ယမ်းငွေ့တွေကြားမှာ ဒေသခံတွေကတော့ မြေစာပင်ပါပဲ
စည်သာ(တောင်ကြီး)
မြန်မာနိုင်ငံတွင်
နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာသော ပြည်တွင်းစစ် မီးလောင်ကျွမ်းခြင်းကြောင့်
တိုင်းရင်းသားမိဘပြည်သူတို့၏ အသက်သွေးချွေး အိုးအိမ်စည်းစိမ်တို့ သည်
မရေမတွက်နိုင်အောင်ပင် ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။
ရှမ်းပြည်နယ်သည် အခြားသော ပြည်နယ်တိုင်းများနှင့် မတူညီ ကွဲပြားသောအချက်ပေါင်းများစွာ ရှိနေသည်။ အခြားပြည်နယ်များတွင် လူမျိုးစုတစ်ခုနှင့်တစ်ခုထက်ပို၍ နေထိုင်ကြပြီး ရှမ်းပြည်နယ်တွင်မူ လူမျိုးစုပေါင်း ရာနှင့်ချီကာ နေထိုင်ခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ရာနှင့်ချီကာ နေထိုင်ကြခြင်းနှင့် သဘာဝသယံဇာတ ပေါကြွယ်ဝခြင်းတို့ကြောင့် အဆိုပါ အင်အားစုများ၏ အားပြိုင်မှုက ဆွဲအား ပြင်းထန်လွန်းလှသည်။ ရှမ်းပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် BGF စသော အဖွဲ့ပေါင်းစုံရှိပြီး ငြိမ်းချမ်းရေး (NCA) အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လက်မှတ်ထိုးသောအဖွဲ့နှင့် လက်မှတ်မထိုးထားသော အဖွဲ့များစွာ ပါဝင်နေသည်။ ထိုအဖွဲ့မျိုးစုံတို့သည် အသွင်အမျိုးမျိုး ပုံစံအမျိုးမျိုးတို့ဖြင့် ရှမ်းပြည်နယ် နယ်မြေအသီးသီးတို့တွင် ကျင်လည်ကျက်စားနေကြပြီး နယ်မြေ အငြင်းပွားမှုများဖြင့် ယခုလို ပဋိပက္ခ အသွင်ဆောင်ကာ တိုက်ပွဲများ ဖြစ်ပွားလာကြခြင်း ဖြစ်သည်။
လတ်တလော ရှမ်းပြည်နယ်တွင်း တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြသော တိုင်းရင်းသားပြည်သူလူထုတို့သည် အခက်အခဲ အတိဒုက္ခပေါင်းစုံတို့ဖြင့် ကြုံတွေ့လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။ တိုက်ပွဲများတို့သည် ရှမ်း/ တောင်ပိုင်းတွင် အစိုးရတပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSP/SSA တို့ ဖြစ်ပွားကြခြင်းဖြစ်ပြီး၊ ရှမ်း/မြောက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ တိုက်ပွဲများ ဖြစ်ပွားနေကြခြင်း ဖြစ်သည်။
တောင်ပိုင်းတွင် တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSP/SSA တို့ ဖြစ်ပွားနေသော စစ်ပွဲများ ရပ်ဆိုင်းသွားပြီဖြစ်သော်လည်း နယ်မြေအခြေအနေ လုံခြုံမှုမရှိသေးသောကြောင့် စစ်ဘေးဒုက္ခသည်တို့သည် မပြန်ရဲတော့ဘဲ ဟိုက်ပါစစ်ဘေးဒုက္ခသည် စခန်းတွင် ရွာသစ်နှစ်ရွာတည်ကာ နေထိုင်နေကြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၁၅ နိုဝင်ဘာ ၂၇ ရက်မှစတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)တို့သည် နယ်မြေဆိုင်ရာ အငြင်းပွားမှုဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ကြပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် တိုက်ပွဲများ ငြိမ်သွားပြီဖြစ်ကြောင်း RCSS တပ်ဖွဲ့မှ ပြောကြားသည်။
