ပြောင်းလဲလာသော
ဇီဝအ၀န်းအ၀ိုင်းနယ်မြေ(သို့မဟု တ်) အင်းလေးကန်
စည်သာ(တောင်ကြီး)
မြန်မာနိုင်ငံမှာ
အကြီးဆုံးသော ကုန်းတွင်း ရေချိုကန်ဆိုလို့ ကချင်ပြည်နယ်က အင်းတော်ကြီးအိုင်နဲ့ ရှမ်းပြည်နယ်က
အင်းလေးကန် တို့ပဲ ရှိပါတယ်။ ဒီ အင်းလေးကန်ဟာ ဆိုရင် လူနေသက်တမ်းအရင့်ဆုံး ဖြစ်ပြီး
တော့၊ သဘာဝ ကျေးငှက် တိရိစ္ဆာန်များ နားခို ကျက်စားရာ နေရာတစ်ခုလည်း ဖြစ်တဲ့အပြင်၊ မြန်မာနိုင်ငံကို
ခရီးသွား လုပ်ငန်းတွေ အတွက် တစ်ဖက် တစ်လမ်းက ၀င်ငွေ ရှာဖွေပေးနေတဲ့ နေရာတစ်ခုဆိုရင်လည်း
မမှားပါဘူး။
ရှမ်းပြည်နယ်
တောင်ပိုင်း အင်းလေးကန်ဟာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အဓိက လာရောက် လည်ပတ်
ကြတဲ့ နေရာ တစ်ခုဖြစ်ပြီးတော့၊ အင်းလေးကန်တွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေးဟာ
ဒီ ခရီးသွား လုပ်ငန်းအပေါ်မှာ အဓိက မှီခိုအားထားနေရတာကို မြင်တွေ့နေရပါတယ်။ ဒါကြောင့်
အင်းလေးကန် နဲ့ ခရီးသွားလုပ်ငန်းဆိုတာ ခွဲခြားလို့ မရသလို ဒွန်တွဲနေတာကြောင့်၊ အင်းလေးကန်ကြီး
စိမ်းလန်းမှသာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်သလို၊ ခရီးသွားလုပ်ငန်း ဆက်လက်
တည်မြဲဖို့ အင်းလေးကန်ကြီး စိမ်းလန်းစိုပြေနေဖို့ မလွဲမသွေ ကို လိုအပ်တာ အမှန်ပါပဲ။
အင်းလေးကန်တည်ရှိရာ
ညောင်ရွှေမြို့နယ်သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း(၄၃) စု၊ ကျေးရွာပေါင်း (၄၄၅)
ရွာ၊ လူဦးရေပေါင်း တစ်သိန်းကိုးသောင်း နီးပါး မှီတင်းနေထိုင်ကြကြောင်း 2016 ခုနှစ်
ညောင်ရွှေ မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး စာရင်းဇယားများအရ သိရသည်။ အင်းလေးကန်၏ မူလရေပြင် နယ်နိမိတ်မှာ
၁၀၄ စတုရန်းမိုင် (၆၆ ၉၆၇) ဧက ရှိခဲ့သော်လည်း ၂၀၁၀ တွင်မူ ၆၃ စတုရန်းမိုင် (၄၀၁၃၀)
ဧက ထိ လျော့နည်းကျဆင်းခဲ့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာနမှ သိရသည်။
အင်းလေးတွင်း
မှီတင်းနေထိုင်သူ ၈၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း
ပြုပြီးတော့၊ တံငါသည်၊ စီးပွားရေး ကုန်သည်၊ ယက္ကန်းရက်လုပ်သူ(ယက္ကန်းရုံ) ၊ စက်လှေဆရာ၊
ပန်းပညာရပ်ဖြင့် အသက်မွေးသူ နှင့် ခရီးသွားလုပ်ငန်း ၀န်ဆောင်မှု ၊ စားသောက်ဆိုင် တို့
စသဖြင့် အလွှာအသီးသီး ရှိကြတယ်။ ညောင်ရွှေကုန်းမြေပေါ်မှာ များသောအားဖြင့် ဆောင်းတွင်းဒီရာသီမှာ
