Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

အိပ်မက်များကို ထုဆစ်ခဲ့သူ (သို့မဟုတ်) စွယ်စုံရအနုပညာရှင်

 အိပ်မက်များကို ထုဆစ်ခဲ့သူ (သို့မဟုတ်) စွယ်စုံရအနုပညာရှင်

စည်သာ(တောင်ကြီး)

နိဒါန်း

ရှမ်းပြည်နယ်မှာ မွေးဖွားတဲ့ တောင်ပေါ်သား အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာကြီး ဦးစံဖေ(တောင်ကြီး) ဟာလည်း စွယ်စုံတတ် ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။

ဦးစွာ ပထမ ပြောကြားလိုတာက ဆရာကြီး ဦးစံဖေ(တောင်ကြီး) ရဲ့ သမိုင်းကြောင်း အထုပ္ပတ္တိ ကို ရေးရင် ၃ ပိုင်း လောက် ခွဲပြီး ရေးတော့မှ ပြည့်စုံမယ် ထင်ပါတယ်။ ဒါကြောင့်မို့ ဆရာကြီးရဲ့ အနုပညာပိုင်း၊ နိုင်ငံရေး ဖြတ်သန်းမှု နဲ့ (ထူးခြားဖြစ်စဉ်၊ လေ့လာသုံးသပ်ချက်) ဆိုပြီးတော့ ၃ ပိုင်းလောက် ခွဲရေးဖို့ကို မေတ္တာ ရပ်ခံလိုပါတယ်။

ပထမ ပိုင်းမှာ ဆရာကြီး ရဲ့ အနုပညာရပ် များကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ တပည့်ရင်း ဖြစ်တဲ့ ပန်းချီပညာရှင် ဦးတင်ဝင်း(တောင်ကြီး) နဲ့ တွေ့ဆုံပြီးတော့ ဘ၀ဖြစ်စဉ်တွေကို ရေးစပ်သီကုံး မှတ်တမ်းတင်လိုက် ရပါတယ်။

xxx

(၁) ဘ၀ အထုပ္ပတ္တိအကျဉ်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် အဖ ဦးခိုင်၊ အမိ ဒေါ်ချစ်မယ် တို့မှ မွေးဖွားသော သားဖြစ်ပြီး ငယ်နာမည် မောင်စံဖေ ဖြစ်တယ်။ ၁၉၁၈ ခုနှစ်၊ ဧပြီလ၊ ၁၃ ရက်တွင် မွေးဖွားပြီး မွေးချင်း ရှစ်ယောက် အနက် ဒုတိယသား ဖြစ်တယ်။ သူ့ရဲ့ မွေးချင်းတွေကတော့ ဦးစံမြင့်၊ ဒေါ်အုံးတင်၊ ဒေါ်အုံးရွှေ၊ ဒေါ်ဖွားစိန်၊ ဒေါ်ပန်းကြွေ၊ ဒေါ်ရွှေဥ တို့ ဖြစ်တယ်။ လူမျိုးမှာ အင်းသား ၊ ဓနု လူမျိုး ဖြစ်ပြီးတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုးကွယ်ဆည်းကပ်သူ ဖြစ်ပါတယ်။ တောင်ကြီးမြို့ ဆရာကြီး ဦးမင်းဝံ ကျောင်းမှာ အတန်းပညာ စတင်၍ သင်ကြားရာ ကျောင်းပညာ၌ စိတ်မ၀င်စား၍ အိမ်ကို တိုင်စာပို့ရာတွင် စာထဲ၌ ဦးစံဖေ၏ ဖခင်အမည်ကို “မောင်မင်း” ဟူသော အသုံးအနှုန်းကြောင့် ကျောင်းမှ ထွက်ခဲ့ရတယ်။ ကျောင်းပညာကို အခြေခံပညာ အလယ်တန်းကျောင်း ပဉ္စမတန်းအထိသာ သင်ယူခဲ့ရသူလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေး ရပြီးနောက် မဆလ ခေတ်တွင် နိုင်ငံတော်မှ ဦးစံဖေအား မော်ကွန်းဝင် အဆင့်ပေးရန် အထုပ္ပတ္တိ ကို အသံသွင်းနေချိန် တစ်ပိုင်းတစ်စတွင်ပင် စိတ်ဓါတ်ကျ၊ စိတ်ဆင်းရဲ၊ အရက်ဖိစီးမှုတို့ကြောင့် ၁၉၇၇ ခုနှစ် ဇွန်လ ၇ ရက် အသက် (၅၉) နှစ်၌ အရွယ်မတိုင်ခင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Xxx