“ကျွန်တော်တို့က စတိုက်တာတော့ မရှိပါဘူး။ သူတို့ဘက်ကတိုက်လို့ ကျွန်တော်တို့ ကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် ခုခံကာကွယ်တဲ့ သဘောလောက်ပဲ ရှိပါတယ်။ ၁၉ ရက်က ငြိမ်သွားပြီ။ သူတို့လည်း အဲဒီနားက ရွာတွေမှာ မရှိတော့ဘူး။ ရွာထဲမှာနေထားတဲ့ သုံးလေးရွာကနေ သူတို့ထွက်သွားပြီ။ နှစ်ဖက် တွေ့ဆုံညှိနှိုင်းဖို့လည်း ပြောထားပြီး ဖြစ်ပါတယ်”ဟု RCSS တပ်မှ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။
TNLA မှ သတင်းနှင့်ပြန်ကြားရေးဌာနက ဇန်န၀ါရီလတိုက်ပွဲတွင်း ကျောက်မဲမြို့နယ် လွယ်ဆာကျေးရွာလူကြီး အပါအ၀င် ရွာသား ၁၁ ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းကို ဇန်န၀ါရီ ၂၃ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ကြေညာထားသည်။ TNLA က ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်တွင် RCSS/SSA သည် ၂၀၀၉ နှင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် နမ့်ခမ်းမြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် စတင်လှုပ်ရှားလာကြောင်း၊ TNLA အနေဖြင့် ၎င်းတို့နေရာဒေသတွင် နယ်မြေမချဲ့ထွင်ရန် ရှမ်းတပ်ဖွဲ့အား အကြိမ်ကြိမ် အတန်တန် တားမြစ်ခဲ့သော်လည်း ဆက်လက်တိုးချဲ့လာသဖြင့် မလိုလားအပ်သည့် တိုက်ပွဲများ ဖြစ်ပွားလာရကြောင်း၊ နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအတွက် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး RCSS/SSA နှင့် နှစ်ဖက်တွေ့ဆုံ ဖြေရှင်းရန် အဆင်သင့်ရှိသည်ဟု အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုက်ပွဲများ အကျိုးဆက်အနေဖြင့် ရှမ်းပြည်တွင်း ဒေသဖွံ့ဖြိုးရေးကို နိမ့်ကျဆင်းရဲစေပြီး အဘက်ဘက်မှ ချွတ်ခြုံကျကာ လူနေမှုဘ၀များစွာတို့သည် အောက်ကျနောက်ကျ ကျန်ရစ်ခဲ့ရလေတော့သည်။ မိုင်းရှူးနှင့် ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းများစွာတို့ သည်လည်းကောင်း၊ ကျောက်မဲနှင့် နမ့်ခမ်းဘက်ရှိ ကျေးရွာများစွာတို့သည် လည်းကောင်း အဆိုပါဒေသများတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စစ်ဘေးရှောင်ကြရင်း စစ်ဘေးဒုက္ခသည်များ ဖြစ်ကုန်ကြသည်။ ထိုအထဲတွင် အများစုမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ် အများစုဖြစ်နေသည်ကို တွေ့ရသည်။ ငယ်ရွယ်သူများ ၊ အရွယ်ရောက်သူ ကလေးငယ်များတို့သည် ကျောင်းမတက်နိုင်သဖြင့် ပညာရေးတွင်လည်း အခက်အခဲ ဖြစ်လာကြပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအထိ မိုင်းရှူးတွင် စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သဖြင့် ရေရှည်ပညာရေးတွင် ထိခိုက်ကာ နိမ့်ကျလာနိုင်သည်။ လူလတ်ပိုင်းနှင့် လူကြီးများတို့သည်လည်း မိမိတို့ရဲ့အိမ်များ၊ လယ်ယာများ၊ ဥယျာဉ်ခြံမြေနှင့် ကျွဲနွားတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခြင်း ဘေးဆိုးတို့ကို ကြုံတွေ့ခဲ့ကြရသဖြင့် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းနှင့် တိုင်းတပါးသို့ ထွက်ခွာခြင်း စသော နေရပ်တို့ကို စွန့်ခွာသွားကြလေသည်။
