တို့ ခင်မင်မှုတွေဟာ တခုခု ဖြစ်သွား မှာ ကျိန်းသေပဲ..။ သူ့ဘက်က
ရဲတင်းခဲ့ရင် အရောင် တစ်ခုခု ပေစွန်း ကောင်းပေစွန်းပါ လိမ့်မယ်။
ခုတော့ လူတကာ အပြောဆိုခံရတဲ့ ဇာတ်မြောကြီးရဲ့ အစပျိုးသူ အဖြစ်
နာမည်ပျက်ခဲ့တာကလွဲရင် ပုံ့နာမည်ကောင်း မရခဲ့ဘူး။ သူနဲ့ ပတ်သက်ပြီး တော့
ပုံ့ တစ်ခါမှ မျက်နှာသာမရခဲ့ဘူး။
“ငါတို့ တွေ ရင်းနှီးခဲ့ကြတာ အချိန် မနည်းတော့ဘူးနော်…”
“အေးလေဟာ အဲ့ဒါဘာဖြစ်လဲ..။ ပုံ့ ငါ့ကို ပိုက်ဆံချေးဦး..”
“ဘာလဲ ဖဲရိုက်မလို့လား….”
သူ့အတွက် ရေလာဖို့ ပုံ့ဘယ်လောက်ထိပဲ မြောင်းပေးပေး။ ငွေချေးဖို့
ကိစ္စလောက်က လွဲရင် သူ့ခေါင်းထဲမှာ တောင်ပုံ့အတွက် နေရာမရှိခဲ့ဘူး။ သူဟာ
သူဋ္ဌေးသားတော့ မဟုတ်ပေမယ့် ငွေဖြုန်းတယ်။ မင်းသားတော့ မဟုတ်ပေမဲ့
မျက်နှာများခဲ့တယ်။
မှတ်မှတ်ရရ။ ဒုတိယနှစ် တက်တဲ့ နှစ်မှာ သူခြေရှုပ်တော့တာပဲ။ “အီး” မေဂှာ
ကွင်းဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုဟာ သူ့အတွက် တပ်မက်စရာ မကောင်းလို့လား။
အမြင့်ဆုံးထက် မယှဉ် နိုင်တောင် သာမန်ထက် မနိမ့်တဲ့ ပုံ့ အလှကပဲ သူ့ကို
မိန်းမှုးအောင် မဆွဲဆောင်နိုင်လို့လားမသိ။ သူဟာ လက်ထဲက ငါးထက်စာရင် ရေထဲက
ငါးက အမြဲ ပိုကြီးနေခဲ့တယ်။
လူသားတိုင်း အချစ်နဲ့ မကင်းပါတဲ့..။ ဘုရားရှင်မှာ တောင်ပါရမီ ဖြည့်ဖက်
ရှိရသေးသလိုမျိုး။ အချစ်နဲ့ ပတ်သက်လာရင်တော့ လူတိုင်း အမှတ်တရ
ကိုယ်စီတော့ ရှိတတ်ကြမှာပဲ..။ နီတိဆရာတွေက ဘယ်လို ဆိုဆိုပါလေ။ လက်တွေ့က
လက်တွေ့ပဲ။
သူဟာ အချစ်နဲ့ ကင်းသူလား။ ဒါမှမဟုတ် သူ့အချစ်က သူ့ရင်ထဲမှာ မဟုတ်ပဲ
လားတော့ မသိ။ ပုံ့ ငံ့လင့် ခဲ့ရတဲ့ မျက်ဝန်း ဆန္ဒတွေ၊ အိပ်မက် မြုံတွေ
သူ့ဆီမှာ ပုံ့အတွက် ဘာနူးညံ့မှုမရှိခဲ့ဘူး။ သူငယ်ချင်း ဆက်ဆံမှု
ကလွဲလို့ပေါ့။ မှတ်မိသေးတယ် ။ ဒုတိယ နှစ်စပိုင်းမှာ ဘော်တနီ မေဂျာကွင်း
ချိုချို ဆိုတဲ့ ကောင်မလေး တစ်ယောက်နဲပ ပုံ့ကို သူမိတ်ဆက်ပေးခဲ့တယ်။
ဒီလိုနဲ့ နှစ်ဦးသား တွဲသွားတွဲလာကနေ သုံးဦးသား တွဲသြွးတွဲလာဖြစ်ကြတဲ့
အထိ ဝန်းကျင်ဆို စကားတွေ က မရပ်ခဲ့ဘူး။ တစ်နေ့တော့ ပုံ့ကို သူ
ဖွင့်တိုင်ပင်လာတယ်။
“ဟိတ်..ပုံ.. အဲ့ဒီ ချိုချိုကို ငါဖွင့်ပြောရင် ကောင်းမလား လို့လေ…။”
ဟမ်..ဘယ်လိုလဲ..။ ဒါမှမဟုတ် နင်ပြောကူပေးပါလား “ဟင်လုပ်ပါ ပုံ့ရယ် နော်နော်”
“ဟင်းဟင်း ငါ့ခေါင်ထဲမှာ ဦးနှောက်ရှိတယ်၊ ဒါပေမဲ့ လွယ်လွယ်နဲ့ ဘယ်ရမလဲလေ”
“လုပ်ပါဟာ နင်ကလဲ ဈေးကကိုင်ပြီ။ နင်စားချင်တာ ငါကျွေးမယ်..ဟာ”
တကယ်တော့ သူစိတ်ချမ်းသာအောင် ပုံ့ဟန်လုပ် ပြောနေတာ။ ကိုယ်ချစ်ရတဲ့
သူတစ်ယောက်ကို တခြားတစ်ယောက် လက်ထဲ ပြောင်းထည့်ရ လောက်လည် ပုံ့က
သဘောထားမကြီး သေးဘူး။ ချစ်လျက်နဲ့ အရှုံးခံ ရလောက် အောင်လည်း ပုံ့
