Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

မိုင်းကိုင်သို့ လေ့လာရေးတစ်ခေါက်

 မိုင်းကိုင်သို့ လေ့လာရေးတစ်ခေါက်

Photo- Crd
 

စည်သာ(တောင်ကြီး)

မြန်မာတစ်နိုင်ငံလုံးမှာရှမ်းပြည်နယ်ဟာဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေးအဆိုးရွားဆုံး၊ စာတတ်မြောက်မှုနှုန်း၊ ပညာရေးအဆင့်အတန်းကလည်းအောက်ထစ်ဆုံးဆိုတာကို ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရသိရှိရပါတယ်။ ရေကောင်းရေသန့် ရရှိသည့် အိမ်ထောင်စုအချိုးမှာလည်းရခိုင်၊ ဧရာဝတီ ပြီးလျှင် ရှမ်းပြည်နယ်ကတတိယနောက်ဆုံးလိုက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ရှိလမ်းပန်းဆက်သွယ်ရေး ၇၀ ရာခိုင်နှုန်းလောက်ကောင်းမွန်ခြင်းမရှိဘူးဆိုတာသိရတယ်။လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်လို့ သွားလာရခက်ခဲတဲ့ ရွာတွေလည်းရှမ်းပြည် တောင်ပိုင်းမှာအများကြီးရှိနေတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာဆိုရင် ခရိုင် ၃ ခုရှိပြီး၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင် နဲ့ လင်းခေးခရိုင် တို့ပဲ ဖြစ်တယ်။ ဒီထဲမှာလွိုင်လင်ခရိုင်ဟာအကြီးဆုံး၊ မြို့အများဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေးသွားလာရခက်ခဲတဲ့ မြို့ရွာတွေ အများဆုံးရှိတဲ့ ခရိုင် တစ်ခု ဖြစ်ပါတယ်။

Xxx

မိုင်းကိုင် ဆိုတဲ့ မြို့ကလေး

မိုင်းကိုင် ဆိုတဲ့ မြို့ကိုရောက်ခဲ့ပေမယ့် မြို့ပေါ် မိုင်းကိုင်ကိုမဟုတ်ဘဲတောထဲကလမ်းပန်းဆက်သွယ်ရေးဆိုးတဲ့ ကျေးရွာတွေထဲကိုကျွန်တော် ရောက်ခဲ့တာ ဖြစ်ပါတယ်။ မိုင်းကိုင်ကိုသွားဖို့ တောင်ကြီးကနေ လွိုင်လင်၊ ပင်လုံ၊ လဲချားဆိုတဲ့ မြို့တွေကို ဖြတ်ပြီးလာရပါတယ်။ တောင်ကြီးကနေလဲချားကိုရောက်ဖို့ ၅ နာရီလောက် မောင်းရပါတယ်။

လဲချားကနေမိုင်းနောင် သွားတဲ့ လမ်းကနေရွာလမ်းအတိုင်းအတွင်းကို ၀င်သွားရတာ ဖြစ်တယ်။ ရွာလမ်းအတိုင်း ၀င်သွားတဲ့ အခါမှာကားတောင် ၀င်လို့ မရတော့တဲ့ အခြေအနေထိ ဖြစ်လာပြီး၊ ရှေ့တိုးရအခက် ပြန်ရအခက် ဖြစ်လာပါတယ်။ မိုးကလည်းဖွဲဖွဲလေးရွာနေတော့ လမ်းချော်တာကြောင့် ကားဆရာတွေလည်း ပြန်သွားကြတာကြောင့် ထော်လာဂျီငှားပြီးစီးရတယ်။ နေ့လည် ၂ နာရီလောက်ကနေ ထော်လာဂျီနဲ့ သွားလိုက်တာတက်လိုက် ဆင်းတွန်းလိုက်၊ နဲ့ မိုင် ၃၀ ကျော်ကျော် လောက် ခရီးနှင်ကြရပါတယ်။

