Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Monday, November 25, 2013

စီးပွားရေး

သမ္မာ အာဇီဝ

သိရ်(အေးသာယာ)
(၁)  ကျွန်တော် အရင်နေခဲ့တဲ့ ရပ်ကွက်မှာ အစိုးရ ရေပေးဝေရေး ရေကန်ကြီးရှိတယ်။ အရင်လူဟောင်းက ကျွန်တော်တို့ အသိပါပဲ။ လူတကာ တိုင်တာတောတာ များလွန်းလို့ ပြုတ်သွားတယ်။ ကျွန်တော်တို့ အိမ်ကတော့ လစဉ်ကြေး ပေးရတဲ့ အဲဒီရေကို ဇယားရှုပ်လို့မို့ တမင်မယူပဲ အပြင်က ၀ယ်သုံးတယ်။ ဟုတ်တယ်လေ ရေ လစဉ်ကြေးအပြင်၊ ခိုးကြေး ပေးရတာနဲ့ ပါ ပေါင်းတွက်လိုက်ရင် ထော်လာဂျီ ရေကား တစ်စီးမှ နှစ်ထောင်၊ သုံးထောင် အတူတူပဲ။ ဒါတောင် စိတ်ရှုပ်ရတာ မပါသေးဘူး။
နောက်လူကတော့ တော်တော်လေး ညစ်စုတ်တယ် ပြောရမယ်။ ကျွန်မတို့ အိမ် ရေမလာဘူး လိုက်ကြည့်ပေးပါဦး ပြောရင် လွှတ်ပေးပြီးပြီလေ။ အချိန်မှန်ပဲ ဘာညာနဲ့ သူကတောင် ပြန်ဟောက်လေ့ ရှိတယ်။ လူတွေ့တိုင်း သူကချည်းဦးအောင် ဟောက်လေ့ရှိ သလို၊ လူတိုင်းကိုလည်း ဟောက်စားလုပ်လေ့ရှိသူ တစ်ယောက်ပေါ့။ ဘယ်လိုပြောရမလဲ။ ဥာည် ပါတယ်ပဲ ပြောရမှာပေါ့။ အမှန်က ရေပိုက်ကို ရေမတက်အောင် သူ အကြံအဖန် လုပ်ထားပြီးသား။ လေခိုနေတော့ ရေဘယ်တက်မလဲ။ ဒီတော့ ပြန်ပြင်သလို ဘာညာနဲ့ ဟိတ်ဟန်လုပ်ပြီး ရေပို့လိုက်ပြီ ဆိုတာနဲ့ ပိုက်ပြင်ခ လာထား ငါးရာ၊ တစ်ထောင်။ ဒါက အစိုးရ နဲ့ မဆိုင်တော့ဘူး။ သူ့ပိုက်ပြင်ခက သက်သက် ဖြစ်သွားပြီ။ တစ်အိမ်ကို တစ်ထောင်နဲ့ပဲ တွက်ပါဦး။ အိမ်ခြေ တစ်ရာလောက်ဆိုရင် သူ့နေ့စား ကိုက်ပါတယ်။
လူတွေကလည်း သူရေပိုက် လိုက်ပြင်စားနေတယ် ထင်ပြီး မပြောသာဘူးပေါ့။ ပြောရင်လည်း ကိုယ့်အိမ်ရေမလာဖို့ပဲ ရှိမှာလေ။ ဒီတော့ ဘယ်သူမှလည်း ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်း မခံတော့ဘူး။ နောက်ထပ် ဆိုးတဲ့ အချက်ကတော့ ရေပိုက်တွေပေါ်ကို ခဲလုံးကြီး တွေ တင်ထားလေ့ရှိတာပဲ။ ရေပိုက်ကို ဆိုင်ကယ် ကျွတ်စနဲ့ ပတ်ပြီး လေလုံအောင် ခဲလုံးတင်ထားတယ်လို့ ထင်စရာ ရှိတယ်။ အမြဲတမ်း သူအဲလို လုပ်လေ့ ရှိတယ်။ အစက ကျွန်တော် သဘောမပေါက်ဘူး။ နောက်မှ သဘောပေါက်တယ်။ ကားတစ်စီး လာလိုက်ပြီ ဆိုရင် လမ်းကွေ့တွေမှာ များသောအားဖြင့် ခဲလုံးတွေကို