ရှမ်းပြည်နယ် တောင်ပိုင်းက လက်ကျန်အမွေအနှစ် ရှေးဟောင်း ကက္ကူ မွေတော်ဘုရား
စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ၊ ယခင်က ကျောက်တစ်လုံးကြီး
မြို့နယ်ခွဲ မှာ ရှိတဲ့ ရှေးဟောင်း မွေတော် ကက္ကူ ဘုရားစေတီများကို
မြန်မာနိုင်ငံမှာ သာမက ကမ္ဘာပေါ်မှာပါ ထင်ရှား ကျော်ကြားတဲ့ ရှေးဟောင်း
အမွေအနှစ် တစ်ခု လည်း ဖြစ်နေပါတယ်။ ကက္ကူဘုရားစေတီများဟာ တစ်နေရာထဲမှာ
စုဝေးပြီး တည်ရှိနေပုံက ဆန်းကြယ်လွန်းပြီး ခရီးသွား ပြည်သူများကို
စိတ်ဝင်စားဖွယ် ဖြစ်အောင် ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့
အမွေအနှစ် စာရင်းဝင် အောင် ထိန်းသိမ်းခြင်း ပြုပြင်ခြင်းတွေနဲ့
ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းကို တင်သွင်းနိုင်ဖို့
ကြိုးစားရမှာလည်း သမိုင်းပေး တာဝန် တစ်ရပ် ဖြစ်လာပါတယ်။
မွေတော် ကက္ကူသည် ပအိုဝ်းဘာသာစကား ကက်ကူ၊ ကက် = စခန်း၊ ကင်းစခန်းနှင့်၊ ကူ=
နယ်ခြား ဖြစ်သည်။ နယ်ခြားစခန်းက ဘုရားစေတီစုများ ဖြစ်သည်ဟု ပအိုဝ်းလို
အနက်အဓိပ္ပါယ် ရကြောင်း သိရတယ်။
မွေတော် ကက္ကူဘုရား စေတီတော် များကို မည်သည့် ခုနှစ်က မည်သည့် အလှူရှင်က
တည်ထား ကိုးကွယ်ခဲ့တယ် ဆိုတာ ကို ဘယ်သူမှ အတိအကျ မသိရှိကြပါဘူး။
ရှေးနှစ်ထောင်ပေါင်း မြောက်များစွာထဲက တည်ရှိလာခဲ့ပြီး၊ ပြုပြင်
မွမ်းမွံရာတွင်လည်း မူလ အလှူရှင် အမှူးပြု၍ ဟုသာ
ကဗ္မည်းရေးထိုးနိုင်တော့ကြောင်း သိရတယ်။ ကက္ကူစေတီစုဟာ မြန်မာပြည်မှာ ရှိတဲ့
တခြား စေတီစု တွေနဲ့ မတူပါဘူး။ စေတီဆူပေါင်း ထောင်ချီပြီး တစ်စုတစ်ဝေးထဲ
တည်ရှိတာ မိုးညင်း သံဗုဒ္ဓေ တို့လို ပြီးရင် မွေတော် ကက္ကူဘုရား မှာပဲ
ရှိပါတယ်။ ထပ်ပြီး စေတီသစ်တွေ တည်ထားချင်တယ် ဆိုရင်တောင်မှာ တည်ထားလို့
မရတော့ဘဲ ရှေးဟောင်းစေတီနေရာတွင်ပဲ ငုံကာ တည်ထားလို့ ရတော့ကြောင်း သိရတယ်။
ဘုရားဖူးလာကြသော ပြည်တွင်းပြည်ပမှ ခရီးသွားများ ရှေးဟောင်း
အမွေအနှစ်များကိုလည်း ကြည့်ရှုရင်း ရှေးဟောင်းစေတီများကိုလည်း ရှေးဟောင်း