ပန်းချီပညာ ကို စတင်သင်ကြားဖြစ်ပုံ

ဆရာကြီးဟာ ငယ်စဉ်ထဲက ပန်းချီပညာရပ်ကို အထူးစိတ်ဝင်စားသူ တစ်ယောက် ဖြစ်တယ်။ ကျောင်းနေစဉ် အချိန်တွင် ကျောင်းစာအုပ်ပေါ်၌ ပန်းချီပုံများကို အမြဲတမ်းလိုလို ရေးဆွဲနေလေ့ ရှိတယ်။ ၁၉၃၄ ခုနှစ်တွင် ပျဉ်းမနားမြို့ ဦးလှ၏ ပန်းချီကျောင်းတွင် စာပေးစာယူစနစ်ဖြင့် ပန်းချီပညာကို (၆)လမျှ သင်ယူလေ့လာခဲ့တယ်။

ဖခင် ဦးခိုင်ဟာ ဗိသုကာ ပညာရှင် တစ်ယောက် ဖြစ်တဲ့ အတွက် ဖခင်ထံမှ ဗိသုကာပညာကို ဆည်းပူး လေ့လာသင်ကြားခဲ့တယ်။

၁၉၃၅ ခုနှစ်မှာ ရှမ်းပြည်နယ် ပညာမင်းကြီး မစ္စတာ ကင့်(ခ်ျ) (Mr.Kinch) က ဦးစံဖေရဲ့ ပန်းချီပညာ အတိမ်အနက်ကို ရိပ်စား အကဲခတ်မိလို့ သားအဖြစ် မွေးစားပြီးတော့ ပန်းချီ၊ ပန်းပု ပညာရပ်များကို သင်ကြားပေးခဲ့ပါတယ်။ မစ္စတာ ကင့်(ခ်ျ) ဟာ အခြားသော ကလေးငယ် ၅ ဦးကိုလည်း မွေးစားခဲ့ပြီး တစ်အိမ်ထဲမှာ နေစေကာ သက်ဆိုင်ရာ ၀ါသနာ ပါတဲ့ ပညာတွေကိုလည်း သင်ကြားပေးခဲ့ပါသေးတယ်။ ဒါကြောင့်မို့ ပန်းချီ၊ ပန်းပု ပညာရပ်ကို နည်းစနစ်ပိုင်းရော၊ အတွေ့အကြုံပိုင်းကိုပါ ကျယ်ကျယ်ပြန့်ပြန့် စတင်တွေ့ရှိခွင့်ရအောင်လမ်းဖွင့်ပေးပြီး၊ အပ်ကျမတ်ကျ သင်ကြားပေးခဲ့တဲ့ ဆရာကတော့ မစ္စတာ ကင့်ခ်ျ ဟာ ဦးစံဖေ ရဲ့ ပထမဆုံး လက်ဦးဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေရှိ ပန်းပုဆရာတို့ ထံတွင်လည်း ပန်းပု ပညာရပ် များကို လေ့လာဆည်းပူးခဲ့သေးတယ်။ အချိန်တိုအတွင်းမှာ ပန်းချီပန်းပု လက်ရာတွေ တိုးတက်လာပြီးတော့ အားကြိုးမာန်တက် ဇောက်ချ လေ့လာခဲ့သဖြင့် အသက် ၂၀ တောင် မပြည့်သေးခင်မှာဘဲ ထူးချွန်အဆင့်ကို ရောက်ရှိခဲ့ပါတယ်။

၁၉၃၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပန်းချီဆရာကြီး ဦးငွေကိုင်ထံ ပန်းချီပညာရပ်များ ထပ်မံလေ့လာဆည်းပူးခဲ့တယ်။ အသက် ၂၀ မပြည့်ခင်အထိ ဆရာကြီးရဲ့ ပညာသင်ကြားမှုကတော့ ထိုမျှသာလျှင် ဖြစ်တယ်။

