Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday, October 17, 2021

သမိုင်းဝင် ပင်လုံဆိုသော မြို့ကလေးဆီသို့ တစ်ခေါက်

 သမိုင်းဝင် ပင်လုံဆိုသော မြို့ကလေးဆီသို့ တစ်ခေါက်

စည်သာ(တောင်ကြီး)

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးပါသော ပြည်မနှင့် တောင်တန်း ပူးပေါင်းရေး သဘောတူညီမှုဆိုင်ရာ ကတိက၀တ်ပြုခဲ့တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာ ပင်လုံကျောက်တိုင်သည် သမိုင်းတွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိရန် အဓိက ပံ့ပိုးကူညီခဲ့သော အုတ်မြစ်တစ်ခုလည်း ဖြစ်ပေသည်။ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို သွေးခွဲ အုပ်ချုပ်ရေး စနစ်နဲ့ ပြည်မနဲ့ တောင်တန်းကို ရန်တိုက် ပေးထားပြီး သူတို့ ကျွန်သက်ရှည်အောင် ကြံဆောင် နေချိန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တပ်မတော်က တောင်တန်း ဒေသ တွေက ရှမ်းစော်ဘွားများ၊ ဒူးဝါး များတို့ကို တွေ့ဆုံညှိနှိုင်းပြီး ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့လို့သာ လွတ်လပ်သော နိုင်ငံအဖြစ် ရရှိခဲ့တာ ဖြစ်ပါတယ်။

မြို့အနေအထား

“ပင်လုံ” ဆိုသော စကားသည် ရှမ်းစကား ပန်လုံ (Pang Long) မှ ဆင်းသက်လာခြင်း ဖြစ်ပြီး၊ ကျယ်ဝန်းပြန့်ပြူး သော လွင်ပြင် ကျယ်ကြီး (ကွင်းပြင်)၊ ပန်သည် (ကွင်း) လုံသည် (ကြီးသည်) ဟု အဓိပ္ပါယ် ရကြောင်း သိရသည်။ လွိုင်လင်သည် ရှမ်းစကား တောင်ချွန်း ကို ဆိုလိုကြောင်း၊ လဲချားသည် ရှမ်းစကား လိုက်ခါ(Lai Kar) ကုန်သည် လှည်းသမားများ သွားလာသော နေရာဟု အဓိပ္ပါယ် သက်ရောက်ကြောင်း သိရသည်။

ယခင်က ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ ၁၃ ရက် နေ့အထိ ရှမ်းပြည်နယ်နေ့မှ စတင်ကာ ပြည်ထောင်စုနေ့ အထိ ပွဲလမ်းသဘင်များကို ကျင်းပခဲ့ကြကြောင်း သိရသည်။ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန် ဆိုသော ၃ မြို့နယ်တွင် လွတ်လပ်ရေးနေ့ပွဲကို လွိုင်လင်တွင် ခြိမ့်ခြိမ့်သဲ ကျင်းပကြောင်း၊ ပြည်ထောင်စုနေ့ကို ဖေဖော်ဝါရီ ၅ - ၁၃ ရက် နေ့ထိ ကျင်းပကြောင်း၊ တောင်သူလယ်သမားနေ့ကို မိုင်းပွန်မြို့တွင် တစ်ခါ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံသည် လွိုင်လင်ခရိုင်တွင် ပါဝင်ပြီး၊ ယခင်က လဲချား လက်အောက်ခံ မြို့တစ်မြို့ ဖြစ်ခဲ့ကြောင်း၊ လဲချား စော်ဘွားကြီးက အုပ်ချုပ်ကြောင်း သိရသည်။ ယခင်က လွိုင်လင်ခရိုင်တွင် ၁၁ မြို့နယ် ရှိပြီး၊ ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် လင်းခေး ခရိုင် ကို ခွဲထုတ်ခဲ့ကြောင်း သိရသည်။ ၁၉၅၀ ခုနှစ် လွန်များက ပင်လုံနှင့် လွိုင်လင် စသော မြို့များသည် အအေးဆုံး ဖြစ်ပြီး၊ ၂၀၀၀ ခုနှစ်အထိ ရေခဲသည် အထိ အေးကြောင်း ဒေသခံများက ဆိုသည်။ ယခင်က ပင်လုံတွင် ရွှေဟင်္သာ များ ရှိခဲ့ဖူးကြောင်း သိရသည်။