မရင့်ကျက်သေးတာတော့ အမှန်ပဲ..။ အဓိပ္ပါယ် မှ မရှိတာ..။
ပုံ့ကို ချစ်ခွင့် ပန်လာသူတွေကို တောင် ငြင်းပယ်ခဲ့ပြီးမှ သူ့အပေါ်
မျှော်လင့်ခဲ့မိတဲ့ အတွက် ပြန်ရလိုက်တဲ့ လက်ဆောင်က သံယောဇဉ်နဲ့
ဥပေက္ခာတွေ ပဲလားတဲ့။ သူငယ်ချင်း ကနေ ချစ်သူတွေ ဖြစ်နိုင်ပေမယ့်၊
ချစ်သူတွေ ဖြစ်ပြီးရင် တော့ သူငယ်ချင်းပြန် မဖြစ်နိုင်တော့ဘူး
ဆိုစကားအရ…သူနဲ့ သူငယ်ချင်း ဖြစ်ခွင့်ရနေတာ လေးကိုပဲ ပုံ့ကျေနပ်
မဆုံးခဲ့ဘူး။
တိုတိုပြောရရင် သူဟာသူကြိုးစားပြီးတော့ သူနဲ့ ချိုချိုနဲ့ တတိယ နှစ်မှာ
ရည်းစားတွေ ဖြစ်သွားကြတယ်။ သုံးဦးသား တွဲသွား တွဲလာတော့ မပျက်ခဲူ့း။
ချိုချိုနဲ့ သူနဲ့ ကျောင်းမပြီးခင် အထိ တွဲလိုက်ကြသေးတယ်။
ကျောင်းပြီးခါနီးတော့ ကွဲသွားခဲ့တယ်။
နောက်ဆုံး ဘာအကျိုး ရလဒ် ကျန်ခဲ့လည်းဆို ..ပုံ့နဲ့ ချိုချို နဲ့
ပြိုင်ဖိုက်ကြတာပဲ ထူးတယ်။ စာတော်တာချင်း ပြိုင်တယ်။ စကားပြောရင်
ခြေထိုးတယ်။ ပြိုင်စရာ မရှိရင် ဂုဏ်တုဂုဏ်ပြိုင် ဝတ်တာ စားတာက အပြိုင်။
ယှဉ်လိုက်ရတာ။ အမုန်းတွေပဲ ကျန်ခဲ့တယ်။
ခုတော့ကျောင်းပြီးသွားလို့ ချိုချိုတောင် အိမ်ထောင်ကျပြီး
ကလေးတောင်ရနေပြီ။ ဒီတော့မှ ပုံ့ဆီ သူလာပြန်ကပ်ပြီး ညှော်နေတာလေ။
ပုံ့ကဒါမျိုးဘယ်လက်ခံမလဲ..။ အပြတ်ငြင်းလိုက်တာပေါ့။
ပန်းတစ်ပွင့်ဆိုတာကြွေနွမ်းပြီးရင် လှသေးလို့လား ..။နော်။
(အိမ်ထောင်ကျပြီးမှ ချိုနဲပ ပိုခင်မိသလိုပဲ)
ပြောတော့ဖြင့်ကင်းတဲ့။ “ဇ”မရှိချက်။ ချိုတို့ကတော့
မိန်းမကြမ်းလို့ပဲပြောပြော။ အဲ့လို ယောက်ျားမျိုးကိုမှ ကြည့်မရတာ။ အဟုတ်။
ယောက်ျား တစ်ယောက်ရဲ့ မာယာအောက်မှာ နွဲ့သွားပြီး၊ ခယတတ်တဲ့
မိန်းမစားထဲမှာ ချိုမပါဘူး။ “တွေ့ရင်ချွဲ၊ ကွယ်ရင်မေ့” တတ်တဲ့ ပလီပလာ
စကားတွေထဲ ယောက်ျား တစ်ယောက်ရဲ့ အဲ့ဒီ အချစ်ဆိုတာကြီးကို
ယုံကြည်လိုက်ဖို့လည်း ချို့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ တကယ်။
ကြည့်ပါဦး..။ တွေ့စထဲက မှုသလို၊ နွဲ့သလို အချိုးကြီးနဲပ ပှုးကပ်လာတာ ချို
အသိသားပဲဟာယယ။ သူ့ကို ကစားချင်လို့ တမင်မျှဉ်းခဲ့တာ။ ယောက်ျားဖြစ်ပြီး
အဲ့ဒီချွဲတာကြီး ကို ချိုမကြိုက်တာပဲ..။ ချစ်သူတွေ အဖြစ် တစ်ကျောင်းလုံး
သိအောင် ပြောဖို့တောင် ဝန်လေးသတဲ့။ မိဘတွေ သိအောင်
ပြောဖို့ဆိုဝေလာဝေးရော။ ဒီလို တဒင်္ဂ စာလေးတောင်မှ မပြတ်သားခဲ့တာ
တစ်ဘဝစာလုံး အတွက် သူ့ကို ချိုဘယ်လိုလုပ် အားကိုး ရမလဲ..။ စဉ်းစားကြည့်။
နောက်ပြီး သူငွေဖြုန်းတာကို မကြိုက်တာ တစ်ခု။ “မပုကြွယ်နဲ့ ခရုငယ်”
ထဲကလို တဖြည်းဖြည်း အချိန်ကို စောင့်ရင်း ကြိုးစား ရဦးမှာလား။
ကိုယ့်လက်ထဲ ရောက်တော့မှ လိုသလို ပုံသွင်းရမတဲ့လား…။ အဲ့လောက်လည်း ချို
စိတ်မရှည်ဘူး..။ သူ့ဗီဇတွေကို ဘေးလူက ပြင်ပေးနိုင်မယ် ထင်လို့လား…။
