Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Monday, November 25, 2013

ဟာသ

ဟာသ

ခွန်စည်သာဟိန်း
ပထမဆုံး ကျွန်တော် တစ်ခု ကြိုတင် တောင်းပန်ချင်တာကတော့ မှားနိုင်တဲ့ ဒီလို အယူအဆတွေ အတွက် သည်းခံခွင့်လွှတ် ပေးကြဖို့ပါ။ လိုရင် ဖြည့်တွေးပေးပြီး ၊ ပိုရင်နှုတ်ပစ်လိုက်ကြဖို့ ကြိုတင် မေတ္တာရပ်ခံလိုပါတယ်။ ဒါတွေက ကျွန်တော်သိသလောက်လေး ကို မ၀ံ့မရဲနဲ့ ထပြီး ခိုးပြောထားခြင်း ဖြစ်တဲ့ အတွက် နားလည်ပေးကြဖို့ ပညာရှင်များကို လေးစားစွာ တောင်းဆိုအပ်ပါတယ်ခင်ဗျား။
မိန်းမယူရင် ပျော်တယ် မဟုတ်လား။ ဟာသ စာဖတ်ရင်လည်း ပျော်တယ်။
မိန်းယူတာ ကောင်းကျိုး မရှိဘူး မှတ်လား။ အဲလိုပဲပေါ့ ဟာသ ကလည်း..။
ဟာသ စာပေ (သို့) အပျော်ဖတ် စာပေနဲ့ ပါတ်သတ်ပြီး ပြောရရင် သူဟာ မိန်းမတွေလိုပဲဗျ။ မရှိစကောင်း ရှိမှကောင်း.. အဲလေ၊  ရှိစကောင်း ဆိုသမို့လား။ အမြဲတမ်းချည်း ကောင်းနေတာလည်း မဟုတ်ပြန်ဘူး။ မကောင်းတဲ့ အချက်လေးတွေကလည်း ရှိသေးတယ်။ ဥပမာဗျာ… ဆေးပေးမီးဖူ အတွက် မိန်းမ တစ်ယောက်ကို ယူလိုက်တယ် ဆိုပါတော့ ။ အဲဒီမှာ ဒုက္ခက စတော့တာ။ ဟ.. ဘာမှ မဆိုင်ဘူး မပြောနဲ့လေ။ ဆိုင်တာပေါ့။ မိန်းမနဲ့ ဟာသ တူတူပဲ…။ မယုံရင်ကြည့်။
တစ်ကိုယ်စာတောင် မနည်းရုန်းကန်ရှာရတာဗျာ။ နှစ်ကိုယ်စာ ဆိုရင်တော့ စဉ်းစားသာကြည့်။ လက်ထပ်ပွါးတွေ တိုးလာပြီဟေ့ ဆိုရင်တော့ ပြောမနေနဲ့တော့။ မြင်လောက်ပါပြီနော်.။ ကောင်းကွက် ဆိုးကွက်။ ဒါကြောင့် မိန်းမယူတာ ကောင်းတော့ ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး ပေါ့ဗျာ။ ( ရှုပ်နေတာ ပဲနော် )
ဟာသ ဆိုတာ (ကန်တော့ပါရဲ့) မစင်နဲ့လည်း တူသေးတယ်ဗျာ။ တခြား စာအလေးကြီးတွေ။ စာညွန့် စာဖျားတွေ ကျတော့ အစာနဲ့တူတယ်။ လူတွေဟာ အစားအသောက် စားကြမယ် ဆိုရင်တော့ လူမြင်ကွင်းထဲမှာပဲ ပေါ်ပေါ်ထင်ထင် စားကြတယ်။ တချို့များ အုပ်စုဖွဲ့ပြီး ၀ိုင်းစားသောက် တတ်ကြတယ်။ ဒါပေမဲ့ စားသောက်ပြီးတဲ့အခါ မှာတော့ လူမမြင်ကွယ်ရာမှာပဲ တိတ်တိတ်လေး တစ်ယောက်ထဲ စွန့်လေ့ရှိတယ်။ ဘယ်သူမှ မမြင်ဘူး။ ပေါ်ပေါ်ထင်ထင် စွန့်ရဲသူ ဆိုလို့ မရှိသလောက် ရှားပါလိမ့်မယ်။ အရူးတွေတောင် သိကြတယ်။ မရှိဘူး မပြောဘူးနော်၊ ရှိတော့ ရှိတယ် ရှားတယ် ပေါ့ဗျာ။
