အလေးထားဆောင်ရွက်သင့်တဲ့ ပြည့်ရင်သွေး ရတနာ ကလေးငယ်လေးများ
ဒီတစ်ခါ ကလေးများ အကြောင်း ဆွေးနွေးတိုင်ပင်ချင်ပါတယ်။
ခုခေတ်ကလေးတွေဟာ သိပ်သနားဖို့ ကောင်းပါတယ်။ ၂၁ ရာစု ဦးပိုင်းမှာ
ဘက်စုံဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ အနာဂတ် ခေါင်းဆောင်တွေလို့ တင်စားခေါ်ဝေါ်ကြတဲ့
ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ ၀ါသနာ၊ အနုပညာနဲ့ စိတ်ခံစားမှုပိုင်း ဆိုင်ရာတွေဟာ
ပုံစံခွက်ကြီး တစ်ခု ထဲကို သွပ်သွင်းခံနေရပြီး၊ ကလေးတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်
နဲ့ ဖန်တီးလိုမှုတွေ ဆုံးရှုံးပျောက်ဆုံး နေတယ် လို့ ခံစားရတယ်။ အူဝဲဆိုပြီး မွေးစထဲက
လူပျိုပေါက် အရွယ် ရောက်တဲ့ အထိ သူတို့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင် ပုံစံတွေ အတိုင်းပဲ
ကလေးငယ်တွေဟာ ရှင်သန် ကြီးပြင်း လာကြရတယ်။
IT ခေတ်ကြီးနဲ့ အညီ ရင်ပေါင်တန်းနိုင်ဖို့ တက်လိုက်ရတဲ့ သင်တန်းတွေ၊
ပြင်ပ သင်တန်းတွေ မနည်းမနောပဲ ဆိုတော့ အချိန်ကို လုနေရတယ်။ သင်ကြားမှုတွေ များလာတာနဲ့
အမျှ သူတို့ရဲ့ ဆော့ချိန်က လျှော့နည်းလာပြီး၊ ကာယပိုင်းနည်းပြီး ဥာဏပိုင်းက ၂၄ နာရီ
အချိန်ပြည့် ဖြစ်နေတယ်။ အချိန်ပြည့် သင်နေရတော့ ကလေး တွေက ဟုန်လာတယ်။ ကျက်ရ ဆိုရ တဲ့
စနစ်ကြီးကို မုန်းတီး လာကြတယ်။ ဒါကြောင့် အရွဲ့ တိုက် ချင် တဲ့ ဘက်ကို ဦးတည် သွားလေ့
ရှိတတ်ကြတယ်။ ဒါကောင်းတဲ့ လက္ခဏာ တစ်ရပ်တော့ မဟုတ်ဘူး။ လူကြီးတွေက ဒါတွေကို နားလည်ပေးထားဖို့
လိုအပ်ပါလိမ့်မယ်။ သင်တာက တစ်ပိုင်းပေါ့လေ။ ဆော့ချိန်လေးလည်း တစ်နေ့ကို တစ်နာရီ ဖြစ်ဖြစ်
သီးသန့်လေးတော့ ဖဲ့ပေးသင့်တာပေါ့။ ဒါက တစ်ပိုင်းပေါ့လေ။
နောက်တစ်ချက် က မူလတန်း ကလေးငယ်လေးတွေ ကျောင်းသွားတဲ့အခါ တော်တော်များများက
ကျောပိုးအိတ် အကြီးကြီးတွေကို မနိုင်မနင်း သယ်သွား လွယ်သွားတာကို မြင်နေရတယ်။ ကြာလာရင်
သူတို့ ခမျာ ဒီစာအုပ်တွေ ကျောပိုးအိတ် အလေးကြီးတွေကို သယ်ရလွန်းလို့ အမာရွတ်တွေနဲ့
အရပ်တွေများ ပုကုန်မလားတောင် စိုးရိမ်မိတယ်။ ဒါဆို ကျောပိုးအိတ်မလွယ်ရအောင် ဘယ်နည်းနဲ့
လုပ်မလဲ။ ကျောင်းတိုင်းမှာ ကွန်ပျူတာတွေ နဲ့ ထားပြီး သင်တဲ့နည်း သုံးမလား။ စာအုပ်တွေကို
ကျောင်းမှာ ထားထားလို့ကော မရတော့ဘူးလား။ တခြား စဉ်းစားစရာလေးတွေ ရှိလာတယ်။ အတုယူသင့်တာ