Xxxx

ဆရာကြီး ကျင်လည်ခဲ့သော အနုပညာရပ်များ

ဆရာကြီးဟာ ပန်းချီ၊ ပန်းပု တို့အပြင် ဂီတဘက်တွင်လည်း ၀ါသနာထုံ သေးတယ်။ ပန်းချီ၊ ပန်းပု ထုပြီးလို့ အားလပ်ချိန်ကိုရောက်ရင်ဖြင့် စန္ဒယားတီးခြင်း၊ တယောထိုးခြင်း၊ ဂီတာတီးခြင်း စတဲ့ တူရိယာတွေနဲ့ တီးမှုတ်ပြီး အချိန်များကို ကုန်လွန်စေခဲ့ပါတယ်။ တိုင်းရင်းသား ရိုးရာ အကအလှ များကိုလည်း ကိုယ်တိုင် ကတတ်သေးတယ်။ အတီးပညာ သာမက အကပညာ မှာပါ ကိုယ်တိုင် ပါဝင် ဖန်တီးရမှ ကျေနပ်တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပအိုဝ့် တိုင်းရင်းသား အကပညာ သင်ကြားရာမှာ စန္ဒရား ဆရာတင် နဲ့ တွဲဖက်ပြီး ကျောက်တန်း၊ မင်းလွင်တောင် စတဲ့ ရွာများအထိ ခက်ခဲစွာ လိုက်လံသင်ကြားပေးခဲ့တယ်။

xxx

ပန်းချီဆရာ ဘဝ

ဆရာကြီးဟာ မွေးလာထဲက အနုပညာ မှော် အောင်လာပြီးတော့ အရာရာ ကို တစ်ဖက်ကမ်းခတ် အောင် တတ်မြောက်လာသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါဟာ ဗီဇ (ဒါမှမဟုတ်) ပါရမီ နဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။

၁၉၃၈ ခုနှစ် အသက်(၂၀) ပြည့်ချိန်မှာတော့ ရန်ကုန်မြို့ ကူရှင်ကျောင်းတွင် ပုံဆွဲဆရာအဖြစ် စတင်အမှုထမ်းသည်။ အဲဒီနှစ်မှာဘဲ ရန်ကုန်မြို့ရှိ ပန်းချီ၊ အနုပညာကျောင်း ကို ဖွင့်လှစ်ရာမှာ ဦးစံဖေဟာ ပန်းချီနည်းပြဆရာအဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရသည်။

၁၉၄၂ ခုနှစ် မှာ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားချိန် ဦးစံဖေဟာ ဇာတိမွေးရပ်မြေ ဖြစ်တဲ့ တောင်ကြီးမြို့ကို ပြန်လာတယ်။ ရှမ်းပြည်နယ် ပြန်ရောက်ရောက်ချင်းမှာဘဲ စာကြည့်တိုက် အသင်းကို တည်ထောင်ပြီး ထိုအသင်းမှာ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် တောင်ကြီးမြို့ အစိုးရ အထက်တန်းကျောင်းမှ ဆရာမ ဒေါ်လှသင်းနှင့်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက် ထွန်းကားခဲ့သည်။ သားသမီးများမှာ အိုးဝေ၊ ခင်နှင်းဝေ နှင့် မိုးဝေ တို့ ဖြစ်ကြသည်။ စစ်ဖြစ်ပွားချိန်တွင် ရှမ်းပြည်နယ်သို့ ပြန်ရောက်ချိန်သည် ဦးစံဖေ ၏ နိုင်ငံရေး စိတ်ဓါတ် နိုးကြားနေချိန်လည်း ဖြစ်ပြီး ပြည်နယ်အရေး၊ နိုင်ငံရေးများကို အပြင်းအထန် လုပ်ဆောင်ခဲ့သည်။ စာကြည့်တိုက် အတွက် ရန်ပုံငွေ များ ရရှိရန်အတွက် အမျိုးသမီး လုပ်သား (၁၀၀) ခန့် ပါဝင်သည့် ဆေးလိပ်ခုံကို ဦးစံဖေ ကိုယ်တိုင် ဦးစီးပြီး တည်ထောင်ခဲ့သည်။ စာအုပ်စာပေ တို့ကို ဖတ်ရှုလေ့လာခဲ့ပြီးနောက် ဦးစံဖေသည် မြန်မာ့အရေးနှင့် ကမ္ဘာ့အရေး တို့ကို စိတ်ဝင်စားလာပြီး နိုင်ငံရေးသမားများနှင့် တွဲလာသည်။ စာကြည့်တိုက်အသင်းကို အာရှလူငယ် အစည်းအရုံးအဖြစ် ပြောင်းလဲခဲ့ရာ၍လည်း ဦးစံဖေက အမှုဆောင်အဖြစ် ပါဝင်ခဲ့သည်။