အဲဒီတော့ကာ စာညွန့်တွေဟာ အ၀င်ပေါက်နဲ့ တူပြီးတော့ ဟာသစာတွေဟာ အထွက်ပေါက်နဲ့ မတူပေဘူးလားဗျာ။ အစာကတော့ မဖြစ်မနေ စားပေးမှ ရသလို၊ စားဆိုတာလည်း မဖြစ်မနေ ဖတ်ပေးမှ ရမှာလေ။ ဒါပေမယ့် နင်းပိတ်ကန် စားပြီးရင်တော့ ပြန်စွန့်ထုတ်မှကို ရတော့မယ်။ ဒါကြောင့် အစာထွက်ပေါက်ကလည်း မရှိမနေကို အရေးပါတာပဲ။ ဒီလို အင်မတန်မှ အရေးကြီးတဲ့ အစာထုတ်ခြင်း ကိစ္စကို စကားပြောတဲ့ အထဲမှာတောင် ထည့်မပြောတတ်ကြသလို၊ ဟာသကိုလည်း ရေးကြီးခွင်ကျယ် လုပ်ပြီး အသိမှတ် မပြုချင်ကြဘူးဗျ။ စားပြီးပြီလား မေးတဲ့လူပဲ ရှိတယ်။ ချီးပါပြီးပြီလားလို့ ဘယ်သူမမေးဘူး။ ဟုတ်တယ်ဟုတ်။
ဟာသဟာ လမ်းခင်းကျောက်နဲ့လည်း တူသေးတယ်။ ကျောက်မြတ်ရတနာတွေကို လူတိုင်း မ၀တ်ဆင်နိုငပေမယ့် ၊ လူတကာ လျှောက်ကြတဲ့ လမ်းတွေ ၊ တံတားတွေဟာ လမ်းခင်းကျောက်တွေနဲ့ မကင်းပါဘူး။
နောက်ပြီး အရူးနဲ့လည်း တူသေးတယ်။ အရူးဆိုရင် ဘယ်သူက လူရာသွင်းချင်ကြလို့လည်း။ ဥပမာ၊ “ဟယ် ၊ ဒီအရူးလေးက ချစ်စရာလေးဟဲ့၊ ယူချင်စရာလေး” ပြောတာ ဘယ်မှာ ကြားဖူးလို့လဲ။ ပြောမယ့်ပြော “ဟိုမင်းသားက အရမ်းဖြောင့်၊ ဒီမင်းသမီးက အရမ်းချော” ဒါတွေပဲ ပြောမှာပါ။ သဘာဝ ထုံးစံ အရ ဖြစ်သင့် ဖြစ်ထိုက်ပါပေတယ်။ အရူးနဲ့ ဟာသ ဘာတူလည်း ဆိုရင် ရိုးသား သစ္စာ ရှိတာ တူတယ်။ အရူးတွေဟာ ရိုးသားကြတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးကြဘူး။ လူတကာနဲ့ တည့်အောင် မပေါင်းရင်တောင်မှ လူများနဲ့ ဆက်ဆံနေရတဲ့သူ။ အရူးကို လူရာမသွင်းချင်ကြပေမယ့် လူတိုင်းရဲ့ မသိစိတ်ထဲမှာ သနား ဂရုဏာစိတ်တွေ မသိမသာ ကိန်းအောင်းနေ လေ့ ရှိကြတယ်။ အရူးကို ထင်ထင်ပေါ်ပေါ်ကြီး မချီးမြှောက်ကြပေမယ့် အရူးဟေ့ ဆိုရင်တော့ များသောအားဖြင့် ဂရုဏာသက်ကြသူတွေ ချည်းပဲ။ ဟာသ ဆိုလည်း အရူးလိုပဲ။
