Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

ကိုဗစ် က ပေးတဲ့ ဝေဒနာ

 ကိုဗစ် က ပေးတဲ့ ဝေဒနာ


 စည်သာ(တောင်ကြီး)

တောင်ကြီးမြို့တွင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါဖြစ်ပွားသူ နှင့် သေဆုံးမှုနှုန်း တရှိန်ထိုး မြင့်တက်လာနေပြီ ဖြစ်သည်။ လက်ရှိ တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါဖြစ်ပွားနေသူများ၏ ခံစားနေရသော ဝေဒနာများ၊ ကျန်းမာရေးကောင်းမွန်လာအောင် နေထိုင်ပြုမူပုံတို့ နှင့် အကြံပြုချက်စကား တို့ကို တတ်နိုင်သလောက် သွားရောက်မေးမြန်းစုဆောင်းခဲ့ခြင်းကို ထပ်ဆင့်တင်ပြမျှဝေအပ်ပါသည်။

ကိုမင်းမင်းစိုးသည် ကိုဗစ် ကူးစက်သည့်ရက်မှ စရေတွက်လျှင် ငါးရက်အတွင်း ဝေဒနာ ခံစားခဲ့ရပြီး၊ ခြောက်ရက်မြောက်နေ့တွင် သက်သာကောင်းမွန်ခဲ့ရကြောင်း သူက ဆိုသည်။ စတင်ကူးစက်ချိန် က နေအိမ်သားများမှ တဆင့်ကူးစက်ခံရခြင်းဖြစ်ပြီး၊ Mask နှစ်ထပ်တပ်ခြင်း၊ လက်ဆေးခြင်းများလည်း လိုက်နာကြောင်း၊ အိမ်ပြင်ထွက်လေ့လည်း မရှိခဲ့ကြောင်း၊ မည်သို့ မည်ပုံကူးစက်ခံလိုက်ရမှန်း နားမလည်ကြောင်း ရှင်းပြသည်။ ကိုဗစ်ရောဂါ ခံစားရချိန် အစားအသောက် များကို စားချင်စိတ်မရှိလည်း ကိုယ်ခံအားကောင်းစေရန် စားသောက်နေထိုင်ခဲ့သဖြင့် ငါးရက်မြောက် နေ့တွင် အနံ့ပြန်ရလာခြင်းဖြစ်ကြောင်း သိရသည်။ သူ၏ နေအိမ်တွင် ဈေးထဲဈေးရောင်းသော ဇနီးသည်အမျိုးသမီး ကို စတင် စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် သူမအား Quarantine Center သွားရောက်နေထိုင်စေပြီး၊ နေအိမ်ရှိ ကျန်အိမ်သား များကိုလည်း စစ်ဆေးရာမှ အိမ်သားပေါင်း (၅) ယောက် ထံတွင် ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဇနီးသည် ကွာရတင်းစင်တာ ရောက်ပြီး နှစ်ရက်အကြာတွင် ကိုမင်းမင်းစိုး တို့ နေအိမ်ရှိ အိမ်သားများ တွင် ရောဂါလက္ခဏာများ ပြလာခြင်းဖြစ်ကြောင်း၊ ဖြစ်ဖြစ်ချင်း လက္ခဏာ မပြဘဲ လူကောင်း အတိုင်းပင် ရှိကြောင်း၊ စစ်ပြီး နှစ်ရက်အကြာတွင် ကိုယ်လက်ကိုက်ခဲခြင်း အနံ့ပျောက်ခြင်းများ ဖြစ်လာရကြောင်း ဆိုသည်။

