Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

ငါးမည်ရ မြို့ကလေး

ငါးမည်ရ မြို့ကလေး 

စည်သာ(တောင်ကြီး)

နိဒါန်း

မိုးရေထဲမှာလမ်းလျှောက်ရင်းနဲ့ ကိုရင်မောင် တစ်ယောက် ရင်ပြင်တော်ပေါ်မှာဘုရားဖူးနေတယ်။ သူ့ကျောပြင် ပေါ်မှာစိုနေတဲ့ မိုးရေတွေကသူ့ရင်ထဲကအပူမီးတွေကို ငြိမ်းသတ်ပေးနိုင်လိမ့်မယ် လို့ မထင်ပါဘူး။ ဘုရားမှာဘာတွေ တောင်းဆုခြွေလည်းဆိုရင် ကျွန်တော်ထင်တယ်၊ မြို့ကလေးမှာရှိတဲ့ မတရားမှုတွေ ဖယ်ရှားပေးပြီး၊ အမှန်တရားအတွက် အလင်းဆောင် နိုင်သူ ဖြစ်ပါစေသားရယ်လို့ ဆုတောင်းပြီးဦးချနေတာလားတော့ မသိ။

အမြဲတမ်း ပြုံးပြုံးလေးနေတတ်သူ၊ ပြည်သူတွေဘက်ကရပ်တည်ပြီး၊ အမှန်တရားရဲ့ ဘက်တော်သားများအဖြစ် ခံယူထားသူအဖွဲ့တွေထဲမှာလက်ချိုးရေကြည့်လို့မှ ဒီ နှစ်ယောက်ပဲကျန်တော့တာ။

“ ရပ်စောက်မှာလည်းမတရားမှုတွေ အများကြီးရှိတယ်။ ကျွန်တော်က ကျိုင်းခမ်းကျေးရွာမှာနေတာ၊ ရပ်စောက်မှာလည်းနေတယ်လေ။ ကျိုင်းခမ်းကျေးရွာမှာလူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိတယ်။ အုပ်ချုပ်ရေးမှူး ကိုယ်တို်င်က ကျူးလွန်နေတာတွေ၊ ဒါတွေကို ကျွန်တော် မှတ်တမ်းတင်ထားတယ်။ တစ်နေ့ကျ ရင် အားလုံးကိုဖော်ထုတ်လိုက်တော့မယ်။ ”

ဟုကိုရင်မောင်ကဆိုသည်။

နယ်စည်းမခြားလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ လူမှုတက်ကြွလှုပ်ရှားသူ ဦးစိန်ဝင်း နှင့် ဦးရင်မောင် တို့ကရပ်စောက်မြို့ရဲ့ အထင်ကရငှက်ကြီးအန် တောင်ပေါ်ကိုရောက်ဖူးတယ် ရှိအောင် ကျွန်တော် တို့ကိုလိုက်ပို့ပေးနေတာလည်း ဖြစ်တယ်။ အလယ်ချောင် ရွာရောက်တော့ မိုးရွာလိုက်တာမျက်လုံးတောင် မပွင့်တော့ဘူး။ ငှက်ကြီးအန်တောင်ကိုရောက်ခါနီးတော့ မိုးကသူမဟုတ်သလိုတိတ်သွားပြန်တယ်။ တောင်ပေါ်ရောက်တော့ မိုးဖွဲလေးကျနေတာရပ်စောက် အပေါ်စီး ရှုခင်းလေးကအတော်လွမ်းစရာကောင်းတာ။