ဟာသဆိုတာ အခွင့်ထူးခံ ရသ တစ်မျိုး မဟုတ်ချေဘူး။ ဒီဟာကိုက ဟာသရဲ့ သနားစရာ ကောင်းတဲ့ ပင်ကိုယ် သတ္တိတစ်မျိုးပဲ။ ဟာသသမား ဆိုရင် လူတကာက ပေါကြောင်ကြောင်ပဲ ထင်တတ်တာက ခပ်များများလေ။ ၀န်းကျင်မှာ ဟာသဓါတ်ခံ ရှိတဲ့လူတွေ မြင်ဖူး ကြမှာပါ။ သူတို့ဟာ ပျော်ပျော်ပဲ နေတတ်တယ်။ နေရာတကာ ရွှတ်နောက်နောက် ပြောတတ်လွန်းလို့ ငပေါလို့ လူတွေက သမုတ်ကြပြီး  ဘေးဖယ်ထားကြတယ် မှတ်လား။ အလေးနက် မထားကြဘူးလေ။ တကယ်တော့ ဟာသဆိုတာက လူသားတိုင်းရဲ့ မသိစိတ်မှာ ကိန်းနေတဲ့ အခံဓါတ် တစ်မျိုးပဲဗျ။ မရှိဘူးလို့ မငြင်းချင်ပါနဲ့။ လူတိုင်းမှာ ဟာသ ရှိပါတယ်။ ဒါဟာ ကမ္ဘာဦးအစ လူသားမျိုးနွယ်ထဲကိုက သဘာဝ ပေးတဲ့ ဆုလာဘ်၊ မွေးရာပါ ဗီဇပဲ။ လူတွေမှာ ငိုတာနဲ့ ရယ်တာပဲ ရှိပါတယ်။ မွေးမွေးချင်း ငိုတယ်။ ကြီးလာတော့ ရယ်တယ်။ သေသွားတော့ ငိုပြန်ရော။ ဟာသက ကြားညှပ်ခံ နေရတယ်။ အဲဒီ ကြားညှပ်ခံ နေရတယ် ဆိုတဲ့ ကိစ္စက ကြားလို့လည်း မကောင်းဘူး။
ဒါတောင်မှ မရှင်းသေးဘူး ဆိုရင် နောက်ထပ်တစ်ခု ပြောပြပါဦးမယ်။
ဟာသက အစပ်နဲ့ တူတယ်ဗျာ။ အချစ်ရသဟာ အချိုဆိုရင် တခြား လူမှုရေး ၊ စီးပွါးရေး၊ ဘာသာရေး အကျိုးပြု စာပေတွေကျ တော့ အငန်နဲ့ တူတယ်။ အစပ်ဟာ မရှိမဖြစ် အရေးပါတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘယ်သူမှ မကင်းနိုင်ကြဘူးလေ ဗျာနော့်။ အချိုပွဲတည်းတဲ့ အခါမျိုးမှာတော့ အစပ်ကို အရေးတယူ မလုပ်ပဲ ဖယ်ထားလို့ရတယ်။ ထမင်းစား မြိန်ဖို့ ဆိုရင်တော့ အစပ်ကလေး ပါမှ စားဝင်တာကိုးဗျ … နော့်ဗျာ။ ဘုရင်တွေကို ပျော်တော်ဆက်တဲ့ ဦးပေါ်ဦးတောင် အစပ်ကလေးနဲ့ ဆုံးမတော့ မင်းကြီးကလည်း သဘော တော်ကျ နှစ်ခြိုက်တော်မူတယ် မလား။ အဲဒီနေရာမှာ အချိုနဲ့ ဆုံးမလို့ မရဘူးဗျ။ ဆေးခါးနဲ့ ခပ်ကြမ်းကြမ်း ဆုံးမလို့လည်း မရဘူးခင်ဗျ။ မင်းကြီးရဲ့ အမျက်တော် ရှမှာကိုလည်း ကြောက်ရသေးတော့ ပျော်စေပျက်စေ သဘောနဲ့ ဟာသ လုပ် ဆုံးမ ရတာ။
မရှင်းသေးရင် …။ နောက်တစ်ခု။
ဟာသဟာ ကုန်ကြမ်းနဲ့ တူတယ်။ ကုန်ချော မဖြစ်ခင် အထိတော့ ကုန်ကြမ်းဟာ ကုန်ကြမ်းပဲ။ ကုန်ကြမ်း ကို ကုန်ကြမ်း အတိုင်း တော့ သုံးလို့ မရဘူး။ သတိထားဖို့က ကုန်ချော ဆိုတာ ကုန်ကြမ်းက လာတာ။ ဆိုလိုတာက စာပေမှာ သာမက အမြင့်ဆုံး လောကုတ္တရာ ဘက်မှာတောင် မေတ္တာကို အခြေခံရတယ်လို့ ပြောတာပေါ့။ ဟာသ ဆိုတာ မေတ္တာနဲ့ နွယ်ပါတယ်နော်။ လူတစ်ယောက်ကို ပျော်စေချင်တာ၊ ရွှင်ကြည်စေချင်တာ ဟာသပေါ့။ မေတ္တာကတော့ သူ့အကျိုးကို လိုလားတာပေါ့လေ။