 “ ပထမဆုံး ညောင်းကိုက်သွားတာ၊ ခါးဆစ်တွေ ကိုက်လာတာ၊ ဒါက ပထမရက်၊ နောက်ဒုတိယရက်မှာ ခေါင်းတွေ ကိုက်ပြီး ကိုယ်တွေလက်တွေ ပိုကိုက်လာပြီး မလှုပ်ချင်တော့ဘူး။ အနံ့တွေလည်း ပျောက်သွားတာ၊ အစားစားချင်စိတ်တွေပါ ဖျောက်လိုက်တာ၊ သူများတွေ ပြောတာ ကိုယ်က မစားရင် ကိုယ့်အဆုတ်တွေကို မွှေတော့မှာပေါ့။ ကိုယ်ခံအားမကောင်းရင်လေ။ ထမင်းကို ဆီလေးဆမ်း ကြက်ဥပြုတ်လေးနဲ့ စားတယ်။ မစားချင်လည်း ၀င်အောင်စားတာပေါ့။ သူ့ဘာသူတော့ ၀င်သွားတာပဲ။ အဲလိုအဲလို၊ အနံ့တွေကတော့ ဘာမှ မရဘူး။ ကြက်သွန်နီ လှီးလည်း အနံ့မရဘူး။ ကျားနှစ်ကောင် ပရုတ်ဆီလည်း လက်ထဲ ပွတ်ရှူတော့လည်း အနံ့ မရဘူး။ သုံးရက်လောက်ကတော့ ဘာမှ ကို မစားချင်ဘူး။ အသိမိတ်ဆွေတွေကတော့ စားဖို့ ပြောတာနဲ့ စားတယ်။ အနံ့မရတာ ဘာမှ မရဘူးဗျာ၊ ကြက်သားပြုတ်ကြော်လေး စားပေါ့။ ကိုယ့်ပါးစပ်ထဲ ဘာကြီး ၀င်သွားမှန်း မသိဘူး၊ ကြက်သားတွေ ထမင်းတွေတော့ သိတာပေါ့။ အနံ့ခံလို့ မရတာ၊ အဲလိုဖြစ်တာ ”

ဟု ကိုဗစ် ကူးစက်ခံရသူ ကိုမင်းမင်းစိုး က သူ့အတွေ့အကြုံ ပြောပြသည်။

ကိုမင်းမင်းစိုး သည် တောင်ကြီးမြို့ရှိ သတ်မှတ်ထားသော Quarantine Center တွင် သွားရောက်နေထိုင်ခဲ့ကာ၊ ထိုစင်တာတွင် နှစ်ရက်တစ်ကြိမ် ကျန်းမာရေး အားကစားများ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရကြောင်း၊ ကျန်းမာရေး ဆေးဝါးပစ္စည်းများနှင့် စားသောက်စရာများ ထောက်ပံ့ပေးခြင်း မရှိခဲ့ကြောင်းသိရသည်။ စင်တာတွင် ဆရာဝန်မရှိသော်လည်း အရေးပေါ်အတွက် အောက်ဆီဂျင်အိုးများ သိုလှောင်ထားရှိသည်ကို သိရကြောင်း သူက ဆိုသည်။ မိမိ လိုအပ်သော ဆေးဝါး နှင့် စားသောက်စရာများကို ပြင်ပတွင် မိသားစုထံ မှာယူ၍ စင်တာတွင် လာပို့ခိုင်းရကြောင်း သူကဆိုသည်။

“ သူက ပုံမှန်တုပ်ကွေးလိုပဲ။ ဒုတိယရက်မှ ခါးဆစ်တွေကိုက်လာတယ်။ နောက်ရက်တော့ တစ်ကိုယ်လုံးကို ကိုက်တာ လှုပ်ကို မလှုပ်ချင်တာ၊ ကျွန်တော်တို့က ဆီးချို၊ သွေးတိုး မရှိတော့ သုံးရက်တော့ ခံရတယ်။ ငါးရက် ကျော်တော့မှ သူ့ဘာသူ အနံ့ပြန်ရလာတယ်။ ငါးရက်ကို သုံးရက်လောက် အိပ်ယာထဲ လှဲချင်နေတာ အသည်းအသန် ကို ခံစားရတယ်။ ခေါင်းတွေ ကိုက်ပြီး မထောင်နိုင်ဘူး။ နုန်းနေတာပေါ့။ ပုံမှန်တော့ ကိုယ်လက်ကိုက်ခဲပြီး အနံ့တွေပျောက်သွားတာပေါ့။ ရောဂါအခံ၊ ဆီးချိုဘာညာ ရှိရင်တော့ အောက်ဆီဂျင် ကျပြီး ၀ုန်းခနဲ ဖြစ်ပြီး ဆရာ မနိုင်တော့ဘူး။ ကျွန်တော့် စခန်း အတွေ့အကြုံပေါ့ဗျာ။ ကွာရတင်းစင်တာ မှာတော့ အစားအသောက် လာရောက်လှူဒါန်းသူ ရှိတော့ အဆင်ပြေတယ်။ တခါတခါတော့ အန်ချင်တယ်၊ အန်လိုက်တော့ သက်သာသွားတာ တစ်ကြိမ်တော့ ဖြစ်တယ်။

