နမ့်တိန်းချောင်း ဖြတ်စီးနေတဲ့ ရှမ်းပြည်နယ်ရဲ့ အလယ်ဗဟို မှ သံရိုင်းထွက်တဲ့ မြို့ကလေး
စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အင်မတန်သာယာလှပတဲ့ ရှုခင်းတွေ အများကြီးကျန်ပါသေးတယ်လို့ ကျွန်တော့် မိတ်ဆွေတွေကို ကြုံတိုင်း ကြွားပါတယ်။ အမှန်တကယ်လည်း ရှုမျှော်မဆုံးတဲ့ သိပ်ကို လှပတဲ့ နေရာဒေသတွေ ပိုင်ဆိုင်ထားတာပါ။ အဖိုးမဖြတ်နိုင်တဲ့ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ သဘာဝတရားကြီး ပိုင်ဆိုင်ထားရ တဲ့အတွက် ရှမ်းပြည်နယ်ဟာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလိုပါပဲ။
×××
ရှမ်းပြည်နယ်ရဲ့ အလယ် ဗဟိုတည့်တည့် က မြို့ကလေး
မယုံရင် GPS ကို ဖွင့်ကြည့်လိုက်လို့ရပါတယ်။ ရှမ်းပြည်နယ်ရဲ့ အလယ်တည့်တည့် မြို့ကလေးဟာ လဲချားမြို့ ဖြစ်ပါတယ်။ လွိုင်လင်ခရိုင် အတွင်းမှာ ဆိုရင်လည်း လွိုင်လင် နဲ့ မိုင်းကိုင် ကြားထဲမှာ လဲချားမြို့လေးဟာ အလယ်တည့်တည့် ရှိနေပါတယ်။
မြို့ရဲ့ မြောက်ဘက်ကနေ တောင်ဘက်အထိ ဒေါင်လိုက်အနေအထား အတိုင်း နမ့်တိန်းချောင်းလေးဟာ ဖြတ်သန်းစီးဆင်းနေတာလည်းဖြစ်ပါတယ်။ လဲချားမြို့ မြေပုံထဲမှာ ကြည့်လိုက်မယ်ဆိုရင် ဘယ်နဲ့ညာ အနားသတ်မျဉ်းအတိုင်း နမ့်တိန်းချောင်းကလေး က ပိုင်းခြားထားသလိုလဲ ဖြစ်နေပါတယ်။ လဲချားမြို့သည် လွိုင်လင်ခရိုင်တွင်ပါဝင်ပြီး၊ တောင်ဘက်တွင် ပင်လုံမြို့၊ နမ့်စန်မြို့နယ်၊ အရှေ့ဘက်တွင် မိုင်းနောင်၊ မြောက်ဘက်တွင် မိုင်းကိုင်မြို့နယ်၊ အနောက်ဘက်တွင် ဟိုပုံးမြို့နယ် တို့နှင့် ထိစပ်နေပါသည်။
×××
ကုန်သည်တွေ သွားလာရာ နားခိုသောအရပ်
ရှမ်းအခေါ် လိုက်ခါ ၊ (Laikha) လဲချားသည် ရှမ်းဘာသာစကား လိုက်ခါ (Lai Khar) ကုန်သည် လှည်းသမားများ သွားလာသော နေရာဟု အဓိပ္ပါယ် သက်ရောက်ကြောင်း သိရသည်။ ရှေးခေတ်အခါက ကုန်သည်ကြီးများဟာ ပေါင်းမိုးပါတဲ့ လှည်းတွေနဲ့ခရီးထွက်လေ့ ရှိကြပြီး၊ တောင်ပေါ်ဒေသတွေမှာ လားတို့ မြင်းတို့နဲ့ အသုံးပြုကြတာ များပါတယ်။