နောက်တစ်ခု.. ဟာသဟာ ဈေးပေါတဲ့ ပစ္စည်းနဲ့ တူတယ်။ လူဆိုတာတော့ လူတိုင်း အကောင်းကြိုက်တဲ့ သတ္တ၀ါတွေချည်းပဲ။ ဒါပေသိ ကိုယ့်နဲ့ တန်ရာ တန်ရာ ဆိုသလို ပေါ့။ အခြေအနေ၊ အချိန်အခါ အရ အမြဲတမ်းချည်းတော့ ကောင်းပေ့ညွန့်ပေ့ ဆိုတာတွေ ချည်း လိုချင်နေလို့ မရဘူးလေ။ မရှိသုံး၊ ခပ်ပေါပေါ လေးတွေဘက်ကိုလည်း တစ်ခါတစ်ခါ အလှည့်အပြောင်း လေး လုပ်ပေးရသေးတယ်။ ဒါကတော့ ကိုယ်တွေ့ပဲ။ ဈေးပေါတဲ့ ပစ္စည်း ဆိုတာ လူတစ်ရာမှာ ကိုးဆယ်လောက်ကတော့ မဖြစ်မနေ သုံးတယ်။ အများကြီး ရှိပါတယ်။ ဥပမာ - နဖါကလော်တံ တို့လိုပေါ့။ လူသုံးများပေမယ့်လည်း ဈေးသိပ်မကြီးပြန်ဘူး။ အဲလိုပေါ့။
အထက်တန်းစား အလွှာတွေနဲ့ အလယ်လတ်တန်း အလွှာတွေက တကယ့် ထိတ်ထိတ်ကြဲ တန်ဖိုးကြီး ပစ္စည်းတွေ သုံးနိုင်မှ သူတို့ ပတ်ဝန်းကျင်မှာ လူရာဝင်မှာလေ။ အဲ … အပေါစား ပစ္စည်း ဆိုရင်တော့ လူတကာ နှာခေါင်း ရှုံ့ချင်ကြတယ်။ “သွားစမ်းပါကွာ၊ ခပ်ဝေးဝေး” ဒီလို ဆိုချင်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သူတို့လို အမြင့်စား အလွှာမျိုးတွေတောင်၊ အဆုံးစွန်ထိ ပြောရရင် မီလျှံနာကြီးတွေတောင် အပေါစား ပစ္စည်းတွေနဲ့ မကင်းနိုင်ကြဘူး။ ဥပမာ- သွားကြားထိုးတံ တို့လိုပေါ့။
ဟာသက ရိုးရိုးဖန်ခွက်လေးနဲ့လည်း တူတယ်။ ဖန်ခွက် အကောင်းစားကြီးတွေ ဆိုရင် ပွဲလမ်း သဘင်ရှိမှ ထုတ်သုံးပြီး ကျန်တဲ့ချိန် တွေ ဆိုရင် အလှပြရုံ သက်သက်ပဲ။ များသောအားဖြင့် ရိုးရိုးဖန်ခွက်လေးတွေနဲ့ပဲ သုံးတာများတာပေါ့။ ဖန်ခွက်ဆိုတာ တစ်ခုခု ထည့်သောက်ဖို့ သုံးတဲ့ ပစ္စည်း။ ဖန်ခွက်ကို သုံးသူ မရှိဘူး ဆိုရင်တော့ ဘာအဓိပ္ပါယ် ရှိတော့မလဲ။ အရည်တစ်ခုခု ထည့်သောက်ဖို့မှ မဟုတ်ရင် ဒါ ဖန်ခွက် အစစ် ဟုတ်မဟုတ် ဆန်းစစ်ဖို့ မကောင်းဘူးလား။
ဟာသဟာ ရေပေါ်ဆီ မဟုတ်သလို၊ ဘူဇွာလည်း မဆန်ဘူး။