တစ်ခုရှိတယ်။
ဂျပန်နိုင်ငံမှာ ရှိတဲ့ ကလေးတွေကို အသက် ၅ နှစ် ကျော်မှ ကျောင်းစထား
ပြီး သင်ကြားရေး စလုပ်တာ ပိုကောင်းတယ်လို့ သုတေသန ပြုချက်အရ သိထားပါပြီ။ ငယ်ငယ်ရွယ်ရွယ်
စာသင်ကြား ခံရဲတဲ့ ကလေးတွေဟာ ကြီးမှ သင်တဲ့ ကလေးတွေလောက် ဥာဏ်ရည် မမြင့်မားတာကို တွေ့လာရတယ်။
ကလေးက ကျောင်းနဲ့ကျူရှင်နဲ့ သင်တန်းနဲ့ ဆက်နေတော့ ကြာတော့ ရူးကြောင်ကြောင်
ဖြစ်လာတော့တယ်။ ဒီ ၀ဲဂယက် ကြီးကနေ ရုန်းမထွက် နိုင်ကြဘူး ဖြစ်နေတယ်။
နောက်တစ်ချက်က နည်းပညာ တိုးတက်မှုပေါ့။ ဒီဘက်ခေတ် ကလေးတိုင်း မလွတ်ကင်းနိုင်တာက
မိုဘိုင်း လက်ကိုင်ဖုန်းပေါ့။ အိမ်မှာ မွေးထားတဲ့ တစ်နှစ်သားကလေးတောင် မိုဘိုင်းဖုန်းကို
ဗီဒီယို ပြတော့မှ ငြိမ်တဲ့ အဆင့်ကို ရောက်တယ်ဆိုတော့ ကျန်တာ မပြောနဲ့တော့ ။ ဖုန်းတွေ၊
တယ်လီဗေးရှင်းတွေ ကြည့်ပါများတော့ ဘာဖြစ်လာလဲဆိုတော့ မျက်မှန်တွေ တပ်လာရတယ်။ ကလေးလေးတွေ
အရွယ်နဲ့ တောင် မလိုက်ဘူး။ မျက်မှန်ကြီးတွေ တကားကားနဲ့ ၁၀ ယောက်မှာ ၄ ယောက် လောက်က
အခုလက်တလော မြင်လာရပြီ။ TV နဲ့ ဖုန်းတွေ ကြည့်ပါများရင်လည်း ဆိုးကျိုးတွေက အတော်များသားလား။
မျက်စိပျက်ခြင်း(အဝေးမှုန်ခြင်း)၊ ဦးနှောက်ပျက်ခြင်း၊ ဖန်တီးနိုင်မှုစွမ်းရည် နည်းပါးခြင်း၊
စကားပြောဆိုနိုင်မှု စွမ်းရည်နည်းပါးခြင်း၊ ကစားချိန်နည်းခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်း၊
စာဖတ်နိုင်မှု စွမ်းရည်နိမ့်ကျခြင်း၊ လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ကစားချိန်နည်းခြင်း၊
နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ အကြောင်းမဲ့ စိတ်တိုခြင်း၊
ကိုယ်ကာယ အပြုအမူများ ကြမ်းတမ်း ရုန့်ရင်းခြင်း၊ ပညာရေး ဆိုင်ရာ လုပ်ဆောင်ချက်များ
နိမ့်ကျသွားခြင်း၊ အကြမ်းဖက်စိတ်ဓါတ်ကို အတုယူလုပ်ဆောင်လာတတ်ခြင်း စသဖြင့် လက္ခဏာတွေ
ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို TV နဲ့ မိုဘိုင်းဖုန်း အန္တရာယ်က
ကင်းဝေးအောင် ဘယ်နည်းလမ်းနဲ့ ရှောင်ကြဉ်ပြီး၊ ဘယ်အရာနဲ့ သူတို့လေးတွေကို စိတ်ဝင်စားအောင်
ပြန်ဆွဲဆောင်မလဲ ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လေးတွေ ဆွေးနွေးသင့်ကြတယ်။
သူတို့မှာ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်း ဆော့ရမယ့် ကွင်းပြင်တွေ