မထင်နဲ့ …မထင်နဲ့..။ ၃နှစ်လုံးလုံး ခါးချိခံပြီးလက်တွဲ ခဲ့တဲ့
သူလက်ဖွာတဲ့ အကြောင်းကို ချိုအသိဆုံး…။
ခပ်ညံ့ညံ့ ဝတ္ထုတွေထဲကလို ခပ်ပေါ့ပေါ့ခွါပြကြ သလို မဟုတ်ဘူး။
ဒီလောက်လေးနဲ့တော့ ချို မပြောလိုပါဘူး။ မဖြစ်စလောက်လေး အပြစ်ရှာပြီး
သူ့ကို စွန့်ခွာခဲ့တာမျိုးလည်း မဟုတ်ဘူး၊ သူနဲ့ ရည်းစား ဖြစ်ခဲ့ရတာ
ဝတ္တရား ဆန်လည်းတယ်။ ဘဝမှာ ရည်းစား ထားဖူးတယ်ဆိုတဲ့ နာမည်ပျက် တစ်ခုပဲ
ချို့အတွက် အဖတ်တင်တယ်။ သူနဲ့ ရည်းစား တော်ရတာ လေ သိပ်စိတ်ကျဉ်းကျပ်တာပဲ။
သူဟာ ချစ်သူ တစ်ယောက်ကို တာဝန်နဲ့ ဝတ္တရား ကျေပွန်စွာ တွဲရမယ်
ဆိုတာလောက်ပဲ သိပြီး၊ ကျန်တာ ဘာတစ်ခုမှ မသိဘူး။ ကိုယ့်ချစ်သူကို
ယုယရကောင်းမှန်းမသိ။ အသိမှတ်ပြုရ ကောင်းမှန်း မသိ အပြန်အလှန်
နားလည်ရကောင်းမှန်းမသိ။ အလိုက်သိရ ကောင်းမှန်းလည်းမသိဘူး။
သူများချစ်သူစုံတွဲတွေလို အမှတ်တရ လက်ဆောင်မွန်လေးတွေ သူ့ဆီက ရဖူးခဲ့ရင်
ချိုမပြောလိုပါဘူး။ ချစ်သူတိုင်း ချစ်သက်လက်ဆောင်လေး ဆိုတာကိုတော့
လိုချင်ကြမှာပဲလေ..နော့။ ခုတော့ သူပြောပုံတွေက။
“ဘာလုပ်မှာလဲကွာ၊ ပြီးရင်ချောင်ထိုးထားလိုက်မှာပဲဟာ ။ပြီးတော့
မဝယ်ဖူးတာတွေလဲ မဟုတ်ဘူး။ အိမ်မှာ အပြည့် အစုံ ရှိပြီးသားတွေပဲ”
တဲ့ ။ကြည့်…။ အဲ့လိုမျိုးတွေပါဆို။ ဘယ်တူမလဲနော်..ခံစားချက်ချင်း
မတူနိုင်ဘူးလေ။ ချစ်သူက ဝယ်ပေးတာဆိုတော့ မြတ်မြတ် နိုးနိုး
တန်ဖိုးထားပြီး တစ်သက်လုံး အမှတ်ရနေမှာပေါ့။ ချိုကတော့ ဒီလိုပဲ
ခံယူထားတယ်။
တကယ်တော့ ချိုတို့က ပအိုဝ်တိုင်းရင်းသူလေးပါ။ ရိုးသားတဲ့ ချို့ရဲ့
စရိုက်ကို ခုတုံးလုပ်ပြီး အမြတ်ထုတ် နေသလား လို့တောင်ထင်ရတယ်။
ကျောင်းထဲမှာဆို ချိုက ဘော်တနီမေဂျာကကွင်း။ သူလည်းကင်း နောက်ပြီး
သူ့သူငယ်ချင်း ပုံ့ဆိုတဲ့ တစ်ယောက်ကလည်းကွင်းပဲ..။ မေဂျာတွေတော့
မတူကြဘူးပေါ့လေ..။
သူ့အကြောင်းမသိခင်တုန်းက အဲ့ဒီ မိန်းမနဲ့ ပြိုင်ကြသေးတာပေါ့။
နှစ်ယောက်လုံးက အလှဘုရင်မတွေပဲဟာ။ လိုက်ကြ တဲ့ ချာတိတ်တွေဆို
ဒိတ်ဒိတ်ကြဲတွေ ဒုနဲ့ဒေး။ မလိမ္ဘူး။ အဟုတ်။ စာဆိုလည်း နှစ်ယောက်လုံးက
အပြိုင်အဆိုင်ပဲ။ နှစ်ယောက်လုံး အဆင့်ချိတ်ကြတယ်။ ဒီမိန်းမ ချို့ကို
မကြည်ပဲ လာချိတ်နေတာ တွေ့လိုက်တိုင်း နှစ်ဦးသား စကားစစ်ထိုးနေကြ။
“ချိုတို့များ မထင်ရဘူးနော်..။အအိုလို့..။ ကြည့်လိုကရင် အပျိုတိုင်းပဲ”
တဲ့ …။ပေါ်တင်ကို စောင်းချိတ်တာ။ သူ့လက်ထဲက အစာကို အလုခံလိုက်ရတဲ့
ဝံပုလွေတစ်ကောင်ရဲ့ ကောက်ကျစ်မှုကိန်းတဲ့ အကြည့်မျိုးတွေနဲ့လေ။ ဒါမျိုး
တော့ ချို့ကို လာကြောလို့ ဘယ်ရမလဲ။ ချက်ချင်းကို ကြက်ခေါင်း ဆိတ်မခံ
ပြန်ပြောတာ
“အေးပေါ့ဟဲ့ တို့က သူများလိုမှ မနာလို မကြီးတာ။ ဒီတော့ စိတ်ပျိုလို့
ကိုယ်နု နေတာပေါ့…အဟက်ဟက်..”