အမွေအနှစ်ပုံစံအတိုင်း ထိန်းသိမ်းခြင်းသာ ဖြစ်ပြီး၊ အသစ် ပြန်တည်ထား ခြင်း
မရှိကြောင်း ဘုရား ဂေါပက အဖွဲ့ထံက သိရှိရသည်။
မွေတော် ကက္ကူဘုရား ရှိရာ ကက္ကူနေရာသည် ဆီဆိုင်စော်ဘွားနယ်နှင့်
ညောင်ရွှေစော်ဘွားပိုင်နယ် အစပ် တွင် ဖြစ်နေသောကြောင့် ရှေးယခင်က တစ်နယ်နှစ်
တစ်နယ် အစပ်ဖြစ်တဲ့ နယ်ခြားဒေသ ဖြစ်တာကြောင့် နယ်စပ်တွင် ရှိသော ဘုရားလို့
ပအိုဝ်း လို ခေါ်ရာကနေ ကက္ကူဘုရား ဖြစ်လာပုံရတယ်။ လောလောဆယ်မှာတော့
ပအိုဝ်းတွေ အများဆုံး နေထိုင်တဲ့ နေရာ တစ်ခု ဖြစ်တာကြောင့် ကက္ကူကို
ပအိုဝ်းဘာသာ စကားလို့ပဲ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ဘာသာစကား
ဆိုတာ လေယူ လေသိမ်း ဖြစ်တာကြောင့် ကျန်တဲ့ တိုင်းရင်းသားတွေလည်း
ဖြစ်နိုင်စရာ အလားအလာ များစွာ ရှိပါသေးတယ်။ ဒါကို နောက်ပိုင်းမှာ
ကျွန်တော် ဆက်လက် ရှင်းပြပါ့မယ်။
မွေတော်ကက္ကူမွေတော် ဘုရားသည် နှစ်ပေါင်း ထောင်ကျော် ကြာမြင့်ပြီး၊ ရှေးခေတ်
ယွန်းလူမျိုး များ၏ လက်ရာ ဟု သက်ကြီးစကား သက်ငယ်ကြား အဖြစ် လေ့လာ
မှတ်သားရဖူးပါသည်။ ကက္ကူဘုရား တည်ထားကိုးကွယ်ခြင်း အစကို မြန်မာသမိုင်းဆရာ
စာပေပညာရှင်များ ရေးသားချက်များကို ခန့်မှန်းရာ ပုဂံခေတ်
အလောင်းစည်သူမင်း(၁၁၇၄-၁၂၁၁) ဖောင်ဆိုက်ရာမှ တည်ထားကိုးကွယ်သည်ဟု ဖတ်ရသည်။
ပအိုဝ်း မှတ်တမ်းများ အရ နရပတိစည်သူမင်း တည်ထားသည် သို့မဟုတ် ပြန်လည်
ပြုပြင် မွမ်းမံသည်ဟု ဆိုပြန်၏။ ပါးစပ် ပြောရာဇ၀င်များ အရ မွေတော်
ကက္ကူဘုရားသည် ဗုဒ္ဓဘာသာ သာသပြုသူရဲကောင်း မင်းကြီး ဖြစ်တော်မူသော သီရိဓမ္မာ
သောက မင်းကြီးရဲ့ ရှစ်သောင်းလေးထောင် ၈၄၀၀၀ စေတီစု များထဲ မှ တစ်ခု
ဖြစ်တယ်လို့လည်း ဆိုကြပြန်တယ်။
မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ ဆိုတာလိုပဲ ရှမ်းပြည်နယ်မှာ ရှိတဲ့
ရှေးဟောင်းမွေတော် ဘုရားစေတီ၊ ဂူပုထိုး တွေ အတော် များများ ကတော့ သီရိဓမ္မာ
သောက မင်းကြီးရဲ့ ကုသိုလ်တော် တွေလို့ ဆိုကြပါတယ်။ ဒါ့အပြင် နည်းနည်းလေး
ပုဂံခေတ်ကို ရောက်လာပြန်ရန် မြန်မာနှစ် ၁၁၀၀ ခုနှစ် ကျော် လောက်က