ဖက်ဆစ်လည်း မဟုတ်သလို၊ ကွန်မြူနစ်လည်း မဟုတ်ချေဘူး။
ဟာသဟာ မရက်စက်ဘူး။ မတိုက်ခိုက်ဘူး။ မယုတ်မာဘူး။ မကောက်ကျစ်ဘူး။ မကြမ်းကြုတ်ဘူး။ အတ္တ မဆန်ဘူး။ ငါ ဗဟို မပြုဘူး။ တစ်ကိုယ်ကောင်းစိတ် မရှိဘူး။ ဟန်မဆောင်ဘူး။ ဒေါသ မကြီးစေဘူး။ ဒါပေမဲ့ ဟာသ စာတွေက ပျော်ပဲ ပျော်စေပြီး ကောင်းကျိုး မပြုဘူးတဲ့။ ဟုတ်။ တခြား ပျင်းလည်း ပျင်း၊ ကောင်းကျိုးလည်း မပြုတဲ့ စာတွေထက်စာရင် တော်သေးတာပေါ့။ ဒီလို အကောင်းဘက်က တွေးလို့ မရဘူးလား။ တကယ်တော့ ကောင်းကျိုး ပြုမပြုဆိုတဲ့ ကိစ္စ ခံယူသူနဲ့ပဲ ဆိုင်တဲ့ ကိစ္စ။ ဖန်တီးသူနဲ့ မဆိုင်ပါ။
ကိုယ်က ကောင်းစေချင်တဲ့ စေတနာနဲ့ တင်ပြဖို့က လိုရင်း မှတ်လား။ ခံယူသူက တွေးတတ်မြင်တတ်ရင် ဟာသ ဆိုတာ သွယ်ဝိုက်ကောင်းကျိုး ပြုစေတဲ့ စာပါပဲ။ အားထုတ်တာချင်း တူတူတောင်မှ ရလဒ်ကွဲပြားနေတဲ့ အလုပ်ဆိုရင် ဘယ်သူက လိုလိုချင်ချင် စိတ်ရောကိုယ်ပါ အားတက်သရော လုပ်ချင်မှာလည်း။ လူလူချင်းကိုတောင်မှ ဇာတ်နိမ့်မြင့်၊ လူဖြူ၊ လူမဲ အဆင့်တန်းတွေ ခွဲခြားတာ မကျေနပ်လို့ တော်လှန်ခဲ့တာ လူတန်းစား ခွဲခြားခြင်း မရှိတဲ့ ခေတ်ကို ရောက်နေပြီပဲ။ ဟာသ တွေကိုရော။ ဘယ်လိုလဲ။
စာပေရသ တွေကို ပန်းပွင့်လေးတွေနဲ့ တင်စားရရင်ဖြင့် ဟာသရသ ဆိုတာ စက္ကူပန်း၊ ဒေါနပန်းလေးတွေလိုပဲ။ အနံအသက် မရှိပေမယ့် ရာသီမရွေး ပွင့်ပေးကြတယ်လေ။ အရောင်အဆင်းမျိုးစုံနဲ့ စက္ကူပန်းလေးတွေဟာလည်း တတ်စွမ်း သလောက် သူ့နည်းသူ့ဟန် နဲ့ လောကကို အလှဆင်နေတာပဲ မှတ်လား
လိုရာ ခရီးရောက်ဖို့ စီးသွးရတဲ့ လိုင်းကားနဲ့လည်း တူတယ်။ လိုရင်းတော့ လိုရာရောက်ဖို့ပေါ့။ စိတ်ခံစားမှုတွေရဲ့ အားလုံးရဲ့ ပန်းတိုင်က စိတ်ကျေနပ်ဖို့က အဓိကပဲ။ ဟာသဟာ လိုင်းကားနဲ့ တူတူပဲ။ တက္ကစီတွေ စီးသူတွေတော့ ရှိတာပေါ့။ လူနည်းစု။ ဒါပေမယ့် တက္ကစီ စီးသမားတွေ ကိုယ်ပိုင်ကား ရှိသူတွေတောင်မှ လိုအပ်လာရင် လူတိုင်းနီးနီး လိုင်းကားစီးကြရပါတယ်။ ရှက်လို့ ထုတ်မပြောတာပဲ ရှိမယ်။ လူတိုင်း စီးဖူးကြပါတယ်။ နော့်