“အင်းအင်းကောင်းပါတယ်လေ၊ စိတ်ပျို ကိုယ်နုတော့ အသက်ရှူချောင်တာပေါ့လေ..။
ဒါပေမဲ့ တို့တစ်ခုသာတာက တို့က သူများနှာခေါင်းပေါက်နဲ့
အသက်ရှူလေ့မရှိဘူး”
တွေ့ကြတိုင်း အမြဲအဲ့လို ချည်းပဲ..။ သူပါရင် သူဝင်ဖြန်ဖြေပေးလို့ ပြီးရင်
ပြီး၊ သူမပါရင် တစ်ချိန်လုံး တစ်နေကုန် စကား တိုက်ပွဲ နွှဲနေကြရော။
နှစ်ယောက်လုံးက ရက်သာရက်စက်ကြတာ။ မယုတ်မာတာတော့ တစ်ခုကောင်းကြတယ်။
အငြိုးအတေးသိပ်မရှိ။ အာဃာတလည်းမထားကြဘူး။ နိုင်လိုစိတ်နဲ့ ယှဉ်ကြ ရင်း
သူ့ထက်ငါ နိုင်လိုမင်းထက်ပြောမိတာလေး ပဲရှိတာ။ ပြောပြောပြီးပြီးပဲ။
အားလုံးက ထင်ထားကြတာပေါ့လေ။ ကျောင်းပြီးရင် ချိုနဲ့သူ နဲ့ အညားပေါ့။
တကယ်တမ်းတော့ အဲ့လောက်ကြီး ချိုမခံစားရဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ဆိုသလိုပဲ။ ချို့ရင်ထဲမှာ သူ့အတွက် ဘယ်လိုမှ နေရာ ပေးလို့ကို မရခဲ့ဘူး။
ဇွတ်နှစ်ပြီါ် ချစ်ကြည့်သေသးတယ်။ ရင်ကို မခုန်တာ..။ မသကာ လွမ်းမိရုံလေး
ဆိုတော်သေး။ ချို့ နှလုံးသား ထဲမှာလေ ဘယ်လိုပြောမလဲ။ သူ့အတွက်
ကြက်သီးထမှုလေးတောင်မရှိဖူးဘူး။
တကယ်ဆိုသူလိုတာ။ သူကလည်းသူ။ သူများတွေ ကိုယ့်ချစ်သူကို ယုယလိုက်ကြတာ။
သူ့မှာ တော့ ချို့ကိုတောင် ရှိတယ်မထင်ဘူး။ မိုးရွာရင်ထီးလေး
မိုးပေးပါလား။ ဆောင်းတွင်းချမ်းတဲ့ အခါမျိုးမှာအင်္ကျီ အနွေးထည်
မဝယ်ပေးရင်တောင် သူ့ဂျာကင်လေး ချွတ်ပြီးချို့ကိုလွှားခြုံပေးပါလား။
နှစ်ဦးသားလည်ကြတဲ့ အခါ သည်းညီးခံပြီး ဆိုငတွေကို လိုက်ကူ ကြည့်ရင်
ပြစ်ဒဏ်သင့်မှာမို့လား။ ဟိုအင်္ကျီလေး၊ ဟိုဆွဲကြိုးလေး လှတယ်နော်လို့
ပြောကူရင် သိက္ခာကျမှာမို့လား။ နောက်ဆုံး ကုန်ကုန် ပြောရရင် သူ့ရှေ့မှာပဲ
ချို့ကို တခြားချာတိတ်လေးတွေက စနောက်တဲ့အခါ သူက ဝင်ပြီး ရန်ဖြစ်ပြီး
သူရဲကောင်း လုပ်ပါတော့လား..။ကဲ ခုတော့ မဟုတ်ဘူး။ မထုံတတ်တေး။
ကတ်စေးနှဲလိုကတာ လည်းလွန်ရော။ လောကအကြောင်း သိတတ်လိုက်တာလည်း သူ့ပြင် ၂
ယောက်မရှိဘူး။
သူဟာ ချို့ကို လက်တွဲ လမ်းလျှောက်ဖို့ကလွဲရင် ဘာမှ မတတ်ဘူး..။
တွေ့လိုက်ရင် လွမ်းတယ်ပြောဖို့ကလွဲပြီး တခြားမတတ်ဘူး။ ကိုယ့်ချစ်သူ
ပိုချစ်လာအောင် တီထွင် ကြံဆ လို့ဆွဲဆောင်မယ် မရှိဘူး။ အတူတွဲသွားရုံ၊
ထိုင်ကြရုံ၊ စကားပြောရုံကလွဲ သူတခြားဘာမှ မလုပ်တတ်ဘူး။ သူမှာ
ကိုယ်ချင်းစာ တရားမရှိ၊ စွန့်လွှတ် အနစ်နာခံမှု၊ သဘောထားကြီးမှု၊
အချင်းချင်း ဖေးမမှု၊ နားလည်မှု၊ တက်ကြွမှု၊ ရဲဝင့်မှု၊ ကြိုးစားမှုဘာဆိုဘာမှ
မရှိ။ အသည်းနှလုံးမဲ့ စက်ရုပ် လူသားလိုပဲ။
“ချိုဟာ ကိုယ့်ကို အလိုမလိုက်ဘူးပဲ..။ ကိုယ့်ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား”
တဲ့။ အချစ်မှာ စော်ကားခံရတာလောက် နာကျဉ်း စရာကောင်းတာ မရှိတော့ဘူး။
ချို့ရင်ထဲမှာ ပရိဝေဒ တွေနဲ့ လောင်ခဲ့တယ်။ ချစ်လွန်းလို့ ခံစားရတာ
မဟုတ်ဘူး။ မုန်းလွန်းလို့ စက်ဆုပ်မိတာ။ သူ့အမှားကိုတော့ မမြင်ပဲ သူတပါး