မြန်မာ့တပ်မတော်အတွက် ရှမ်းပြည်နယ်အတွင်း စစ်သား စုဆောင်းရေးအတွက် ဦးစံဖေသည် ဦးဘဇံနှင့် အတူ ပူးတွဲ တာဝန်ယူခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး ကာလသို့ ရောက်သောအခါ ဦးစံဖေသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖက်ဆစ်တော်လှန်ရေး မြေအောက်လှုပ်ရှားမှု၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ရှမ်း၊ ပအိုဝ့်၊ အင်းသားတို့ကိုလည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

၁၉၄၆ ခုနှစ်၊ မတ် (၂၀) တွင် ပထမ ပင်လုံဆွေးနွေးပွဲ ပေါ်ပေါက်လာခဲ့သည်။ ထို ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် လွတ်လပ်ရေး အဖွဲ့ချုပ်၏ နိုင်ငံရေး ပြခန်းတွင် ဦးစံဖေ က အလျား ပေ(၃၀) အနံ (၂၅) ပေ ခန့်ရှိသည့် နံရံပေါ်တွင် ရှမ်းပြည်နယ်၏ မြစ်၊ ချောင်း၊ အင်းအိုင်၊ လမ်းပန်း ဆက်သွယ်ရေး ထွက်ကုန် နှင့် လူမျိုးစုများ ပျံ့နှံ့ နေထိုင်ပုံကို ဆေးပန်းချီခြယ်၍ ပန်းချီ လက်စွမ်းပြခဲ့သေးသည်။

လွတ်လပ်ရေး ရသည့်အခါ နိုင်ငံရေးလောကမှ ခေတ္တ အနားယူကာ အနုပညာလောက သို့ ပြန်လည် လှုပ်ရှားလာပြန်သည်။ ဦးစံအောင် နှင့် တွဲဖက်ပြီး ရှမ်းပြည်ဟစ်တိုင် ဂျာနယ် ကို ထုတ်ဝေခဲ့သေးသည်။ ရှမ်းပြည်နယ်တွင် အမြစ်တွယ်လျက် ရှိသည့် ကစားဝိုင်း နှင့် ပဒေသရာဇ်စနစ်ကို တိုက်ထုတ်ခဲ့သူလည်း ဖြစ်သည်။

Xxxx

ဦးစံဖေ ဟု လာသိများလာခြင်း

နိုင်ငံရေးမှ ခေတ္တအနားယူပြီး နောက်ပိုင်းမှာ တောင်ကြီးမြို့ အခြေစိုက်ပြီး အေးအေးလူလူ ပန်းချီဆွဲ၊ ပန်းပု ထု လုပ်တော့သည်။ ၁၉၅၂ ခုနှစ်တွင် လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံရေး အကြီးအကဲ များမှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု အား နိုင်ငံတွင်းတွင် ထားရှိရန်အတွက် ရုပ်တုလက်ရာများ တင်သွင်းရန် ဖိတ်ခေါ်ရာတွင် ဦးစံဖေ၏ ရုပ်တု မှာ လက်ရာကောင်းမွန်သောကြောင့် သူ၏ ရုပ်တုကို ရွေးချယ်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ် တွင်ပင် ပန်းပုဆရာ ကော့ပနယ် နှင့် အတူ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ပုံတူထုလုပ်ရန် အတွက် ဦးစံဖေ သည် အင်္ဂလန် နိုင်ငံ လန်ဒန် မြို့သို့ လိုက်ပါသွားခဲ့သည်။ အစိုးရမှ ပညာတော်သင် စေလွှတ်ခြင်း ခံရသူ ဖြစ်ပြီး၊ (၆)လ ကြာမျှ ပန်းပု ပညာရပ်များကို လေ့လာဆည်းပူးပြီး ပြန်လာခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ရန်ကုန် ပန်းချီ၊ ပန်းပုကျောင်းတွင် ပန်းပုနည်းပြဆရာအဖြစ် တစ်နှစ်ကျော်ကျော် အမှုထမ်းခဲ့ သည်။ ဦးခင်မောင် ကျောင်းအုပ်အဖြစ် ပြောင်းရွှေ့လာချိန်မှာ နှုတ်ထွက်လိုက်ပြီး “ဇာတိမြေ ရှိ လူငယ်များ ပန်းချီ အနုပညာရပ်များ တိုးတက်ရမည်” ဟူ သော ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် ပြန်ခဲ့သည်။