ပင်လုံမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၄၄၀ ကျော် မြင့်ပြီး၊ ရပ်ကွက် (၄) ခုရှိပြီး၊ လူဦးရေပေါင်း သုံးသောင်းကျော် နေထိုင်ကြောင်း သိရသည်။ ရပ်ကွက်(၂) သည် အကျယ်ဆုံး ဖြစ်ပြီး ၊ မြို့တစ်ဝက်ခန့် ရှိသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြပြီး၊ ဘာသာပေါင်းစုံလည်း ရှိသည်။ မြို့ခံ ၅ပုံ ၁ ပုံသည် တိုင်းတစ်ပါးသို့ ရွေ့ပြောင်း လုပ်သားများ ဖြစ်ကြပြီး၊ ၃ ပုံသည် စိုက်ပျိုးရေး၊ ကျန်တစ်ပုံသည် ကုန်သည်ရောင်းဝယ်ရေး ဖြစ်ကြောင်း သိရသည်။

ပင်လုံကို တောင်ကြီးမြို့မှ လာလျှင် ၆၄ မိုင် ဝေးပြီး၊ တောင်ကြီး-ဟိုပုံး (၁၂) မိုင်၊ ဟိုပုံး-လွိုင်လင်(၄၆)မိုင်၊ လွိုင်လင်-ပင်လုံ(၆)မိုင် ရှိကြောင်း သိရသည်။ လွိုင်လင်တွင် လမ်းခွဲပြီး နမ့်စန်နှင့် ပင်လုံသို့ သွားသော လမ်းများ ရှိသည်။ နမ့်စန်မှ တဆင့် ခိုလမ်၊ မိုင်းရှူး တို့သို့ လမ်းခွဲပြီး၊ ပင်လုံမှ တဆင့် လဲချား သို့ ဆက်သွားရသည်။

သမိုင်းထဲက ပင်လုံ

၁၉၄၇ ခုနှစ်တွင် ပင်လုံ စာချုပ် ချုပ်ဆိုနိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ရကြောင်း ဦးထွန်းမြင့်၊ ဦးစိုင်းသီဟတင့်၊ ဦးခွန်ထီး၊ စိုင်းဘတင် တို့နှင့် ၁၉၉၀ တွင် တွေ့ဆုံခဲ့ဖူးသော နိုင်ငံရေး သမား ဟောင်းများက သူတို့ရဲ့ အတွေ့အကြုံကို ခုလို ပြန်ပြောပြသည်။

ပင်လုံစာချုပ်ချုပ်နိုင်ဖို့အတွက် ၁၉၄၇ ဖေဖော်ဝါရီ၌ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံရောက်နေချိန်တွင်ပင် စာချုပ် မချုပ်ဆိုဖြစ်တော့ဘူး အခြေအနေထိ ဖြစ်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှ သူ၏ PA ဗိုလ်ထွန်းလှ(တက္ကသိုလ် နေ၀င်း) အား ပြန်တော့မယ် ကားပြင်တော့၊ ပြောပြီး မြက်ခင်းပြင်တွင် ထွက်ထိုင်နေကြောင်း၊ ဦးတင်ဧ တို့ ဦးထွန်းမြင့် တို့က ဗိုလ်ချုပ် ဖြစ်အင်ကို ရိပ်မိသဖြင့် ပွဲခင်းမဏ္ဍပ်အရှေ့တွင်ပြည်သူလူထုကို စည်းရုံးခဲ့ကြောင်း၊ ထိုစဉ်က ရှမ်းပြည် ကင်းထောက်လူငယ်မှ စည်းရုံးပြီး ပွဲခင်းကို ပတ်ကာ ပဒေသရာဇ် အလိုမရှိ ဟု အော်ခိုင်းကြောင်း၊ ထိုအခါမှ ဒူးဝါးများက “ကဲ တွေ့ပြီလား၊ မင်းတို့ကိုတောင်မှ မင်းတို့ ပြည်သူတွေ လက်မခံတော့ဘူး။ စဉ်းစားတော့၊ ပြည်နယ်နဲ့ ပြည်မ ပေါင်းပြီးတော့ လွတ်လပ်ရေး ယူမှ၊ ဒါအကောင်းဆုံး အချိန်” ဆိုတော့မှ ရှမ်းပဒေသရာဇ် များ အားလုံး ပြန်ပေါင်းပြီး တိုင်ပင်ကြကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီတွင် ညီတူ ညီမျှ ဖြစ်ပြီး၊ ၁၀ နာရီတွင်မှ အားလုံး လက်မှတ် ထိုးဖြစ်ခဲ့ကြကြောင်း သိရသည်။ ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း မခွဲခြားဘဲ စော်ဘွား (၁၀) ဦးလောက် ရှိကြောင်း သိရသည်။

ထိုသို့ ဗိုလ်ချုပ်အောင်ဆန်း ရှမ်းပြည် ရောက်လာချိန် ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့ အဖြစ် ရှမ်းတစ်မျိုးသားလုံး တို့က တစ်ညီတစ်ညွတ်ထဲ သတ်မှတ်လိုက်ကြသည်။ ထိုနေ့တွင် ရှမ်းတစ်ပြည်နယ်လုံးရှိ စော်ဘွားများ ညီညာစွာ စုစည်းခဲ့ကြခြင်းကို အသိအမှတ်ပြုခြင်းလည်း ဖြစ်ကြောင်း သိရသည်။

စာချုပ် လက်မှတ်ရေးထိုးရာတွင် ဦးဖေခင်ကြီး ရန်ကုန်ရောက်နေသဖြင့် မပါဝင်ကြောင်း၊ ဦးထွန်းမြင့် ဦးတင်ဧ ဦးခွန်ထီး တို့ ပါဝင်ကြောင်း သိရသည်။

မောရစ်ကောလစ် ရေးသားသော နေ၀င်အင်ပါယာ စာအုပ်တွင် ၁၈၈၆ ခုနှစ် သီပေါမင်း ပါတော်မူပြီးနောက် ပထမဆုံး ယူနီယံ ဂျက်အလံ ထောင်သော စော်ဘွားမှာ လဲချား စော်ဘွားကြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အင်္ဂလိပ် ဘုရင်မကြီးက မန္တလေး မင်းနေပြည်တော်မှ ရှမ်းပြည်နယ် ပင်လုံ-လဲချား မြို့အထိ ကျောက်ခင်းလမ်း ဖောက်ပေးခဲ့ခြင်းကြောင့် ပထမဆုံး လမ်းပန်းဆက်သွယ်ရေး ကောင်းသော မြို့သည် လဲချား- ပင်လုံ မြို့တို့ ဖြစ်ကြောင်း သိရသည်။ ထိုအခြင်းအရာကြောင့် လဲချားစော်ဘွားကြီးကို ရှမ်းပြည် စော်ဘွားများက မကျေလည် ကြကြောင်း ၊ လဲချားစော်ဘွားကြီးသည် သစ်ခက်တဲနန်းဖြင့် လဲချားတွင် မိန်းမ (၂) ယောက်ဖြင့် စံမြန်းသွားကြောင်း သိရသည်။ ထို့ကြောင့် ရှမ်းပြည်နယ်တွင်း စော်ဘွားများတို့သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းသော ပင်လုံတွင် စုရပ်အဖြစ် သတ်မှတ်လိုက်ကြခြင်းလည်း ဖြစ်တန်ရာသည်ဟု တွေးမိသည်။

ဗိုလ်ချုပ်လာစဉ်က ၉ အိမ်စု ရှမ်းရွာလေး ဖြစ်ခဲ့သော လွိုင်လင် အ၀င်နားက ခေါင်းနွဲ့ရွာလေးသည် ယခုအခါ အိမ်ခြေ (၁၀၀) ကျော် ၊ လူဦးရေ ၃၀၀ ကျော် နေထိုင်သော ပအိုဝ်း ရွာလေးလည်း ဖြစ်နေပါပြီ။ ယခု နောက်ပိုင်း ၂ နှစ်တွင်လည်း လမ်းပန်းဆက်သွယ်ရေးများ ပို ပိုလို့ ကောင်းမွန်လာပြီ ဖြစ်သည်။

ထို ခေါင်းနွဲ့ရွာလေးကို ပင်လုံက အပြန်မှာ ၀င်ရောက် လည်ပတ်ဖြစ်ပါတယ်။ ယခင်က ချောင်းနွဲ့ဟု ခေါ်ပြီး၊ တောင်ပေါ် ချောင်းလေးက မြို့ကို ပတ်ခွေကာ စီးဆင်းနေသောကြောင့် ချောင်းနွဲ့မှ ခေါင်းနွဲ့ဟု ဖြစ်ပေါ်လာကြောင်း ရွာခံ ပအိုဝ်း တိုင်းရင်းသား ဇနီးမောင်နှံက လယ်မြေရှင်းလင်းရင်း ပြောသည်။ အထဲကို ၀င်နားပါဦးလို့ ခေါ်တာနဲ့ ခြံထဲမှာ အရိပ်ခိုနားနေရင်း ရွာအကြောင်း မေးမြန်းဖြစ်တယ်။ အရင်က ရှမ်းရွာဖြစ်ပြီးတော့ အချိန်ကြာလာတော့ သက်တမ်းကုန်ဆုံး၊ တချို့ ရွာပြောင်းကြနဲ့ ပအိုဝ်း ရွာလေး ဖြစ်သွားခဲ့တယ်တဲ့။ ပအိုဝ်းမကြီးက ခြံထွက် ထောပတ်သီးကို အိမ်ကနေ သွားယူထာပေးပြီးတော့ သကြားနဲ့ ပေါက်စား ခိုင်းတယ်။ နေပူပူထဲ သွားလာနေရ လို့လားတော့ မသိဘူး။ ထောပတ်သီး မှည့်မှည့် စားလိုက်ရတာ ရင်ထဲ အေးသွားတယ်။ ကွမ်းစားထားတဲ့ သွားနီ ကြင်ကြင်ကြီးနဲ့ ပြုံးပြနေတဲ့ အပြုံးနောက်ကွယ်မှာ ဟန်ဆောင်မှု မပါတာကို နားလည် ခံစားလို့ရနေတယ်။ ခေါင်းနွဲ့ရွာလေးဟာ ဆိုရင်ဖြင့် စိတ်နှလုံး အေးချမ်းပြီး လွတ်လပ်မှု အရသာကို ခံစားနေရတယ်။ “ပွင့်ပွင့်လင်း ပြောရရင် ဟိုဘက် တောင်ပေါ်တွေမှာ ဘိန်းစိုက်တာ တွေ ရှိခဲ့တယ်။ ခုချိန်ကတော့ ခြောက်သွေ့ကုန်ပြီ။ အောက်တိုဘာ ၊ နိုဝင်ဘာ လောက်ဆိုရင် စိုက်ပြီ။ မြေပြန့်မှာတော့ မစိုက်ပါဘူး။ အတော်နည်းသွားပါပြီ ”  လို့ ပအိုဝ်းကြီးက ပြောပြတယ်။ ကျွန်တော်ကလည်း သူတို့ကို ပင်လုံက ၀ယ်လာတဲ့ ၀က်အူချောင်းလေးတွေ ပြန်ပေးဝေလိုက်တယ်တော့ ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့။ လမ်းပေါ်ရောက်တော့ ကလေးတွေကို ဓါတ်ပုံရိုက်မယ် ချိန်လိုက်တော့ လန့်ဖြန့်ပြီး ထွက်ပြေးကြတာ။ ကလေးတွေကို ဘာမှ မလုပ်ဘူးလို့ ပြန်ပြောခေါ်တာတောင် မရတော့ဘူး။ နောက်တော့မှ သူတို့ နားလည်သွားတာလား မသိဘူး။ မုန့်ကျွေးဦးလေ ဆိုပြီး အနားကို ရောက်လာတယ်။ တောင်ပေါ်ကို ကြည့်လိုက်တော့ သူတို့ အမေ တွေလည်း ရှိနေတယ်။ မုန့်မရှိဘူး လို့ အော်ပြော လိုက်တော့ မရှိလည်း ရှိတာကျွေး ပေါ့ တဲ့။ မပီကလာ လှမ်းအော်တယ်။ ကလေးတွေ လက်ယက် လှမ်းခေါ်လိုက်ပြီးတော့ ၀က်အူချောင်းတွေ ခေါ်ပေးလိုက်တော့ မကြာဘူး၊ မိတာနဲ့ အချင်းချင်း လုပြီးတော့ တစ်ခါထဲ အစိမ်းလိုက် တန်းစား ပစ်လိုက်တော့တာပဲ။

လက်ရှိ ပင်လုံ ကျောက်တိုင်

ပင်လုံကျောက်တိုင်ကြီး အ၀င်လမ်းတွင် နိုင်ငံတော် အစိုးရမှ တည်ထားကိုးကွယ်ခဲ့သော မဟာရဌဘိသာမဂ္ဂီ (ရွှေတိဂုံပုံတူ) စေတီတော်ကြီး တစ်ဆူ ရှိသည်။ ထိုစေတီတော်ကို ၁၉၉၆ ခုတွင် စတင်ပြီး ၂၀၀၃ တွင် အုတ်မြစ်ချ ကာ၊ ၂၀၀၆ ခုနှစ်တွင် ပြီးစီးကြောင်း သိရသည်။ စေတီတော်၏ ဥာဏ်တော်သည် ပေ ၁၃၅ ပေ မြင့်ပြီး၊ မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး အား ကိုယ်စားပြုခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တိုင်နှင့် ဘုရားဝင်းကြီးသည် အရှေ့အနောက် သွယ်တန်းနေပြီး၊ မြေ ၆ ဧက ခန့် ကျယ်ဝန်းနိုင်သည်။

ပင်လုံကျောက်တိုင် ရှိရာ ကွင်းပြင် ပတ်ပတ်လည်ကို ခြံခတ်ထားပြီး၊ အ၀င်ပေါက်ကို စတီးခုံး ဆွဲတံခါးဖြင့် ပိတ်ထားသည်။ ၀င်ဝင်ခြင်းတွင် မြက်ပင်များစိုက်ထားပြီး၊ ပင်လုံကျောက်တိုင်ရှေ့တွင် ရေကန်တစ်ကန် ရှိသည်။ ပင်လုံကျောက်တိုင်ကြီး အနောက်တိုင် ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ရာတွင် ပါဝင်ခဲ့သော ကိုယ်စားလှယ် တော်ကြီးများ ၂၃ ဦးကို ဂုဏ်ပြုသော အားဖြင့် ကဗ္မည်းမော်ကွန်း တိုင်ကြီးများ (Printing Board) ၂၅ ခုကို အနောက်တွင် နှစ်တန်း တန်းကာ အစီအရီ စိုက်ထူထားသည်။ အနောက်တွင် ကလေးများ ကစားရန် နေရာ တစ်ခုကို ပြင်ဆင်ထားသည်။ ပင်လုံ ကျောက်တိုင်ကြီး နံဘေးတွင် သစ်ပင်ကြီး တစ်ပင်လည်း ရှိနေပြီး၊ အဝေးမှ လှမ်းကြည့်လိုက်လျှင် ပနံရ လှပါပေသည်။ စေတီတော်မှာ ထူးခြားချက်တွေ ရှိပါတယ်။ ဒေသခံတွေရဲ့ ဆန္ဒက ဒီစေတီတော်ကြီး မတည်ခင်ထဲက သဘောမတူခဲ့ဖူးလို့ ပြောကြတယ်။ စေတီတော်ပေါ်မှာ လူလာရောက် ဖူးမျှော်တာ မရှိသလောက် တွေ့ရတယ်။ အ၀င်တံခါးဝမှာ ခြင်္သေ့ရုပ်တွေပါတဲ့ သံပန်းသံတံခါးကို မြင်ရတယ်။ အနီးနားမှာ နေတဲ့ ဆိုင်တွေက မေးကြည့်တော့ စေတီတော် ဘွဲ့တော်တောင် အလွတ်မရကြ ပါဘူးတဲ့။ စေတီ မရှိခင်က ကျောက်တိုင်ကြီးကို အဝေးကပင် လှမ်းမြင် ဖူးမြင်ရကြောင်း ပြောပြကြတယ်။

Xxx

အနာဂတ် ရှမ်းပြည်အရေး

ပြည်ထောင်စု မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်သည် ပထ၀ီဝင် မြေအနေအထားအရ လည်းကောင်း၊ စစ်ရေး မဟာဗျူဟာ အရ လည်းကောင်း၊ အိမ်နီးချင်း သံတမန် ဆက်ဆံရေး အရလည်းကောင်း၊ သဘာဝ တွင်းထွက် သယံဇာတ အရ လည်းကောင်း၊ အလွန်ပင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်ကြောင်း သိပြီး ဖြစ်ပေလိမ့်မယ်။ ကျန်သော ပြည်မရှိ တိုင်းနှင့်ပြည်နယ်များနှင့် မတူညီသော အချက်တစ်ခုမှ ကရင်၊ ရခိုင်၊ ကချင် စသော တိုင်းနှင့် ပြည်နယ်တို့တွင် (ယေဘူယျအားဖြင့်) လူမျိုးစု တစ်ခုသာ နေထိုင်ကြသော်လည်း၊ ရှမ်းပြည်နယ်တွင်မူ လူမျိုးစုပေါင်း တစ်ရာနီးပါး နေထိုင်ကြခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ ပေါများခြင်း တို့သည် အင်အားစု အချင်းချင်း အားပြိုင်လျက် ရှိသည့် အခြေအနေ တစ်ခုတွင်လည်း ရှိနေသည်။

ထိုသို့ သော အခြေအနေ အရပ်ရပ်တို့တွင် ခက်ခဲ ကျပ်တည်းမှုများ ကျော်လွှားဖြတ်သန်းနိုင်ရန် အတွက် ရှမ်းပြည်နယ် လွှတ်တော်မှာ ဒီမိုကရက်တစ် အင်အားစုများ အားကောင်းနေဖို့ အရေးကြီးပါသည်။ ရှမ်းပြည်နယ် တွင် မြေယာပြဿနာကိစ္စ၊ သဘာဝသယံဇာတ ကိစ္စရပ်များကို ပြည်သူလူထုစိတ်ကျေနပ်မှုရအောင် ရှမ်းပြည်နယ် လွှတ်တော်က ဆက်လက် ဆောင်ရွက် ပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်။

နှစ်ပေါင်း ၇၀ နီးပါး နိမ့်ကျ ခဲ့တဲ့ ရှမ်းပြည်နယ်ကို ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ် ဆိုသလို တန်းတူညီမျှရေး၊ နှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု စနစ်သစ်ကို ရှမ်းပြည်သူ ရှမ်းပြည်သား အားလုံး မျှော်လင့် တောင့်တ နေပါကြောင်း ဆိုတာကို ဒီနှစ် ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး၊ ကတိက၀တ်များနှင့် ပတ်သက်ပြီး “ပင်လုံသက်သေ၊ စိုင်းမျက်ရည်” ဟု ပြောစမှတ် တွင်ခဲ့ပါသည်။ ပင်လုံဒေသခံများနှင့် ရှမ်းပြည်သူ/သား များတို့ဟာ ပင်လုံကို ဘယ်လောက် အလေးအမြတ်ထားပြီးတော့၊ သူတို့ရင်ထဲမှာ ဘယ်လို ခံစားချက်တွေ ရှိသလဲ ဆိုတာ တစ်ဦးချင်းစီ လိုက်မေးကြည့်လိုက်တဲ့ အခါ ပိုမို ပီပြင်သွားခဲ့ပါပြီ။

ကတိ ဆိုတာ ၂ မျိုး ရှိပါတယ်။ ပါးစပ်နဲ့ ပြောတဲ့ ကတိနဲ့ လက်တွေ့ လုပ်တဲ့ ကတိ ပါ။ ပါးစပ်နဲ့ ပေးတဲ့ ကတိက၀တ် က တော့ အလွယ်ဆုံး ပါပဲ။ ပြောပြောပြီးပြီး ဆိုသလိုပဲ ကိုယ်ဘာပြောလို့ ပြောခဲ့မှန်းတောင် တချို့ က မ မှတ်မိတော့ဘူး။ လက်တွေ့ လုပ်ရတဲ့ ကတိက၀တ် ကတော့ ခက်သွားပြီ။ ကျွန်တော်တို့ဟာ ကတိတွေကို ဘယ်လောက်ထိ တည်မြဲအောင် ဆောင်ကျဉ်းပေးမလဲ ဆိုတာ ပင်လုံ ကိုသက်သေထားပြီး စောင့်ကြည့်ရမှာ ဖြစ်တယ် ဆိုတဲ့ အကြောင်း တင်ပြရင်း ပင်လုံ ထာဝရ တည်တံ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Xxxx

No comments:

Post a Comment


Aung Hein - နည်းပညာ