အလောင်းစည်သူမင်း လို့လည်း ဆိုကြပြန်တယ်။
ဒီနေ့ထိ တိုင်အောင်ပဲ မွေတော် ကက္ကူဘုရားမှာ ရေတွင်းဟောင်း ရေကန်ဟောင်း
သိမ်နေရာ ဟောင်း များ တို့နှင့် ဗောဓိညောင်ပင် တို့က တည်ရှိနေသေးသည်လို့
ကက္ကူ ဒေသခံ တွေက ဆိုကြပါတယ်။ သီရိဓမ္မာ သောကမင်းကြီး၏ သာသနာပြု လုပ်ငန်းနဲ့
ဆက်စပ်နေသော ထူးခြားသော အရာ ဖြစ်စဉ် ၆ ခု ရှိတယ်လို့ သိရပါတယ်။
အဲဒါတွေကတော့ ဓါတုစေတီ၊ ပရိဘောဂ စေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊
ကျောင်းနေရာဟောင်းနှင့် သိမ်နေရာ ဟောင်း တို့ပဲ ဖြစ်ကြပါတယ်။
Xxx
စေတီတော် သွင်ပြင် လက္ခဏာ
ကက္ကူ မွေတော် ဘုရားမှာ စေတီတော် ပေါင်း ၂၄၇၈ ဆူ ရှိပြီး၊ အတွင်းမှာ
ဆုတောင်းပြည့် အာသောကာ စေတီတော်ကြီး တည်ရှိကာ ပတ်ပတ်လည်မှာ စေတီတော်
ငယ်ပေါင်း အုပ်စုဖွဲ့၊ အုပ်စုဖွဲ့ကာ ထောင်ပေါင်းများစွာ တည်ထားကိုးကွယ်
ခြင်း ဖြစ်သည်။ အဆိုပါ စေတီတော်များကို ကြည့်ခြင်းဖြင့် ရှေး
အနုပညာလက်ရာများ၊ ရှေးခေတ်အရုပ်များကို ကြည့်ခြင်းဖြင့် ထိုခေတ်၏
ဝတ်စားဆင်ပုံများ၊ ယဉ်ကျေးမှု အဆင့်အတန်းနှင့် နောက်ခံ သမိုင်းကြောင်း
တို့ကို တစ်စိတ် တစ်ပိုင်း လေ့လာ ခွင့် ရမှာ ဖြစ်ပါတယ်။
+++xxx
စေတီတော် တည်နေရာ
တောင်ကြီးကနေ လာမယ် ဆိုရင် ဟိုပုံးလမ်းအတိုင်း မထွက်ဘဲနဲ့ ကျောက်တစ်လုံး
သွားလမ်းအတိုင်း ထွက်လိုက်တဲ့ အခါ ထီဟမ်းဆွေး၊ နောင်ကား၊ နောင်ပစ်၊
ပုံဆွေပင်၊ ဟမ်းဆီး၊ ကက္ကူ ဆိုတဲ့ ရွာလေးကို ရောက်ပါတယ်။ တောင်ကြီးကနေ
မီးရထားနဲ့ သွားလည်း ရပါတယ်။ ဆိုင်ကယ်နဲ့ သွားမယ် ဆိုရင် ၂ နာရီကျော်
ခပ်ပြင်းပြင်းလေး မောင်းရပါတယ်။
မွေတော် ကက္ကူဘုရား တည်ရှိရာ ကက္ကူ ဆိုတဲ့ ရွာလေးမှာ ပအိုဝ်း တိုင်းရင်းသား
အများစု နေထိုင်ကြတဲ့ ဒေသ တစ်ခု လည်း ဖြစ်တယ်။ ရှေးယခင်က
ရှမ်းတိုင်းရင်းသား အများစု နေထိုင်ကြပြီးတော့၊ အခုတော့ အနည်းငယ် လောက်သာ
နေထိုင်တော့တယ် လို့လည်း သိရတယ်။ ဘာလို့ ရှမ်းတိုင်းရင်းသား အများစု
နေထိုင်ကြလဲ ဆိုတော့ စေတီ ထီးတော် များနဲ့ ဘုရား ရုပ်ပွားတော် များဟာ