xxxx

၅ မည်ရ မြို့ကလေး

ရပ်စောက်မြို့ဟာ ၅ မည်ရမြို့ကလေး ဖြစ်ပါတယ်။ မင်းတုန်းမင်းလက်ထက် ကုန်းဘောင် ၁၁ ဆက်တွင် ၁၀ ဆက်မြောက် မင်း၊ ရပ်စောက် စော်ဘွားကြီးအာယုဒီဃကျော် အုပ်စိုးခဲ့ဖူးစဉ်ကရပ်စောက်ကို ရဿဝတီ ဟုခေါ်ခဲ့သည်။ ရသသည် ကြည်လင်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းရသရှိပြီး၊ ၀တီ သည် မြစ် ။ သာယာငြိမ့်ငြောင်းဖွယ် စီးဆင်းနေသော မြစ်ကလေးရှိသော မြို့ကိုရပ်စောက် မြို့ဟုခေါ်သည်။ ထိုစဉ်ကကုန်းဘောင် ၁၀ ဆက်ရမင်းလက်ထက်တွင် ၆ စလွယ်ရသောရပ်စောက် စော်ဘွားကြီးအာယုဒီဃာကျော် လက်ထက်တွင် ထောင်ပြု မြို့ တစ်မြို့ ဖြစ်ခဲ့သည်။ ထောင်ပြု မြို့ ဟူသည် စစ်သည်အင်အားထောင်ဂဏန်းစုထားသော မြို့လေးတစ်မြို့လည်း ဖြစ်သည်။

ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက်တွင် ပိန္နဲပင်ကိုခြေမနဲ့ ညှပ်ပြီးရပ်ရင်းနဲ့ စိုက်ခဲ့သဖြင့် “ ရပ်စိုက်” ဟုဦးစွာ ဖြစ်ပေါ်ခဲ့ကြောင်းပါးစပ်စကားရှိသည်။နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်သည် ရဲမက် ဗိုလ်ပါ များစုရုံးရသော မြို့ ဖြစ်တဲ့ အတွက် ရပ်စု မြို့ ဟုလည်းကောင်း၊ ရပ်စောက်ဟု ဖြစ်ပေါ်လာကြောင်းသိရသည်။ ထို့ကြောင့် ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ် တို့တွင် ရပ်စိုက်၊ ရပ်စု၊ ရဿဝတီ၊ ယောက်ဆောက်၊ ရပ်စောက် ဟူ၍ လည်းကောင်းအသီးသီးပြောင်းလဲလာခဲ့ကြောင်းဖတ်မှတ်လေ့လာရဖူးပါသည်။

နောက်ပိုင်းခေတ်တွင် ရှမ်းလိုလောက်ဆောက် ဟုခေါ်ရာမှ ဗမာမှုပြုရင်းယောက်ဆောက် မှ တဖြည်းဖြည်း နှင့် ရပ်စောက်ဟူ၍ ဖြစ်ပေါ်လာကြောင်း၊ ၅ မည်ရ မြို့ကလေးအဖြစ် သိထားရဖူးပါတယ်။

Xxx

နဂါးပတ်မြို့၊ နဂါးဝှက် မြို့

ရပ်စောက်မြို့ရဲ့ အဓိကဂုဏ်ထူး ၀ိသေသမှာ နဂါးပတ်မြို့၊ နဂါးဝှက် မြို့ ဖြစ်ပါတယ်။ နဂါးက ၀ှက်ထား တယ်။ ရပ်စောက်မှာအင်းခေါင်းဆိုသောရေကြည်ချောင်းရှိပါတယ်။ ရေကြည်ချောင်းရဲ့ အဦးဆုံးရေထွက်ဦးဟာအင်းခေါင်း၊ မြို့လည်မှာ ဖြတ်စီးနေသည်မှာအင်းလယ်၊ တိုးနီဗန်းကွေးတို့မှာအင်းမြီးရှိကြောင်း၊ အင်းမြီးရွာဟုယခုတိုင် ရှိကြောင်းသိရတယ်။ နဂါးတစ်ကောင် ပတ်ပြီးစီးသွားသော မြို့၊ နဂါးပတ်မြို့၊ နဂါးဝှက် မြို့ ဟု ရာဇ၀င် ထဲတွင်လည်းဖတ်မှတ်ဖူးပါသည်။ ရှေးကမည်သည် ရဿဝတီ ဟူသောသီချင်းလည်းရှိပါသည်။