မရှောင်နိုင်ပဲ တက်နင်းမိတတ်တယ်။ ခဲလုံးကို တက်နင်းမိမှတော့ ပိုက်က မပေါက်ပဲ နေမလား။ တွေ့ပြီ ဆိုတာနဲ့ လာထား… ငါ့ပိုက်ကွဲသွားပြီ။ လျော်ပေတော့ ဘာညာနဲ့။ ကားသမားကို ငွေညှစ်တော့တာပဲ။ ကားသမား ဆိုတာတွေက များသောအားဖြင့် ဘာသိမှာလဲ။ အလုပ်ရှုပ်ခံမနေပဲ လျော်ပေးလိုက်တာပေါ့။ ရုံးရောက်ဂတ်ရောက် ဆိုတာမျိုးတွေလည်း မလိုချင်ဘူးလေ။ ကားသမား ကားမောင်းနေရမှ ထမင်းစားရမှာလေ။
အဲဒီလိုနဲ့ အဲ့လူ တော်တော် လုပ်စားခဲ့တယ်။ ကျွန်တော်တွေလည်း သိသိလျက်နဲ့ပဲ ငြိမ်ခံနေရတာပဲ။ သူတို့ချင်း ကျေနပ်နေကြ တာက အဟုတ်။ မသကာ ကိုယ်က ၀င်ပြောလိုက်တော့မှ အမှုပိုကြီးသွားမှ အခက်။ နောက်သူ့လုပ်ကွက် တစ်ခုက လူမိုက်တွေကို အရက်တိုက်ပြီး ရန်ဖြစ်ဟန်ဆောင်လို့ ရေပိုက်တွေကို လိုက်ထုခွဲခိုင်းတယ်။ အရက်သမားဆိုတော့ တရားစွဲလို့လည်း မရသလို အလျော်တောင်း လို့လည်း မရဘူးလေ။ ကိုယ့်ရှိတာလေးတောင် ပြန်ပါသွားဦးမယ်။ တချို့များဆို ဘယ်သူလုပ်သွားမှန်းတောင် မသိဘူး ဆိုပဲလေ။ သူတို့ ပိုက်ဆံလာတောင်းလို့ ပေးလိုက်တယ်။ ဆိုပဲလေ။ ပိုင်ရှင်တွေခမျာ နစ်နာတာပေါ့။ အဲဒီလူကြီးကိုတော့ သူကိုယ်တိုင် တည်ဆောက်သူ၊ သူကိုယ်တိုင် ဖျက်ဆီးသူ လို့ပဲ ပြောရမယ်ထင်ရဲ့။
+++++++++++++++++++++++++
(၂)   အေးသာယာမှာ စာပို့သမား တစ်ယောက်ပဲရှိတယ်။ သူက ပိုက်ဆံ မရရင် အိမ်ထိ ဘယ်တော့မှ စာမပို့ပေးဘူး။ လွန်ခဲ့တဲ့ နှစ်တော်တော်များများက ကျွန်တော်ဆီကို သူရောက်လာတယ်။ စာတစ်စောင်ပေးပြီး ပို့ခ ငွေကြေးတွေ တောင်းတယ်။ ဆီဖိုးတဲ့။ စာတိုက်က ဘာကြောင့် လူပြော သူပြောများနေလည်း ဆိုတာ ကျွန်တော်သိသွားတော့တယ်။ ကျွန်တော်လည်း ဘာမှ ပြန်ပြောမနေ တော့ပဲ သူတောင်းတဲ့ အတိုင်း ပေးလိုက်ပါတယ်။ ဒါပေမယ့် သူလှည့်မထွက်ခင်မှာ တော့ ပြောဖြစ်အောင် ပြောလိုက်တယ်။
ကျွန်တော့်စာကို ဘယ်တော့မှ လာမပို့ပါနဲ့တော့၊ ကျွန်တော်ကိုယ်တိုင် ရုံးကို တစ်ပတ်တစ်ခေါက် လာယူမယ်
လို့လေ။ အဲဒီကစပြီး ၄ နှစ်လောက် စာတိုက်ကို ကျွန်တော် ပုံမှန်ရောက်ဖြစ်တယ်။ ကောင်းတော့လည်း ကောင်းတာပေါ့လေ။ ကျန်းမာရေး အရ လမ်းလျှောက်ဖြစ်သွားတာပေါ့။
+++++++++
(၃)