ရှမ်းလက်ရာ၊ ယိုးဒယား(အယုဒ္ဒယ) လက်ရာ များနဲ့ ဆင်နေပါတယ်။ မယ်ဆိုင်ဘက်နဲ့
ဘန်ကောက် ဘက်မှာ မြင်တွေ့ရတဲ့ ဘုရား စေတီတော် တွေ အတိုင်းပဲ ထီးတော်များဟာ
သွယ်သွယ်ရှည်ရှည် လေးတွေ နဲ့ အနက်ရောင် ဖြစ်နေပါတယ်။
မယ်ဆိုင်ဘုရား(ဦးအောင်ဇေယျ) ဘုရား မှာလည်း ဒီလို လက်ရာမျိုးနဲ့ စေတီတော်၊
ရုပ်ပွားတော် တွေကို မြင်နိုင်ပါသေးတယ်။ ထိုင်းနိုင်ငံက အဆောက်အဦး
ပုံစံတွေဟာ အမိုးချွန် ပုံစံ၊ ဘုရားဆင်းတုတော်တွေ ဆိုရင်လည်း မျက်နှာတော်
သွယ်သွယ်နဲ့ ရှည်ရှည်မျောမျော ပုံစံ ရှိပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ
ရှိတဲ့ ရှေးဟောင်း မွေတော် ဘုရားစေတီတော် တွေ မှန်သမျှ ဒီလို လက်ရာတွေပဲ
များတယ် ဆိုတာ မြင်တွေ့ရတယ်။ ခုခေတ် လက်ရာနဲ့လည်း မတူပါဘူး။ ကက္ကူမွေတော်
ဘုရားဟာလည်း အဲဒီလိုပဲ ဘုရားထီးတော် အနက်ရောင်နဲ့ ရှည်သွယ်သွယ်လေးတွေ၊
ကြာမှောက်ကြာလှန် ကလည်း ရှည်ရှည် သေးသေး လေးတွေ များတယ်။ အချို့ ပြန်လည်
ပြုပြင်ထားတဲ့ စေတီတော် တွေ မှာတော့ နောက်လက်ရာတွေ ဖြစ်တဲ့ ထီးတော်
အကြီးကြီးစား လုံးလုံးနဲ့ ကြာပန်း ၀တုတ်တုတ် တွေ ဖြစ်နေတာကို မြင်တွေ့ရ မှာ
ဖြစ်ပါတယ်။ ဒါကတော့ ဆက်စပ်မိလို့ ပြောတာပါ။
တောင်ကြီးမြို့နယ်ရဲ့ တောင်ဘက်မှာ ကျောက်တစ်လုံးကြီးမြို့နယ်၊ အရှေ့ဘက်မှာ
ဟိုပုံးမြို့နယ် တို့ တည်ရှိကြပြီး၊ အဲဒီ ဒေသ တွေဟာ ပအိုဝ်း တိုင်းရင်းသား
အများစု နေထိုင်ကြတဲ့ ဒေသတွေ လည်း ဖြစ်တယ်။ ပအိုဝ်း ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသတွေ ဖြစ်တဲ့ ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊
ဟိုပုံးမြို့ သုံးမြို့နယ် အပြင် ကျောက်တစ်လုံးကြီး ဒေသဟာ လည်း ယခင်က
အထူးဒေသ(၆) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။ျ
ယခင်က ဆီဆိုင် ဒေသဟာ လက်နက်ကိုင် တပ်ဖွဲ့များ ကျက်စားရာ ဖြစ်လို့ အနက်ရောင်
နယ်မြေ အဖြစ် သတ်မှတ်ထားရာကနေ၊ ခုဆိုရင် အညိုရောင် နယ်မြေ အဖြစ် ပြန်လည်
သွားလာခွင့် ရရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်း ခရီးသွား အများစု