“ပင်လုံ” ဆိုသော စကားသည် ရှမ်းစကား ပန်လုံ (Pang Long) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး၊ ကျယ်ဝန်းပြန့်ပြူး သော လွင်ပြင် ကျယ်ကြီး (ကွင်းပြင်)၊ ပန် (ကွင်း) လုံ (ကျယ်/ကြီးသည်) ဟု အဓိပ္ပါယ် ရကြောင်း သိရသည်။ လွိုင်ဆမ်ဆစ် သည် တောင် ၃၀၊ လွိုင်လင်သည် ရှမ်းစကား တောင်ချွန်း ကို ဆိုလိုကြောင်း၊ စသဖြင့် မှတ်သားဖူးပါတယ်။
×××
သံရိုင်းတွေ ထွက်တဲ့ တောင်ပေါ်မြို့ကလေး
လဲချားမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၁၁၆ ပေ အထက်တွင် တည်ရှိပါတယ်။ လဲချားမြို့နယ် ဟာ မုတ်သုန်ရာသီဥတုရှိပြီး၊ အမြင့်ဆုံး အပူချိန် (၃၆) ဒီဂရီစင်တီဂရိတ်ရှိပြီး၊ အနိမ်ဆုံး (၇) ဒီဂရီစင်တီဂရိတ်ရှိပါတယ်။
လဲချားမြို့နယ်မှ ထွက်ရှိသော သံနှင့် ယွန်းထည်ပစ္စည်းများမှာ ထင်ရှား၍ မြောက်ဘက်ရှိ နာမည်ကျော် ဓါးထုတ်လုပ်ရာဒေသဖြစ်သော ဟမ်းငိုင်းသည်လည်း ဓါးလုပ်ငန်းနှင့် နာမည်ကြီး လူသိပါတယ်။ မိုင်းကိုင် ဟာ ဆိုရင် ခွန်ဆမ်လောနှင့် နန်းဦးပြင်ပုံပြင် ရှိပြီး၊ မြေသား ရေတကောင်း နာမည်ကျော်ပါတယ်။ အနောက်ဘက်တောင်တန်းများမှ သံရိုင်းများကို တူးဖော်၍ ရရှိလာသော သံများကို ထိုနေရာမှာပဲ သံရေကျိုပြီး သံထည်ပစ္စည်းများ လုပ်ကိုင်ကြကာ ရှမ်းတောင် တစ်ကြောကို ဖြန့်ဖြူးရောင်းချပါတယ်။ နောက်ပြီး နီကယ် လည်း ထွက်ရှိတယ်လို့ သိရတယ်။ ရှေးယခင်က လဲချားထွက်ရှိသော ယွန်းထည် ပစ္စည်းများ လက်ရာအထူးကောင်းမွန်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။
ထင်ရှားသောချောင်းမှာ မိုင်းကိုင်မြို့မှ မြစ်ဖျားခံလာသော နမ့်တိန်းချောင်းဟာ မိုင်းကိုင်မြို့ကို ဂ ငယ်ပုံစံ ဖြတ်စီးပြီးတော့ တောင်ဘက်မှာ ရှိတဲ့ လဲချားမြို့နယ်ကို တောင်မှမြောက်သို့ ဖြတ်စီးဆင်းပြီးတော့ နမ့်စန်မြို့နယ် ဖြတ်သန်းကာ သံလွင်မြစ်အတွင်းသို့ စီးဝင်သွားပါတယ်။
လဲချားမြို့နယ် ထူးခြားချက်မှာ ကျွန်တော် ရောက်ရှိသော ကျေးရွာအတော်များများ ရေကန်ကြီးတွေ ပေါများတာ ကို တွေ့ရှိရပါတယ်။ ကျေးရွာတစ်ရွာကို ရေကန်ကြီး တစ်ကန်နှုန်းလို့တောင် ပြောလို့ရလောက်ပါတယ်။ ကျေးရွာ ရေတွင်းတွေကလည်း တောင်ခြေနီးရင် အင်မတန်ရေကောင်းပြီးတော့ တိမ်လွန်းလို့ လက်နဲ့ခပ်လို့ရလောက်ပါတယ်။ ရှမ်းပြည်မှာ အင်မတန်ရှားပါးတဲ့ လင်းတ (လဒ) ငှက်တွေ ပျံဝဲ နေတာကိုလည်း တွေ့ရပြီးတော့ သစ်ပင်အောက်ခြေမှာ ခုန်ပေါက်နေတာကိုလည်း မြင်တွေ့ရတယ်။
