Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

အင်းလေးကန်ကသံယောဇဉ်တံတား

 အင်းလေးကန်ကသံယောဇဉ်တံတား

စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ် တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် အင်းလေးကန်မှာအရမ်းလှပတဲ့ တံတားလေးတစ်ခုတည်ရှိပါတယ်။ မန္တလေးကဦးပိန်တံတားနဲ့ဆင်တူတဲ့အတွက် အဲဒီတံတားကိုအင်းလေးကဦးပိန်တံတားလို့လည်းဒေသခံတွေကတင်စား ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီတံတားကမိုင်းသောက် တံတား ဖြစ်ပါတယ်။

ကျွန်တော် အင်းလေးကန်ကိုသွားလိုက်တိုင်းအမြဲတမ်းရောက်ဖြစ်၊ သွားလာဖြစ်တဲ့ တံတားလေးတစ်စင်းလည်း ဖြစ်ပါတယ်။ တံတားပေါ်ကနေအေးအေးလူလူလမ်းလျှောက်ရတဲ့ အရသာဟာဘာနဲ့ မလဲနိုင်ပါဘူး ။ တကယ်လို့သာအလုပ်မရှိဘူးဆိုရင်ပေါ့လေ၊ တံတားလေးပေါ်မှာထိုင်ရင်းလမ်းလျှောက်ရင်းတွေးရင်းနဲ့ ပတ်ဝန်းကျင် အလှအပတွေကို ကျွန်တော် ခံစားနေမိမှာပဲလို့ စိတ်ကူးတွေးတောနေမိပါတယ်။  ဒါပေမယ့် တကယ် တမ်းဒီလိုမဖြစ်ပါဘူး။ သတင်းထောက် အလုပ်ဆိုတာအချိန်နဲ့ တပြေးညီပြေးလွှားနေရတဲ့ အတွက် နေ၀င်ချိန် တွေ၊ နေထွက်ချိန်တွေ၊ ငှက်ကလေးတွေ တေးဆိုချိန်တွေရဲ့ အရသာဟာဘာလဲဆိုတာမသိတာ ကြာပါပြီ။ စာကိုတောင် အချိန်နဲ့ တပြေးညီ ဖြစ်အောင် ကသောကမျောအချိန်ကိုလုနေရတာ ဖြစ်ပါတယ်။

Xxx

တည်နေရာ

အင်းလေးတံတားကိုညောင်ရွှေမြို့ အရှေ့တောင်ထောင့်မိုင်းသောက်ကျေးရွာ နှင့် မိုင်းသောက်အင်းကျေးရွာကြားတွင်တည်ရှိပါတယ်။ရေလမ်းဖြင့် ရေမိုင် ၄ မိုင်၊ ကားလမ်းဖြင့် ၈ မိုင် သွားရပါသည် ။တောင်ကြီးကနေလာမယ် ဆိုရင် စက်မှုဇုန် ဖြတ်လမ်းအတိုင်းသွားတဲ့ အခါ လမ်းဆုံကိုမီးပွိုင့်ကိုရောက်လိမ့်မယ်။ တည့်တည့် ဆက်သွားရင် ညောင်ရွှေမြို့ကိုရောက်ပြီးတော့ ဘယ်ဘက် ကွေ့သွားတဲ့ အခါ အရှေ့ဘက် ပတ်လမ်းကိုရောက်ပါတယ်။ ရွှေညောင်ကနေလာမယ် ဆိုရင်လည်းဒီမီးပွိုင့် ကိုပဲရောက်အောင် လာရမှာ ဖြစ်ပါတယ်။

အရှေ့ပတ်လမ်းအတိုင်းဆက်သွားတဲ့ အခါ မိုင်းသောက်ကို ၈ မိုင်၊ နန်းပန် ကိုရောက်ဖို့ ၁၇ မိုင် လောက် ကားလမ်းအတိုင်းမောင်းရတာ ဖြစ်ပါတယ်။ မိုင်းသောက်နဲ့ နန်းပန် တို့ဟာလှေဆိပ်တွေ ဖြစ်ပြီးတော့ အင်းလေးကန် ဖောင်တော်ဦးဘုရားဆီကိုသွားလို့ရတာဖြစ်ပြီး၊ နန်းပန်ကနေသွားမယ် ဆိုရင် ပိုပြီးနီးပါတယ်။