မရှိကြတော့ဘူး။ အုပ်စုဖွဲ့ ဆော့တတ်တဲ့ ဓလေ့ကလည်း ရှားပါးလာပြီ။ ကစားနည်း တွေကလည်း ကြာရင်
ပျောက်ကွယ်ကုန်မှာတောင် စိုးရတယ်။ မြေကြီးပေါ် ဆော့တဲ့ ကလေးတွေဟာ မြေဓါတ် ရတဲ့ အတွက်
ပိုပြီး သန်မာတယ်လို့ တောရွာဓလေ့ ရွာသူ ရွာသားများက ယုံကြည်ကြပါတယ်။ ငယ်ငယ်က ဆိုရင်
ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ ညောင်ရွက်လေးတွေ ခူးပြီးတော့ မြေကျွင်းထဲကိုထည့်ပြီးတော့
ခြေထောက်နဲ့ နင်းပြီး၊ မြေနတ်မင်း ရေ ဆီပေးပါ၊ ဆားပေးပါ၊ ဆိုပြီး ထုတ်လိုက်တော့ အဟုတ်ပဲ
မန်ကျည်းရွက် သုပ်မှာ ဆီဆမ်းပြီးသား ဖြစ်သွားတယ်။ ဒါကြောင့် တောရွာနေ ကလေးငယ်များဟာ
မြေဓါတ်ပိုရတဲ့ အတွက် မြို့နေ ကလေးငယ်များထက် ပိုသန်မာပြီး ကျန်းမာသန်စွမ်းလေ့ ရှိပါတယ်။
စားသောက်မှု ပုံစံကလည်း မတူညီကြပါဘူး။ ရွာတွေမှာက အော်ဂန်နစ် အစားအသောက်တွေကို
လတ်လတ်ဆတ်ဆတ် စားသောက်နိုင်ပေမယ့် မြို့ပေါ် ကလေးတွေ ကတော့ လတ်ဆတ်အာဟာရ ပြည့်မယ့်အစာ
တွေ မစားသောက်နိုင်တော့ဘူး။ ဆိုးဆေးတွေ၊ ဓါတုဆေးဝါးတွေ ကမ်မီကယ်တွေ၊ တစ်ခါသုံး အစားအသောက်တွေ၊
ဂျန့် ဖု ခ်ျတွေ၊ ကိုးရီးယား အကင်တွေ၊ ဓါတ်မြေသြဇာနဲ့ စိုက်တဲ့ သီးနှံတွေ နဲ့ မသန့်ရှင်းတဲ့
ချက်ပြုတ်ရောင်းချမှု ပုံစံတွေကြောင့် အနာဂတ် ကလေးငယ် တွေရဲ့ ဘ၀ ဟာ ရင်လေးစရာတွေ ပါပဲ။
ပိုပြီး အဆိုးဆုံးကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကလေးသူငယ်တွေပါပဲ။
နိုင်ငံတကာ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး (Child Right) ကို သဘောတူညီထားတဲ့ နိုင်ငံတွေထဲမှာ
မြန်မာ နိုင်ငံ ဟာလည်း တစ်နိုင်ငံ ပါဝင်ခဲ့ပါပြီ။ ဒါပေမယ့် ကလေးသူငယ် ဆိုင်ရာ လုပ်အားခ
ခေါင်းပုံဖြတ်ခံရခြင်း၊ ကျွန်ပြုရောင်းစားခံရခြင်း၊ အရွယ်မတိုင်ခင် လုပ်အား အလုပ်ခိုင်းစေခြင်းနဲ့
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တွေမှာ ဖိနှိပ်ညှဉ်းပန်းခြင်းတွေကို မြင်နေရ၊
တွေ့နေရ၊ ကြားနေရ ဆဲလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လမ်းဘေးမှာ တောင်းရမ်းစားသောက်နေရတဲ့ ကလေးသူငယ်တွေ၊
စီးပွားရေး အဆင်မပြေလို့ ကြုံရာ အလုပ် ၀င်လုပ်နေကြတဲ့ ကလေးတွေ၊ အမှိုက်ကောက်နေကြတဲ့
ကလေးတွေ အများကြီး ကျောင်းမနေ နိုင်ကြပါဘူး။ ဒီကလေးတွေကို တတ်နိုင်တဲ့ ချမ်းသာကြွယ်ဝသူတွေက