ကျွန်တော့်အတွေ့အကြုံနဲ့ဆိုရင် အကောင်းကြီး ကနေ ကိုက်ခဲဖျားပြီး နှာမွန်ပြီး အနံ့မရတော့ဘူးဆိုရင် ဘာမှ ကြောက်စရာ မလိုဘူး။ ထမင်းဆီဆမ်း၊ ကြက်ဥပြုတ်တွေ စားသင့်သလောက်တော့ စားရမယ်။ ဆန်ပြုတ် စွပ်ပြုတ် တွေ မစားချင်ဘူး ဆိုလည်း စားသင့်တယ်။ ငါးရက်ကျော်ပြီး အနံ့တွေဘာတွေ ပြန်ရချိန်မှာတော့ အကုန် လန်းလန်းဆန်းဆန်း ကို ပြန်ဖြစ်သွားတာ၊ အဲလိုပဲ။ အကောင်းပကတိ ဖြစ်သွားတာ၊ လမ်းလေးဘာလေး လျှောက်ပေါ့ ဒါပဲ။ ကျွန်တော်ဆိုရင်ချောင်းတော့ မဆိုးဘူး။ တချို့တော့ ချောင်းဆိုးတယ်။ သလိပ်တွေ ဘာတွေ ပွလာတော့မှ ရေနွေးလေး သောက်ရတာပေါ့။ စင်တာမှာ အောက်ဆီဂျင်တိုင်းစက်၊ သွေးပေါင်ချိန်တိုင်းစက်ပဲ ထားပေးတယ်။ ဆေးတော့ မပေးဘူး။ ကိုယ့်ဘာကိုယ် ကျန်းမာရေးဂရုစိုက်ပြီး နေရတယ်။

ကျွန်တော်လည်း မက်စ် နှစ်ထပ်တပ်တယ်။ လက်ဆေးတယ် ဟန်းဂျယ်လည်း သုံးတယ်။ ဒီဟာကြီးက သူ့ဘာသူ ၀င်လာတာဗျ။ ကျွန်တော့်အသိတွေထဲမှာလည်း အဲလိုပဲ အိမ်မှာပဲနေတာကို ဖြစ်သွားတာပေါ့နော်။ ဒါကြီးက ကျွန်တော့်အထင် ရာသီတုပ်ကွေးနဲ့ ကိုဗစ်နဲ့ သွားပူးတာလား မသိဘူး။ လက်ဆေးတယ်ဗျ။ ဒါပေမယ့် ဖြစ်ချင်ဖြစ်တာပဲ။ ကျွန်တော်နဲ့ အတူ စင်တာမှာတွေ့တဲ့သူကလည်း ရပ်ကွက်ထဲ အိမ်ငှားနေတာဗျ။ အိမ်ရှင်ရဲ့ သားမှာ တွေ့တာ၊ အဲဒီတစ်ရပ်ကွက်လုံးမှာ အဲဒီအိမ်ကို ရပ်ကွက်ကနေ မိုးကုတ်ဝိပဿနာကို ကိုယ့်အစီအစဉ် နဲ့ ကိုယ်လာခိုင်းတာပေါ့။ အဲဒီမှာ ၂ ယောက်လားပဲ လွတ်တာ၊ အကုန်တွေ့တာ၊ တွေ့တာကလည်း သန်သန်မာမာ ကြီးတွေ၊ ချောင်းလည်း မဆိုးဘူး၊ ဘာမှ မဖြစ်ဘဲ ၁၀ ရက် နေသွားရသူတွေလည်းရှိတယ်။ မသိဘူးဗျာ ကျွန်တော်တို့လည်း ကောင်းနေတာပဲ၊ နှာလည်း မစေးဘူး ချောင်းလည်း မဆိုးဘူးတဲ့။ ကျွန်တော့်အခန်းကပ်ရက် မှာ နေသွားတဲ့ ကောင်လေး သုံးယောက်လည်း အတူတူပဲ။ သူတို့ ၁၀ ရက်သာ ပြည့်သွားတယ်။ ဘာမှကို မဖြစ်တာ။ လူက စိတ်ဓါတ်ကျသွားတာပေါ့။ အဲဒီဟာက စိတ်ဓါတ်နဲ့လည်း ဆိုင်တယ်။ စိတ်ဓါတ်ခွန်အား မြင့်တင်နေဖို့လိုတယ်။ ”