ရှမ်းပြည်နယ်ရှိ ပန်းချီဝါသနာရှင်များအတွက် ပန်းချီသင်တန်း တစ်ခုကို ဖွင့်လှစ်ပေးသည်။ ဦးစံဖေ ဖွင့်လှစ်သော သင်တန်းကျောင်းမှာ အဆင့်မြင့် သင်တန်းတစ်ခုဖြစ်ပြီး၊ စည်းကမ်းများလည်း တင်းကျပ်သည်ဟု သိရသည်။ အဆင့်လိုက် တစ်ဆင့်ချင်းစီ သင်ကြားပြီး၊ ဆင်းရဲနွမ်းပါးသော ကျောင်းသား လူငယ်များကို အခမဲ့ သင်ကြား ပေးသည်။ ထို့ကြောင့် ဦးစံဖေတွင် တပည့်တပန်း များပြားလှသည်။

ဦးစံဖေသည် ၀ါသနာပါရာ အနုပညာ အလုပ်ကို အချိန်ပြည့် ထုံမွှမ်းနေသဖြင့် အိမ်ထောင်ရေး ပြိုကွဲခဲ့ရသည်။ လွတ်လပ်ခြင်းကို ပျော်ရွှင်ခြင်းကို ခုံမင်သူ ဖြစ်တာကြောင့် တပည့်များနဲ့ တရုန်းရုန်း လုပ်ကိုင်တတ်ပြီး ပန်းပုရုပ် များကို ထုလုပ်နေချိန်မှာလည်း မိတ်ဆွေ အပေါင်းအသင်းများနဲ့ပျော်ပါး သောက်စား နေထိုင်သဖြင့် ဇနီးဖြစ်သူ က မနှစ်မြို့တော့ဘဲ ရန်ဖြစ်စကားများရာကနေ အိမ်ထောင်ရေး ပြိုကွဲ ခဲ့ရသည်။ သားသမီး သုံးယောက် စလုံး ဇနီးဖြစ်သူ နှင့် ပါသွားခဲ့သည်။ တောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ထုလုပ်နေစဉ်မှာ ငွေကြေး ကုန်ခန်း တဲ့ ပြဿနာ ကလည်း ရှိနေတယ်။ ဒါ့အပြင် အိမ်ထောင်ရေး ကလည်း အဆင်မပြေ၊ အရက်သေစာ ကလည်း သောက်စား တော့ အိမ်ထောင်ရေး ပြိုကွဲစေတာလည်း ဖြစ်ပါတယ်။

အိမ်ထောင်ရေး ပြိုကွဲပြီးနောက်ပိုင်းမှာ ဦးစံဖေ ဟာ အရက်ကို အရင်ကထက် ပိုသောက်လာတတ်သည်။ သားရှင်ပြုချိန် ဇနီးက ပစ်ပယ်ထားခြင်းကို ခံရပြီးတော့၊ သားဖြစ်သူကို တစ်နေကုန် စောင့်နေသော်လည်း ရောက်လာခြင်း မရှိတဲ့အတွက် ခံစားလိုက်ရပြီးတော့ အရက်ကို အလွန်အကျွံ သောက်လာခဲ့တာဖြစ်သည်။

xxxxx

ဦးစံဖေ၏ လက်ရာများ

ဦးစံဖေဟာ မြန်မာနိုင်ငံမှာ အတော်ဆုံးသော ပန်းပု ဆရာကြီးအဖြစ် အများက အသိအမှတ်ပြုထားပြီး ဖြစ်သည်။