မျက်ကွယ် မပြုသင့်ပါဘူး။ အခြားနိုင်ငံတွေ မှာ အဆင်မပြေတဲ့ မိသားစုတွေကို တတ်နိုင်တဲ့သူတွေက
အမျိုးချင်းပဲ ဖြစ်ဖြစ် ထောက်ပံမှု တွေ လုပ်ပါတယ်။ ကျွန်တော်တို့လို ဗုဒ္ဓဘာသာ ထွန်းကားတဲ့
နိုင်ငံတစ်နိုင်ငံမှာလည်း ဒီလိုပဲ လက်တွေ့ဆန်တဲ့ ကုသိုလ်မျိုးကို ပြုကြဖို့ အလိုရှိပါတယ်။
ဘုရားရွှေသင်္ကန်း ကပ်လှူခြင်း၊ စေတီတည်၊ ကျောင်းဆောက်ခြင်း၊ ဘုန်းကြီးကျောင်း ဆောက်လုပ်ခြင်းတို့ဟာ
ပစ္စုပ္ပန်ရော၊ အနာဂတ် အတွက်ပါ များစွာမှ အကျိုးရှိပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်ရင်လည်း
လက်တွေ့ဆန်တဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ် အတွက် ပိုပြီး
အကျိုးများစေတယ် ဆိုတာကိုသာ သိရှိခဲ့မယ် ဆိုရင် လူသားတိုင်းဟာ မိမိတို့ သောက်နေတဲ့
အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာတွေကို မသောက်မစားတော့ဘဲ လှူမိကြမှာ အမှန်ပါပဲ။ ဒီနိုင်ငံမှာက
ဆင်းရဲ တယ် ဆိုရင် “ကံအကြောင်းမလှလို့ ဖြစ်တာ၊ သူ့ကံနဲ့ သူပဲလေ ၊ ခံပေါ့ ။ ဒါန နည်းခဲ့လို့
ဖြစ်တာပေါ့ ” ဆိုပြီးတော့ အပြစ်ပုံချကြပြီး အမျိုးရင်း တွေတောင် မမြင်ချင်ယောင်ဆောင်
နေတတ်ကြတယ်။ လိုအပ်တဲ့ အရင်းအနှီးတွေ ထုတ်ပေးမယ်လို့ မစဉ်းစားဘူး။ ကလေးတွေအတွက် ထည့်မတွက်ဘူး။
အပြစ် အရင်ပုံလိုက်ကြတယ်။
ဒါကတော့ နောက်ဆုံးနဲ့ အဆိုးဆုံး စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက် တွေပါပဲ။
ဒါတွေ အဆုံးသတ် သွားဖို့က ကောင်းမွန်တဲ့ အစိုးရ တစ်ရပ်မှာပဲ အဖြေရှိပါလိမ့်မယ်။ ကောင်းမွန်တဲ့
အစိုးရတစ်ရပ်လို့ ဘာကြောင့် ပြောရလဲ ဆိုရင် အစိုးရသစ်သာ ကောင်းမွန်ခဲ့ရင် အရပ်ဖက် အဖွဲ့တွေနဲ့
အခြား လူမှု အဖွဲ့အစည်းတွေ အားလုံးက အစိုးရသစ်နောက်ရဲ့ လမ်းကြောင်းမှန်ကို လိုက်ဖို့အတွက်
အဆင်သင့် ရှိနေကြလို့ ပါပဲ။
နောက်ဆုံး နိဂုံးချုပ် အနေနဲ့ ဆုတောင်းပေးချင်တာကတော့ မိမိနိုင်ငံကို
အကျိုးပြုနိုင်သော ကျန်းမာ ကြံ့ခိုင် သန်စွမ်းတဲ့ အမျိုးသားကောင်း၊ အမျိုးကောင်းသမီးလေးများ
ဖြစ်ထွန်းကြပြီးတော့ ပြဿရပ် တိုင်းကို ညင်သာ ချောမွေ့စွာ ကိုင်တွယ် ဖြေရှင်းနိုင်ကြပါစေလို့
ကျွန်တော်က ဆုတောင်းပေးလိုက်ရပါတယ်။
Xxx
ကလောင် - စည်သာ(တောင်ကြီး)
No comments:
Post a Comment