လောက်သာ သွားလာနေကြပြီး နိုင်ငံခြားသား ခရီးသွားများကို လုံခြုံရေး
အာမခံချက် မရှိသဖြင့် အသွားအလာ နည်းသော နေရာ တစ်ခု လည်း ဖြစ်နေပါတယ်။
xxx
မွေတော် ကက္ကူ စေတီတော် နှင့် သဘာဝ ဘေးအန္တရာယ်
သမိုင်းဝင် မွေတော် ကက္ကူ စေတီတော်တွင် ၂၀၁၅ ခုနှစ် မေလ မှာလည်း တစ်ကြိမ်
လေပြင်း တိုက်ခတ်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက် ညဘက်မှာလည်း လေပြင်း
တိုက်ခတ်မှုကြောင့် စေတီတော်ရဲ့ ၃ ပုံ ၂ ပုံ လောက် ပျက်ယွင်းခဲ့ရတယ်လို့
သိရတယ်။ လွန်ခဲ့သော ၂၀၁၅ ခုနှစ် မေလ တွင်လည်း တစ်ကြိမ် ဖြစ်ဖူးပြီး၊
မိုးသက်လေပြင်းကြောင့် စေတီ ၃၈ ဆူ ပျက်စီးခဲ့ပြီး၊ တစ်လ နှစ်လ အတွင်း
ပြန်လည် ပြုပြင်ခဲ့ကြောင်း ၊ ယခုအကြိမ် ပျက်စီးခြင်းသည်
ဆုံးရှုံးမှုများကြောင်း သိရသည်။
မွေတော် ကက္ကူဘုရားတွင် စုစုပေါင်း စေတီတော် ၂၄၇၈ ဆူ ရှိပြီး၊
စေတီတော်ပေါင်း ၁၇၀၀ ခန့် ထီးတော် မြေခကာ ပျက်စီးခဲ့ရကြောင်း သိရသည်။
ဟင်္သာစံကျောင်း၊ စောင်းတန်း ၄သွယ် အမိုးများ ပျက်စီးခြင်း၊ ရဟန္တာသိမ်တော်
ပျက်စီး၊ ဆုတောင်းပြည့် အာသောက စေတီတော်ကြီး ကြာမောက်ကြာလှန် အထက်မှ
ပျက်ကျခြင်း၊ ဖောင်တော်ဆိုက်စေတီ ပန်းလည်တိုင် စိန်ဖူးတော်
ငှက်မြက်နားတော်နှင့် ထီးတော်အချို့ ပျက်စီး၊ အရန်စေတီ(၁၇၀၀) ဆူခန့်
ဖောင်းရစ် အထက်မှ ပျက်ကျခဲ့ကြောင်း၊ စေတီတော် အကြီး ၂ ဆူ၊ ဘုရားဝင်း
အတွင်းမှ သက်တမ်းအားဖြင့် ကြာမြင့်နေပြီ ဖြစ်သော မဟာဗောဓိ ညောင်ပင်ကြီးလည်း
ပြိုကျခဲ့ကြောင်း၊ စေတီတော် ပရ၀ုဏ် ပြင်ပ မှ လွိုင်လွန့် စားသောက်ဆိုင်
အဆောက်အဦး တစ်ခုလုံး ပြိုကျ ပျက်စီးခဲ့ကြောင်း ဘုရား ဂေါပက ဦးသောင်းစိန် က
ပြောကြားသည်။
ဧပြီ ၂၇ ရက်မှာတော့ ရှမ်းပြည်နယ် အစိုးရရုံးထံမှ မွေတော် ကက္ကူ စေတီတော်များ
ပြန်လည် ပြုပြင်နိုင်ဖို့ လုပ်ငန်း စီမံချက် များ
ရေးဆွဲထားပြီးဖြစ်ကြောင်း တရားဝင် သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက် ည
ပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ၈၆၉ ဆူ စေတီ ထီးတော်များ မြေခ
ပျက်စီးခဲ့ကြောင်း သိရသည်။
မွေတော် ကက္ကူဘုရားကို ရှေးမူလက်ရာ မပျက် ပြန်လည် ပြုပြင် တည်ဆောက်သွားရန်
ရည်ရွယ်ချက် ချမှတ်ခဲ့ပြီး စီမံချက်တွင် အပိုင်း (၆) ပိုင်း
ချမှတ်ခဲ့ကြောင်း၊ (၁) အပျက်အစီး ရှင်းလင်းခြင်း၊ (၂) မှတ်တမ်းတင်ပြီး
တန်ဖိုး တွက်ချက်ခြင်း၊ (၃) အလှူငွေ ကောက်ခံခြင်း (၄) ပြန်လည် ပြုပြင်
တည်ဆောက်ရေး (၅) လုံခြုံရေး (၆) အချိန်နဲ့ တပြေးညီ သတင်း ထုတ်ပြန်ရေး တို့
ပါဝင်ကြောင်း သိရသည်။
“ တောင်ကြီးမြို့မှာ ဆိုရင် စူဠာမုနိ ဘုရားရယ်။
မြို့လည် ဓမ္မာရုံ ရယ် နှစ်နေရာ၊ မွေတော် ကက္ကူမှာ တစ်နေရာ ပေါင်း ၃ နေရာမှာ
အလှူငွေ ကောက်ခံမှာ ဖြစ်တယ်။ နေရာ အသီးသီးမှာ ရရှိတဲ့ အလှူငွေများကို
ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ဘဏ္ဍာရေး ဆပ်ကော်မတီကနေ စေတီများ
ပြန်လည် တည်ဆောက်ရေး ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ”
ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးစိုးညွန့်လွင် က ပြောကြားသည်။
အလှူငွေ ကောက်ခံခြင်းတွင် ရှမ်းပြည်နယ် အစိုးရက ကြီးမှူးပြီး ဘဏ္ဍာရေး
ဆပ်ကော်မတီ ဖွဲ့စည်းကာ ဥက္ကဌ မှ တောင်ကြီးမြို့တွင် (၂) နေရာ၊ မွေတော်
ကက္ကူတွင် တစ်နေရာ၊ ပေါင်း ၃ နေရာ ကောက်ခံမည် ဖြစ်ကြောင်း၊ ရန်ကုန်၊ မန္တလေး ၊
နေပြည်တော် တို့တွင်လည်း အလှူခံဌာနများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၊
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စေတီများ ပြန်လည် တည်ဆောက်ရေး ပြန်လည်
အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
ပြန်လည် တည်ဆောက်ရာတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ
ပညာရှင်များ ပါဝင်ပြီး ရှေးမူမပျက် ပြန်လည် တည်ထားမည် ဖြစ်သည်။၊
လုံခြုံရေးတွင် စစ်တပ်၊ ရဲအင်အားနှင့် ကျေးရွာတွင်းမှ ဒေသခံ လူငယ် များမှ
စေတီတော် လုံခြုံရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ အရင်ဆုံး အလှူခံဖို့နဲ့ ပြင်ဆင်ဖို့က ဆရာတော်ဘုရားကြီးများ ထံမှာ ဘုရား
ဂေါပကအဖွဲ့က သြ၀ါဒ ခံယူပါတယ်။ ရှေ့အဆက်ဆက် ဆရာတော်များ လမ်းညွှန်မှုနဲ့
တည်ထားကိုးကွယ်ခဲ့တာ ဖြစ်တာကြောင့် သြ၀ါဒ ခံယူခြင်း ဖြစ်ပါတယ်။
ဆုတောင်းပြည့် ဘုရားကို အရင်ဆုံး တည်မယ်။ ခြံစည်းရိုး အုတ်တံတိုင်းနဲ့
အာရုံခံ စောင်းတန်းတွေ ပြန်ပြင်မယ်။ ဖောင်တော်ဆိုက်နဲ့ အရန် စေတီတွေ
ပြန်ပြင်ရမယ်ပေါ့။ ဗုဒ္ဓဘာသာ နွယ်ဝင် သူတော်စင်တွေကိုလည်း ဘုရား ပြုပြင်ရန်
ချီးမြှင့်ထောက်ပံ့ နိုင်ပါကြောင်း ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။ ”
ဟု မွေတော် ကက္ကူ ဘုရား ဂေါပက အဖွဲ့ဝင် ဦးသောင်းစိန် က ပြောကြားသည်။
xxx
တကယ်တမ်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ခရီးသွား လုပ်ငန်းကို
တိုးတက်အောင်မြင်အောင် လုပ်မယ်ဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်းမှာတင်
သွားလာစရာ နေရာတွေ အများကြီး ရှိနေသေးတာ ဖြစ်တယ်။ ဒီနေရာတွေ ပြန်လည်
ဖော်ထုတ် လိုက်မယ် ဆိုရင်ဖြင့် လူတကာ စိတ်ဝင်စားကြပြီး၊ ခရီးသွားအများစု
မြင့်တက်လာမှာ ဖြစ်ပြီး ပြည့်ဘဏ္ဍာကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပေးမှာ
ဖြစ်တယ်။
သူများနိုင်ငံတွေမှာ ဆိုရင် ကိုယ့်နေရာကောင်းမွန်အောင် သေချာပြင်ဆင်ပြီး
စိတ်ဝင်စားမှု မြင့်တက်အောင် လုပ်ထားတော့ နိုင်ငံတကာ ခရီးသွားတွေ
သန်းနဲ့ချီပြီး ၀င်နေတဲ့ နိုင်ငံတွေ၊ ခရီးသွားလုပ်ငန်းကိုပဲ အဓိက
စီးပွားရေး တစ်ခု အဖြစ် ရပ်တည် နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ အများကြီး
ရှိတာကို နမူနာ ယူသင့်ပါတယ်။ ဥပမာ - အိမ်နီးချင်း ထိုင်းနိုင်ငံ ဆိုရင်
လည်ပတ်စရာ တွေ အများကြီး ရှိပါတယ်။ ပတ္တရားကမ်းခြေ၊ ဘန်ကောက် စသဖြင့်ပေါ့။
သူတို့နိုင်ငံက တောင်ပေါ်ကို သွားမယ် ဆိုရင် ပလပ်စတစ်တွေ ၊ ရေဘူးတွေ
ယူသွားလို့ မရပါဘူး။ ရေဗူး ယူသွားချင်ရင် ဗူး အပေါင် ပိုက်ဆံ ပေးခဲ့ရတယ်။
ဗူးခွံ ပြန်ပေးမှ ပိုက်ဆံကို ပြန်ရတယ်။ အင်းလေးကန်နဲ့ အခြား လည်ပတ်ကြတဲ့
နေရာတွေမှာ ဒီလို နည်းစနစ်မျိုးကို ကျင့်သုံးသင့်ပါတယ်။