ဝမ်ယိန်းကျေးရွာအုပ်စုကို သွားတဲ့လမ်းကို ခုထိမှတ်မိပါသေးတယ်။ ပင်လုံရောက်ခါနီးအထိ ပြန်ဆင်းလာပြီး လမ်းခွဲအတိုင်း တောင်နှစ်လုံး လမ်းကြားလေးအတိုင်း လေးဆယ့်ငါးမိနစ်လောက် ကားမောင်းရပါတယ်။ ကောင်းကင်မြေပုံကနေ ကြည့်မယ်ဆိုရင် တောင်တန်းကြီးနှစ်သွယ်ရဲ့ ကြားထဲမှာ ကားလမ်းလေး ဖြစ်နေပါတယ်။ အဲဒီနေရာမှာ ဘာကြောင့် ကားလမ်းဖောက်ထားတာလဲ ကားဆရာပြောတာက တော့ ကျောက်မီးသွေး ထွက်လို့ ကတ္တရာလမ်း ဖောက်ထားတာလို့ ဆိုတယ်။ တည့်တည့်ဆက်သွားရင် ရပ်စောက်မြို့နယ်ကို ရောက်ဖို့ တောင်တန်းကြီး တစ်ခုပဲ ကျန်ပါတော့တယ်။
လဲချားမြို့နယ် အရှေ့ဘက်မှာ နမ့်စန်မြို့နယ်၊ အနောက်ဘက်မှာ ရပ်စောက်မြို့နယ်၊ မြောက်ဘက်မှာ မိုင်းကိုင် မြို့နယ်နှင့် တောင်ဘက်တွင် လွိုင်လင်မြို့နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
လဲချားမြို့သည် မြို့ပိုင်စိုက်သောမြို့ဖြစ်ပြီး၊ လွိုင်လင်- သီပေါ သွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိကာ၊ လွိုင်လင်မှ (၃၈) မိုင်၊ ကွာဝေးသည်။
×××
ထွက်ကုန်များ
လဲချားမြို့နယ်သည် ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြပြီးတော့ တောင်ပေါ်ဒေသတွင် ပလောင်များ နေထိုင်ကြကာ၊ အချို့သော ကျေးရွာများတွင် ပအိုဝ်းတိုင်းရင်းသား အနည်းစု ရောနှောနေထိုင်ကြတာ တွေ့ရပါတယ်။ စပါး အဓိက စိုက်ပျိုးကြပါတယ်။
ဒေသထွက်ကုန် ပဲပုပ် ဖြစ်ပါတယ်။ တောင်ပေါ်ပလောင်များမှာ လက်ဖက်တစ်မျိုးကိုသာ စိုက်ပျိုးကြပြီးတော့ ပအိုဝ်း တိုင်းရင်းသားများမှာ ရိုးရာအဖြစ် သနပ်ဖက်၊ ပြောင်းဖူးများ စိုက်ပျိုးကြပြီး၊ ပဲစဉ်းငုံ၊ ပြောင်းနှမ်းဝါကြံ တို့ကိုလည်း စိုက်ပျိုးပါတယ်။ လဲချား ပဲပုပ်ဟာ စားလို့ကောင်းပြီး၊ ရိုးရိုးပဲပုပ်၊ ဂျင်းပဲပုပ်နဲ့ ဆန်လုံးစီပဲပုပ်ချပ် တွေ စားလို့ကောင်းပါတယ်။ လဲချား ခေါပုတ်နှမ်းထောင်း၊ ဆီထို့ဟူး နဲ့ ၀က်အူချောင်းတွေ အင်မတန် စားလို့ကောင်းပါတယ်။
×××
ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မြို့