ရှမ်းပြည်တောင်ပိုင်း ဟိုက်ပါစခန်း အခြေအနေ
၈-၁၀-၂၀၁၅ မှ စတင်ကာ ရှမ်း/တောင်ပိုင်း မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ် အတွင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တပ်မတော်တို့ နှစ်ဖက်အပြန်အလှန် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ထိုမြို့နယ် နှစ်ခုအတွင်းရှိ တိုင်းရင်းသားပြည်သူ အပေါင်း တစ်သောင်းကျော်တို့သည် အိုးအိမ်များကို စွန့်ခွာကြကာ ဘေးလွတ်ရာမြို့များသို့ စစ်ဘေး တိမ်းရှောင်ခဲ့ကြရလေသည်။ မိုင်းရှူး နှင့် ကျေးသီးမြို့နယ်အတွင်းမှ တိုင်းရင်းသားတို့သည် မိုင်းနောင်၊ လဲချား၊ ပင်လုံ၊ နမ့်စန်၊ လားရှိုးနှင့် တောင်ကြီးမြို့များသို့ ထွက်ပြေးလာကြရကြောင်း သိရသည်။ သုံးလကျော် ကြာမြင့်လာပြီးနောက် မိုင်းရှူးနှင့် ၀မ်ဝ စစ်ဘေးဒုက္ခသည် စခန်းတို့သည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှစတင်ကာ မိမိတို့နေရပ်များသို့ ပြန်သွားကြပြီး ယခုအခါ ဟိုက်ပါ စစ်ဘေး ဒုက္ခသည် စခန်းတစ်ခုသာ စစ်ဘေးဒုက္ခသည်များ ကျန်ရှိတော့ကြောင်း သိရသည်။
ဟိုက်ပါရွာသည် မိုင်းရှူးသွားလမ်းပေါ်တွင် တည်ရှိပြီး အတွင်းသို့ ခြောက်မိုင်ကျော် လှည့်ဝင်ရသောရွာဖြစ်ပြီး ဟိုက်ပါရွာမရောက်ခင် ဖက်ကီးဆိုသောရွာကို သုံးမိုင်ခန့်တွင် ကျော်ဖြတ်ရလေသည်။ ဟိုက်ပါရွာ ၀င်ဝင်ချင်း ရှိ ညောင်ပင်အောက်တွင် စစ်ဘေးဒုက္ခသည် ယာယီစခန်းများကို ထားရှိပြီး ယခုအခါ ဟိုက်ပါလူကြီး ရပ်မိရပ်ဖတို့က စစ်ဘေးဒုက္ခသည် များအတွက် မြေနေရာများကိုတစ်အိမ်ထောင်လျှင် ၂၅ ပေပတ်လည်စီ ပေးဝေကာ ရွာသစ်တည်ကာ နေထိုင်စေကြောင်း သိရသည်။
ယခုအခါ စစ်ဘေး ဒုက္ခသည်စခန်းများရှိ ယာယီတဲတန်းများတွင် ရေတွင်းများ၊ ရေတိုင်ကီနှင့် ရေကန်များနှင့် အိမ်သာများကို နိုင်ငံတကာအဖွဲ့များက လာရောက်လှူဒါန်းကြကြောင်းသိရသည်။ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဖောင်ဒေးရှင်းက ရေတွင်းနှင့် ရေတိုင်ကီများကို လှူထားကြောင်း သိရသည်။
ရေတစ်တွင်းသာရှိပြီး ရေတိုင်ကီ (၁၅ ပေပါဆန့်) တစ်ခုကိုလုပ်ပေးနေကြောင်း သိရသည်။ ယင်လုံအိမ်သာများကိုလည်း မိခင်နှင့်ကလေး စောင့်ရှောက်ရေးဖောင်ဒေးရှင်းနှင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့တို့မှ စုစုပေါင်း ၂၂ လုံး ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။ ကုန်းနင် ၁၀ လုံး၊ နမ့်ပါမုန်း (ပလောင်) ရှစ်လုံး၊ နမ့်ပါမုန်း(လီရှော) လေးလုံးတို့ဖြစ်ကြောင်း သိရသည်။ အများလှူဒါန်းထားသော စောင်၊ အနွေးထည်နှင့် အိပ်ယာများကို ပစ္စည်းများအားလုံးကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ဂိုထောင်ထဲတွင် မကျန်တော့ကြောင်း ဦးဖိုးအောင်ကဆိုသည်။