ဆရာကြီး ထုလုပ်ခဲ့သော ပန်းပု ရုပ်တု များမှာ ရန်ကုန် ကန်တော်ကြီး(ပုံကြမ်းထု) ၊ အင်းစိန်၊ နှင့် တောင်ကြီး တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု များကို ထုလုပ်ခဲ့ပြီး၊ ပလာစတာ ရုပ်လုံးကြွများနှင့် ဖယောင်းရုပ်တု များစွာ တို့အပြင်၊ ဆီဆေး ပန်းချီကား များစွာ တို့ကို ရေးဆွဲခဲ့ကြောင်း၊ ဆရာကြီး ရေးဆွဲခဲ့သော ပန်းချီကားများနှင့် ပန်းပုရုပ်တုများသည် နိုင်ငံခြားနှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရောက်ရှိနေကြောင်း သိရသည်။

တောင်ကြီးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ဦးစံဖေ ရဲ့ နေအိမ် ဘုရားဖြူ ရပ်ကွက်ထဲမှာပင် အိမ်ရှေ့ အမိုးမိုး၊ အကာအရံများဖြင့် ပြုလုပ်ပြီး၊ တပည့်တပန်းများဖြင့် ပျော်ပျော်ပါးပါး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရုပ်တုကြီး ပြီးစီးသွားချိန်မှာ ဗဟို အဆင့် ရုပ်တု ကြီးကြပ် စီစစ်ရေး အဖွဲ့က လာရောက် စစ်ဆေးခဲ့ပြီးတော့ ၃ ချက်ကို ပြင်ခိုင်းပါတယ်။

(၁) ဗိုလ်ချုပ်အောင်ဆန်း ဟာ ခန္ဓာကိုယ် ထွားကျိုင်းလွန်းနေတယ်။ (၂) ဟန်ပန် အမူအရာ က နွဲ့နှောင်း နေတယ်။ စစ်သား သဏ္ဍာန် အတိုင်း မားမားမတ်မတ် ရပ်တည်ခြင်း မရှိဘူး။ (၃) အရပ်ရှည်လွန်းပြီးတော့၊ ဖိနပ် ကို ပြန်ပြင်ခိုင်းတယ်။

ဒီအချက်တွေကို ဆရာကြီး ဦးစံဖေ က မပြင်ပေးခဲ့ပါဘူး။ သူပြန်ပြောတဲ့ အချက်တွေကတော့ ဗိုလ်ချုပ်အောင်ဆန်း ကို ဆရာကြီးဟာ အပြင်မှာလည်း မြင်ဖူးပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် ပိန်ပိန်ပါးပါးလေး ထုလိုက်ရင် နောင်လာနောက်သားတွေက ဗိုလ်ချုပ်အောင်ဆန်းကို ဘိန်းစား လို့ ထင်သွားမှာ စိုးတာရယ်။ ဟန်ပန် အမူအရာ နွဲ့ နေတယ် ဆိုတာက အနုပညာ သဘောအရ နွဲ့သင့်ရင် နွဲ့ရတယ်လို့ ဆရာကြီးက ဆိုတယ်။ အမြဲတမ်းကြီး ခန့်ခန့်စန့်စန့်ကြီးနဲ့ တောင့်တောင့်ကြီး ဆိုရင် အသက်မ၀င်နိုင်ကြောင်း၊ အောက်ကနေ ရပ်ကြည့် လိုက်တဲ့ အခါမှာ ပါစဖက်တစ် အမြင်၊ နီးဝေး အမြင် သဘော အရ ရုပ်တုများဟာ ပုသွားတတ်တာမို့ တမင်တကာ အရပ်ရှည်ထားခြင်း ဖြစ်ကြောင်း၊ အနုပညာ အမြင်နဲ့ ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းပြီး မပြင်ပေးခဲ့ပါဘူး။

ယခုထက်ထိ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံထဲမှာ ရုပ်တုကြီးကို ထားရှိ ပြသ ထားတာလည်း ဖြစ်ပါတယ်။