ဟာသက ဆေးလိုပဲ။ အအီ အဆိမ့်တွေ စားတာများခဲ့ရင် ဖြစ်ဖြစ်၊ ဖျားနာရင် ဖြစ်ဖြစ် ဆေးသောက်ဖို့ လိုတယ်။ ဒီလိုပဲ စိတ်ညစ်ညူးမှုတွေကို ကုစားဖို့ အတွက်ကို ထွက်ပေါက်တစ်ခု အနေနဲ့ ဟာသနဲ့ဖေါက်ခွဲပစ်ရင်း  ဝေးဝေး တစ်ခါတော့ မှီဝဲ နေသင့်တယ်။ “တစ်နေ့တစ်ခါ ရယ်မောပါ ” ဆိုသမို့လား။
ဂန်ဖလား နဲ့လည်း တူတယ်။ အောင်မြင်မှု ဆုတံဆိပ်တွေ၊ ဆုဖလားတွေ ဆိုတာ လူလာရင် ကြွားပြရုံ သက်သက်ပဲ အသုံးဝင် တယ်။ ရိုးရိုးဂန်ဖလား ကမှ ရေချိုးလို့ ရသေးတယ်။ ဒါတောင် အသုံးမ၀င်တဲ့ ဆုဖလားတွေကိုတော့ ကောင်းကောင်းနေရာ ပေးပြီး။ လက်တွေ့ အသုံးဝင်နေတဲ့ ဂန်ဖလားစုတ်ကိုကျတော့ ဘေးဖယ် ထားလေ့ရှိတယ်နော်။
မင်္ဂလာ ဦးညနဲ့ လည်း တူသေးတယ်။ မင်္ဂလာဆောင်ကြီး ခမ်းခမ်းနားနား ဆောင်ပြီးတော့မှ၊ ညရောက်တော့ ခိုးကြောင်ခိုးဝှက်နဲ့။ ဒီကိစ္စကို လူမြင်ခံဖို့ မပြောနဲ့ လူသိခံစေဖို့ တစွန်းတစလေးတောင် အရိပ်အမြွက် မပြတတ် မဟတတ်ကြဘူး။ ပြီးရင်တော့ မင်္ဂလာဆောင် ခမ်းနား ဗီဒီယိုခွေ(သို့) ဖိတ်စာကြီးတွေ တကားကား လိုက်ပြပါလိမ့်မယ်။ ဟိုဝါမျိုးကျတော့ လူသိမခံဘူး။ လူမြင်ကွင်းထဲ တွဲကြပါလိမ့်မယ်။ အိပ်ခန်းထဲ ရောက်တော့ သူ မဟုတ်တဲ့ အတိုင်း။ ဒါ အနီးစပ်ဆုံး ပြောပြတာပါ။
ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်စရိုက်နဲ့လည်း တူတယ်။ ယုတ်မာတတ်တဲ့ ကိုယ့်အကျင့်ကို လူတိုင်းနီးနီး ထုတ်မပြောပဲ မြုံထား၊ ထိန်ချန်ထားတတ်တယ်။ အပေါ်ယံကြော ကောင်းဟန်ပြပြီး ဟန်ဆောင်ကောင်းမှုတွေနဲ့ပဲ ပိရိစွာ သိုဝှက် ထားတတ်ကြတယ်။ လူကြီး လူကောင်းတွေကတော့ ပြက်လုံးကို မဆိုထားနဲ့ ဟာသလေးကိုတောင် ကွယ်ရာရောက်တော့မှ ထုတ်ရယ်မော တတ်ကြတယ်။ ရယ်စရာ ပြောရင် အိနြေ္ဒကြီး တစ်ခွဲသားနဲ့ တင်းထားကြတယ်။ ဘယ်နေရာမဆို ဘယ်ကိစ္စ မဆို လွတ်လွတ်လပ်လပ် ရယ်မောလိုက်ဖို့ ၀န်လေး တတ်သူတွေကတော့ သိက္ခာရှိသူ တွေပါပဲ။  ရယ်လိုက်ရင်ပဲ “ငါ့များ ငပေါလို့ ထင်သွားလေမလား” ဆိုပြီး တွေးကြောက်နေတာ ထင်ရဲ့။ ဒါကြီး လူသိခံလိုက်ရင် သိက္ခာပဲ ကျတော့ မလိုလို။ လူရာ မ၀င်တော့ သလိုလိုနဲ့။ ဒါက ယေဘူယျ လက္ခဏာ တွေပေါ့။