ဟိုက်ပါစခန်းတွင် နေထိုင်ရန်အတွက် ဟိုက်ပါကျေးရွာအုပ်စုလူကြီးများမှ အိမ်ထောင်တစ်စုလျှင် မြေ ၂၅ ပေပတ်လည်နှုန်း ဖြင့်ပေးထားပြီး စိုက်ပျိုးမြေများ မပါဝင်ကြောင်း၊ ထို့အတွက် စိုက်ပျိုးမြေများ၊ စိုက်ပျိုး လက်နက်ကိရိယာများ၊ မျိုးစေ့များနှင့် ကျွဲနွားတိရစ္ဆာန်များကို ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေပြီး CSO များကိုမျှော်လင့် နေကြောင်း သိရသည်။
“လောလောဆယ်တော့ ဆန်၊ ဆီ၊ ဆေး ဆား လုံလောက်တယ်။ တန်ခူး၊ ကဆုန်၊ နယုန်၊ ၀ါဆို၊ ၀ါခေါင် ထိလောက်တယ်။ တောင်ယာ ခုတ်ချိန်လေ။ ဒီချိန်က ဒါပဲလိုတယ်လေ။ စားဖို့သောက်ဖို့ပဲလိုတယ်။ ခုချိန်က တောင်ယာ ရှင်းလင်းချိန်လေ။ လောလောဆယ်တော့ ရေတွင်းလည်း လိုတော့ လိုဦးမှာပဲလေ”ဟု ဟိုက်ပါစခန်း တာဝန်ခံ ဦးဖိုးအောင်က ပြောကြားသည်။
ဟိုက်ပါစခန်းတွင် အိမ်ခြေပေါင်း ၁၈၉ အိမ် နေထိုင်ကာ လူဦးရေပေါင်း ၁၂၁၀ ဦး ကျော် နေထိုင်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၀ ရက် စာရင်းများအရ သိရှိရသည်။ အိမ်များကို သစ်ဝါးများဖြင့် တိုင်လေးတိုင်ထောင် တာလပတ်မိုးကာ ကြမ်းခင်းကို ၀ါးနှင့်သစ် ညှပ်ဆောက်ကြပြီး အချို့မှာသက်ကယ်များနှင့် ဖြစ်သလို ဆောက်လုပ်နေထိုင်ကြကြောင်း သိရသည်။ ယခုလို အေးချမ်းသောရာသီတွင် မလုံမခြုံ နေရကြောင်း စစ်ဘေးဒုက္ခသည်များက ပြောကြားသည်။
“စစ်ဘေးဒုက္ခသည်တွေမှာ တစ်ယောက်မှ ဖုန်းမကိုင်နိုင်ပါဘူး။ ဘယ်သူမှ ဟန်းဆက်လည်း မကိုင်ကြဘူး။ ဖုန်းလည်းမရှိဘူး။ ဘာမှ မရှိဘူး။ နွားတွေ ကျွဲတွေလည်း မရှိတော့ဘူး။ နောက်ဆိုပူလာတော့မယ်။ တပေါင်း၊ တန်ခူးဆို နွေရာသီ ရောက်လာတော့မယ်ဆိုတော့ ရေနည်းလာမယ်။ ညောင်ပင်စခန်းမှာ ရေတွင်းတစ်တွင်းပဲ ရှိသေးတာဆိုတော့ ရေတွင်းလိုတယ်”ဟု ဟိုက်ပါညောင်ပင်စခန်းက စစ်ဘေးဒုက္ခသည် လီဆူး အမယ်အိုတစ်ဦးက ပြောကြားသည်။
ကျေးသီးမြို့နယ် ၀မ်ဆောကျေးရွာ အုပ်စုတွင်လည်း ဒုက္ခသည် စခန်းတစ်ခုရှိသေးပြီး နှစ်နေရာပေါင်းလိုက်လျှင် စုစုပေါင်း ၁၅၀၀ ကျော်ရှိကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒုက္ခသည်များ အခြေအနေ
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် RCSS/SSA နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့နှစ်ဖွဲ့တိုက်ပွဲများကြောင့် မြို့နယ်ပေါင်း ငါးမြို့နယ်ရှိ ပတ်ဝန်းကျင်ရွာများမှ စစ်ဘေးဒုက္ခသည် တိုင်းရင်းသားပေါင်း ၄၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် ဒုက္ခရောက်နေရကြောင်း ကျောက်မဲမြို့နယ် ဒုက္ခသည်များ ကယ်ဆယ်ရေးအဖွဲ့ထံမှ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် သိရသည်။