ညနေပိုင်း ၅ နာရီခွဲ တဲ့ အထိသွားခဲ့မိတော့ မိုင်းနောင် မြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာကိုရောက်တော့ကားဆရာ ၃ ဦးကလည်းဆက်မလိုက်ချင်တော့ဘဲ ပြန်တော့မယ်လို့ ပြောနေတယ်။ ပိုက်ဆံပေးမယ် ဆိုလည်းမလိုချင်ဘူး၊ တောင်းပန်လို့လည်းမရနဲ့ ငြင်းဆန် နေပါတယ်။ သူတို့ကတစ်ရွာနဲ့ တစ်ရွာကိုအလှည့်ကျ တာဝန်နဲ့ ပေးထားတာဆိုတော့ အလုပ်ကိုတွက်ကပ်တဲ့ သဘော ဖြစ်နေတယ်။ ဒီလမ်းတွေကဘယ်လောက် ဆိုးလည်းဆိုရင် ပိုက်ဆံပေးမယ် ဆိုတာတောင် ဘယ်ရွာသားမှ အငှားကားမလိုက်ချင်ကြပါဘူး။

ဒါနဲ့ခေါင်းမှာပတ်တဲ့ ဓါတ်မီးတွေ တပ်ဖွဲ့က သွားဝယ်လာပါတယ်။ ညဘက် ခရီးသွားမှာဆိုတော့ ဓါတ်မီးရှိမှ အဆင်ပြေမှာလေ။

ထော်လာဂျီနောက်တစ်ဖွဲ့နဲ့ ဆက်သွားမိတော့ မိုးချုပ်နေပြီ။ ညဘက် ၆ နာရီခွဲ လောက်ကနေ မှောင်မှောင်မည်းမည်းထဲမှာမောင်းလိုက်တာညဘက် ၈ နာရီထိုးတော့ ကုန်းဆင်းကြမ်းတဲ့ အတွက် ဒီထော်လာဂျီမောင်းတဲ့ ဆရာကလည်းဆက်မလိုက်ချင်တော့ဘူးလို့ ရှမ်းလိုပြောတယ်။ ဒါနဲ့ ဆင်းပြီး အားလုံး ၁၀ ယောက်သားလမ်းလျှောက်ကြတာ၊ ညဘက်ကြီးတောထဲကိုTrackkingထွက်လည် နေတဲ့ အတိုင်းပဲ။ နာရီဝက်လောက် တောထဲလမ်းလျှောက်လိုက်ရတဲ့ အတွေ့အကြုံကဘာနဲ့မှ မလဲနိုင်ဘူး။ ကြောက်စရာလည်းကောင်းသလိုပျော်စရာလည်းကောင်းတယ်။ တော်တော်လေးသွားမိတော့ လမ်းတစ်ဝက်လောက်မှာ တောင်တက်ကားကြီးတစ်စီးနဲ့ တွေ့တယ်။ ကံကောင်းချင်တော့ ကျွန်တော်တို့ အဖွဲ့ကိုစိတ်မချလို့ လာကြိုတဲ့ ကား ကြီး ဖြစ်နေတော့တယ်။ ကားနဲ့ ပြန်လိုက်သွားတာတောင် နောက်ထပ် နာရီဝက်လောက် မောင်းရတယ် ဆိုတော့ လမ်းသာလျှောက်မယ် ဆိုရင် ၄ နာရီလောက် အသာလေးလျှောက်ရမယ်လို့ ခန့်မှန်းမိတယ်။

ညဘက် ၉ နာရီထိုးတော့မှ မိုင်းကိုင်မြို့နယ်၊ ၀မ်ဟွေ့ ဆိုတဲ့ ကျေးရွာလေးကိုရောက်ပါတော့တယ်။ ၀မ်ဟွေ့ ဘုန်းတော်ကြီးကျောင်းကိုခေါ်သွားပြီးတော့ နားနေစေတယ်။ ခနနေတော့ ရွာသားတွေကဒေသဆန် ခေါ်တဲ့ ကောက်ညင်းနဲ့ ၀က်သားကြော် ၊ ကျွေးတယ်။ ငရုတ်သီးမှုန့် တစ်ပန်းကန်လည်းချထားတယ်။