တန်ဖိုးရှိ မြင့်မြတ်တဲ့ စကားတွေကို ကိုယ်ကျင့်သိက္ခာ ပြည့်စုံမှ ပြောကောင်းတယ်တဲ့။ ကျွန်တော်ကတော့ သိက္ခာမရှိပေမယ့် တန်ဖိုးရှိမယ် ထင်တဲ့ စကားလေးတွေ ပြောလိုက်မိပြီ။
နောက်ဆုံး ကုန်ကုန်ပြောရရင် ဟာသ ဆိုတာ လူ လက်ခံချင် နေပေမယ့် လက်မခံချင်ယောင်ဆောင်နေတဲ့ အနှိမ်ခံ မျက်နှာမွဲ ဗျာ။ ကဲ … ငြင်းချင်သေးလား။ စောတကာ တက်လို့ ရပါတယ်။ ဘာလို့ လူ လက်မခံရမှာလဲ … လက်ခံနေတာပဲဟာ ဆိုရင် ဟာသကို တခမ်းတနားနဲ့ ဂုဏ်ပြုကြလေဗျာ။ တန်းတူအခွင့်အရေး အသိအမှတ် ပြုသင့်ရဲ့။ နေရာတကာမှာ ဟာသကို လေးစားသမှု အရေးတယူ လုပ်ပေး သင့်ရဲ့ဗျာ။ အကြီးကျယ်ဆုံး နေရာ တစ်ခု ပေးပြီးတော့ကို ခမ်းခမ်းနားနား ဂုဏ်ပြုပေးကြပါလား…။ ဟုတ်တယ်မလား ။
စံပယ်လည်း စံပယ် အလျှောက်။ နှင်းဆီလည်း နှင်းဆီ အလျှောက် သူ့အလှနဲ့ သူ့ဂုဏ်တော့ ရှိတတ်ကြစမြဲ ပါပဲ။ “ပုစွန်ဆိတ် လေး က ငယ်ငယ်လေးပါကွာ၊ နှမ်းတစ်စေ့ ဆီမဖြစ်ပါဘူး ၊ ခွေးလှေးခုန်လို့ ဖုန်မှ မထနိုင်တာ” လို့ ခွဲခြား ခွဲခြား မဆက်ဆံကြနဲ့လေ။ ဒေါသ ကို အခြေမခံတဲ့ အနုမာန စေတနာနဲ့ ပြောခဲ့တာတွေကို ခွင့်လွှတ်ကြပါ။
ဟာသကို အမြင်သာဆုံး ပြောရရင် လူတွေဟာ နေ့တိုင်း မငိုကြပေမယ့် တစ်နေ့မှာ တစ်ကြိမ်လောက်တော့ အနည်းဆုံး ရယ်ကြ မှာပဲ။ ဘယ်သူက အားအားယားယား အမြဲ ငိုနိုင်မလဲဗျာ။ အလွန်ဆုံး တစ်ပတ်၊ အလွန့်အလွန်ဆုံးတစ်လ ပေါ့။နော့်။ ဒါပေမဲ့ အပြုံးလေး တစ်ပွင့်စာ၊ မထိတထထိ လွဲချော်မှုလေး တစ်ချက်နဲ့ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း မြင်မိရင်တောင် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး တဒင်္ဂလောက်တော့ ရယ်ကြမှာ ပါပဲ။
ဒါကြောင့် လူဖြစ်ကျိုးနပ်အောင် အစဉ်အမြဲ ရယ်မော ပေးကြပါ။ ဘာလို့ဆို တိရစ္ဆာန်တွေမှ မရယ်တတ်တာ။ တကယ်တော့ ဟာသ ဓါတ်ဆိုတာ ယူတတ်ရင် နေရာ တိုင်းမှာ ရှိပါတယ် နော့်။
ဟာသ စာပေဆုကို ရည်သန်လျက် ရေးသားပါသည်။
xxxxxxxxx
ကလောင် - သိရ် (အေးသာယာ)
အမည် - ခွန်စည်သာဟိန်း
                                                                  ရက်စွဲ-    26-Nov-13 10:30:20 AM

No comments:

Post a Comment


Aung Hein - နည်းပညာ