အများအားဖြင့် ဓနုတိုင်းရင်းသားလူများစုနေထိုင်ကြပြီး၊ အခြားတိုင်းရင်းသားများလည်းနေရာအနှံ့ နေထိုင်ကြသည်ကိုတွေ့ရပါတယ်။ မူလတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကိုသာအဓိကအသက်မွေး ၀မ်းကျောင်း ပြုကြပါသည်။

Xxx

ရင်ဘတ်တစ်ခြမ်းခွဲထုတ်ပေးလိုက်သော မြို့ကလေး

ဦးနုလက်ထက် ၁၉၅၈ ခုနှစ် ခန့်တွင် ရပ်စောက်ကိုအာဇာနည် သူရဲကောင်းကြီးအထက်ဗမာပြည် တိုင်းမှူး ဗိုလ်ဗထူးကိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ပြုကာဗထူးတပ်နယ်ကိုတည်ခဲ့သည်။ သက်ဆိုင်ရာတိုက်ခိုက်ရေးကျောင်း၊ ထောက်ပို့၊ ဗိုလ်သင်တန်းကျောင်း ၂၀ မှ ၃၀ ကြားရှိပြီး၊ ခြေလျှင် ခြေမြန် တပ်၊ အထိုင် တပ် များဖြင့် ရပ်စောက်မြို့မှ ရင်ဘတ် တစ်ခြမ်းခွဲထုတ်ပေးလိုက်တဲ့ မြို့မှာဗထူး မြို့ကလေးပင် ဖြစ်ပါတယ်။

တောင်သူတွေ ရင်ဘတ်ထဲကခွဲပေးလိုက်ရသောရပ်စောက်မြို့ကလေးသည် ကန်တော်မင်အက်ဥပဒေဒဏ် ကိုအနည်းနဲ့ အများခံရပြီ ဖြစ်ကြောင်းသိရတယ်။ ကန်တော်မင် ဆိုသည်မှာတပ်နယ် စည်ပင်သာယာရေးနယ်နိမိတ် ပင်တည်း။ တပ်မတော် ရဲ့ ကာကွယ်ရေး နှင့် လုံခြုံရေးအလို့ငှာ နိုင်ငံတော် အတွက် လိုအပ်လျှင် အသုံးပြုရန် မြေနေရာချန်ထားသည့် သဘောပင်။ ထိုနေရာတွင် လိုအပ်သည့်အချိန်တွင် လိုအပ်သည့် အတိုင်းအတာ၊ ပမာဏ ၊ လိုအပ်သောကာလအထိသာသိမ်းယူခွင့် ရှိကြောင်းတပ်သိမ်းမြေများဆိုင်ရာအက်ဥပဒေအရသိထားရပါတယ်။

Xxx

ငှက်ကြီးတောင် သာသနာ့ နယ်မြေ

ရပ်စောက်မြို့တွင် သမိုင်းဝင် ငှက်ကြီးတောင် သာသနာ့ နယ်မြေလည်းရှိပါတယ်။ ပုဂံခေတ် ရာဇ၀င် သမိုင်းများတွင် ဖတ်ဖူးခဲ့သောငှက်ကြီး၊ ဆင်ကြီး၊ ကျားကြီး၊ ရှူးပျံကြီး၊ တို့ကိုသူရဲကောင်းတို့မှ လိုက်လံ နှိမ်နှင်းသော ရာဇ၀င် များကိုလူတိုင်းဖတ်ဖူးပေလိမ့်မည်။

