အရုဏ်ဦး
ကျွန်တော် ကိုပြုံးချို ကြီးကို စတွေ့တာ
တာချီလိတ်မှာ ရောက်တုန်းရောက်ခိုက် ပန်းရံအလုပ်ဝင်လုပ်ချိန် ဖြစ်ပါတယ်။ ကြာတော့ ကြာပါပြီ၊
ကြာဆို လွန်ခဲ့တဲ့ ၂ နှစ် တုန်းကပေါ့။ အင်း ။
ကျွန်တော် တာချီလိတ်ကို ဘာကြောင့် သွားရလဲဆိုရင်
တစ်ဖက်နိုင်ငံထဲကို သွားအလုပ်လုပ်ဖို့ အတွက် ကြားခံ တာချီလိတ်မှာ ပြည်ဝင်ခွင့် လုပ်ရင်း
အချိန် အကန့်အသတ် မရှိ စောင့်ဆိုင်းနေရတာပါ။ တာချီလိတ်ကို ရောက်တော့ အထင်နဲ့အမြင် တခြားစီ
ဆိုသလို ဘုန်းကြီးကျောင်းမှာ တည်းရပြီး၊ ထမင်းစားဖို့ အတွက် ကိုယ့်ဝမ်း ကိုယ်ကျောင်း
ရတယ်။ ထိုင်းစာလည်း သင်ရတယ်။ အလုပ်မလုပ်လို့ ကလည်း မရဘူးလေ။ ငတ်သေမှာပေါ့။ ကိုယ့်ပါလာတာလေးနဲ့
စားသွားလို့ လောက်မှမလောက်ငှ တာ။ ပွဲစားဆိုတဲ့ကောင် တွေကလည်း လူလည်တွေချည်းပဲ။ တာချီလိတ်
ရောက်တော့မှ မင်းသား မျက်နှာဖုံးတွေ ကျွတ်ကျပြီး ပင်ကိုယ် ဘီလူးရုပ်တွေ ပေါ်လာ တော့တယ်။
ရှေ့စကားနဲ့ နောက်စကား မညီတာတွေ၊ ပြောတဲ့အတိုင်း အလုပ်မရှာပေးနိုင်လို့ ပြဿနာ ဖြစ်ရတာတွေ၊
အလုပ်ရှာ ပေးလို့ ရတော့လည်း ဘယ်သူမှ မလုပ်နိုင်တဲ့ ကြောက်စရာ၊ လန့်စရာ အလုပ်တွေ ဖြစ်နေတာကြောင့်
သူတို့ခေါ်လာတဲ့ မ တစ်ထောင်ဘွား လူ တစ်ရာကျော်ကို ပြေလည်အောင် သူတို့ ဘယ်လိုမှ မဖြေရှင်းနိုင်တော့ဘူး
ဖြစ်နေတယ်။ နောက်ဆုံး အလုပ်တစ်ခု မရ ရအောင်တော့ စီစဉ်ပေးမယ် ဆိုပြီး နောက်ထပ် အလုပ်အေးဂျင့်
တစ်ခုကို ထပ်လွှဲပါလေရော။ ကိုယ်မနိုင်တဲ့ ဇာတ်ကို သူများကို ဆက်က ခိုင်းတဲ့ သဘော။ ကိုယ်တွေကသာ
မသိတာ။ အဲဒီပွဲစားဆိုတဲ့ လူယုတ်မာတွေ အကြောင်းကိုတော့ တာချီလိတ် တစ်မြို့လုံးက အော့နှလုံးနာ
လောက် အောင်ကို သိပြီးသား။ မြို့ခံတွေ ပြောပြလို့လည်း ကိုယ်တွေက ပြန်သိရတာပါ။ ထားတော့
အလုပ်ကိစ္စ။
ဆိုတော့ ရေခြား မြေခြားမှာ မန်းဆွဲဖို့
ကျွန်တော် အလုပ်ဝင်လုပ်ရတယ်။ ကိုယ့်မြို့မှာ နေတုန်းကတော့ ဘိလပ်မြေလား သဲလားတောင် မခွဲခြားတတ်တဲ့