အမှားကို သာ ကြည့်တတ်တဲ့ တဆို့ထဲ သမား။
အမှန်ပြောရရင် သူနဲ့ တွဲခဲ့တဲ့ ၂ နှစ်တာဟာ ဘာမှ ကြည်နှုးစရာ မကောင်းခဲဘူး။
ရန်ဖြစ်စကားနိုင်လု နေရတာနဲ့ပဲ အချိန်ကုန်တယ်။ သူက အားရင် တရားဟောမယ်..၊
ဒဿန မိန့်ခွန်းတွေ ခြွေမယ်။ ဒါပဲ.. ။ချိုကလည်း အားရင် ရန်ဖြစ်၊ စိတ်ကောက်
နေလိုက်တာပဲ။ စစ ချင်းထဲက နာနာ မရိုက်ခဲ့လို့ ရေစိမ့်နေတဲ့ ချစ်ဇာတ်လမ်း
တစ်ခုရဲ့..အက်ကြောင်းဟာ တဖြည်းဖြည်း ပြင်မရအောင် ယိုယွင်းလာခဲ့တာ ကွဲတဲ့
အထိ။ ကျောင်းပြီးခါနီးမှာ သူ့ကို
“ရှင် ကျွန်မဆီ မလာနဲ့တော့။ ကျွန်မကို လည်းမေ့လိုက်ပါတော့0”
ဆိုပြီး ကျွန်မ လမ်းခွဲစကးဆိုလိုက်ရတယ်။ ဒါတောင် သူက ချက်ချင်းလက်ခံတာ
မဟုတ်ဘူး။ ပေကပ်ပြီးငြင်း သေးတာ။ ရိုးသားမှု ကလွဲရင် အချစ် တစ်ခုကို
ဟန်ဆောင်မှု အတု အယောင်သက်သက်နဲ့ ကျားမကန်ထားသင့်ဘူး လေနော့။ စောစောစီးစီး
ရှင်းထားတော့ နောင်တနဲ့ စိတ်ဒုက္ခရောက် မှု ဆိုတဲ့ မဖြစ်သင့်တာ တွေ
မဖြစ်ရတော့ဘူးပေါ့..။
မစားရတဲ့ အမဲကို သဲနဲ့ ပက်မှာကလည်း ကြောက်ရသေးတော့ ချို့ဖက်က
ပြေပြစ်ယဉ်ကျေးစွာ ကိုင်တွယ် ရသေးတယ်။ အချစ်တွက်နဲ့ဆို လူတိုင်း အမြင်တွေ
ကန်းကုန်ကြတယ်လေ။ ရှေ့ဆက်ရမယ့် ချို့ဘဝ အတွက် သူဟာ အနှောင့် အယှက်
အတားအဆီး တခု ဖြစ်နေမှာကို ချိုမလိုလားဘူး။ ချိုလည်း ချို့ဘဝ အတွက်
စိတ်ချရမယ့် ဘဝတူ လူမျိုး ချင်းကိုပဲ ။ ရွေးချယ်ချင်တယ်။ သူ့ကိုငြင်းရတဲ့
အချက်ထဲမှာ သူဟာ ချိုတို့နဲ့ လူမျိုးခြင်းမတူတာ တစ်ခုလည်းပါတယ်။
ကျောင်းပြီးလို့ ချိုအိမ်ထောင်ကျသွားတော့ သူ့သတင်းတွေ မကြားရတော့ဘူး။
အမြတ်တစ်ခု အနေနဲ့ ပုံ့နဲ့ချို တို့ ပြန်သင့်မြတ်သွားကြပြီး၊ အရင်ကထက်
ပို အရမ်းကို ခင်မင်မိ ကြတယ်။ ကျောင်းပြီးကြတော့မှ တစ်ဦးမှာ စေတနာ၊
တစ်ဦးမှာ မေတ္တာနဲ့ မိန်းကလေး အချင်းချင်း အရမ်းတည့်သွားကြတယ်။ ဒီတော့မှ
ပုံ့ဟာ သဘောဖြူသူမှန်း ချိုသိလိုက်ရတယ်။ အပေါ်ယံနဲ့ ဆုံးဖြတ်လို့ မရတဲ့
ကြီးအာသီး လိုဟာတွေဟာ တဒင်္ဂပဲကြည့်လို့ကောင်းတာ မှတ်လား။
ကျွန်တော်ဟာ ခပ်ရိုးရိုး အညတရ တစ်ယောက်ပါ။ တကယ်တော့ သူတို့တွေ
ထင်ထားသလောက်လည်း ကျွန်တော် မဆိုးခဲ့ပါဘူး။ တစ်ဖက်က ကြည့်ရင် ပန်း၊
တစ်ဖက်က ခေါင်းပဲလေ။ ဒင်္ဂါး တစ်စေ့မှာတောင် အမြင်ရှူထောင့်မတူတဲ့အခါ
သဘောထား ကွဲလွဲသေးတာပဲဟာ။ အချစ်မှာ ဆို ပြောမနေနဲ့တော့။
ယောက်ျားတွေက မိန်းမတွေကို ဆိုလို ချက်ဘောင် အမျိုးမျိုးထဲ သွင်းပြီး
တံဆိပ် အမျိုးမျိုးကပ်ဖို့ အားထုတ် နေကြသလို၊ မိန်းမတွေကလည်း ဘောင်တွေ
အမျိုးမျိုးထဲက ခေါင်းစဉ်တံဆိပ် အမျိုးမျိုးကိုပိုင်ဆိုင်ဖို့
အားထုတ်နေကြတယ်။ ကျွန်တော့် အမြင်အရ ချစ်တယ်ဆိုတာ နှစ်မျိုးပဲရှိတယ်။
ပေးတာနဲ့ ယူတာ။ ရှင်းရှင်းလေး။ ဒီနှစ်ခုမှာ ကိုယ်ခံယူတာ ကိုယ်ကောင်းတာပဲ။
တချို့က ပေးဆပ်တာ ကောင်းတယ်။ တချို့များကျတော့ ရယူပိုင်ဆိုင် တာကမှ
အချစ်တဲ့။ စွန့်လွှတ်ခြင်းဟာ အချစ်လို့ ဘယ်လိုခေါ်မလဲတဲ့။ အမျိုးမျိုးပေါ့။