ဒီတံတားကြီးကို ၂၀၀၀ပြည့်နှစ်ကInle princess resort ပိုင်ရှင် ဦးအုန်းမောင် နှင့် planetwheeler Foundation က နိုင်ငံခြားသားများနှင့် အတူပူးပေါင်းပြီး  ၁၀. ၃ . ၂၀၀၀ ရက်နေ့တွင် 
" FRIENDSHIP BRIDGE "  အမည်ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

တံတားကြီးကိုတည်ဆောက်ရာတွင် ဦးအုန်းမောင် လမ်းညွှန်မှုဖြင့်  အလုပ်သမားစာရေးဦးညွှန့်ခင် 
မိုင်းသောက်အင်းရွာသူကြီးဦးရွှေမြအောင် တို့ခေါင်းဆောင်ပြီးလက်သမားဆရာဦးရွှေအိုးဦးချစ်ငွေ နှင့် မိုင်းသောက်အင်းကလက်သမားများကစုပေါင်းကာတည်ဆောက်ခဲ့ရကြောင်း၊
အချိန် ၂ လကြာတံတားကိုတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းမိုင်းသောက် ဒေသခံတွေကပြောပြပါတယ်။

တံတားကြီးပေါ်မှာလူနေတဲ့ ဇရပ်ငယ်လေးတွေ တည်ရှိပြီး၊ ၀င်ဝင်ချင်းမှာ စက်လှေဆရာတွေ စုဖွဲ့ထိုင်နေလေ့ ရှိပြီးလူခေါ်လေ့ ရှိတတ်ပါတယ်။တံတားရဲ့ဘေးမှာတော့ ရေပြင်ကျယ် နဲ့ ဟိုးတစ်ဖက်မှာတော့ တောင်ပြာတန်းနဲ့ ကြည့်ရတာအင်မတန် မှ ပနံရလှ ပါတယ်။

Xxx

ရည်ရွယ်ချက်

ညောင်ရွှေမြို့နယ်၊ မိုင်းသောက်အင်းရှိဒေသခံများသွားရေးလာရေး ၊ အဆင်ပြေအောင်၊ စီးပွားရေး၊ လူမှုရေး၊ ချောမွေ့အောင်လို့ ဒီတံတားကိုတည်ဆောက်ရခြင်း ဖြစ်ကြောင်းဒေသခံတွေကပြောတယ်။ ကျောင်းသားတွေ အများစုသွားလာကြပါတယ်။

တံတားကြီးကိုတည်ဆောက်ရသည့်ရည်ရွယ်ချက်မှာမိုင်းသောက်အင်းရှိလေးတန်းအောင်ပြီးမိုင်းသောက်အထက်တန်းကျောင်းသို့ ကျောင်းတက်ရန်ကျောင်းသူ / ကျောင်းသားများကျောင်းသွား
ကျောင်းပြန် အဆင်ပြေစေရန်အတွက် ရည်ရွယ်ကာဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သလိုမိုင်းသောက်အင်းရွာရှိကျေးရွာသူ/သားများအတွက်လည်း  အဆင်ပြေစွာသွားလာရလွယ်ကူစေရန်အတွက် ဖြစ်ကြောင်းသိရတယ် ။

မှတ်တမ်းတွေ အရပြောရမယ် ဆိုရင် တောင်ကြီးအစ၊ မိုင်းသောက် ကလို့တောင် တင်စားပြောလို့ ရပါတယ်။ ဘာလို့ လဲဆိုတော့ ဟေဒီဘရန်းဟာညောင်ရွှေ စော်ဘွားကြီးဧည့်ခံတဲ့ နေရာမနေဘဲနေရာသစ် ရှာဖွေရာမှာယခုမိုင်းသောက် နေရာကိုယာယီတပ်စခန်းချထားတာ ဖြစ်တယ်။ မိုင်းသောက်မှာကနေရာအခက်အခဲ၊ ငှက်ဖျားပေါများတဲ့ အတွက် နေရာသစ်ကိုရှာဖွေ ရာကနေတောင်ကြီးကိုစတင် တွေ့ရှိတာ ဖြစ်ပြီး၊ သီးခြားနယ်မြေအဖြစ် ထူထောင်ဖို့ ညောင်ရွှေ စော်ဘွားကြီးထံကနယ်မြေတောင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော် လောက်ကမိုင်းသောက် ဒေသရဲ့ သမိုင်းကြောင်းတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