ကျွန်တော်၊ အလုပ်ကြမ်း မှန်သမျှ ၀င်လုပ်ရတာ လူကို ပြိုင်းခံနေတာပဲ။ အလုပ်တွေကတော့ ပေါပါတယ်။
ဆောက်လုပ်ရေး အတွက် စလစ်လောင်း ဖို့ဆိုရင် အနည်းဆုံး လူ၅၀ ၊ ၁၀၀ လောက်လိုတာမျိုးလေ။
ကိုယ်တွေက ပင်တိုင်သမားတွေ မဟုတ်ဘူးဆိုရင်တော့ ကြားဖြတ် ၀င်လုပ်လို့လည်း ရပါတယ်။ နေ့တိုင်းတော့
မရနိုင်ဘူးပေါ့လေ။ ဘာမှ လုပ်စရာမလိုဘူး ။ လက်လေးပဲ လွှဲနေရုံပဲ ဆိုလို့ လိုက်သွားလိုက်ပါတယ်။
လူကို သေမလားပဲ အောင့်မေ့ရတယ်။ လူတစ်ယောက်ဟာ အကြာကြီး ဆက်တိုက်ဆိုသလို လက်လွှဲနေနိုင်
လား။ ဘိလပ်မြေပုံးတွေကို အောက်ကနေ အပေါ်ကို လွှဲ, လွှဲတင်ပေးရတာလေ။ တစ်ခါခါ တင်ရင် ရေပုံး
ပေါင်း လေး၊ ငါး၊ ခြောက်ဆယ် ဆိုသလို ဆက်တိုက် မနားတမ်းတင်ရတာနော့်။ နားချိန်ကို မရှိဘူး။
လွယ်မယ် မထင်နဲ့။
အောင်မလေး။ တကယ်တမ်းလည်း အလုပ်ကြမ်းလုပ်ရော
တစ်နာရီဟာ တစ်ကမ္ဘာ လောက်ကြာတယ်။ တကယ် တကယ်။ အောက်မှာနေရတဲ့ ကောင်လည်း မချောင်ဘူး။ ပုံးလွတ်ကျပြီး
ဘိလပ်မြေ မိုးတွေ ရွာပြီဆိုရင် အကျီ င်္နဲ့ တစ်ကိုယ်လုံး စိုရွှဲကုန်ရော။ တစ်ခါတစ်လေ မျက်လုံးတွေထဲတောင်
ဝင်သေး။ တရုတ် ဘိလပ်မြေ တွေက ခဲတာလည်း မြန်ပါရောလား။ အကျီ င်္ဘောင်းဘီတွေဆို တောင့်တောင့်ကြီးတွေ
ဖြစ်နေတာပေါ့။ အပေါ်မှာ နေရင်လည်းချောင်မယ် မထင်နဲ့ တိုက်ပေါ်ကနေ ငုံ့ငုံ့ပြီး ယူနေရတာ
ဒူးတွေတောင် တုန်တယ်။ အမြင့်ကြောက်တဲ့သူတွေဆို ပိုဆိုးပေါ့။ ဘိလပ်မြေ နယ်တဲ့ စက်ကြီးထဲကို
ကျောက်တွေ ဘိလပ်မြေတွေ ထည့်ပေးနေရတဲ့ ကောင်လည်း မစားသာဘူး။ ဘိလပ်မြေ ထမ်းထည့်တာများကွာ
ပင်ပန်းတာမှတ်လို့၊ ထည့်ပြီးရင် ထိုင်နေတာပဲ ဆိုပြီး ကျွန်တော် ကိုယ်တိုင် ၀င်ထမ်းကြည့်တော့
ခါးက ဂျွတ်ခနဲ မြည်သွားပြီး ဆက်မလုပ်နိုင်တော့ဘူး။ တကယ်ကြီးကို ဟန်တောင် မဆောင်နိုင်