အရင်တုန်းက ၂၀၁၅ ခုနှစ်လောက်မှာ တိုက်ပွဲတွေကြောင့် လဲချားမြို့ကို စစ်ဘေးရှောင် ဒုက္ခသည်တွေရောက် လာဖူးပါတယ်။ အဲဒီတုန်း က ဖုန်းဆိုရင် ဘာလိုင်းမှ မမိသေးတဲ့ကာလလည်း ဖြစ်နေပါတယ်။ ဆက်သွယ်ရေး ဆယ်လူလာဖုန်းတွေနဲ့ CDMA ခေါ်တဲ့ ကမ်းရိုးတန်းဖုန်းတွေလောက်ပဲ လိုင်းမိပါတယ်။ မငြိမ်းချမ်းတဲ့ ဒေသမို့ ဆက်သွယ်ရေးတာဝါတိုင်တွေ စိုက်ထူဖို့ အချိန်ယူပြီး အခက်အခဲတွေကြားထဲ လုပ်ရလို့ထင်ပါတယ်။ အခုတော့ ၂၀၁၈ ခုနှစ်မှာတော့ လဲချားမြို့ပေါ်တစ်ဝိုက်ကတော့ အင်တာနက်လိုင်းတွေ အတော်လေး ကောင်းမွန်နေပါပြီ၊ ကျေးရွာတွေမှာတော့ လိုင်းတွေ မရသေးပါဘူး။
×××
သမိုင်းထဲက လဲချား
မောရစ်ကောလစ် ရေးသားသော နေ၀င်အင်ပါယာ စာအုပ်တွင် ၁၈၈၆ ခုနှစ် သီပေါမင်း ပါတော်မူပြီးနောက် ပထမဆုံး ယူနီယံ ဂျက်အလံ ထောင်သော စော်ဘွားမှာ လဲချား စော်ဘွားကြီး ဖြစ်ကြောင်း၊ ထိုသို့ အညံ့ခံလိုက်ခြင်းကြောင့် အင်္ဂလန် ဘုရင်မကြီးက မန္တလေး မင်းနေပြည်တော်မှ ရှမ်းပြည်နယ် ပင်လုံ-လဲချား မြို့အထိ ကျောက်ခင်းကတ္တရာလမ်း ဖောက်ပေးခဲ့ခြင်းကြောင့် ပထမဆုံး လမ်းပန်းဆက်သွယ်ရေး ကောင်းသော မြို့သည် ပင်လုံ- လဲချား မြို့တို့ ဖြစ်ကြောင်း သိရသည်။
၁၈၈၅ ခုနှစ် မြန်မာပြည်တစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ကျရောက်သည့်အချိန်တွင် စော်ဘွားများသည် ဗြိတိန်နိုင်ငံသို့ အလိုအလျှောက် သစ္စာခံခဲ့ကြသည်။ ထိုစော်ဘွားနယ်များတွင် တရားသဖြင့်အုပ်ချုပ်ရန် အကြံပေး ပုဂ္ဂိုလ်များအဖြစ် ဆောင်ရွက်နိုင်ရန် ဗြိတိသျှအရာရှိများကို ခန့်အပ်ထားသည်။ မူလအစက နိုင်ငံရေး အခြေအနေအရ ရှမ်းပြည်နယ်ကို တောင်ပိုင်းနှင့် မြောက်ပိုင်း ခွဲလိုက်သော်လည်း ၁၉၂၂ ခုနှစ်တွင် ဖက်ဒရေးရှင်း (ဗဟိုအစိုးရက ချုပ်ကိုင်မှုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော) ဖွဲ့စည်းလိုက်သည်။ ၁၉၀၂ ခုနှစ်တွင် အစိုးရသည် အနာဂတ်၌ နယ်မြေအကြီးအကဲဖြစ်လာမည့်သူများအား အနောက်ယဉ်ကျေးမှုနှင့်ပတ်သက်၍ ပညာပေးရန် ကြိုးစားမှုတစ်ခုခုလုပ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး၊ တောင်ပိုင်း ရှမ်းပြည်၏ ဌာနချုပ်ဖြစ်သည့် တောင်ကြီးတွင် စော်ဘွားများ၏ သားများနှင့် ဆွေမျိုးများအတွက် ကျောင်းတစ်ကျောင်း ဖွင့်ခဲ့ကြခြင်းဖြစ်သည်။