Xxx

သွင်ပြင် လက္ခဏာ

ထူးထူးခြားခြားပါပဲ။ တံတားအရှည်မှာအရင်က ၁၈၀၀ ပေရှိပြီး  အခုအခါရေခန်းခြောက်လာ၍ ကုန်းမြေများဖြစ်ပေါ်လာမှုကြောင့်မိုင်းသောက်လှေဆိပ်မှာမိုင်သောက်အင်းအထိ၊ အရှည် ပေပေါင်း ၁၅၀၀ ရှိပြီးတံတားတိုင်ပေါင်း ၅၂၈ လုံး ၊ နားနေဆောင် ၅ ဆောင်ပါရှိပါသည် ။

တံတားအရှည် ပေပေါင်း ၁၅၀၀၊ တံတားမှာအသုံးပြုတဲ့သစ်သားတိုင်လုံးပေါင်း ၅၂၈ တိုင် ရှိ၍ ရစ်ပတ် နှောင်ဖွဲ့ တတ်သော၁၅၀၀ နဲ့  ၅၂၈ ချစ်ခြင်းမေတ္တာအဓိပ္ပါယ်ကိုဖော်ကျူး လို့များ
သံယောဇဉ် တံတားလို့ ခေါ်လေသလားမသိပါ။မိုင်းသောက်အင်း နှင့် မိုင်းသောက် ရှိလူငယ်များ
သမီးရည်းစားချိန်းတွေ့သည့် နေရာအဖြစ် သက်မှတ်ရာကနေသံယောဇဉ် တံတားလို့ ခေါ်ဆိုရာက
ဒီလိုခေါ်ခဲ့လေသလားမပြောတတ်နိုင်။

တံတားကို ၂၀၁၀ တွင် တစ်ကြိမ် ၂၀၁၄ တွင်တစ်ကြိမ်ပြုပြင်ခဲ့ရာတွင်လည်းမိုင်းသောက်အင်းရှိလက်သမားများ နှင့် ရွာသူရွာသားများကပူးပေါင်းဆောက်ရွက်ခဲ့ပြီးကုန်ကျစရိတ် များကိုလည်း နဂိုမူလအလှူရှင်များကပေးလှူခဲ့ပါသည် ။

ထူးခြားတာနောက်တစ်ခုကမိုင်းသောက် ရွာမှာဂျပန် နိုင်ငံကလာရောက် လှူဒါန်းထားတဲ့ ပလပ်စတစ် မီးရှို့ ဖျက်စီးစက်ကိုထားရှိတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ တစ်နေရာထဲမှာရှိတဲ့ တစ်ခုထဲသောစက်ကြီးပါ။ စက်ကတော့ အငယ်စားတစ်ပိုင်တစ်နိုင် စက်ဖြစ်ပြီးတော့ “ သဘာဝ တရားကိုချစ်မြတ်နိုးတတ်အောင်၊ ကိုယ့်ဆီမှာရှိတဲ့ သဘာဝ ၀န်းကျင် နေရာတွေနဲ့ အဖိုးတန် နေရာတွေကိုတန်ဖိုးထားချစ်မြတ်နိုးတတ်အောင်၊ လူသားတိုင်း သဘာဝ တရားကိုခံစားတတ်အောင် ပလပ်စတစ် စက်ကို လှူဒါန်းခြင်း ဖြစ်တယ်လို့” အလှူရှင် ဂျပန်တွေကပြောပါတယ်။

Xxx

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင် ခရိုင်၊ ခိုလမ်မြို့ အထွက်ရှိနောင်ဖာကန် မှာလည်းဦးပိန် တံတားနဲ့ တူတဲ့ တံတားကြီးတစ်စင်းလည်းရှိပါသေးတယ်။ အဲဒီတံတားနဲ့ ဒီတံတားကဘယ်သူပိုလှ သလဲဆိုရင် သူ့အလှ နဲ့ သူကိုယ်စီရှိနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာမှီတင်းနေထိုင်နေကြတဲ့ စာဖတ်သူချစ်ပရိသတ် ပေါင်းတို့လည်းကိုယ်တိုင် တွေ့ကြုံ ခံစားချင်တယ်ဆိုရင် ဖြင့် ကျွန်တော်တို့ရဲ့ ရှမ်းပြည်နယ်ကိုတစ်ခါတစ်ခေါက်တော့ အလည်အပတ် လာရောက် ပါဦးလို့ ဖိတ်မန္တက ပြုလိုက်ရပါတယ်နော်။

Xxxx

No comments:

Post a Comment


Aung Hein - နည်းပညာ