ပျူစောထီးလက်ထက်တွင် AD-3 ရာစု၌ ပျူနိုင်ငံထူထောင်ရာတွင် တောကောင်အန္တရာယ်ကို နှိမ်နင်းပြီးပုဂံသမိုင်းအစ ဖြစ်သည်။ အဆိုပါ ပုဂံခေတ် လက်ကျန် ငှက်ကြီးတစ်ကောင်ဟာရပ်စောက်တစ်ကြောမှာနေ့စဉ် သောင်းကျန်းနေလို့ သမီးကညာအဖော် ၇ ယောက် ဆက်သရပါတယ်။ သမီးကညာများဟာအပျိုစင် စစ်စစ် ဖြစ်ရပြီး၊ မှဲ့တစ်ပေါက် စွန်းလို့ မရတဲ့အပြင် ၊ မိန်းမတို့ရဲ့ ကောင်းခြင်းအင်္ဂါ ၆ တန် နဲ့လည်း ပြည့်စုံရတယ်လို့ ဆိုပါတယ်။ ငှက်ကြီးဟာသမီးကညာ ၇ ဖော်ကိုစားသုံးပြီးရပ်စောက်မြို့ အနောက်ဘက် မန်ကျည်းကုန်းကျေးရွာတွင် ငှက်ကြီးအန် သာသနာ့တောင်ပေါ်တွင် သမီးကညာ ၇ ဖော် အရိုးစုကိုလာရောက် အန်လေ့ ရှိကြောင်း၊ ဒါကြောင့် ငှက်ကြီးအန် တောင်တော်ဟူ၍ သမိုင်းဝင် နေရာရှိခဲ့ကြောင်း ရာဇ၀င် များအရသိရသည်။

ယခင်ကငှက်ကြီးအန် တောင်ပေါ်တွင် စွန်ရဲ(သို့မဟုတ်) သိမ်းငှက် ကဲ့သို့ အကြီးစားငှက်ရုပ်ကြီးကိုထုလုပ် ထားပြီး ၊ ယခုအခါ ဟင်္သာငှက်ကိုသာထုလုပ်ထားနိုင်တာကိုတွေ့ရတယ်။

ကျောက်ပုတီးကုန်းတွင် ငှက်ကြီးအပျိုကညာများကိုစားသုံးခဲ့ပြီး၊ တောင်ပေါ်ရှိတောတွင်းတစ်နေရာတွင် လာရောက်အန်ခဲ့ကြောင်းငှက်ကြီးအန်ကျောင်းမှ ကိုယ်တော် ပြောကြားချက်အရသိရသည်။

အခြားထင်ရှားသောနေရာများ

ရွှေဥမင် စေတီသည်စော်ဘွားကြီးစောခွန်ဆာလက်ထက်တွင် တည်ထားပြီး၊ စူဠာမုနိစေတီ(ခေါ်)ရွှေဘုန်းပွင့် စေတီတော်သည် စော်ဘွားကြီးစောစောဆိပ်(စောခွန်ဆာ၏ မြေးတော်) တည်ထားသော နှစ်ပေါင်းရာချီသောရှေးမူလက်ရာများကိုဖူးမြင်နိုင်ပါသည်။

ထို့ပြင် ဗထူးစမ်းဆိုသောစိမ့်စမ်းလေးတစ်ခုရှိပြီးတပ်နယ်မှ အများပြည်သူအပန်းဖြေရန် သတ်မှတ်ထား ခြင်းမရှိဘဲ ပြည်သူများသွားရောက်လျှင် လွတ်လပ်စွာသွားလာခွင့် မရှိကြောင်းဒေသခံတို့ကပြောသည်။ ဗိုလ်မှူးကြီးဗထူး၏ ရင်ဘတ် ထဲတွင် ရှိသောစမ်းကလေး ၊ ဗိုလ်ဗထူး နှလုံးသားလိုအေးမြစေချင်ပြီး၊ စမ်းရေကိုသောက်သုံးချင် သော်လည်းစစ်ဆေးခံရခြင်းများရှိကြောင်းသိရသည်။