ဘာတွေပေးပြီး၊ ဘာတွေ ယူတာလဲ။ ရုပ်ဝတ္ထုနဲ့ စိတ်ခံစားမှုတွေ ဖလှယ်နေကြတာ။
ကျွန်တော် မိန်းမတစ်ယောက်ကို ချစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ချစ်ရင်း
ချစ်ရင်းနဲ့ တော်ကြာ မချစ်တော့ပြန်ဘူး။ အချစ်ဆိုတာ တစ်ခါခါ အဲ့လို
ပေါ်လိုက် ပျောက်လိုက်။ ချစ်တုန်းကတော့ နင့်နင့် နဲနဲ ချစ်ခဲ့တာပဲ။ အဲ့ဒါ
ချိုဆိုတဲ့ ဘော်တနီ မေဂျာကွင်းရယ်ပေါ့။ အချစ်ကို ညာလို့မရ။ ခံစားမှုဆိုတာ
လိမ်လို့မရဘူး။ အပေးအယူ မမျှတမှု၊ နားလည်မှုလွဲမှု၊ သဘောထား မတိုက်ဆိုင်မှု
တွေဟာ အချစ်ကို စစ်မစစ် စမ်းသပ်တဲ့ ကိရိယာ တွေပဲ…။ ဥပမာ ပျားရည်စစ်မစစ်
သိချင်ရင် အလွယ်လေး ခွေးသွားကျွေးကြည့်။ ခွေးမစားရင် ပျားရည်စစ်လို့ပဲ။
ဒါပေမဲ့ အချစ်စစ် မစစ် ဆိုတာ စမ်းသပ်ဖို့ က တိကျတဲ့ အဖြေ
တစ်ခုရဖို့မလွယ်ဘူး။
တကယ်တော့ ချို့ကို ချစ်ခဲ့တယ်လို့ ထင်ခဲ့တာ သက်သက်ပဲ..။ စိတ်လှုပ်ရှားမှု
တစ်ခုကို နင့်နင့်သီးသီး ချစ်မိတယ် ထင်ခဲ့တာ သက်သက်ပဲ။ အချစ်က
မှော်ဆန်သလို၊ ဂမ္ဘီရလည်း နွယ်တယ်။ ရုပ်ပြောင်းရုပ်လွဲ လည်းလုပ်တတ်တယ်။
ချို့အရင် ခင်ခဲ့ဖူးတဲ့ ပုံ့ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်
ချစ်မိနေပါလားလို့ ချိုနဲ့ ချစ်သူတွေ ဖြစ်ကြတဲ့ အထိ နည်းနည်းလေးမှ
ကျွန်တော် ကြိုမတွေးခဲ့မိဘူး။ တကယ်တော့ ဒီထက်စောပြီး
သိလိုက်ဖို့ကောင်းတာပါ။အားနာတာရယ်၊ မျက်နှာပှုတာရယ်၊ အခွင့်အရေး
ယူမိသလိုမျိုး ဖြစ်သွားမှာကြောက်တာရယ်။ အလျှော့ပေး အနွံ့တာ ခံမိတာရယ်
တွေကြောင့် အချစ်မြုံ ခဲ့ရတာပေါ့။
ဆင်ခြင်တုံနဲ့ သိက္ခာ။ အချစ်ဟာ ဆင်ခြင်တုံတွေ သိက္ခာ တွေလည်း
မဆိုင်ပြန်ဘူး။ တချို့ အရွယ်ကွာဟမှုတွေ၊ အိမ်ထောင်ပျက်တွေ ချင်း
ချစ်ကြတာတွေလည်း အရှိသားပဲဟာ။ အချိန်။ အချိန်နဲ့ကတော့ တစ်ဝက်ပဲ ဆိုင်တယ်။
ချစ်ကြဖို့ အတွက် အချိန် အနည်း အများမလိုဘူး။ ဒါပေမဲ့ အချိန်ကြာရှည်အောင်
ရေရှည် ချစ်ကြဖို့ အတွက်တော့ အာမ မခံနိုင်ဘူး။ အချစ်ဟာ တစ်နေရာထဲ
စူးစိုက်နေတဲ့အခါ အားနည်းယုတ်လျော့ လာတဲ့အမျိုး။ ငြီးငွေ့တတ်တာမျိုးကိုး။
၃နှစ်ကျော် အတိုင်းအတာ အထိ ခင်လာကြတော့ ပွင့်လင်းလာကြတယ်။ ချို့ဖက်ကတော့
မသိဘူး။ ကျွန်တော့် ဘက်ကသာ ထင်မြင်သာဖြစ်လာတဲ့ အပိုင်းကို ပြောတာ။
ရင်ဘတ်ထဲငုံကြည့်လိုက်တော့ ချိုရှိမနေပဲ၊ အံ့သြစရာ ကောင်းလောက်အောင်
ရှိနေတာက ပုံ့ ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ချို့နဲ့ ကျွန်တော် လက်တွဲ
မိနေကြပြီးပြီ။
ပြောရရင် ပုံ့ကို ကျွန်တော်ချစ်တယ်။ စခင်ကြ ကထဲကိုက ကိုယ့်မှားယွင်းမှု
သက်သက်နဲ့ ခင်လာကြတာဆိုတော့ စထဲကမှ အလိုလို အပြစ်မကင်းသလို ခံစားနေရတယ်။
ဒီတော့ ပုံ့ကို တကယ်မခံစားရပဲနဲ့ တစ်ခုခု ဖြစ်လိုက်ဖို့ အတွက်
ဝန်လေးနေပြီး ကျွန်တော် လိပ်ပြာမလုံခဲ့ဘူး။ ကျွန်တော်ကို က ညံ့တာ။
အဲ့ဒီထဲကိုက ကျွန်တော်ချစ်ချင်နေတာ.။ ဘာကို ချစ်ချင် နေမှန်းမသိ