စစ်ဘေးဒုက္ခသည်များသည် (၁) နမ္မတူမြို့၊ မန်ဆန်အကျော်လေးနားတွင် တစ်နေရာ၊ (၂) ကွတ်ခိုင်မြို့တွင်၊ မန်းယုလေးတွင် လူ ၃၀၀ ကျော်နှင့် ကာလံတွင် လူ ၄၀၀ ကျော် စုစုပေါင်း နှစ်နေရာတွင် လူ ၇၀၀ ကျော်၊ (၃) နမ့်ခမ်းရှိ နေ၀န်းနီ ဒုက္ခသည်စခန်းတွင် (၄) ကျောက်မဲမြို့နယ် တော့ဆန် အနီးအနားဝန်းကျင်မှ ပြေးလာကြပြီး (၅) မိုင်းဝီးတွင် ၈ ရက်က ဖြစ်ပွားသော တိုက်ပွဲကြောင့် ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။ စုစုပေါင်း နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ မိုင်းဝီး ငါးမြို့နယ်ရှိ စစ်ဘေး ဒုက္ခသည် စခန်းများတွင် စစ်ဘေးဒုက္ခသည်များ ၄၀၀၀ ကျော်အထိ တိုးပွားလာနေကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိပါသည်။
ကျောက်မဲမြို့ပေါ်တွင် စစ်ဘေးဒုက္ခသည် စခန်းပေါင်း (၁၉) ခုအထိ မြင့်တက်လာခဲ့ကြပြီး လူဦးရေ စုစုပေါင်း ၄၀၀၀ ကျော်တို့ သည် စစ်ဘေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြဆဲဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့ပေါ်တွင် သီဟိုဠ်ကျောင်း၊ နမ့်ပိန်ကျောင်း၊ အောင်ဆုပန်ကျောင်း၊ ၀ါဆိုကျောင်း၊ ရွှေကျင်ကျောင်း၊ ဝေဠုဝန်ကျောင်း၊ ကာမိန်း၊ မန်စန်းဇရပ်၊ ဘိန်းနင်၊ ဘိုးဘွားရိပ်သာကျောင်း၊ အောင်မင်္ဂလာကျောင်း၊ ကမ္ဘောဇရှမ်းကျောင်းကြီး၊ ရေဦး၊ နမ့်စလင်း၊ စိတ္တသုခကျောင်းနှင့် ဘိုးဘွားရိပ်သာ စခန်းများတွင် စသဖြင့် (၁၉) နေရာတွင် ခိုလှုံနေရကြောင်း သိရသည်။
22ရက်နေ့ထုတ် တနင်္လာနေ့ ဂျာနယ် အချပ်ပို မျက်နှာဖုံးဆောင်းပါးရှည်

“မနေ့က
ကြားတာကတော့ တိုက်ပွဲတွေ ငြိမ်သွားပြီလို့ ပြောကြတယ်။ ဒီစစ်ဘေးဒုက္ခသည် စခန်းက လူ
ကိုးဦးလောက်က ကိုယ့်အိမ် ကိုယ်ပြန်ကြည့်ဦးမယ်ဆိုပြီးတော့ ပြန်သွားကြတယ်။ ဒါပေမဲ့
ဘိုးဘွားရိပ်သာစခန်းမှာတင် လူဦးရေ ၃၀၀ ကျော်လောက် ကျန်သေးတယ်” ဟု ကျောက်မဲ ဘိုးဘွားရိပ်သာစခန်းမှ
တာဝန်ခံက ပြောကြားသည်။
မန်တုံဒေသ
ပတ်ဝန်းကျင်၊ နမ့်ခမ်းဒေသပတ်ဝန်းကျင်နှင့် ကျောက်မဲဒေသ ပတ်ဝန်းကျင်တို့တွင် အဓိက
တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မန်တုံ၊ မိုင်းဝီး ၊ နမ့်ခမ်း၊ မိုးကုတ်၊
နမ္မတူမြို့များသို့ စစ်ဘေး တိမ်းရှောင်သွားကြကြောင်း သိရသည်။ လတ်တလောတွင် အများစု
ကျောက်မဲမြို့တွင် ခိုလှုံနေကြရလေသည်။
“အားလုံးပေါင်း
၃၀၀၀ နဲ့ ၄၀၀၀ ကျော် ကြားလောက် စစ်ဘေး ရှောင်တိမ်းနေရတယ်။ သူတို့က ခဏလောက်
တိမ်းရှောင်နေရတာလည်း ရှိတယ်။ ပြီးတော့ ပြန်လာတယ်ပေါ့။ မီးရှို့ခံရတယ်ဆိုရင်တော့
ပြန်လာလို့ မရတော့ဘူးပေါ့။ ဒီလိုပဲ သွားလိုက်လာလိုက်ပဲ။ တချို့ က ယာသိမ်း၊
ပြောင်းသိမ်းချိန်ဆိုရင် အလုပ် ပြန်လုပ်တယ်။ ပြီးရင် စခန်းကို ပြန်လာနေတယ်ပေါ့။