အရေးတကြီး ဖုန်းခေါ်စရာ လိုလို့ လမ်းဘေး ပီစီအို ဖုန်းရုံးလေးမှာပဲ ပြောလိုက်တယ်။ ရန်ကုန်က အယ်ဒီတာ ဆရာ တောင်ကြီးကို ရောက်နေလို့ ဘယ်ကိုလာခဲ့ရမလဲ ဆိုတာ အဆက်အသွယ် လှမ်းမေးတာပါ။ တစ်မိနစ်တောင် မကြာပါဘူး။ လိုင်းပြတ်သွားတယ်။ တစ်ခါ ဟိုဘက်ကနေ ပြန်ခေါ်လာတယ်။ တစ်မိနစ်လောက်ပဲ ထပ်ပြောတယ်။ ဘယ်လောက်ကျလဲ ဆိုတော့  ၅၀၀ ဆိုပဲလေ။ သေချာအောင် ထပ်မေးရတယ်။ ဟုတ်တယ်။ ငါးရာတဲ့လေ။
“ခင်ဗျား ဟာက ဖုန်းဆိုင်လား။ စီပီအို မဟုတ်ဘူးလား”
ဆိုတော့ ဟုတ်တယ်လေ တဲ့။ ဟိုက ပြန်ခေါ်လာလည်း ပိုက်ဆံပေးရတာပဲတဲ့လေ။ ကျွန်တော့်ကို ဖိုးခွားများ အောင့်မေ့နေလား မသိဘူး။ တကယ်ပဲ ငါးရာပဲ ပြန်အမ်းတယ်ဗျာ။ ဘယ်လိုမှ ပြောမရဘူး။ စောင့်နေတာက လူမျိုးခြား တစ်ယောက်ပါ။ ရန်ကုန်လို အတိုင်းအတာ မျိုးနဲ့ ဆို အများကြီး ကွာသွားပါပြီ။ လမ်းဘေး ဖုန်းတွေ အများကြီး ပြောခဲ့ဖူးပါတယ်။ တချို့များကျတော့လည်း သဘောကောင်းတယ်။ တချို့တွေကတော့ အထက်ပါအတိုင်းပါပဲ။
++++++
(၄)
အရင်လတုန်းက ဆန်ဝယ်တော့  တန်ရာတန်ကြေးထက် နည်းနည်းညံ့နေတာကို တွေ့လိုက်ရတယ်။ ဆိုင်ကို သွားပြန်ပြောတော့
“ဟုတ်တယ်လေဗျာ၊ ကျုပ်ပြောတဲ့ ၂ သောင်းတန် ဆန်ဆိုတာ အဲဒါပဲလေ”
“ခင်ဗျားပြောတော့ ပေါ်ကျွဲဆို၊ ခုဆန်က မနော်ဟရီလိုလို၊ ငစိန်လိုလိုကြီးကို”
“အဲဒါပဲ ပေါ်ကျွဲဆိုတာ အဲဒါပဲ”
တဲ့လေ။ သူ ပေါ်ကျွဲ ဆိုလို့သာ လိုက်ကျွဲ လိုက်ရတယ်။ ပြုတ်မနူးတူးမနပ် ဆန်ကြီးကို မသိတာမှတ်လို့။ ချက်ပြီးရင်လည်း မာသွားသေးတယ်။ ရေနည်းရင်လည်း ခဲသွားတာမှ အတုံးလိုက်ကြီး။ ဒိန်ခဲတောင် အဘ ခေါ်ရမယ်။ အစထဲက ပွင့်ပွင့်လင်းလင်း ပြောရောင်းရင် စိတ်ဆိုးစရာ မရှိပါဘူး ။
ဒီအကြောင်းကို မိတ်ဆွေတစ်ယောက်ကို ပြောပြတော့ သူ့အကြောင်းလည်း ပြန်ပြောပြတယ်။
“၃သောင်းတန် ဆန်တွေက လှတော့လှတယ်။ ရေဆေးလိုက်တော့ ကြေမွကုန်တယ်။ ဆိုင်ကိုပြန်မေးကြည့်တော့ သက်နုစပါးကို ဈေးကောင်းရ တုန်းမို့ ခူးရောင်းလိုက်တာ လို့ ပြောတယ်။ သက်ရင့် မဖြစ်သေးတဲ့ ဆန်သစ်ပုံစံပေါ့။ စားသုံးသူပဲ နစ်နာတာပေါ့”
လို့ သူ့ဖြစ်အင်ကို ခင်းကျင်းပြတယ်။
++++++++
(၅)