သမိုင်းဆရာများ၏ အဆိုအရ လဲချားမြို့နယ်သည် မောကိုးပြည်ထောင်တွင် ပါဝင်သော မိုးမိတ်စော်ဘွား၏ အဆက်အနွယ်များက ကောဇာသက္ကရာဇ် (၈၆၀) ခုနှစ်တွင် နောင်အခါ လဲချားဟု ခေါ်သော လိုင်းခ မြို့အား ဟိုခိုက်၊ တိုက်ပန်၊ မတ်လန်း အရပ်၌ စတင်တည်ထောက်ခဲ့ပြီး သက္ကရာဇ်(၈၇၉) ခုနှစ်တွင် စ၀်စိတ်လောင် က နောင်ဆန်ခါ အရပ်တွင်လည်းကောင်း၊ သက္ကရာဇ် (၉၄၆) ခုနှစ်တွင် ခွန်ဆန်မြတ်နိုး က နောက်ဆုံး ယခု မြို့တည်နေရာသို့ ပြောင်းရွှေ့တည်ထောင်ကာ ၎င်းလက်ထက်မှစတင်၍ လိုင်းခ ဟု ခေါ်တွင်ခဲ့သည်။ မှတ်တမ်းများအရ လဲချားမြို့ကို စော်ဘွား (၂၂) ဆက် အုပ်ချုပ်ခဲ့သည်ဟု တွေ့ရှိရသော်လည်း စော်ဘွား စောနေယ နှင့် စောခမ်းလင်း တို့ အကြား၌ မဟာဒေ၀ီတစ်ဦးမှာ (၁၅) နှစ်ခန့် အုပ်ချုပ်ခဲ့ပြီး နောက်ဆုံးစော်ဘွား စ၀်နွံ မတိုင်မှီ ၎င်း၏အကို စ၀်စောမောင် က ၈ လ ခန့် အုပ်ချုပ်ခဲ့ကြောင်း (၁၂၇၀) ခုနှစ်က စ၀်နွံ ပညာသင်ကြားနေစဉ် မြို့ဝန်ကြီး ဦးလှမှ (၄) နှစ်ခန့် ယာယီအုပ်ချုပ်ခဲ့ကြောင်း၊ သိရသည်။
ပင်လုံမြို့သည် လွိုင်လင်ခရိုင်တွင် ပါဝင်ပြီး၊ ယခင်က လဲချား လက်အောက်ခံ မြို့တစ်မြို့ ဖြစ်ခဲ့ကြောင်း၊ လဲချား စော်ဘွားကြီးက အုပ်ချုပ်ကြောင်း သိရသည်။ ယခင်က လွိုင်လင်ခရိုင်တွင် ၁၁ မြို့နယ် ရှိပြီး၊ ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် လင်းခေးခရိုင်ကို ခွဲထုတ်ခဲ့ကြောင်း သိရသည်။ ၁၉၅၀ ခုနှစ် လွန်များက ပင်လုံနှင့် လွိုင်လင် စသော မြို့များသည် အအေးဆုံး ဖြစ်ပြီး၊ ၂၀၀၀ ခုနှစ်အထိ ရေခဲသည် အထိ အေးကြောင်း ဒေသခံများက ဆိုသည်။
×××
ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းလိုက်သော စော်ဘွားကြီးဟော်နန်း
၂ ထပ် ကျောင်းဆောင်အဖြစ် ဆောက်လုပ်ထားသော လဲချားစော်ဘွားကြီး၏ ဟော်နန်းကို ယခုအခါ ဟော်ခမ်းကျောင်းတိုက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်နောက်ပိုင်းမှာ လဲချားစော်ဘွားကြီး အဆောင် မီးလောင်ခဲ့ရလို့ အနောက်တိုင်းအုတ်တိုက်အဆောက်အဦ ကို အသစ်ပြန်လည် တည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးတော့ အတော်လေးခေတ်မှီတယ်လို့ ဆိုရပါမယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်က ပထမဆုံး