လူဦးရေက ပုံမှန်တော့ မရှိပါဘူး”ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO အဖွဲ့မှ
လိုည်းပိုးကျိန်တီက ပြောကြားသည်။
တိုက်ပွဲများသည်
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်၌ နမ့်ခမ်းမြို့နှင့် ကျောက်မဲမြို့ တို့တွင်
ဖြစ်ပွားနေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ပြန်လည် ပြင်းထန်စွာ
ဖြစ်ပွားနေခြင်းကြောင့် မြို့နယ်ပေါင်း ငါးမြို့နယ်မှ တိုင်းရင်းသား ပြည်သူပေါင်း
၄၀၀၀ ကျော်တို့သည် စစ်ဘေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည် ။
စစ်ဘေးဒုက္ခသည်အတွက်
အနွေးထည်၊ အ၀တ်အထည်၊ စောင်၊ အစားအစာနှင့် အ သုံးအဆောင်များ အရေးပေါ်
လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
“သူက
ပုံမှန်မရှိတဲ့ အချိန်လည်းရှိတယ်။ တစ်ခါတလေဆိုရင်တော့ ခရီးထွက်တာမျိုးတွေ၊
တစ်ခါတလေ မိုင်းယုလေးဘက်မှာ အနီးအနားတစ်ဝိုက်က စစ်ပွဲဖြစ်ရင် ပြေးလာတာ။
အခြေအနေအေးရင် ပြန်သွားတာ။အဲဒီလို အခြေအနေတော့ ရှိတယ်”ဟု တ အာင်းကျောင်းသားနှင့်
လူငယ်အဖွဲ့အစည်းမှ အတွင်းရေးမှူး Mr.Cyruk က ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း
ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယုလေးနှင့် ကာလန်ရွာတို့တွင် စစ်ဘေး ဒုက္ခသည် စခန်းများ
ဖွင့်လှစ်ထားရှိပြီး မိုင်ယုလေးရွာတွင် စစ်ဘေးဒုက္ခသည် ၄၀၀ ၀န်းကျင်နှင့် ကာလန်တွင်
၅၀၀ ၀န်းကျင် နှစ်နေရာပေါင်း စစ်ဘေးဒုက္ခသည် ၉၀၀ ခန့်ရှိကြောင်း ကူညီကယ်ရေး
ကော်မတီထံက သိရသည်။ အများစုက ပလောင်တိုင်းရင်းသားများ ဖြစ်ကြပြီး ကာလန်ရွာတွင်
အစိုးရတပ်မတော်နှင့် ကချင်တပ်မတော်တို့ ဖြစ်ပွားခြင်းကြောင့်
ကွတ်ခိုင်မြို့နယ်တွင်းရှိ ရွာ ၁၀ ရွာခန့်က ပြေးလာကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်
နမ္မတူမြို့အနီး ပန်ကန်းရွာသည် အိမ်ခြေပေါင်း ၁၆ လုံး မီးရှို့
အဖျက်ဆီးခံလိုက်ရသဖြင့် နမ္မတူမြို့နယ် မန်ဆန်ဘေးနားရှိ ပန်လုံရွာတွင် ရွာသစ်တစ်ရွာ
ပေးနေထားကြောင်း၊ ပလောင်တိုင်းရင်းသား ၁၀၀ ကျော်တို့သည် စစ်ဖြစ်ရာတောင်ပေါ်
ပန်ကန်းရွာတွင် မနေရဲတော့ဘဲ တောင်ခြေပြောင်းနေရာ ပန်ကန်းအောက်ဘက် ရွာလည်း စစ်ပွဲ
ဖြစ်နေသဖြင့် မန်ဆန်ဘေးနားကရွာတွင် ရွာသစ်တည်ကာ နေထိုင်ကြကြောင်း သိရသည်။
ကျောက်မဲခရိုင်အတွင်းတွင်
မိုးကုတ် စစ်ဘေး ဒုက္ခသည်စခန်း၊ နမ္မတူနှင့် ငါးမိုင်အကွာရှိ ပန်လုံရွာတွင်လည်း
စစ်ဘေးဒုက္ခသည် ၇၅ ဦးရောက်ရှိနေကြောင်း၊ မန်တုံကားလမ်း မကြီးဘေးတွင်လည်း
စစ်ဘေးဒုက္ခသည် ပေါင်း ၁၀၀ ကျော်တို့သည် လမ်းဘေးပေါ်တွင် ဖြစ်သလိုတဲထိုးကာ
ချမ်းချမ်းအေးအေး ဆောင်းနှင်းဒဏ်ကို အံကြိတ်ခံနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“မန်တုံကားလမ်းဘေးမှာ
ဖြစ်သလိုပဲ နေကြရတယ်။ ပြည်မက ဘယ်သူမှလည်း မသိကြသေးဘူး။ စစ်ဘေးဒုက္ခသည်က