၈၀ ရာနှုန်းလောက်က ကြံစိုက်တာ များပြီး၊ နွေအကုန်ပိုင်းလောက် အင်းလေးကန်တွင်းမှာ ကျွန်းမျောစိုက်ခင်း(ခရမ်းချဉ် သီးပင်)
တွေ စိုက်ပျိုးကြပါတယ်။
အခု ဆိုရင်
မနှစ်က 2015 နွေရာသီကစပြီးတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလာလိုက်တာ အင်းလေးကန်ကြီး
ဟာ ရေခန်းခြောက်ပြီးတော့ တစ်နေရာနဲ့ တစ်နေရာ သွားလာလို့ မရတော့ဘဲ၊ ကုန်းခေါင်ခေါင်
ဖြစ်သွားပြီးတော့ ကျွန်းမျောစိုက်ခင်းတွေလည်း ၈၀ ရာခိုင်နှုန်းလောက်ကို ပျက်စီးဆုံးရှုံးမှု
ဘေးဆိုးကြီးနဲ့ ကြုံတွေ့လာကြရပါတယ်။ 2016 အခုနှစ်မှာလည်းပဲ ဇန်န၀ါရီလက စပြီး ကျလာလိုက်တဲ့
အင်းရေပြင်ဟာ သုံည မှတ်ရောက်မတတ်ပါပဲ။ ဖေဖော်ဝါရီ လမှာ အယ်နီညိုဝင်ပြီးတော့ အပူရှိန်
အပြင်းဆုံး ပြင်းထန်လိုက်တော့ ဒုတိယ အပတ်မှာတင်ပဲ ရေက မရှိတော့ဘူး။ ကြားလမ်းတွေ သွားလာလို့
မရတော့ဘူး။ မိုးကလည်း မရွာ၊ ဘီလူးချောင်းကလည်း ရေတွေကို တားမနိုင်တော့ တလဟော ဆင်းသွားပြီး၊
ကြာရင် မတ်လ ထိတောင်ခံမှာ မဟုတ်ဘူးလို့ အင်းသူအင်းသားတွေက ဗေဒင် ဟောထားပါတယ်။
အင်းလေးကန်
စိမ်းလန်းစိုပြေရေးနဲ့ ရေရှည်ထိန်းသိမ်းရေး လို့ ဆိုလိုက်တာနဲ့ ကျွန်တော်ကတော့ အချက်
(၉) ချက်လောက် စုစည်း တင်ပြလိုက်ချင်တယ်။ ဒီအချက်တွေက အင်မတန်မှ အရေးကြီးတဲ့ အချက်တွေ
ဖြစ်တဲ့ အတွက် အချို့အချက်တွေကို တစ်ပေါင်းတည်း ထည့်ရေးပြီး တင်ပြလိုက်ရတဲ့အတွက် လိုအပ်ချက်တွေလည်း
ရှိကောင်း ရှိနေဦးမှာပါပဲ။
အဲဒါတွေကတော့
(၁) ဟိုတယ် နဲ့ ခရီးသွားလာရေး လုပ်ငန်း (၂) ဒေသခံတွေကို လေးစားပါ။ (၃) ကျွန်းမျော စိုက်ပျိုးရေး
ကဏ္ဍ (၄) အနုပညာ ဖွံ့ဖြိုးရေး (၅) လူငယ်နဲ့ နိုင်ငံရေး (၆) ငါးမျိုးစိတ် (၇) ပတ်ဝန်းကျင်
သန့်ရှင်းရေး၊ (၈) ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ (၉) အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ
စတဲ့အချက်တွေကို တင်ပြချင်ပါတယ်။
(၁) ဟိုတယ် နဲ့ ခရီးသွားလာရေး လုပ်ငန်း
ဒီအချက်က
အရမ်းအရေးလည်း အရေးကြီးပြီး အခရာလည်း ကျပါတယ်။ ဟိုတယ် လုပ်ငန်းတွေကို သေချာ စိစစ်ခြင်း
မရှိဘဲ ခွင့်ပြုလိုက်တဲ့အတွက် ပင်မ မူရင်း နေထိုင်သူများရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူနေမှုဆိုင်ရာ
စနစ်များ ပျက်စီးဆုံးရှုံးမှုတွေကို အာဏာပိုင်တွေက ခုချိန်ထိ သတိမူနိုင်ခြင်း မရှိသေးပါဘူး။
၂၀၁၁ မှာ ဖြစ်ခဲ့တဲ့ ဟိုတယ်ဇုန် မြေယာ ပြဿနာတွေကို ကြည့်လိုက်မယ် ဆိုရင်လည်း ဒေသခံတွေနဲ့
သေချာ ညှိနှိုင်းပဲ လုပ်ချင် သလို လုပ်သွားတဲ့ အတွက် ဒေသခံတွေ နေရာတွေပျောက်ပြီး အများကြီး
နစ်နာမှု ရှိတယ်။ ဒါ့ပြင် သလဲဦး ဘက်မှာ အင်းလေးကန်ဘက်က လှမ်းမြင်နေရတဲ့ တောင်ကို ခွဲခြမ်းထားတဲ့
တောင်ကတုံး မြင်ကွင်းတွေဟာ သေရာပါ ဒဏ်ရာတွေလို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီဆိုးကျိုးတွေ
အဖြစ် တောင်ကျရေနဲ့ အတူ သဲ နုန်းတွေဟာ အင်းလေးကန်တွင်းကို အနည်အနှစ် ပို့ချဦးမှာ ဖြစ်တဲ့
အပြင်၊ အင်းလေးကန်တွင်း ရှိတဲ့ သဘာဝ ရေထွက်ပေါက်နဲ့ ရေဝေရေထဲ ဒေသတွေဟာ ဟိုတယ် ဆောက်လုပ်ရေး
လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့ အတွက် ရေထွက်ပေါက် စမ်းရေတွေဟာ ပိတ်ဆို့ ဖျက်ဆီးခြင်း
ခံလိုက်ရတဲ့အတွက် အင်းလေးကန်ဟာ ရေခန်းခြောက်ခြင်း အကြောင်းတစ်ရပ် အဖြစ်ပါဝင်နေတာကို
မြင်တွေ့ရပါတယ်။ မိုးဘယ်လောက်ပဲ ရွာရွာ တစ်သက်လုံး ရနေတဲ့ စိမ့်ထွက်ပေါက်နဲ့ ရနေတဲ့
ရေနဲ့ တစ်ရာသီလေး ၀ုန်းခနဲ့ ရလိုက်တဲ့ မိုးရေချင်း မတူပါဘူး။ ၀ုန်းခနဲ ကျတဲ့ မိုးရေက
ဆည်မတားထားရင်လည်း ဝေါခနဲ ပြန်ထိုးဆင်းသွားမှာဘဲ။ နောက်တစ်ချက်က တရုတ်လှေထမ်းကွေ့လို့
ကွေ့တဲ့ စကားနားက အကွေ့ဟာ အင်္ဂလိပ် အက္ခရာ ယူ ပုံစံ ကွေ့ကောက် စီးဆင်း နေတာကို၊ ရှုပ်တယ်ဆိုပြီး
အဖြောင့်ကြီး ဖောက်ချလိုက်တဲ့အတွက် ရေမထိန်းနိုင်တော့တာလည်း ပါတယ်။ အဲဒီကွေ့ကို နတ်တွေက
ဖန်ဆင်းပေးထားတဲ့ နေရာလို့ အင်းသူအင်းသားတွေက ယုံကြည်ထားကြတယ်။
သူငယ်ချင်း
တစ်ယောက် ပြောသလို တောင်တွေ ဆိုတာ ရေလောင်းရုံနဲ့ ပြန်မပေါက်နိုင်ဘူးတဲ့။
နောက် မိုင်းသောက်နားမှာ
ဧက ၉၀ ပြဿနာကလည်း မပြီးသေးပါဘူး။ မိုင်းသောက်ရွာတွင် ဂရမ်လည်းမရှိ၊ ဆောက်လုပ်မိန့်လည်း
မကျသေးဘဲ ဟိုတယ် လာဆောက်နေတာကို ဒေသခံတွေက မကျေနပ်ကြပါဘူး။ ထို ဟိုတယ် ဆောက်လုပ်လိုက်ခြင်းအားဖြင့်
(၁) သဘာဝ ကိုင်းတောများ ပျက်စီးသွားသဖြင့် နုန်းတားဆည် စနစ် ပျက်ကျိုးသွားခြင်း၊ (၂)
သဘာဝ (အိုင်ပေါက်) ရေချို ရေသန့် ထွက်သော ရေထွက်ပေါက် စနစ် ညစ်ညမ်းပျက်စီးပြီး ရေပြဿနာ
ဖြစ်လာနိုင်ခြင်း၊ (၃) ဆောင်းခိုငှက်များ ကျက်စားစရာ မရှိ စသော သဘာဝ ဂေဟစနစ် ပျက်စီးခြင်း၊
(၄) သဘာဝ ကိုင်းတော ပျက်စီးခြင်း၊ (၅) အင်းရေပြင် ညစ်ညမ်းခြင်း၊ စသော ပြဿနာရပ်များ
ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်သည်။ မိုင်းသောက်ရှိ အိမ်ခြေပေါင်း၂၀၆
နှင့် လူဦးရေပေါင်း ၁၈၀၀ ကျော်သည် သောက်သုံးရေ အဓိက ပြဿနာ တက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘာဝကိုင်းတောရှိ
ဧက ၉၀ နီးပါးကို ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဟိုတယ်များ ဆောက်လုပ်ပြီးချိန်တွင် အားလုံး
ဖျက်ဆီးလိုက်လျှင် အင်းလေးကန်တွင်းသို့ တောက်လျှောက် တိုးလျိုပေါက် သွားနိုင်သည့် ရေပေါ်ဟိုတယ်
အဖြစ် ပြုလုပ်ရန်အတွက် စီစဉ်နေကြခြင်း ဖြစ်ပြီး၊ ထိုကိုင်းတောကြီး ပျောက်ဆုံးသွားလျှင်
အင်းလေးကန်တွင်း နုန်းများတလဟော ပို့ချတော့မည်ကို အင်းလေးဒေသခံများ စိုးရိမ်ပူပန်လျက်
ရှိကြကြောင်း သိရသည်။
ဒါကြောင့်မို့
သက်ဆိုင်ရာ အာဏာပိုင်တွေကို အသိပေးချင်တာက ဟိုတယ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုခု
ကို လုပ်ဆောင်တော့မယ် ဆိုရင် အရင်ဆုံး ဒေသခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီးမှ ဒေသခံတွေဆီက
အကြံဥာဏ်ကို တောင်းခံသင့်တယ်လို့ တင်ပြချင်ပါတယ်။ စီမံကိန်း လုပ်ငန်းတွေ ဆိုရင်လည်း
ဒီလိုပဲ EIA/SIA နဲ့ ညီညွတ်ခြင်း ရှိမရှိ၊ ဒေသခံတွေရဲ့ သဘောထား ဘယ်လို ရှိမရှိ၊ သုတေသန
စမ်းသပ်ချက် ရလဒ်က ဘယ်လိုလဲ အစရှိသဖြင့် နှစ်ဖက်ပူးတွဲ ညှိနှိုင်းလုပ်ဆောင်မှသာ အဖြေတစ်ခု
ရမယ်လို့ ထင်ပါတယ်။ အင်းလေး ကန် ထိန်းသိမ်းရေးဟာ ဆိုရင်လည်း အင်မတန် ကျယ်ပြန့်ပြီးတော့
သိမ်မွေ့နက်ရှိုင်းပါတယ်။ ဒါကြောင့် အချက်(၁) နဲ့ (၂) ကို ချိတ်ဆက်ပြီး ပြောချင်တာက
ဒေသခံတွေရဲ့ စကားကိုလည်း နားထောင်ပါ၊ ဒေသခံ တွေကို တလေးတစား ဆက်ဆံပါလို့ ပြောချင်ပါတယ်။
ဒေသခံတွေလောက် တခြားသူတွေက ဒေသအကြောင်း ကို ပိုမသိနိုင်လို့ပဲ ဖြစ်ပါတယ်။ အင်းလေးကန်
အာဏာပိုင် အဖွဲ့အစည်းမှာလည်း ဒေသခံတွေကို ခပ်များများ ထည့်သွင်းသင့်တယ်လို့ တင်ပြလိုက်ရပါတယ်။
(၃) ကျွန်းမျော စိုက်ပျိုးရေး ကဏ္ဍ
အင်းလေးကန်တွင်းမှာ
၈၀ ရာခိုင်နှုန်းလောက်က ကျွန်းမျော စိုက်ပျိုးရေးကို အားထားလုပ်ကိုင်နေရတယ် လို့ သိရတယ်။
ခုခေတ်မှာ အတုတွေက ပေါလွန်းတဲ့ ခေတ်ဆိုတော့ စိုက်ပျိုးရေးမှာလည်း ဆေးထည့်စိုက်ရပြီ
ပေါ့ဗျာ။ အင်းလေးကန်ဟာ ကမ်မီကယ်တွေ အများဆုံး အသုံးပြုတဲ့ဒေသကြီးပေါ့။ မြန်မာတစ်နိုင်ငံလုံးမှာ
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အင်းလေးကန်ဟာ ဓါတ်မြေသြဇာ ရောင်းအားအကောင်းဆုံး လို့ သိရတယ်။
လျော့သုံးမယ်ဆိုလည်း ကမ်မီကယ် မြေတွေက စားပြီးသားဗျ။ အော်ဂန်းနစ် လုပ်မယ် ဆိုလည်း ဘယ်မှာလည်း
ဈေးကွက်။ သူများနိုင်ငံမှာလို သုတေသန တွေကလည်း မထွန်းကားသေး။ ယိုးဒယားလို နည်းပညာကလည်း
မရှိ၊ မျိုးစေ့က မအောင်မြင်နဲ့ ဈေးကွက်ဆိုတာ ဝေးလာဝေး ဆိုတဲ့ ခေတ်ကြီးမှာ စိုက်ပျိုးရေး
တောင်သူ တွေ အနေနဲ့ တခြား ရွေးချယ်စရာ လမ်းလည်း မရှိတော့ဘူး။ ဒါပေမယ့် သူတို့လည်း တတ်နိုင်သလောက်တော့
သူတို့ နည်းလမ်းတွေ ရှာကြံနေကြပါတယ်။ ငါးဖယ်ချောင်းက ဦးမျိုးမြင့် ပြောပုံအရဆိုရင်
သူတို့ဟာ ဓါတ်မြေသြဇာ လုံးဝ မသုံးတော့ဘဲ ဖြစ်အောင် စိုက်တဲ့နည်းကို အသုံးပြုနေပါပြီလို့
လက်မထောင် ရင်ကော့ပြီး တော့ကို ပြောနေတယ်။ ရေထဲမှာ ငါးတွေ အသက်ရှင်တာက အစ၊ ရေကြည်နေတာ
အဆုံး အဆိပ် ကင်းစင်ကြောင်းလည်း သက်သေတွေ ပြတယ်။ စိုက်ပျိုးရေး အတွက် ရေသွင်းစိုက်ပျိုးရတဲ့
အတွက် ရေခန်းခြောက်ခြင်း အကြောင်း တစ်ရပ် ပါဝင်ပြီး၊ အခုကတော့ လယ်တွေထဲ ရေတောင် မသွင်းရသေးခင်
ရေကခန်းနှင့် နေတာပါ။ ကေလာရွာက ဦးသန်းဌေး ပြောတာကတော့ ရှင်းတယ်။ ဓါတ်မြေသြဇာ မသုံးရင်
ငါတို့ ဘာသုံးရမလဲတဲ့။ ဒီအချက်လေးတွေက အင်းလေးကန်အတွက် စဉ်းစားစရာလေးတွေ ပေါ့ဗျား။
(၄) အနုပညာ ဖွံ့ဖြိုးရေး
အနုပညာမှာ
၂ မျိုး ရှိပါတယ်။ လက်မှုပညာ ပန်း(၁၀) မျိုးနဲ့ ဖျော်ဖြေရေး အနုပညာပေါ့။ အင်းလေးကန်ဟာ
ပန်း(၁၀) မျိုးနဲ့ နာမည်ကျော်ကြားပြီးတော့ နိုင်ငံခြားသားတွေကို ဒီပစ္စည်းတွေနဲ့ ကောင်းကောင်း
ဆွဲဆောင် ထားနိုင်ပါတယ် ။ ရှေးဟောင်း လက်ရာ အတု ပစ္စည်းလေးတွေ၊ ကြေး၊ သံ၊ ငွေထည် နဲ့
လုပ်တဲ့ အရုပ်တွေနဲ့ သစ်သား ပန်းပု ရုပ်လေးတွေ၊ အင်းလေးထွက် သံထည် ဓါး၊ တူတွေ ဟာ အင်မတန်
နာမည်ကြီးလို့ ရှမ်းပြည်မှာ တခုတ်တရ ၀ယ်သုံးနေကြတဲ့ ပစ္စည်းတွေ ဖြစ်တယ်။ ဒါ့ပြင် ပိုပြီး
အလေးပေးသင့်တဲ့ အချက်က ဖျော်ဖြေရေးလို့ ဆိုတဲ့ Entertaiment အနုပညာ အင်းလေးမှာ မဖွံ့ဖြိုးသေးတဲ့
အချက်ပါပဲ။ ဒီအချက်က အရမ်းကြီး အရေးမကြီး ပေမယ့် ဦးစားပေး တွဲဖက် စဉ်းစားသင့်တဲ့ အချက်တစ်ခုလည်း
ဖြစ်တယ်။
(၅) လူငယ်နဲ့ နိုင်ငံရေး
ညောင်ရွှေနယ်ဟာ
ဆိုရင်ဖြင့် သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် ပညာတတ်တွေ ထွက်တဲ့ နေရာ တစ်ခု လည်း
ဖြစ်တယ်။ ညောင်ရွှေစော်ဘွားကြီးဟာ မြန်မာနိုင်ငံမှာ ပထမဆုံး သမ္မတ ဖြစ်ခွင့်ရတဲ့ စော်ဘွားကြီး
ဖြစ်တဲ့ အပြင် ညောင်ရွှေဟာ ပထ၀ီ အနေအထား အရလည်း ကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်တယ်။ တောင်ကြီးမြို့
မပေါ်ခင်တုန်းက ညောင်ရွှေမြို့နယ် အပိုင်ဖြစ်ပြီးတော့ စော်ဘွားကြီး လက်အောက်မှာ ထားရပါတယ်။
ဒီလိုသမိုင်းကြောင်း ကောင်းခဲ့တဲ့ နေရာတစ်ခုမှာ အစဉ်အလာလေး ကောင်းအောင် တိမ်မြှုပ်
လူငယ်တွေကို မွေးထုတ်သင့်တာပေါ့။ အင်းလေးရွာတိုင်းမှာ မောင်မယ်အဖွဲ့ တွေ ရှိပါတယ်။
သူတို့တွေ Capacity.& Awareness ရအောင် ဘယ်လို လုပ်ရင် ကောင်းမလဲ။ လူငယ်တွေနဲ့
နိုင်ငံရေး အခန်းကဏ္ဍကို ဘယ်လို မြှင့်တင်မလဲ စဉ်းစားရမယ့် အချက်တစ်ခုထဲပါတယ်။
အင်းထဲမှာ
ခရီးသွားလာရေးက ကျယ်ပြန့်တယ်။ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရအောင် ၊ အင်းလေးကန်မှာ
မှီခိုပြီး ရှာနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တစ်ဖက် တစ်လမ်းက ကြိုးစားပြီး ဘယ်လိုပါဝင်
ပေးမှာလဲ ဆိုတဲ့အချက်ကလည်း အရေးကြီးတယ်။ ဟိုတယ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက လူငယ်တွေရဲ့
အခွင့်အလမ်းတွေကို မျက်ကွယ် မပြုသင့်ဘဲ လက်တွဲခေါ်ယူသင့်ပါတယ်။ ကိုယ်တိုင် လုပ်တတ်ကိုင်တတ်
လာအောင် နည်းလမ်း ပြပေးတာမျိုး၊ ရှယ်ယာခွဲပေးတာမျိုး က အစ Hand Made လေးတွေ လုပ်တတ်အောင်
သင်တန်းပေးတာမျိုးတွေထိပေါ့လေ။
(၆) ငါးမျိုးစိတ်
ခုဆို အင်းလေးကန်တွင်းမှာ
ငါးဖိန်းမျိုးစိတ်တွေ မရှိတော့တာ ကြာပါပြီ။ ငှက်တောင်မှ ဗျိုင်းတို့၊ ရေဘဲ၊ ရေကြက်၊
ဇင်ယော် နဲ့ ပျံလွှား တို့လောက်သာ မြင်ရတော့တယ်။ မြို့ပေါ်မှာဆိုရင် ကျီးကန်းနဲ့ ခိုနဲ့
စာကလေး လောက်ပဲ မြင်ဖူးတော့တယ်။ အင်းလေးကန်မှာ ငါးမျိုးစိတ်တွေ မရှိတော့တာ ဓါတ်မြေသြဇာနဲ့လည်း
ဆိုင်သလို ငါးဖမ်းနေတဲ့ သူတွေနဲ့လည်း ဆိုင်ပါတယ်။ အင်းလေးကန်ထဲမှာ တံငါသည်ပေါင်း ထောင်နဲ့ချီ
နေထိုင်ပြီးတော့ နေ့တိုင်း ငါးဖမ်းနေတဲ့ သူတွေ ရှိနေတော့ ငါးမျိုးစိတ်တွေလည်း ရှားပါးလာကုန်ပါပြီ။
တွေ့ရတဲ့ ငါးတွေကတော့ ငါးအသေးမျိုးနဲ့ ပုဇွန် တို့လောက်သာ ဖမ်းမိတော့တယ်လို့ တံငါသည်
တို့က ပြောကြတယ်။ ခုက မျိုးစိတ်တွေ အများကြီး လျော့သွားပြီ။ ရေလည်း နည်းတယ်။ ငါးရှာ
ကိရိယာလည်း စုံတယ်လေ။ အဆိုးဆုံးက ဘက္တရီ ရှော့ခ် ပေါ့။ ဒါကို ဘယ်လို ထိန်းမလဲ။ လွန်ခဲ့တဲ့
၅နှစ်က အာဖရိက ငါးမွေးလိုက်လို့ ရေလုပ်ငန်းက ထောင်နှစ်ရှည် ချလိုက်လို့ အဲဒီ ငါးကို
ဘယ်သူမှ မမွေးရဲတော့ဘူးလို့ ဆိုတယ်။
(၇) ပတ်ဝန်းကျင် သန့်ရှင်းရေး၊
ဒါက မိလ္လာနဲ့
အမှိုက် စွန့်ပစ်စနစ်ပေါ့။ အင်းလေးကို မှီခို စီးပွားရှာသူတွေတိုင်း လုပ်သင့်တယ်လို့
မြင်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဟိုတယ် လုပ်ငန်းရှင်တွေမှာ အဓိက တာဝန်ရှိပါတယ်။
သူတို့ လုပ်နိုင်ရင် နောက်လိုက် ရွာသားတွေကို စည်းရုံးရ အင်မတန်မှ လွယ်တယ်။ ကျေးရွာသားတွေကို
ပညာပေး စည်းရုံးတဲ့ နည်းနဲ့ လုပ်ဆောင်ရလိမ့်မယ်။ မနေ့က ဖေဖော်ဝါရီ ၁၇ ရက်မှာ မိုင်းသောက်ရွာအတွက်
ပလပ်စတစ် မီးရှို့စက် ငယ် တစ်လုံး လာလှူတဲ့ ဂျပန်က ပုဂ္ဂိုလ်တွေနဲ့ စကားပြောဖြစ်ကြတယ်။
သူတို့က လာတုန်းကတော့ ကလေးတွေ အတွက် ပညာသင်ကျောင်း ဆောက်ပေးဖို့ပါပဲ။ ဒီရောက်တော့ အမှိုက်ပြဿနာ
ကြီးထွားနေတာ မြင်ရတော့ မနေသာတော့ဘဲ စက်လာလှူတာ။ တစ်ပိုင်တစ်နိုင် တတ်နိုင်သလောက်
ဖြည့်ဆည်းပေးတာပေါ့လေ။ သူက ဘာပြောသလဲ ဆိုရင် မင်း ဆောင်းပါး ရေးမယ် ဆိုရင် တစ်နိုင်ငံလုံးက
ဒီအမှိုက် ပြဿနာနဲ့ အင်းလေးကန် ကြီးကို ၀ိုင်းဝန်းကူညီကြပါလို့ ထည့်ရေး ပေးပါလို့ ကိုဂျပန်ကြီးက
ပြောတယ်ဗျ။ သူပြောချင်တဲ့ စေတနာက အလုပ်တစ်ခုကို စိတ်ပါလက်ပါ လုပ်ကြဖို့ ပြောဆိုတိုက်တွန်း
ချင်တဲ့ ဂျပန်တွေရဲ့ စိတ်ဓါတ်ကို ကျွန်တော် ခံစားလို့ ရလိုက်တယ်။
မိလ္လာနဲ့
အမှိုက်သိမ်းကို ခေါင်းလောင်းတီး အမှိုက်သိမ်း စနစ်မျိုး ဖြစ်စေချင်ကြပြီး၊ အမှိုက်သိမ်း
ကုမ္ပဏီ တစ်ခုက မိလ္လာနဲ့ အမှိုက်သိမ်း စနစ်ကို ကောင်းကောင်း လုပ်ဆောင်ပေးခဲ့မယ်ဆိုရင်
အဆင်ပြေကောင်း မှာပါ။ ပိုကောင်းတာက ဒေသခံတွေနဲ့ ခရီးသွားတွေရဲ့ အသိစိတ်ဓါတ်လေးနဲ့ အမှိုက်တွေကို
စနစ်တကျလေး စွန့်ပစ် တတ်ခဲ့မယ် ဆိုရင်တော့ အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားပေါ့ဗျာ။
(၈) ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အင်းလေးကန်ဟာ
အရင်ကလို ရေက မ၀င်တော့ဘူး။ သဘာဝ စိမ့်စမ်း ရေထွက်ပေါက်တွေလည်း မကျန်တော့တဲ့အပြင်
ရှိနေတဲ့ ရေကို ထိန်းထားဖို့ကလည်း မလွယ်ဘူး ဖြစ်နေတယ်။ ဘီလူးချောင်းဟာ လောပိတ ရေအားလျှပ်စစ်အတွက်
ရေရှိမှ မီးလင်းမယ် ဆိုတာကိုတော့ နားလည်တယ်။ ဒါပေမယ့် ရေ အ၀င်များအောင် ဘယ်လို နည်းလမ်းတွေနဲ့
ကြံဆောင် ကြမလဲ။ ရေတွေကို ကျဆင်းမှု နည်းနိုင်သမျှ နည်းအောင် ဘယ်လို နည်းလမ်းတွေနဲ့
ထိန်းသိမ်း ကြမလဲ။ ကန်ထဲက နုန်းတွေကို ခေတ်မှီစက်ကိရိယာတွေနဲ့ စုပ်ထုတ်တာ အပြင် ၊ အင်းလေးကန်ရိုး
တစ်လျှောက် မှာ ရှိတဲ့ ကမ်းစပ်တွေမှာ ကမ်းပြိုမှု မဖြစ်ရလေအောင် တာတမံတွေနဲ့ တားဆီးတာမျိုး၊
ကန်အတွင်း ရေစီးရေလာ ကောင်းမွန်အောင် ချောင်းမြောင်းများကို ရှင်းပေးတာမျိုးနဲ့ ရေနေ
ဧရိယာ ကျယ်ပြန့် သထက် ကျယ်ပြန့်လာအောင် ချဲ့ထွင်ပေးတာမျိုးတွေ နည်းလမ်းမျိုးစုံနဲ့
နေ့မအား ည မနား ကြိုးစား ဖော်ဆောင် ရတော့မယ့် အခြေအနေ တစ်ရပ်လည်း ဖြစ်တယ်။
အင်းလေးကန်တွင်းသို့ စီးဝင်သော
သန်းတောင်ချောင်း၊ ရေပယ်ချောင်း၊ အင်းတိန်ချောင်း (ဘီလူးချောင်း) ၊ နှင့် နန့်လပ်
ချောင်း ဟူ၍ အဓိက ချောင်းကြီး(၄) ချောင်း စီးဝင်လျက်ရှိရာ နန့်လတ်ချောင်းသည်
အရှေ့ဘက်သို့ စီးဆင်းကာ၊ ကျန် ချောင်းကြီး ၃ ချောင်းသည်
အင်းလေးကန်အနောက်ဘက်အခြမ်းတွင် စီးဆင်းလျက် ရှိကြောင်း သိရသည်။
ချောင်းလက်တက်ပေါင်း ၂၉ ချောင်း ရှိသော်လည်း မိုးရွာချိန်သာ စီးဝင်ပြီး
ကျန်အချိန်များတွင် ရေမရှိတော့ကြောင်း သိရသည်။
(၉) အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ
အင်းလေးဒေသခံ
အတော်များများ ပြောစကား အရတော့ အရပ်ဖက် အဖွဲ့အစည်းတွေကို သူတို့ မယုံကြည် ကြတာ များပါတယ်။
“တစ်ယောက်ပြီး တစ်ယောက် စကားတွေ ကြားကောင်းအောင် လူတိုင်း ပြောသွားပေမယ့် ခုချိန်ထိ
တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် ဆောင်ရွက်ပေးသွားတာမျိုး မရှိဘူး။ အာဏာပိုင်နဲ့ တွေ့ပြီး
လန်သွားတာ လား ၊ ဘာကြောင့်လဲတော့ မသိဘူး။” မိုင်းသောက်က ကိုဝင်းနိုင်က ပြောတယ်။ အရပ်ဖက်
အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒေသခံတွေ စံပြုလောက်တဲ့ အတိုင်းအတာ တစ်ခုထိ အောင်မြင်မှု ရအောင်
ကိုယ်ကျိုး မဖက်ဘဲ ဆောင်ရွက်သင့်တယ်။ ဒေသခံတွေရဲ့ အစွဲက ရှေ့လူက ဒီလို လုပ်သွားရင်
နောက်လူလည်း ဒီလိုပဲ လာမှာပဲ ဆိုတဲ့ အစွဲက ရှိတတ်တယ်။ ဒါကြောင့် ဒေသခံတွေရဲ့ ရေရှည်အကျိုးစီးပွား
လည်း ဖြစ်ထွန်းအောင်၊ ကိုယ့်အကျိုးလည်း အဆင်ပြေအောင် နှစ်ဖက်မျှတသော နည်းလမ်းဖြင့်
အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါကြောင်း မီးမောင်းထိုးပြလိုက်ချင်ပါတယ်။
Xxx`
အင်းလေးကန်ကြီးဟာ
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကနေ ၀င်ငွေ အမြောက်အများ ရှာဖွေ ပေးနေတဲ့ အပြင်၊ သဘာဝ
ဇီဝအ၀န်းအ၀ိုင်း နယ်မြေ တစ်ခု ဖြစ်တာကြောင့် မရှိမဖြစ် တန်ဖိုးထား လေးစားတတ်ရတဲ့ နေရာ
တစ်ခု ဖြစ်တဲ့ အပြင်၊ ကမ္ဘာ့အလယ်မှာလည်း ဂုဏ်ယူရမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလို အရေးပါလှတဲ့
အင်းလေးကန်ကြီးကို နိုင်ငံတော် အစိုးရ အနေနဲ့ မူဘောင်သစ်များ ချမှတ်ပြီးတော့ အမြန်ဆုံး
ပြင်ဆင်ရန် လိုအပ်နေပြီ ဆိုတာကို တင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျား ။
xxx
Writter
စည်သာ(တောင်ကြီး)
Eleven Media Group- 22 ရက်ထုတ် ဂျာနယ်ပါ ဆောင်းပါး
ကျေးဇူးတင်ပါသည်။
ReplyDelete