ဗိုလ်ထိုင်အိမ်သာ ကို စတင်သုံးစွဲခဲ့ခြင်းဖြစ်ပြီး၊ အောက်ထပ် မောင်းမတော် အဆောင်တွေမှာလည်း ကြွေကမုတ် အိမ်သာတွေကို ထည့်သွင်းတည်ဆောက်ထားတာ မြင်တွေ့ရပါတယ်။ အပေါ်ထပ်အတွင်းခန်းအုတ်တံတိုင်း အထုအထည်ဟာ ၃ ပေနီးပါးလောက် ထူပြီးတော့ ကြွေပြားခုံးလေးတွေကိုလည်း ဖောင်းကြွအဖြစ် ဒီဇိုင်းဆင်ထားတာတွေ့ရပါတယ်။ အရင်တုန်းက ကျွန်းကုတင် ကြီးတွေ ရှိခဲ့ဖူးတယ်လို့ သိရပေမယ့် အခုထိမြင်တွေ့နိုင်သေးတာကတော့ လှေကားလက်ရမ်း ကျွန်းသစ် ရှေးလက်ရာတွေပဲ ဖြစ်ပါတယ်။
ယခုအခါ ပစ္စည်းတွေကို ထပ်မံစုဆောင်းထားပြီး ရွှေချာထားတဲ့ ရှေးဟောင်း ပေစာ၊ ပုရပိုက်စာများ၊ ပထမဆုံး လက်နှိပ်စက်၊ အနောက်တိုင်း စားပွဲတင်နာရီစင် အသေး၊ ချည်ငင်ဝါဖတ်တဲ့ လက်လှည့်သစ်သားစက်လေး၊ ယွန်းပစ္စည်းများ၊ ကွမ်းစားထုံးထည့်တဲ့ ငွေထည်၊ ကြေးထည် ပစ္စည်းလေးတွေ ကို ပြသထားသေးပါတယ်။
စော်ဘွားအိမ်တော်ကနေ ကြည့်နေမယ်ဆိုရင် စေတီတော်ဓါတ်ပေါင်းစု နဲ့ ကြာကန်ကို အပေါ်စီးတည့်တည့် မြင်ရပြီး ညနေတိုင်း စော်ဘွားကြီး လေညှင်းခံ သောက်စားလေ့ ရှိတယ်လို့ သိရတယ်။ အခုအခါမှာတော့ အိမ်တွေ တိုးကျပ်လာလို့ မြင်ကွင်းမရှင်းတော့ဘဲ ကြာကန်ကိုတော့ မမြင်ရတော့ပါဘူး။
×××
ရှမ်းပြည်နယ်
ဟာ အထင်ရှားဆုံး
ရှမ်းပြည်နယ် ဟာ ထူးခြားချက်တွေ
အများကြီး ရှိပါတယ်။ အထက်က ပြောခဲ့သလိုပဲ အဲဒီအချက်တွေ အပြင် တခြား ထင်ရှား
ထူးခြားချက်တွေ၊ အံ့သြဖွယ်ရာတွေ အများကြီး ကျန်ရှိပါသေးတယ်။ သမိုင်းကြောင်း စဉ်လာအရ
ပြောမယ် ဆိုရင်လည်း ရှမ်းပြည်နယ် တွင်းမှာ ရှိတဲ့ မြို့တော်တော် များများ မှာ ကျောက်ခေတ်အထိ
မှီတဲ့ နေရာ တွေကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပြီး သုတေသန လုပ်ငန်းတွေ လုပ်ဖို့
လိုနေတာ ဖြစ်တယ်။ ရှမ်းပြည်နယ်ဟာ တောင်ပေါ်ဒေသ ဖြစ်တဲ့ အတွက် အေးတဲ့ ရာသီဥတု ကို
ရှိတဲ့ အတွက် ကိုလိုနီခေတ် က မျက်နှာဖြူတွေ ကြိုက်နှစ်သက်တဲ့ ဒေသ တစ်ခုလည်း
ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာဖြူတွေက တောင်ပေါ် ဒေသ တွေကို ဆက်လက် အုပ်ချုပ်ချင်တဲ့
အတွက် လွတ်လပ်ရေး ပေးတဲ့နေရာမှာ ချန်ထားလိုကြတယ်။ နောက်ဆုံး မဖြစ်မနေ ပေးရတော့မယ်