ကောက်ညင်းကလည်းစားရတာမာတောင့်နေတာပဲ။ ခြေဆုန်ကန်ပြီးတော့ကိုမျောရတယ်။ ၀က်သားကတော့ ကောင်းပါတယ်။ ဒေသတွင်းမွေးတဲ့ ၀က်ထင်ပါရဲ့။ အခေါက်ထူလိုက်တာ နူးအိနေတာ။ ချိုသလားမပြောနဲ့။ မောမောနဲ့ စားလိုက်တာ ၀က်သားပဲ တစ်ပန်းကန် ကုန်တယ်။

ရွာထဲကအိမ်တွေကိုခေါ်သွားပြီးတော့ အိပ်စေတယ်။ ရွာထဲမှာမီးလည်းမရှိဘူး။ မှောင်မည်းနေတာပဲ။ စမ်းတ၀ါးဝါး သွားလာနေရတာ။ အိမ်ကိုရောက်တော့လည်းအိမ်သာလည်းမရှိဘူး။ ကွင်းပြင်ထဲမှာအပေါ့စွန့်ရတာ။ အဲဒီရွာရဲ့ ထူးခြားချက်က နွားတွေ ကျွဲတွေ အိမ်တိုင်းမွေးထားတာအိမ်ခြေမြင့်ရဲ့ အောက်ခြေမှာတိရစ္ဆာန်တွေ မွေးထားတာ မြင်ရတယ်။ တိရစ္ဆာန်တွေ အိမ်အောက်မှာမွေးထားတော့ အိမ်ပေါ်မှာနေတဲ့ သူတွေ အတွက် ကျန်းမာရေးမကောင်းစေဘူးဆိုတာတော်တော်များများသိပုံလည်းရဟန် မတူဘူး။ ဘာလို့ဆိုတော့ ကျွန်တော် တစ်ညလုံးအိပ်လို့ မပျော်ဘူး။ မျက်နှာပေါ်ကိုအကောင်တွေ ယွစိယွစိတက်လာလိုက်၊ လက်ပေါ် တက်လာလိုက်၊ ကြမ်းပိုးတွေ၊ ကျွဲသန်းတွေ၊ ခြင်တွေ၊ မှတ်တွေ ကိုက်လိုက်တာဘယ်လိုမှ အိပ်မရဘူး။ အရေးထဲနာရီကတစ်နာရီတစ်ခါ ထအော်နေပြီး၊ အကောင်တွေကလည်းအော်နေတယ်။ ဘေးနားကလူတွေ ဘယ်လိုများအိပ်သလဲတော့ မသိဘူး။ ကျွန်တော်တော့ မိုးလင်းမှ မှေးတစ်ရေးပဲအိပ်ရတယ်။

Xxx

ရွာထဲမှာရှိတဲ့ တိုင်းရင်းသားတွေဟာမိုးရွာထဲမှာမိုးကာလေး ခြုံပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းခွင် ၀င်နေတာ တွေ့ရတယ်။ တောင်တန်းတွေ ပတ်ချာလည် ၀န်းရံထားတဲ့ ရွာကလေးဟာမိုးရွာပြီးစမှာ မြူခိုးတွေ ကျဆင်းနေတာကြောင့် တာဝတိံသာနတ်ပြည်နဲ့ ထင်မှတ်မှားလောက်အောင် လှပနေတာအမှန်ပါပဲ။

တောင်ကြီးကနေမိုင်းကိုင်ကိုမိုင်ပေါင်းတစ်ရာကျော် ဝေးပြီးတော့ လမ်းပန်းဆက်သွယ်ရေးကလည်းဆိုးပါတယ်။ တောင်တက်တောင်ဆင်းလမ်းတွေနဲ့ အကွေ့အကောက်တွေ များတော့ အန္တရာယ်လည်းများပါတယ်။