Xxx

တြိဂံ မြို့ကလေး

ဒီမြို့မှာအစိုးရ ၃ မျိုးရှိတယ်။ တစ်မျိုးကအစိုးမရဘူး။

ဒီမြို့မှာထုတ်ကုန် ၃ မျိုးရှိတယ်။ တစ်မျိုးကလူတွေကိုရူးသွပ်စေတယ်။

ဒီမြို့မှာမိန်းမ ၃ ယောက် ရှိတယ်။ တစ်ယောက်ကမလိမ္မာဘူး။

ဒီမြို့မှာသား ၃ ယောက် ရှိတယ်။ တစ်ယောက်ကသောင်းကျန်းတယ်။

ဒီမြို့မှာကိုယ်စားလှယ် ၃ ဦးရှိတယ်။ တစ်ယောက်မှ မျက်စိ၊ လက်၊ ခြေထောက်တွေ မပါဘူး။

ဒါကတော့ ရပ်စောက်အတွက် ရေးစပ်ထားတဲ့ ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်။

Xxx

ယပင့် ရ ရစ် မပြုတ်သေးတဲ့ မြို့

အဲဒီမြို့ကလေးကသိပ်တော့ မစည်ကားသေးပါဘူး။ မြို့မကျ၊ တောမကျ မြို့ကလေးလို့ ဆိုပါတော့။ ရပ်စောက် ဆိုတာယခင်ကစစ်စခန်း မြို့ကလေးတစ်မြို့ ဖြစ်ပြီးတော့ ယခုလည်းဘဲစစ်တပ် အများဆုံးရှိတဲ့ မြို့ကလေးဘဲ ဖြစ်ပါတယ်။ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ရပ်စောက်နဲ့ ဗထူးပါကွာတဲ့။ ဆိုလိုတာကအတူတူပဲဆိုတဲ့ အဓိပ္ပါယ် ။ ရပ်စောက်နဲ့ ဗထူးသည် ၄ မိုင်ခန့် သာ ဝေးသော မြို့ကလေး ၂ နှစ်မြို့ ဖြစ်ပြီး၊ အင်မတန် နီးကပ် နေတာ ဖြစ်လို့ ဒီဆိုရိုးစကားပြောကြခြင်းဖြစ်တယ်။

“ ဗထူးလိုကိုယ်ကျိုးမဖက်တဲ့ စစ်သားကြီးတစ်ယောက် ရပ်စောက်မှာထားပေးပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ”

ဟုလူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ဝင်းက ဆိုသည်။

တရားရုံးထုတ်ချိန်ရောက်တိုင်း၊ ဟောပြောပွဲတိုင်းမှာတောင်သူတွေကိုကိုစိန်ဝင်း ပြောနေကျ စကားတစ်ခုရှိတယ်။ ရပ်စောက် က လူတွေကယပင့်နဲ့ ရ ရစ် မပြုတ်ကြသေးဘူး။ ကျောက်ခေတ် ထဲကနေရုန်းမထွက်နိုင်သေးဘူး။ ကျောက်ခေတ် နဲ့ ကြောက်ခေတ် ထဲမှာရပ်စောက် မြို့ ကလေးဟာအိပ်မောကျလို့ နေပါတယ်လို့ ဆိုတယ်။ ဒါကလည်းရပ်စောက်သည် ၇၀ ရာခိုင်နှုန်းသော ၀န်ထမ်း မြို့ကလေး ဖြစ်တဲ့ အတွက်၊ အုတ်တံတိုင်းများစွာအရှည်ကြီးကာရံထားသော မြို့လေး ဖြစ်တဲ့ အတွက် ကြောင့်လို့ ကျွန်တော် ပြောလိုက်တော့ မျက်နှာလေးညှိုးငယ် သွားတာ မြင်လိုက်ရတယ်။မြေသိမ်းခံတောင်သူတွေကို ကြည့်လိုက်တော့လည်းသူတို့ မျက်လုံးတွေမှာမျက်ရည်စတွေ စို့နင့်နေတာကိုနေရောင် အောက်မှာမြင်လိုက်ရပါတော့တယ်။

XxxxXxx

ကလောင် - စည်သာ(တောင်ကြီး)

နေ့စွဲ - 22- 10 - 2016

No comments:

Post a Comment


Aung Hein - နည်းပညာ