ဆိုတော့မှ တိုင်းရင်းသား အချင်းချင်း သွေးခွဲသပ်လျှိုပြီး၊ နည်းမျိုးစုံနဲ့
ယုတ်မာခဲ့တယ်။ အဲဒီနည်းတွေ ထဲမှာ အများသိတဲ့အတိုင်း အလယ်ပိုင်း ဒေသကို ကန္တာရပင်တွေ
လေယာဉ်နဲ့ ကြဲချတာမျိုး၊ တောင်ပေါ် ဒေသမှာ ဘိန်းစိုက်ပျိုး ရေး ကို စတင် မျိုးစေ့
ချခဲ့တာမျိုးတွေ ပေါ့။
ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ၄ပုံ
၁ပုံရှိကာ၊ ဧရိယာ ၆၀၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက်
ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး
ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။
နေထိုင်သောလူမျိုးများကတော့ ရှမ်း၊
ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ ၀ ၊ ကချင် ၊ ဗမာ ၊
အာခါ၊ လားဟူ၊ လီဆူး နှင့် လီရှော စသဖြင့် နေထိုင်ကြတယ်။ ရှမ်းတွင် လူမျိုးစု
စုစုပေါင်း ၃၃ မျိုး ထပ်မံ ကွဲပြားပြန်သည်။ (အသေးစိတ် မဖော်ပြတော့ပါဘူး။)
×××
တန်ဖိုးထားစေချင် တို့ရှမ်းပြည်
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လဲချားမြို့နယ်ဟာ ရှေးသမိုင်းထဲမှာ ထင်ရှားတဲ့ အထင်ကရ မြို့ကလေး တစ်မြို့လဲ ဖြစ်လို့နေပါတယ်။ ရှမ်းပြည်သမိုင်းမှာ ထင်ရှားတဲ့ စော်ဘွားကြီးများဖြစ်တဲ့ ကျိုင်းတုံစော်ဘွား၊ တောင်ပိုင်စော်ဘွား၊ ညောင်ရွှေစော်ဘွား နဲ့ သီပေါ စော်ဘွား တို့ဟာ အထူးထင်ရှားတဲ့ စော်ဘွားကြီးတွေ ဖြစ်ပြီး၊ ထိုစဉ်အချိန်က သြဇာအာဏာညောင်းတဲ့ တောင်ပေါ်လူထုစော်ဘွားကြီးတွေ ခေါင်းဆောင်ကြီးတွေ လည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ လဲချားစော်ဘွား ဟာလည်း ပင်လုံစာချုပ် ဖြစ်မြောက်လာအောင် ကြိုးပမ်းခဲ့သူ တွေထဲမှာ တစ်ဦး အပါအ၀င်လည်း ဖြစ်ပါတယ်။
အဲဒီလို သမိုင်းကြောင်း ကောင်းလှတဲ့ အစဉ်အလာများ၊ ရိုးရာအမွေအနှစ်များနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းရင်း ဖြင့် ခရီးသွားလုပ်ငန်းကို ဖိတ်ခေါ်လိုက်မယ်ဆိုရင်ဖြင့် ရှမ်းပြည်နယ်ဟာလည်း နိုင်ငံ့ဝင်ငွေကို တစ်ထောင့်တစ်နေရာကနေ ရှာဖွေပေးနိုင်တယ်ဆိုတာ တင်ပြရင်းဖြင့် နိဂုံးချုပ်လိုက်ပါတယ်။
+++ ××
ကလောင် - စည်သာ(တောင်ကြီး)
17-2-2021
No comments:
Post a Comment