ရွာသားတွေကိုသူတို့ ဘာလိုအပ်သလဲလို့ မေးကြည့်တော့ သူတို့ အခွင့်အရေးကိုသူတို့ တောင်းဆိုရမယ် မှန်းတောင် မသိကြတော့ပါဘူး။ “ သူတို့ကိုယ် သူတို့ ဘာလိုလဲဆိုတာမသိဘူး။ လူကြီးတွေကကောင်းတယ် လို့ ထင်ရင် လုပ်ပေးရင် ကျေနပ်တယ်။ ကျန်တာသူတို့ ပြန်မပြောတတ်တော့ဘူး။ ” ဟု မိုင်းကိုင် မြောက်ပိုင်း ဟန်းငိုင်းရွာကျေးလက် ကော်မတီဝင် အတွင်းရေးမှူး ဖြစ်သူစိုင်းမိန်းက ပြောကြားသည်။

မိုင်းကိုင်မြို့ တောင်ဘက်ပိုင်းမှာရှိတဲ့ ၀မ်ဟွေ့ ဆိုတဲ့ ရွာကလေးမှာကျောင်းလည်းမရှိ၊ ဆေးပေးခန်းလည်းမရှိ၊ ဈေးလည်းမရှိ၊ ရဲစခန်းလည်းမရှိ၊ ဘာဆိုဘာမှ မရှိတဲ့ ရွာကလေးပါပဲ။ မိုင်းနောင် လမ်းခွဲကနေ ၀င်လိုက်ရင် ယခင် RCSS တပ်ဖွဲ့ ကနေခွဲထွက်တဲ့ ၀မ်ပန် ပြည်သူ့စစ် ဆိုတဲ့ ဂိတ်ကိုလည်း ဖြတ်ရသေးတယ်။

ရှမ်းပြည်နယ်မှာလက်နက်ကိုင်များ ကြီးစိုးတဲ့ အတွက် ရှမ်းပြည် တိုင်းရင်းသားတွေဟာ အားလုံးကို ကြောက်နေရတာမို့ပါ။ သူတို့ဟာ ပြည်ထောင်စုအစိုးရကိုလည်းကြောက်ရသလို၊ လက်နက်ကိုင် တပ်ဖွဲ့ တွေ ကိုလည်းကြောက်နေရပါတယ်။ ဒါ့အပြင် ရှမ်းပြည် မြောက်ပိုင်းမှာဆိုရင် လက်နက်ကိုင် တပ်ဖွဲ့တွေကစုံတော့ နီးရာဓါးကိုကြောက်ရတယ် ဆိုသလိုဟိုအဖွဲ့လာလည်းကြောက်ရ၊ ဒီအဖွဲ့လာလည်းကြောက်ရနဲ့ လုံခြုံမှု မရှိပါဘူး။

Xxx

မိုင်းကိုင်မြို့မှာထူးခြားဆန်းကြယ်တဲ့ အထင်ကရတစ်ခုကတော့ ခွန်ဆမ်လော နှင့် နန်းဦးပြင် ပုံပြင်လေးပဲ ဖြစ်ပါတယ်။ အတိုချုံးပြောရမယ် ဆိုရင် ကျိုင်းတောင်းမှ ကုန်သည် ခွန်ဆမ်လောနဲ့ မိုင်းကိုင်မှ ပန်းတော်ကိုင် လှပျိုဖြူလေးနန်းဦးပြင် တို့ဟာချစ်သူတွေ ဖြစ်ရာကနေလက်ထက်လိုက်ကြတယ်။ ခွန်ဆမ်လောရဲ့ မိခင် ဖြစ်သူဟာနန်းဦးပြင်ကိုသဘောမတူဘဲခွဲလိုက်ကြရာကနေနန်းဦးပြင်လည်းမနေနိုင်ဘဲထွက်ပြေးတယ်။ လမ်းခုလတ်မှာမီးဖွားတဲ့ ဒဏ်ကြောင့်ပဲသေခဲ့ရတယ်။

ခွန်ဆမ်လောနဲ့ နန်းဦးပြင်တို့ဟာသေဆုံးသွားပြီးတဲ့နောက်မှာကောင်းကင်မှာ ကြယ်ကလေးတွေ ဖြစ်သွားကြပါသတဲ့။သို့သော်လည်းအမေ ဖြစ်သူရဲ့ကြီးမားတဲ့ အမုန်းအာဃာတကြောင့် ကြယ်ကလေးတွေ ဘဝမှာတောင် ချစ်သူနှစ်ဦးဟာအေးချမ်းစွာပေါင်းဆုံခွင့် မရကြရှာပါဘူး...