ဟု ပြန်လည်ကောင်းမွန်လာသော ကိုမင်းမင်းစိုးက ဆိုသည်။

×××

ဘော်လုံးပွဲများကို ကြည့်ရင်း ညဘက်အိပ်ရေးပျက်ရာမှ စတင်၍ တုပ်ကွေးဖျားနာရာမှ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး၊ ငါးရက်ကျော် ပြန်လည်ကောင်းမွန်လာသော်လည်း ညဘက်အိပ်မရသော ဝေဒနာ ကျန်ရစ်ကြောင်း ကိုဇေယျာငြိမ်း က သူ့အတွေ့အကြုံကို ရှင်းပြသည်။

“ အဓိကတော့ အိပ်ရေးပျက်ရာကနေ စတာပေါ့။ ကျွန်တော်က ယူရို ဘော်လုံးပွဲတွေ ဘာတွေ ကြည့်တော့ အိပ်ရေးပျက်ရာကနေ ဖျားတာပေါ့။ ပိုးကတော့ အရင်ထဲက ၀င်ပြီးသား နေမှာပေါ့။ သုံးရက်လောက် ဖျားတယ်။ တစ်ရက်လောက် သက်သာတယ်။ ငါးရက်လောက် ဖျားတယ်။ အဖျားတော့ ပျောက်သွားပေမယ့် ချောင်းဆိုးကျန်တယ်။ ၀မ်းသွားတယ်။ ခေါင်းကိုက်တယ်။ ခုချိန်ထိတော့ ညဘက် အိပ်မပျော်တာ ဖြစ်တယ်။ ဖျားတဲ့ ဆေးပဲ သောက်ပြီး နေခဲ့တာ။ ကျွန်တော်တို့က လူငယ်ဆိုတော့ ကိုယ်ခံအားကောင်းတော့ အရမ်းကြီး တခြားဆေး မလိုဘူး ထင်တယ်။ အဓိကတော့ အစားစားတာပေါ့။ စားတော့ အဖျားလည်း မတာရှည်လိုက်သလိုပဲ။ အကြံပေးချင်တာကတော့ အစားဝင်အောင်စားဖို့ပဲ။ ကိုဗစ် က အစားဝင်အောင် စားဖို့ အရေးကြီးတယ်လို့ ထင်တယ်။ ကျွန်တော်နဲ့ အတူနေတဲ့သူတွေကလည်း အစားဝင်အောင် စားတဲ့သူတွေက မြန်မြန်သက်သာတယ်။ အစားဝင်နည်းတဲ့သူကတော့ ရက်ရှည်ခံရတာပေါ့။ ”

ဟု ကိုဇေယျာငြိမ်း က သူ့အတွေ့အကြုံကို ရှင်းပြသည်။

တစ်ယောက်နှင့်တစ်ယောက် ရောဂါဝေဒနာ ခံစားရပုံချင်း မတူညီကြောင်း၊ ကိုယ်ခံစွမ်းအား အပေါ် မူတည်၍ ကျန်းမာရေးကောင်းမွန်သက်သာလာကြောင်း ကိုဗစ်ရောဂါ ပျောက်ကင်းသက်သာလာသော မလှလှ က သူ့အတွေ့အကြုံကို ရှင်းပြသည်။