တောင်ပိုင်းက မိုင်းရှူးကိုပဲ အများစုသွားနေကြတယ်။ အဲဒီမှာလည်း ပစ္စည်းတွေ
ထားစရာတောင် မရှိတော့ဘူး။ ပုံနေပြီလေ။ လိုတောင်မလိုတော့ဘဲ ပိုနေတဲ့အဆင့်ကို
ဖြစ်နေပြီ။
ယာယီတဲထိုးပြီး
နေကြတယ်။ မြေပြန့်ကလူတွေ မလာဘူး။ ၀မ်ဟိုင်းကို မဲပြီးသွားနေတယ်။ လှူတာတွေလည်း
အပြည့်ပဲ။ ၈၈ က ဆေးရုံတောင် ဆောက်ပေးနေတယ်။ အိုဗာ ဖြစ်နေတယ်။ အိမ်သာတွေ
သောက်သုံးရေတွေ အဆင့်ကိုတောင် ထည့်မတွက်နိုင်သေးဘူး။ လောလောဆယ်မှာ လမ်းဘေးတွေမှာ
ဖြစ်သလိုတွေ နေကြရတာ။ တဲတွေ ထိုးနေကြ တာ”ဟု လားရှိုး ဒေသခံဦးတင်ဦးက ပြော ကြားသည်။
“အဓိကတော့
သုံးရွာပေါ့။ အကူအညီတွေ အသန်းအသည် လိုနေတာ မန်တုံနဲ့ နမ္မတူတို့မှာ
လိုအပ်နေတာပေါ့လေ။ လမ်းနံဘေးမှာ ဖြစ်သလိုနေရတယ်။ စောင်တွေ၊ အနွေးထည်တွေလည်း
လိုတယ်လေ။ အရမ်းချမ်းတော့ မလွယ်ဘူး။ ရိုးရိုးတန်းတန်း အိမ်ထဲမှာ နေတာတောင်
အရမ်းအေးတာ။ စစ်ဘေးဒုက္ခသည်တွေ ဒုက္ခများတယ်။ မြောက်ပိုင်းက ဒီနှစ်မှာ
ရေခဲတဲ့နှစ်ဆိုတော့ ပိုဆိုးတယ်”ဟု လားရှိုးဒေသခံ ကိုဇေယျာက ပြောကြားသည်။
မိုးကုတ်မြို့
အရှေ့ပိုင်းရှိ တအာင်းဘုန်းတော်ကြီးကျောင်းတွင် လွယ်ဆာဒေသခံများ ၉၅ ဦး
ရောက်ရှိနေပြီး နမ္မတူနှင့် ငါးမိုင်အကွာရှိ ပန်လုံရွာတွင်လည်း ၇၅ ဦး၊ မန်တုံ
ကားလမ်း ဘေးတွင်လည်း ၁၀၀ ကျော်တို့သည် စစ်ဘေးတိမ်းရှောင်ကြကာ ယာယီများဖြင့်
ဖြစ်သလို နေကြရကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း
ဟိုက်ပါစခန်းသည် လတ်တလောတွင် စားသောက်စရာ၊ အသုံးအဆောင်နှင့် အ၀တ်အထည်များသည်
လုံလောက်သော အဆင့်တွင် ရှိနေပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်မူ
အိုးခွက်ပန်းကန်မှအစ ကျန်းမာရေးအဆုံး လိုအပ်ချက်ပေါင်း များစွာဖြင့် စိုးရိမ်ရသော
အခြေအနေရှိသဖြင့် တောင်ပိုင်းထက် လိုအပ်ချက်ပိုများသည်။
စစ်ပွဲများနှင့်
လေ့လာစောင့်ကြည့်ရေး ကော်မတီများ
ရှမ်းပြည်နယ်
မြောက်ပိုင်းရှိ မူဆယ်ဇုန်၊ ကွတ်ခိုင်ဇုန်၊ လားရှိုးဇုန်၊ သီပေါဇုန်၊ မိုးမိတ်ဇုန်၊
တန့်ယန်း (မိုင်းရယ်ဇုန်) စသော ဇုန်ခြောက်ဇုန်တွင် အရပ်သားများ
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ (CCMWC) ကို ဖေဖော်ဝါရီ ၉ ရက်တွင်
စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ NCA စာချုပ်ပါ အရပ်သားများ အခန်းကဏ္ဍကို
မြှင့်တင်ရန်နှင့် စာချုပ်ပါအချက်အလက်များ ချိုးဖောက်မှုကို လေ့လာစောင့်ကြည့်ရန်
ကြားမှ တရား မျှတသော အဖွဲ့တစ်ခုမှာ အရပ်သားများပင် ဖြစ်သောကြောင့် အရပ်သား
လေ့လာစောင့် ကြည့်ရေးကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း CCMWC ကော်မတီထံမှ
သိရသည်။
“အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့
နယ်မြေလုမှုဆိုင်ရာ၊ ခေါင်းဆောင်ပိုင်းတွေရဲ့ အရှိန်အ၀ါ ချဲ့ထွင်လိုမှု
ဆိုင်ရာတွေကြောင့် ဖြစ်လာတာ။ ရှမ်းနဲ့ပလောင်က ဖြစ်တယ်ဆိုပြီးတော့