ခွန်ဆမ်လောရဲ့အမေ ကြားမှာခြားပေးလိုက်တဲ့ဝါးထမ်းပိုးဟာအဆစ်သုံးဆစ်ပါရှိတဲ့အတွက် ကြယ်သုံးလုံး (မောင်ရင် ဆိုင်းထမ်းကြယ်) အဖြစ် ခေါ်ဆိုကြပြီးသူတို့နှစ်ဦးကြားမှာတန်းကာ ခြားနားထားလို့ မပေါင်းဆုံနိုင်ကြပဲရှိနေရှာပါတော့တယ်၊ ၀ါးထမ်းပိုးရဲ့ အဆစ်တဆစ်ဟာ ကြယ်တလုံးအနေဖြစ် ကိုယ်စားပြုတာမို့ အဆစ်-၃ဆစ်ဆိုတော့.. ကြယ်-၃လုံးပေါ့ စို့နဲ့ ရိုက်ထားတဲ့နေရာကတော့ မှေးမှိန်နေတဲ့ ကြယ်တန်းစွေစောင်းစောင်းလေးအဖြစ် အဲ့ဒီထမ်းပိုးသဏ္ဍာန် ကြယ်သုံးလုံးရဲ့ အောက်ခြေနားမှာစို့သဖွယ် တည်ရှိနေတာကိုယနေ့တိုင်မြင်တွေ့နေရဆဲဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ.. ကြာပေမဲ့ ယခုထိတိုင် နန်းဦးပြင်ရဲ့ အိမ်မြေကွက်နေရာဟာ.. ဘာအပင်မှ မပေါက်ရောက်ပဲ..တည်ရှိနေပါသေးတယ် ဆိုပေမယ့် ကျွန်တော် မရောက်ဖြစ်ခဲ့ပါဘူး။နန်းဦးပြင်ရဲ့ မြေကွက်ဘေးတွင်.. စေတီတဆူကိုတည်ထားကိုးကွယ် ထားပါတယ်။တစ်ပွင့်မှာညဦးပိုင်းတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (ခွန်ဆမ်လော)၊ ကျန်တစ်ပွင်မှာမိုးသောက်ခါနီးတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (နန်းဦးပြင်) ဟုယုံတမ်းပုံပြင်လည်းရှိလေသည်။

xxx

မိုင်းကိုင်မြို့ဟာကျေးရွာပေါင်းများစွာရှိပြီးများသောအားဖြင့် မြောက်ပိုင်းတွင် ဟမ်းငိုင်း၊ ဟိုခဲ၊ အရှေ့ပိုင်းတွင် မိုင်းခွန်၊ ၀မ်ဟွေလုံ၊ အနောက်ဘက်တွင် မိုင်းယွန်း ၊ ပန်ဆတ်၊ ဆန်ဟ၊ တောင်ပိုင်းတွင် ၀မ်ဟွေ၊ ၀မ်ဖွီး၊ ၀မ်ယတ် တို့ ရှိပါတယ်။

ကျေးရွာပေါင်းများစွာရှိပြီးအတော်များများလမ်းပန်းဆက်သွယ်ရေးဆိုးပါတယ်။ လဲချား၊ မိုင်းနောင်၊ ကျေးသီး၊ တို့နဲ့ ထိစပ်နေပြီးတော့ လွိုင်လင် ခရိုင်ထဲမှာအကြီးဆုံး မြို့နယ် တစ်မြို့နယ်လည်း ဖြစ်တယ်။

ဒေသဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ်။

 Xxx

ကလောင် - စည်သာ(တောင်ကြီး)

5-6-2016

No comments:

Post a Comment


Aung Hein - နည်းပညာ