“ ဖျားတာကနေ ချောင်းဆိုးလာတာ၊ ဒီလိုပဲလေ ရာသီတုပ်ကွေးလိုလိုနဲ့ ဖျားတာ၊ ကျွန်မ ဖျားတာက သုံးရက်လား နှစ်ရက်လား မသိဘူး ဖြစ်တာ၊ ဒီလိုပဲ ။ သူ့လက္ခဏာ အကုန်ပြတာ၊ ခံစားရတာပဲ။ အကုန်ဖြစ်တာပဲ၊ ဒါပေမယ့် ဖြစ်ချင်သူ ဖြစ်တယ် မဖြစ်ချင်တဲ့သူ မဖြစ်ဘူးလေ။ ခန္ဓာကိုယ်ချင်း ကွာသေးတယ် လေ။ တချို့ဆို မင်းသမီး မင်းသားအတိုင်းပဲ ၊ က နေတာပဲ။ ဒါကတော့ ရောဂါဝေဒနာ အခံ ရှိသလို ဖြစ်တာပေါ့။ ရင်ဘတ်တွေ အောင့်တာလည်း ရှိတာပေါ့၊ ခန နေ အောင့်လိုက် မအောင့်လိုက်ပေါ့။ ချောင်းလေးတော့ နည်းနည်းတော့ ကျန်တာပေါ့။ ”

ဟု ကိုဗစ်ရောဂါ ပျောက်ကင်းသက်သာလာသော မလှလှ က သူ့အတွေ့အကြုံကို ရှင်းပြသည်။

×××

စားဝတ်နေရေး ထောက်ပံ့ရန် နှင့် စိတ်ဓါတ်မြှင့်တင်ရေး အားပေးရန် လိုအပ်

တောင်ကြီးမြို့ရှိ ဟော်တယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် စသည့်လုပ်ငန်းစုတွင် ဆောင်ရွက်နေသော ၀န်ထမ်း တစ်ဦးဖြစ်သူ မနွယ်နီ ပြောကြားချက်အရ ကိုဗစ်ရောဂါသည် ကြောက်စရာ မဟုတ်ကြောင်း နှင့် ရောဂါဝေဒနာ ကူးစက်ခံထားရသူများသည် အားငယ်သွားတတ်သဖြင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးရန် အားပေးစကားများများ ပြောပေးကြရန် လိုအပ်ကြောင်း ထောက်ပြသည်။ ထို့ပြင် ရောဂါခံစားနေရချိန် ကောင်းမွန်စွာ အိပ်စက်အနားယူရန် လိုအပ်ကြောင်း၊ ဘာသာရေး ကိုလည်း မမေ့သင့်ကြောင်း၊ စိတ်တည်ငြိမ်စေရန် တရားထိုင်ခြင်း နှင့် အောက်ဆီဂျင် ကောင်းမွန်စွာ ရရှိစေရန် အသက်ရှူလေ့ကျင့်ခန်းကိုလည်း လုပ်ပေးသင့်ကြောင်း သူမက အကြံပြုထားသည်။