တော့ တာပါဆို။ ဒါကို ကျန်တဲ့ကောင်တွေက မသနားတဲ့အပြင် မူယာမာယာ များတယ် ဆိုပြီး အမြင်တွေတောင်
ကတ်သေးတယ်။ ကျွန်တော် အလုပ်ကြမ်းကို နေ့တစ်ပိုင်းတောင် ပြီးအောင် မလုပ်နိုင်ပါဘူး။
ငွေလည်း ပေးချင်ပေး၊ မပေးချင်နေကွာ ဆိုပြီး လှည့်ပြန်လာရတယ်။
အလုပ်ဆိုက်တွေ တစ်ခုပြီး တစ်ခုပြောင်းလုပ်ပေမယ့်
အဆင်မပြေခဲ့ဘူး။ အဓိက ကတော့ ကိုယ့်လူရင်း မဟုတ်လို့ ဖိခိုင်း တာ ပေါ့။ ဆရာ၊ တပည့်ချင်း
မဟုတ်တော့ ပညာပြတာပေါ့။ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်းလည်း သစ္စာ မရှိဘူး။ လစ်ရင် အပါးခိုတယ်။
နယ်စပ် ဆိုတော့ လည်း ဒီလိုပဲပေါ့။ နယ်စပ်က လူတွေ များသောအားဖြင့် မေတ္တာတရား ခေါင်းပါးကြတယ်။
လူတွေက စက်ရုပ်ဆန်ဆန် အသည်း နှလုံး မရှိကြဘူး။ ဒါတကယ့် ကျွန်တော့် ကိုယ်တွေ့ဗျ။ လမ်းဘေးမှာ
ကိုယ့်ထက်အများကြီး ကြီးတဲ့ တောင်းရမ်း စားသောက်သူ သက်ကြီး ရွယ်အို တွေကိုလည်းတွေ့မြင်ရတယ်။အလုပ်ရှင်၊
အလုပ်သမား ဆက်ဆံရေးကလည်း သိပ်စီးပွါးရေးဆန်တယ်။ တစ်ကိုယ်ကောင်း ကြီး အတ္တဆန် လူတွေ များလာတော့
သူတစ်ပါး အတွက် ဆိုတာ မငဲ့နိုင်တော့ဘူး။ ကားဂိတ်တွေမှာ သက်ကြီး အိုမင်းမစွမ်းတဲ့ အဘိုးကြီး၊
အဘွားကြီး တွေ အထုတ်အပိုးတွေ မနိုင်မနင်း ထမ်းသွားလည်း ဘယ်သူမှ မကူညီဘူး။ လမ်းဘေးမှာ
ကလေးငယ်တစ်ယောက် ပစ်လဲရင် လည်း ဘယ်သူမှ ဂရုမစိုက်ဘူး။ လူတိုင်းဟာ ကိုယ့်အပူနဲ့ ကိုယ်မို့
ကိုယ့်အတွက်ဆိုတာကြီး တွေပဲ အရင်ဆုံးတွေးကြတယ်။
ကျွန်တော် ဘာလို့ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ချင်လည်း
ဆိုတော့ ချမ်းသာချင်လို့။ မဟုတ်သေးဘူး။ မခံချင်လို့ ဆိုရင် ပိုမှန်မယ် ထင်တယ်။ ကျွန်တော့်
ဘ၀ မှာ အလေးစားဆုံးနဲ့ အမုန်းဆုံး ပုဂ္ဂိုလ် တစ်ယောက်ရှိတယ်။ ကျေးဇူးရှင် ဆိုလည်း ဟုတ်တယ်။
ကျွန်တော်တို့ ဘ၀ အနာဂတ်ကို ရိုက်ချိုးသူဆိုလည်း ဟုတ်တယ်။ ကြီးတော်ကြီးပေါ့။ အရင်တုန်းကတော့