စီးပွါးရေးကို ညစ်ညစ်ပတ်ပတ် လုပ်ခြင်းကို Dirty Business လို့ ခေါ်ပါတယ်။ မဂ္ဂင်ရှစ်ပါးမှာ သမ္မာ အာဇီဝ ဆိုတာလည်း ပါရှိပါတယ်။ သက်မွေးမှု မစင်ကြယ်သူ တစ်ယောက်ဟာ လောက မှာ လွတ်လမ်း (ထွက်မြောက်ရာ လမ်း) မရှိပါဘူး။
သူတို့ စိတ်မှာ ငြိမ်းချမ်းခြင်း တရား ပျောက်ဆုံးနေပါတယ်။ ဒါတွေက ဘာနဲ့ ဆိုင်လည်း ဆိုတော့ လောကပါလ တရားနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကိုယ်ချင်းစာ တရားလို့ ခေါ်တဲ့ လောက ပါလ တရားသာရှိလို့ကတော့ ကမ္ဘာကြီး ငြိမ်းချမ်းပါတယ်။ ကိုယ်ချင်းစာ တရား ဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားတိုင်းနဲ့ သက်ဆိုင်တဲ့ တရားပါ။ ဒီမိုကရေစီ ရပြီးတဲ့ နိုင်ငံတွေမှာလည်း ကိုယ်ချင်းစာတရားသာ လက်ကိုင်မထားကြရင် အလကားပါပဲ။ ကိုယ်ချင်းစာတရားသာ ကိုယ်စီ ရှိရင် အိမ်တိုင်းမှာ သော့တွေခတ်စရာ မလိုတော့ပါဘူး။
+++++++
သူများပူ ကိုယ့်တော်သလင်း ရှိသေး ဆိုတဲ့ စကားအတိုင်း သူများအပူထက်စာရင် ကိုယ့်အပူက အမြဲပိုသာနေလေ့ ရှိတတ်တာ လူ့စရိုက်ပါ။ လူဆိုတာ ကိုယ့်ထိမှာ ကိုယ်နာတာပါ။ သတင်းထဲမှာ သင်္ဘော မှောက်လို့ လူ ၇၀၀ ဆုံးတယ် ပြောလည်း စုတ်ကလေး သပ် လိုက်ရုံ အပြင် မပိုဘူး။ ကိုယ့်ထိပြီ ဆိုမှာတော့ နာတတ်လိုက်တာမှ အသဲဆတ်ဆတ်ခါအောင်ကို နာတာ။
ဒီခေတ်မှာ ငါးစိမ်းသည် အလေးခိုးတာ သတင်း မဟုတ်တော့ပါဘူး။ စပါယ်ယာတွေ ရိုင်းတာ စကားလုပ် မပြောတော့ပါဘူး။ ငါးစိမ်းသည်တွေ အလေးမခိုးမှသာ သတင်း။ စပါယ်ယာတွေ ယဉ်ကျေးလိမ္မာ သွားမှသာ သတင်းဖြစ်သွားမှာပါ။ သူများကို လုပ်ရင်တော့ ပြုံးလို့ ။ ကိုယ်လည်း ခံလာရပြီဆိုတော့ မျက်နှာက ဘယ်လိုလဲ။ လူတိုင်းဟာ စားသုံးသူမို့ Consumer Right ပါ။
စကားတစ်ခု ရှိပါတယ်။ မလှူတတ် ဈေးရောင်း ဆိုတာလိုပဲ။ ကိုယ်က လှူချင်တာတောင် မလှူတတ်ပါဘူး ဆိုရင် လက်တွေ့ ဈေးရောင်းကြည့်လိုက်ပါ။ စိတ်ကောင်း စေတနာကောင်းလေးတွေနဲ့ ။ ဟုတ်လား။ ကိုယ်မစားရရင် နေပါစေ။ ကိုယ်မမြတ်ရင် နေပါစေ။ အရင်းကျေရင် တော်ပါပြီ ဆိုတဲ့ စိတ်စေတနာ လေးနဲ့သာ လုပ်ကိုင်သွားမယ် ဆိုရင် ဒါ လှူနည်း တစ်မျိုးပါပဲ။
ကိုယ်ချင်းစာ တရား ဆိုတာ စေတနာကို ခေါ်တာပါ။
++++
ကလောင်- သိရ် ( အေးသာယာ)

No comments:

Post a Comment


Aung Hein - နည်းပညာ