ချစ်ချင်နေတာ။ ယောက်ျားလေး တစ်ယောက်အတွက် မယုံနိုင်လောက်အောင် ပုံ့လို
မိန်းကလေး ဆီက အခွင့်အရေးတွေ ရမိပြန်တော့ မနေတတ်ပြန်ဘူး။
ချစ်ရေးချစ်ရာမှာ “ဖို”တွေကပဲ စရမယ်ဆိုတဲ့စိတ်၊ အစွဲတစ်စုံ
ကိန်းဝပ်နေတော့ ဒါကိုအစစ် အမှန်တစ်ခုအဖြစ် မယုံစားခဲ့မိဘူး။
ဒါနဲ့ပဲချိုဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော် ချစ်ခွင့် ပန်မိတာ။
ထွက်ပေါက် ရှာတဲ့သဘောပဲ။
ကျွန်တော် အချစ်က နေရာလွဲပြီး ထားမိတဲ့ အခြေအနေပါ။ ကုန်းပေါ်မှာ သဘောင်္တင်၊
ရေပြင်ပေါ် ကားတွေ ထားမိသလိုမျိုးပေါ့။ ကျွန်တော့ အပြစ်က ပထမဆုံး
တွေ့မိတဲ့ အရုပ်လေးကို လိုချင်တာ ပှုဆာလို့မရတဲ့အခါ၊ ဒုတိယ တွေ့မိတဲ့
အရုပ်လေးကို မရ အရ ဇွတ် အတင်းလုယူပြီး ဆန္ဒပြလိုက်တဲ့ကလေးငယ်လိုမျိုးပဲ။
လိုချင်တာက ပထမအရုပ်။ ပှုဆာတာလည်းမရဘူး။ အတင်းငိုယိုပြီး ဖွင့်ပြောရင်လည်း
ရရင်တော်ရဲ့။ မရရင် အရိုက်ခံရဦးမှာ။ မသေချာဘူး။ ဒီတော့ မရ
ရတာယူမယ်ဆိုပြီး ဒုတိယ အရုပ်ကို ဇွတ်လုယူတာ။ ကြိုက်လို့တော့ မဟုတ်။ ပထမ
အရုပ်ကို အရခဲ့လို့ လုပ်မိလုပ်ရာ လုပ်လိုက်တာ။
၎ နှစ်ကျော် အချိန်လောက်ရင်းပြီးမှ သိလိုက်ရတာက ပုံ့ကို နှစ်နှစ်ကာကာ
ချစ်မိနေပါလားလို့။ အရင်တုန်းက သူ့အကြောင်း တွေ မကြာမကြာတွေးမိဖူးတယ်။
အစွဲအလန်းကြီးကြီးနဲ့ ပုံ့ကို နေ့စဉ်ရက်ဆက် သတိတွေရနေမိတတ်တယ်။
ကိုယ့်အပေါ်အလိုက်တသိရှိပုံ၊ အနွံ့တာခံပုံ၊ နားလည်ခွင့်လွတ်ပုံလေးတွေ
ပြန်တွေးမိပြီး ညည ဆို အိပ်မက်တွေ မက်တယ်။ ဒါကို အချစ်လို့
ယောင်မှားပြီးတောင် ကျွန်တော် မထင်ခဲ့မိဘူး။ သူငယ်ချင်း တစ်ယောက် အတွက်
အလိုလို ရပိုင်ခွင့် တွေလို့ခံယူခဲ့တာ။
လွယ်လွယ် ရနေတဲ့ အရာ တစ်ခုကို ဘယ်သူတန်ဖိုး ထားဖူးလို့လဲနော့။ ဒါထုံးစံ။
ပုံ့ကို ချစ်မိပြီ ဆိုတာ သိတဲ့နေ့ကစပြီး ၊ ချို့ကို လက်တွဲဖြုတ်ဖို့
တွေးမိပြန်တော့ လည်း မလုပ်ရက်ပြန်ဘူး။ အားနာနေမိပြန်တယ်။ လူကို က မွေးထဲက
အားနာကြီးခဲ့တာကိုး။ ချစ်သူတစ်ယောက်ကို တောင်ချစ်တယ် ထုတ်ပြောဖို့ အားနာ
နေရလောက်အောင်ထိ မိုက်မဲနေတာ ယုတ္တိ မတန်ဘူးလို့ ထင်စရာ ရှိတဲ့အထိ
ကျွန်တော်ညံ့ခဲ့တယ်။ ဒါဆို ဘာလို့ ချိုနဲ့ ချစ်သူတွေ ဖြစ်သွားတာလဲ
ဆိုတော့ ရှင်းတယ် ဓါတ်ခိုက်နဲ့ နတ်တိုက်ဆုံလို့။ ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်မို့လို့။ ကျွန်တော်ကို ကလည်း မီးတောင်တစ်ခုလုံးလို
မျိုးပွင့်ထွက်ချင်နေတာ။ ချိုကလည်း ပုံ့နဲ့ အပြိုင်ယှဉ်ရဖို့
ဒီတစ်လမ်းပဲရှိတော့တာမို့။
လူဆိုတာ မှားမှန်းသိလျှက် ဆက်မှားနေတတ်တာ လူမိုက်တဲ့။ ဟုတ်တယ်
ကျွန်တော်လူမိုက် ။ အချစ်မှာ မပြတ်သားခဲ့တဲ့ စိတ်နှစ်ခွ ရှိသူမို့လို့။
ကိုယ်တကယ်ချစ်ရသူအတွက် ကိုယ့်ကိုယ်ကို ဒဏ်ခတ်ရင်း လူမိုက်ဘွဲ့
ခံယူခဲ့မိတာ။ ကိုယ့်သေတွင်း ကိုယ်တူးနေမှန်း သိလျက်နဲ့ ချစ်ရသူ ဘဝ
ကောင်းစားရေး၊ ချစ်သူ စိတ် သိသိချင်း အမှားပြင်ဖို့အတွက် ကျွန်တော်ဟာ
ရဲရင့်မှုတွေ အဆင်သင့် ဖြစ်မနေခဲ့ဘူး။ ချို့နှလုံးသားထဲမှာ