လေးစားခဲ့ဖူးပါတယ်။ မွေးသ မိခင် ကျေးဇူးရှင်ကြီး အလားပဲ။ ဘုရားတစ်ဆူ၊ ဂူတစ်လုံးမှတ်ပြီး
ကိုးကွယ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဖွတ်မထွက်ခင်တော့ လူတိုင်းဟာ တောင်ပို့ကို ဘုရားထင်တတ်ကြတာပဲ
မဟုတ်လား။ နောက်တော့ ကျွန်တော်တို့ ဘ၀ တွေကို သူမကြီးက စုတ်ဖြဲလိုက်တယ်။ ကျွန်တော်
တို့ရဲ့ ပစ္စုပ္ပန် တွေကို ကြိုးကိုင်ချယ်လှယ် ချင်လာတယ်။ ရှေ့မျက်နှာ နောက်ထားပြီး သူတို့
ပေးနေတဲ့ အိမ်ကနေ ပြောင်ပြောင်တင်းတင်း ပဲ မောင်းချတယ်။ သူတို့ခေါ်နေလို့လည်း လာနေရတယ်။
ဈေးကောင်းရတော့ မောင်းချတယ် ဆိုတော့ ပြောရရင် ဟိုဒင်းနဲ့ တူနေတယ်။ ကန်တော့ပါရဲ့ အိပ်ပြီးမှ
ညကြေးမပေးချင်သလို အချိုးနဲ့ စားပြီး နားမလည်လုပ်တာ။ အိမ်စောင့် အစိုးရ လုပ်ခိုင်းတာ။
ဒါမျိုးတော့ ရိုးပေါ့။ ဒါမှန်းသိ ကိုယ့်အိမ်နဲ့ ကိုယ်ယာ ပြောင်းလာစရာ အကြောင်းကို မရှိဘူး။
အနေသာကြီး။ အေး… ကျေးဇူးစား ကျေးဇူးခံ ရှိခဲ့ဖူးတာတော့ မှန်ပါတယ်။ ထမင်းတစ်လုတ် တုတ်တစ်ချက်
ဆိုတာမျိုးကိုတော့ ဘယ်သူ လိုချင်မလဲနော့်။ ဒီတော့ သူတို့ ပြုခဲ့ဖူးသမျှ ကျေးဇူးတွေက
အဟောသိကံပေါ့။ ကျွန်တော်ကတော့ ဒီလိုပဲ တွက်တယ်။ ဘာကျေးဇူးမှ တင်နေစရာ အကြောင်းကို မရှိဘူး။
မုန်းတယ်။ သူတို့ ရေပေါ်ဆီ အသိုင်းဝိုင်း တစ်ခုလုံးကို မုန်းတယ်။ ဒါကြောင့် ဖြစ်ချင်ရာ
ဖြစ်ဆိုပြီး တစ်ဖက်နိုင်ငံကို သွားဖို့ ရွေးခဲ့တာပါ။ ဒါတောင် အမှတ်မရှိတဲ့ စိတ်က ကျွန်တော့်
ဦးလေးဆီမှာ ငွေလေး တစ်သိန်းလောက် ပေးချေးဖို့ တောင်းမိပြန်တယ်။ လူဆိုတာ တစ်မတ်ရှိ
တစ်မတ်ဖိုး ဖင်ခေါင်း ကျယ်တယ် ဆိုတဲ့စကား သိပ်မှန်တာပဲ။ ဦးလေးလုပ်သူ ပြန်ပြောလိုက်တဲ့စကား
ကျွန်တော့် နှလုံးသားမှာ ဒီနေ့ထိ မမေ့ဘူး။
“ငါတို့က အဆိပ်ပင် ရေမလောင်းဘူး”
ဆိုပဲလေ။ မှတ်ထားတယ်။ စောင့်ကြည့်ထားပါ။
ကျွန်တော်ဆိုတာ ဘာကောင်လဲ ဆိုတာ။ သူတို့ မပေးနိုင်လို့ ပြောတဲ့စကား ဆို လည်း ထားတော့။