နောက်တစ်ချက်က ပြင်ဆင်မှု အပိုင်း။ ဥပမာ အင်းလေးကန်အတွက် ကုန်ကျစရိတ် မရှိဘဲ
ဝင်ကြေး ကောက်တော့ အင်းလေး ဒေသခံတွေက မကျေနပ်သလိုမျိုးပေါ့။
အင်းလေးကန်အတွက် ၀င်ငွေ ရရင် အင်းလေးကန် စိမ်းလန်း စိုပြေရေးတွေ
ပြန်လုပ်ပေးရမယ်။ အဲဒီဒေသအတွက် အကျိုးရှိမယ့် ပြင်ဆင်မှုတွေ လုပ်ပေးမှသာ
လူစိတ်ဝင်စားမှု မြင့်တက် လာမှာ ဖြစ်တယ်။
ရှေးဟောင်း မွေတော် ကက္ကူဘုရားမှာ ဆိုရင် အဓိက လမ်းတွေ ပြင်ဆင်ရမယ်။
ရှမ်းပြည်နယ်က လမ်းပိုင်းတွေက ဟိုးအရင် က အတော်ဆိုးခဲ့ပေမယ့် ခုတော့
သွားလာလို့ ရလောက်တဲ့ အနေအထားပဲ ရှိသေးတယ်။ ပိုပြီး ကောင်းမွန်အောင်
ပြင်ဆင်ရ မယ်။ နံပါတ်(၂) အချက်က မီး ရရှိရေး ဖြစ်ပါတယ်။ အခု
တိုက်ခတ်လိုက်တဲ့ ဧပြီ ၂၂ ရက် လေပြင်းကြောင့် မီးရရှိရေး သွယ်တန်း ထားကြ
တဲ့ ကက္ကူရွာ နဲ့ ပတ်ဝန်းကျင် ၄ ရွာခန့်မှာ မီးတိုင်တွေ ကျိုးပျက်ကုန်လို့
ဆုံးရှုံးမှု များတယ်လို့ သူတို့က ပြောပါတယ်။ အခုမှ မီး ရမယ် ကြံတုန်း
ရှိသေးတယ်။ မီးတိုင်တွေ ပျက်စီးကုန်တယ် ဆိုတော့ ဆိုးပါတယ်ဗျား။ အစိုးရ
အနေနဲ့ နိုင်ငံတော် ဘက်ဂျက်က ဖြစ်စေ၊ သီးသန့် ရန်ပုံငွေမှ ဖြစ်စေ ဦးစားပေး
ဆောင်ရွက်ပေးသင့်ပါတယ်။
နောက်တော့ အဆင့်မှီ တည်းခိုခန်းနဲ့ ဟိုတယ်ဇုန်တွေ၊ မီနီမားကတ် တွေ
ဖွင့်နိုင်အောင် ပြင်ဆင်ပေးရမယ်။ Town Plan လို့ ခေါ်တဲ့ မြို့ပြ စီမံကိန်းက
အခရာ ပါပဲ။ မြို့ပြ စီမံကိန်း မရှိတော့ အင်းလေးကန်မှာ ငြင်းခုန်နေတာ
ခုထက်ထိ မပြီး နိုင်တော့ပါဘူး။ ဒီနေရာမှာ ဒေသခံ ဌာနေ တိုင်းရင်းသားတွေရဲ့
အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။
ကက္ကူနား အနီးတစ်ဝိုက်မှာ ဆိုရင်လည်း ကျောက်တစ်လုံးကြီးကို သွားလည်လို့
ရမယ်။ ကက္ကူဖြတ်လမ်းအတိုင်း ဆီဆိုင်၊ ဘန်းယဉ် ၊ ဟိုပုံးမြို့နဲ့ ထမ်ဆမ်းဂူ
ကိုလည်း လည်ပတ်လို့ ရမယ်။ ဒါကြောင့် ကက္ကူရွာနဲ့ ကက္ကူ မွေတော်
စေတီတော်များကို အမျိုးသားရေး တာဝန် တစ်ရပ် အနေနဲ့ ပြုပြင် စောင့်ရှောက်
ထိန်းသိမ်း ကြပါစို့လို့ တိုက်တွန်းရင်းနဲ့……
+++
No comments:
Post a Comment