တဒင်္ဂသာယာနေမိပြန်တယ်။
ကျွန်တော်ဟာ အဲ့လိုတွေ ညံ့ခဲ့တဲ့ကောင်ပါ။ လောကမှာ ဘယ်သူ့အတွက်ကိုမှ
ဘယ်အရာကိုမှ ကျွန်တော် အဆင်သင့် ဖြစ်မနေခဲ့ဖူးဘူး။ တကယ်ချစ်ရသူရော၊
မချစ်ရသူ အတွက်ရော ဘာတစ်ခုကမှ ကျွန်တော့်မှာ ပြစရာမရှိ၊ ဗလာနတ္ထိ။ ချစ်သူ
အတွက် ပေးချင်တာက ထူးဆန်းမှု။ ဒါပေမဲ့ ချစ်ရသူ ပုံ့ဆီက
ကျွန်တော်ပြန်ရလိုက်တာက အံ့သြမှုတွေ ဖြစ်နေလေရဲ့။ ကျွန်တော် ကျေနပ်ပါတယ်။
ကိုယ်ကညံ့ခဲ့တာကိုး။
ချစ်ဦးသူနဲ့ ညားကြတာရှားပါတယ်။ ချိုက သူ့ကို တကယ်
မချစ်မှန်းရိပ်စားမိလာတဲ့ တစ်နေ့မှာ ကျွန်တော့်ကို ခွာထုတ်လိုက်တယ်။
ဒါဖြစ်လည်းဖြစ်သင့်ပါတယ်။ ကျွန်တော့်ဘက်မှာ ကတော့ တစ်သက်လုံးပြင်မရတဲ့
အမည်းစက် အမှားကြီး တစ်ခုကျူးလွန်မိ သူလိုမျိုး၊ ကိုယ့်လိပ်ပြာ ကိုယ့်ကို
ခြောက်လှန့်ရင်းနဲ့ပဲ မျောက်သစ်ကိုင်းလွတ်ခဲ့တယ်။
“ယောက်ျားတွေဟာ ချစ်သူ မဖြစ်ခင် အထိတော့ ဘယ်မိန်းကလေးကိုမှ အတည် ကြံလေ့မရှိကြဘူး…။”
တဲ့။ချိုပြောခဲ့တဲ့ စကားတစ်ခွန်းပါ။ ရင့်တော့ရင့်ပေမယ့် သူပြောတာ
လည်းမှန်ပါတယ်။ ကျောင်းမပြီးခင် ကျွန်တော့်ကိုတောက်ထုတ်ပစ်လိုက်ပြီး၊
ကျောင်းပြီးသွားတော့ ချိုလက်ထပ်သွားတယ်။ သူ့မင်္ဂလာပွဲတောင်မှ ရောက်ခဲ့
သေးတယ်။ ကိုယ့်ဖက်က ဘယ်လိုမှ မနေကြောင်း၊ သဘောထားကြီးကြောင်းပြတဲ့ အနေနဲ့
တက်ရောက်ချီးမြင့် အားပေး ခဲ့တာကလွဲပြီး တခြားဘာ သဘောမှ မသက်ရောက်စေရိုး
အမှန်ပါ။ရွှေလက်စွပ်လေး တစ်ကွင်းချိုပကို လက်ဖွဲ့ခဲ့ သေးတယ်။
ကျောင်းပြီးသွားကြတော့ အားလုံး ကိုယ်စီ လုပ်ငန်းခွင်ထဲ ရောက်ကုန်ကြတယ်။
ဖြစ်တည်ခဲ့တဲ့ ကျွန်တော့် နှလုံးသား သက္ကရာဇ်တွေကို ဖြိုချပြီးတော့၊
အရာအားလုံး အစက ပြန်စဖို့ အတွက် ပုံ့ကို ပြန်ချဉ်းကပ်မိပြန်တယ်။ ဒီတော့
ပုံ့လက်မခံ တော့ဘူး။ သူ့စိတ်က တစ်မျိုး။ အလွန် အင်မတန်ခန့်မှန်း ရခက်တယ်။
“ယောက်ျားလေးတွေဟာ မိန်းမ တစ်ယောက်ကို သစ္စာရှိမှု တစ်ခုကလွဲရင် ကျန်တာ
အကုန်ပေးနိုင်တယ်နော်။ ကျွန်မရင်ထဲမှာ ရှိတဲ့ ရှင့်အတွက် ခံစားချက်တွေ
သေသွားခဲ့တာကြာပါပြီ၊ စိတ်မရှိပါနဲ့ဟာ လောကမှာ မိန်းမပေါပါတယ်”
တဲ့။ ခနဲ့ သလိုရွဲ့သလို ပြောလိုက်တဲ့ ပုံ့စကား။ အနှောင့်အသွားက မလွတ်တော့
သက်ေ၇ာက်မှုအတိုင်းအတာက ဒီရင်ထဲ ဒုတ်ဒုတ်ထိ။ အုန်းရှစ်တစ်တင်း၊
နှမ်းတစ်တင်းဆိုတာ ကိုယ့်အတွက် ချန်ခဲ့တဲ့ စကားပုံမှ မဟုတ်တာ ပုံ့ ရယ်။
ဒီလောက်နဲ့တော့ ကိုယ်စိတ်ပျက်အားလျှော့သွားမှာ မဟုတ်ပါဘူး။
ရေတွင်းတစ်တွင်းတူးတာတောင် တိုက်တစ်လုံး ဆောက်တာ
တောင်အချိန်တစ်ခုပေးပြီးမှ ကြိုးစားတည်ဆောက်ရသေးတာပဲဟာ။ ကိုယ်ဘာလို့
ဇွဲနဘဲ မရှိရမှာလဲ။ ချစ်သူပေးလာတဲ့ အချစ်အမုန်း ဥပေက္ခာ တွေ ရာအားလုံးကို
ကိုယ်ခံယူလိုက်ဖို့ အသင့်။ ဒီလိုပဲ တစ်နေ့ကျရင် ကိုယ့်ကို ပုံ့
ပြန်ချစ်လာမယ် ဆိုတာကို ကိုယ်ယုံကြည်မှု အပြည့်ရှိထားတယ် ပုံ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment