ကျိုးကြေသွားတဲ့ ဆည်းဆာချိန်
သိရ် (အေးသာယာ)
လမ်းဘေး မာလာဟင်း ရောင်းတဲ့ ဆိုင်လေးမှာ ညနေခင်း အလုပ်က အပြန် ၀င်ထိုင်မိတယ်။ လမ်းဘေး ဆိုင် ဆိုပေမယ့် ဈေးချိုသလို အစားအသောက်ကလည်း အဆင့်မီတယ်။ သန့်ရှင်း လတ်ဆတ်မှု၊ ပစ္စည်း မခိုမှု၊ အရသာ ကောင်းမှုနဲ့ တကွ ဆိုင်ရှင် အမကြီး ရဲ့ ဆက်ဆံ ရေး ပြေပြစ်မှု ၀န်ဆောင်အား တွေကြောင့် ခုလို အချိန်တို အတွင်းမှာ ဒီဆိုင်လေး အောင်မြင်တာပဲ ဖြစ်ပါလိမ့်မယ်။
သူ့ဆိုင်မှာ အတော်များများ ရပါတယ်။ မာလာ ၊ ကြေးအိုး၊ မြေအိုး၊ ခေါက်ဆွဲ နဲ့ ကြာဇံကြော်၊ သင်္ဘောသီးထောင်း စသဖြင့် လူတန်းစား မရွေး ကျား/မ၊ ကြီး/ငယ် မရွေး ကြိုက်နှစ်သက်တတ်တဲ့ အစားအစာတွေ ဆိုတော့ တချို့ဆို ထိုင်ခုံနဲ့ မဆန့်တော့လို့ မတ်တပ် အားပေးနေကြတာကို တွေ့ရပါတယ်။ ဆိုင်ပုံစံက လက်တွန်းလှည်း အကြီးစား သာသာ ရှေ့မှာ ထိုင်ခုံလေးတွေ ချထားတယ်။ ဘေးမှာလည်း ခွေးခြေပုလေးတွေနဲ့ စားပွဲလေး၂ လုံး။ ဒါပါပဲ..စောင့်နေရတဲ့ စားသုံးသူတွေက-
“မြန်မြန်လုပ်ပါဗျ၊ ဒီကိုလည်း တစ်ပွဲ”
အသံတွေက ညံနေရော။ စားသုံးသူတွေ အလျက်မီအောင် အလုပ်နဲ့ လက်နဲ့ မပြတ် ဇယ်ဆတ်သလို တစ်ယောက်ထဲ လုပ်နေရတော့ ဆိုင်ရှင်အမကြီး ပြာယာတွေ ခတ်နေတယ်။ အနောက်မှာ ပန်းကန်ဆေးနေတဲ့ ကောင်မလေး တစ်ယောက်လည်း ရှိပေမယ့် သူက ဘာမှတော့ ၀င်လုပ် မကူပါဘူး။ အထူးသဖြင့် မနက်ခင်း နဲ့ ခုလို ညနေခင်းတွေဆို လူပိုစည်လေ့ ရှိတာကို မိမိ သတိထားမိတယ်။
“စားနော်၊ မောင်လေး လိုတာရှိရင် ပြော”
ကိုယ့် အတွက် အလှည့် ရောက်လာတော့ သိန်းထီပေါက်သွားသလို ကျော်သွားတာတော့ အမှန်။ လူတိုင်း အစား နဲ့ ပတ်သက်ရင် ၀မ်းသာကြမှာပဲလေနော့်။ အဲဒီအချိန် မိမိဘေးက လူကြီး တစ်ယောက် ပိုက်ဆံကြိုရှင်းပြီး အသာအယာ ထသွားချိန်မှာ ချာတိတ်လေး တစ်ယောက် မပြောမဆို နဲ့ ဇွတ်ဝင်ထိုင်ပြီး၊ အဲဒီလူကြီး ရဲ့ ပန်းကန်ကို ဆက်စားနေလိုက်တယ်။ ချာတိတ်လေး ပုံစံကကုပ်ချောင်းချောင်း နဲ့ အားလုံးကို ကြောက်နေတဲ့ပုံပါပဲ။ ဆိုင်ရှင် အမကြီးကလည်း အလုပ်ရှုပ်နေတော့ အမှုမဲ့ အမှတ်မဲ့ သတိမထားမိလိုက်ဘူး။ ချာတိတ်လေး က ခေါင်းမဖေါ်တမ်း စားနေတယ်။ ချာတိတ် ၀တ်ထားစားထား တာတော့ လမ်းဘေးက လေလွင့်သူလေးတော့ မဟုတ်လောက်ဘူး၊ မိမိကသေချာကြည့်မိလို့ သိရတာပါ။ ချာတိတ်လေးလည်း စားလို့ကုန်တော့ ထပြန်မယ် အလုပ် အမကြီးက
“ဟေ့၊ ကလေး ဒါ ဘယ်လဲ ပိုက်ဆံရှင်းသွားဦးလေ…ရုတ်ရုတ် မလုပ်နဲ့”
ဆိုပြီး ချာတိတ်လေးကို ပြေးဖမ်းပါတယ်။ အဲဒီအခါ ချာတိတ်လေးက ကြောက်ကြောက်လန့်လန့် နဲ့
“သားဗိုက်အရမ်းဆာလို့၊ ဟို ဦးလေးကြီး ဆီက စားမကုန်တဲ့ အကျန်ကို သား ယူစားလိုက်မိတာပါ ခင်ဗျာ၊ သား အမှိုက်ကောက် သမား မဟုတ်ပါဘူး…။ အဖေတို့ အမေ တို့ကလည်း ခရီးထွက်သွားလို့ တစ်နေကုန် ဘာမှ မစားရသေးလို့ ပါ ခင်ဗျာ ”
ဆိုပြီး ရိုရိုသေသေ ပဲပြန်ဖြေပါတယ်။ ကလေးငယ်ရဲ့ ရိုးသားပွင့်လင်းတဲ့ စရိုက်နဲ့ သနားစရာ ဘ၀လေးကို မိမိ ရင်ထဲ ကိုယ်ချင်းစာမိပြီး ဘယ်လိုကြီး ဖြစ်သွားမှန်း မသိပါဘူးဗျာ။ စားလက်စ မာလာဟင်း ကိုတောင် ဆက်မစားနုငိတော့ပဲ ငွေရှင်းပြီး ထထွက်ခဲ့တယ်။ အိမ်က မိမိသားလေး ကော ဘယ်လိုလဲ။ ဒီရပ်ကွက်ထဲ၊ ဒီမြို့နယ်ထဲ ၊ ဒီပြည်နယ် နဲ့ ဒီ နိုင်ငံထဲမှာ အဲဒီလို ချာတိတ်တွေ အရေအတွက် ဘယ်လောက်တောင် များများ ရှိနေပြီလဲ ဆိုတဲ့ အတွေးက မျက်ရည်စတွေ အဖြစ် မိမိပါးပြင်ပေါ် လှိမ့်ဆင်းစေခဲ့ရဲ့….။
သိရ် (အေးသာယာ)
အမည်- ခွန်စည်သာဟိန်း
No comments:
Post a Comment