“ ၀န်ထမ်းတွေက ပေါ့စတစ် မြင်လိုက်တာနဲ့ လန့်သွားကြတာ၊ ကြောက်တယ်ဆိုတာထက် အားငယ်သွားကြတာ၊ ကိုယ်တွေက အတည်ပြုလူနာတွေကို အားပေးရတယ်။ သူတို့က ဘာပြောလဲ ဆိုတော့ အလုပ်အကိုင်၊ သူတို့က အလုပ်မပျက်ချင်ဘူး။ လစာ မရရင် အဆင်မပြေဘူး အဲလိုပေါ့။ အစိုးရ အနေနဲ့ ထောက်ပံ့နိုင်တာ မရှိဘူး။ ၀န်ထမ်းတွေကို Test Kit နဲ့ စစ်ပေးရတယ်။ သူတို့က ဘာမှ မဖြစ်ဘူး။ တချို့ လည်ချောင်း နည်းနည်းနာတယ်။ တချို့ နှာစေးတာ ရှိတယ်။ ဘာမှ မဖြစ်ကြဘူး။ ကိုယ်တွေက ကူးမှာ ကြောက်တာထက် သူတို့ကို အားပေးစကား ပြောပေးရတယ်။ အိမ်သားတွေကိုလည်း ပြန်စစ်ပေးရတယ်။ ဆေးတွေကိုလည်း အိမ်တိုင်ရာရောက် ပို့ပေးတယ်။အလုပ်ထုတ်လိုက်ပြီလားပေါ့။ ပေါ့စတစ်တွေကို အလုပ်နားလိုက်တယ်၊ အလုပ်မထုတ်ဘူး၊ လစာပေးတယ်။ ဆေးတွေလည်း ပို့ပေးတယ်။ အခုကတော့ အလုပ်တွေက နားထားတာတော့ ဟုတ်တယ်။ ဒီရောဂါ ကိုယ်ခံအားမှာ မူတည်မယ်ထင်တာပဲ၊ အာဟာရ ရှိတာတွေ စားဖို့၊ ဘယ်လို အခြေအနေဖြစ်ဖြစ် အိပ်ယာထဲ လဲမသွားဖို့ အဲလိုတော့ အားပေးပါတယ်။

ဟိုတယ်လုပ်ငန်းမှာလည်း ၀န်ထမ်းရှိသလောက် ၂၀ ဦးဆိုလည်း အကုန်လုံးကို Test Kit စစ်ပေးရတယ်။ ရောဂါပိုးတွေ့ရင်လည်း နားထားရတယ်။ ဆောက်လုပ်ရေးဆိုက်တွေကိုတော့ အကုန်နားလိုက်ရတယ်။ နေ့စား သမားတွေကိုတော့ ထိန်းချုပ်လို့ မရဘူး၊ ဆိုက်တွေအကုန်လုံး ပိတ်လိုက်ရတယ်ရှင့်။ နောက်ပြီး အရောင်းဆိုင် လည်း နားထားရတယ်။ ဟိုတယ်ကတော့ ပိတ်ထားရတယ်။ တည်းနေသူတွေတော့ ရှိတာပေါ့။ သူတို့လည်း ဘယ်မှတော့ မသွားကြဘူး။ ပိတ်ထားတဲ့ သဘောပါပဲ။ ၀န်ထမ်းက သန့်ရှင်းရေးတို့ဘာတို့ ရှိတာပေါ့။ သောက်ရေသန့် ကတော့ အလှည့်ကျဂျူတီနဲ့ ပို့ပေးရတယ်။ ရေက စားသောက်ကုန်ထဲ ပါတယ်ဆိုတော့ နားလိုက်လို့ မရဘူး၊ အရောင်းထွက် သွားနေရတယ်ရှင့်။ ”

ဟု ၀န်ထမ်း မနွယ်နီ က ဆိုသည်။

×××

တောင်ကြီးမြို့တွင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း သြဂုတ်လ(၆) ရက်နေ့တွင် COVID-19 ပိုးတွေ့လူနာသစ် (၉၁) ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ ကိုဗစ်ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁) ဦး ရှိကြောင်း နှင့် ဆေးကုသမှု ခံယူဆဲ (၁၁၁၀) ဦး ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကြီးမြို့တွင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း ဇွန်လ(၁) ရက်မှ သြဂုတ်လ(၂) ရက် ည (၆) နာရီအထိ ကိုဗစ်ရောဂါကြောင့် သေဆုံးလူနာပေါင်း (၁၁၅) ဦး ရှိခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်ခွာ သွားလာမှု မရှိစေရေး ခရိုင်၊ မြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် နေ့စဉ် စိစစ်ဆောင်ရွက်လျက် ရှိကာ သြဂုတ်လ(၆) ရက် နေ့တွင် အပြင်ထွက်သွားလာခွင့်ကတ်ပြား မပါရှိဘဲ သွားလာနေသူ (၁၆) ဦးကိုလည်း သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့် အရေး ယူဆောင်ရွက်လျှက် ရှိကြောင်း Taunggyi GAD တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထံမှ သိရသည်။

×××

No comments:

Post a Comment


Aung Hein - နည်းပညာ