ပြည်သူလူထုကိုသွားပြီး ကိုယ်စားပြုပြီးတော့ ပြည်သူကြားမှာလည်း ပလောင်နဲ့ရှမ်းက
အထင်အမြင် လွဲမှားမှုတွေက ဖြစ်လာတယ်။ အကျိုးဆက်တွေပေါ့။ တကယ်ဖြစ်တာက လက်နက်ကိုင်
ခေါင်းဆောင်အချင်းချင်း သူတို့အချင်းချင်း အမည်မဖော်ပြနိုင်တဲ့
အကြောင်းကြောင်းကြောင့် ဖြစ်လာတာကို ရှမ်းနဲ့ပလောင်မှာလာပြီ ရိုက်ခတ်တယ်လေ။
နယ်မြေဆိုင်ရာကြောင့်သော် လည်းကောင်း၊ အကျိုးစီးပွားဆိုင်ရာကြောင့်သော် လည်းကောင်း
ဖြစ်လာတာကို သာမန်ပြည်သူတွေမှာ အမုန်းတရားတွေ ရိုက်ခတ်ပြီး ဖြစ်ပေါ်လာတာကိုလည်း
ရလဒ်တစ်ခု သိရတာပေါ့လေ”ဟု ရှမ်းပြည်မြောက်ပိုင်း အရပ်သား အပစ်ရပ်စောင့်ကြည့်ရေးမှ
အထွေထွေ အတွင်းရေးမှူး ဦးတင်ဦးက ပြောကြားသည်။
အရပ်သားများ
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်သာ
ပထမဆုံး စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်
ဖွဲ့စည်းခြင်း မရှိသေးကြောင်းသိရသည်။ ရှမ်းတောင်တွင် အပစ်အခတ်ရပ်စဲရေး
စောင့်ကြည့်ရေး JMC-S ကိုဖွဲ့စည်းထားပြီး ဖြစ် သည်။
JMC-S
အဖွဲ့ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့တွင် ဒီဇင်ဘာ
၉ ရက်က ပထမဆုံးအကြိမ် စတင်ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး ပြည်နယ်အဆင့် JMC-S
အဖွဲ့တွင် အဖွဲ့ဝင်ပေါင်း- ၁၄ ဦး၊ အစိုးရတပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များတို့မှ
တစ်ဖက်ကို ခုနစ်ဦးစီဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ယခုလို
တိုင်းရင်းသား အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ရပ်ဆိုင်းနေသင့်ပါပြီ။
ရှမ်းပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထုတိုင်း ဖြစ်ချင်တဲ့
ဆန္ဒနဲ့ ပြောချင်တဲ့အသံက တစ်သံထဲပါပဲ။ Stop War ဆိုတဲ့ စစ်ပွဲတွေ
ရပ်ဆိုင်းကြဖို့ပါပဲ။ စစ်ပွဲတွေဟာ အဖြေမဟုတ်ဘူးဆိုတဲ့ စကားလုံးတွေကို ကျွန်တော်
သိပ်သဘောကျတာပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းတွေနဲ့ပဲ
အဖြေရှာသင့်နေပါပြီ။ အားလုံးဟာ စားပွဲဝိုင်းတစ်လုံးပေါ်မှာ မျက်နှာစုံညီ ဆွေးနွေး တိုင်ပင်လိုက်မယ်ဆိုရင်
တစ်မြေထဲနေ တစ်ရေထည်းသောက်ကြတဲ့ ညီနောင်သားချင်း တိုင်းရင်းသားများ
ဖြစ်ကြတာကြောင့် စစ်ပွဲတွေ ငြိမ်းချမ်းသွားကြမှာပါပဲ။ ကျွန်တော်တို့တတွေ အားလုံးဟာ
ငြိမ်းချမ်းရေးအတွက် ရှေ့ရှု့လို့၊ ရှမ်းပြည်နယ်ကြီးအတွက် ရှေးရှုလို့ စစ်ပွဲတွေကို
ရပ်ဆိုင်းနေသင့်ပါပြီ။
Writer:
စည်သာ
(တောင်ကြီး)
ပုံစာများ - ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် ဟိုက်ပါ ဒုက္ခသည် စခန်းကို ဖေဖော်ဝါရီလတွင် မြင်ရပုံ
Eleven Media Group -၂၂ နေ့ထုတ် ဂျာနယ် မျက်နှာဖုံးဆောင်းပါး
22ရက်နေ့ထုတ် တနင်္လာနေ့ ဂျာနယ် အချပ်ပို မျက်နှာဖုံးဆောင်းပါးရှည်
No comments:
Post a Comment