+++

ပြန်လည် ဖော်ထုတ်သင့်

“ ဦးစံဖေ(တောင်ကြီး) ဆိုတာ ပထမဆုံသော ပန်းချီ ပန်းပု ဆရာကြီး၊ နိုင်ငံခြားကိုလည်း ပညာတော်သင် စေလွှတ်ခြင်း ခံရသူပေါ့။ ဆရာကြီးကို နိုင်ငံတော် အဆင့် အသိအမှတ်ပြုပြီးတော့ နိုင်ငံ့ဂုဏ်ရည်ဆု လိုမျိုး ပေးသင့်တာပေါ့။ အရင်ကလို ဆိုရင်တော့ လွတ်လပ်ရေးမော်ကွန်းဝင် အဆင့် အဖြစ် ချီးမြှောက် ဂုဏ်ပြုသင့်တာပေါ့လေ။

ဆရာကြီးက ကန်တော်ကြီး၊ အင်းစိန်နဲ့ တောင်ကြီး တို့မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ ထုလုပ်ခဲ့တာ ဖြစ်တယ်။ ကန်တော်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ကို တစ်နိုင်ငံလုံးက ပြိုင်ကြတော့ပုံစံငယ်ကို ၀င်ပြိုင်တာ ဆရာကြီး ဦးစံဖေ က အရွေးခံရတယ်။ ဦးစံဖေ ရဲ့ နမူနာ လက်ရာကို အင်္ဂလန်က မစ္စတာ ဂေါ်ဘလင် က ထုလုပ်တာ။ လုပ်ကူဖို့နဲ့ ပညာတော်သင်ဖို့ နိုင်ငံတော် အစိုးရက နိုင်ငံခြားကို လွှတ်လိုက်တာ။ ပုံစံငယ်က ဆရာကြီး ဦးစံဖေ က တင်တာ အရွေးခံရတယ်။ ကြေးသွန်း ပညာ ဒီမှာ မထွန်းကားသေးတော့ နိုင်ငံခြားကို အပ်လိုက်တာပါ။ ဦးစံဖေကိုပါ ပညာတော်သင် ဆိုပြီး လွှတ်လိုက်တာပါ။ ”

ပန်းချီ ပညာရှင် ဦးတင်ဝင်း(တောင်ကြီး) က ပြောကြားသည်။

Xxx

လူတိုင်းဟာ အရာရာတိုင်းမှာ ဘက်စုံ မထူးချွန်နိုင်ပါဘူး။ ဘက်စုံ တော်တတ်နေတဲ့သူမျိုးဆိုတာ ရှားလည်း ရှားပါတယ်။

ထူးချွန်သူ အနုပညာရှင်များဟာ သူတို့ရဲ့ အနုပညာဈာန် ၀င်စားဖို့ အတွက် တစ်ခုခု မှီဝှဲလေ့ ရှိကြပါတယ်။ မူးယစ်ဆေးဝါး၊ အရက်သေစာ တစ်ခုခုကိုပေါ့။ ဒါတွေကြောင့်ပဲ မူးယစ်ဆေးဝါးရဲ့ သားကောင်ဘ၀ ရောက်ရပြီး ပြန်လမ်းမဲ့ နွံထဲကို သက်ဆင်းခဲ့ရတာ များလှပါပြီ။ အောင်မြင်ကျော်ကြားသူတိုင်းဟာ အရက်ရဲ့ ကျေးကျွန် ဖြစ်ကြရတာ အလွန် အင်မတန် နှမျောစရာကောင်းလှပါတော့တယ်။

ဆရာကြီး အမြဲတမ်းပြောလေ့ ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ သူ၏ ယုံကြည်ချက်မှာ အနည်းငယ် ထူးခြားနေပါတယ်။ အနုပညာရှင်များသည် သက်ရှိ ထင်ရှား ရှိနေစဉ် ကျော်ကြားမှု မရှိ။ ဥပမာ အားဖြင့် ညောင်မြစ် မည်မျှ ရှည်သည်ကို ညောင်ပင်ကြီး လဲမှသာ သိနိုင်သည်။ အနုပညာ ရှင် သေပြီးမှသာလျှင် ၎င်း တို့၏ တန် ဖိုး ကို သိကြသည် ဟူ၍ အမြဲ ဆိုလေ့ ရှိသည်။

xxxx

ဆက်လက် ဖော်ပြပါဦးမည်။

Xxx

ကလောင် - စည်သာ(တောင်ကြီး)

နေ့စွဲ - 14 - 10- 2017

No comments:

Post a Comment


Aung Hein - နည်းပညာ