သိန်းကို ထောင်သောင်းနဲ့ချီပြီး လုပ်ငန်းတွေကို အုပ်ချုပ်နေတာပါ။ ကျွန်တော်ရယ်ချင်တယ်။
တစ်ခါတစ်လေတော့ လည်း လောကကြီးကိုက မှားနေတာလား ၊ ကျွန်တော်ကပဲ မှားနေတာလားတော့ မသိဘူး။
မပေးနိုင်လို့ ပြောတာမျိုး ဆိုရင်တော့ ခံနိုင် ပါသေးတယ်။ ခုဟာက သက်သက်ကျောသလိုလို၊
အပေါ်စီးကလိုလို ကြီး ပြောတာ။ လူ့စိတ်ဆိုတာမျိုးက ခက်ပါတယ်လေ။ ရထားဘီး က ချော် ချော်
သွားတယ်။ ပြောချင်တာက ဒါမှုတ်ဘူး။ ထားပါတော့။
ပြောလို့ ပြောတာ မဟုတ်ဘူး ။ ကိုယ့်အဖေကိုလည်း
ကိုယ်စိတ်နာတယ်။ အဖေ့မကောင်းကြောင်းတွေ တန်းစီပြီး ပြောရရင်ဖြင့် စာတစ်စောင် ပေတစ်ဖွဲ့နဲ့
တစ်ထောင့်တစ်ည ပုံပြင်မကဘူး။ ငါးရာ့ငါးဆယ်ပါ လက်လွန်သွားလောက်တယ်။ အသေးစိတ်လေးက အစ
ပြန်ပြောနိုင်ပေမယ့် ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ လူတိုင်းမှာ နာစရာလေးတွေ ကိုယ်စီတော့
ရှိကောင်း ရှိကြမှာပဲ။
ဟိုဟာ မလုပ်နဲ့ ဒီဟာလုပ် ဆိုပြီး အိုင်းပြောတတ်တဲ့
အဖေ ။ သူကရော ပြစ်မျိုးမှည့်ကင်းတဲ့ လူသန့်လေးမို့လား။ သူတို့ကျတော့ လုပ်ချင်ရာ လုပ်ထားကြပြီး၊
လုပ်လို့ ၀တော့မှ လူများ လိုက်ပိတ်ပင်တာ။ ပုံစံက ကိုယ် မွေးထားတဲ့ သားသမီး ကိုယ်ကြိုက်သလို
စီမံ ခွင့်ရှိတယ် ဆိုတဲ့ ပရောဆက် (process) ကြီး အတိုင်း လုပ်ချင်နေတာ။ အတ္တပေါ့။ ဒါ
ကြိုးနီ စနစ်တစ်မျိုးပဲ။ အတ္တ တစ်ခုက အတ္တ တစ်ခုကို နိုင်စားခြင်းပဲ။ လောကမှာ သာရာလူကို
နိုင်စားလေ့ရှိကြတယ်။ ကိုယ့်အထက်က လူကို မနိုင်တော့ ကိုယ့်အောက်လူကို မဲတဲ့ သဘောပေါ့။
ကွန်မြူနစ် ဆန်လွန်းအားကြီးပါတယ်။ သူတပါး အနာဂတ်တွေကို ဘောင်သွင်း ချယ်လှယ်ချင် နေသူမျိုးတွေပေါ့။
အဲဒီလို ကိစ္စတိုင်း မလုပ်ဖို့ လိုက်ပိတ်ပင်
အားကြီးတော့ ဘာဖြစ်လဲ။ ထင်ရာခိုးလုပ်တာပေါ့။ သောက်တလွဲ။ အဲဒီတော့မှ ပိုဆိုးပြီး အမှုပိုကြီးကုန်တာပေါ့။
အမှန်ဆို အကျိုးသင့် အကြောင်းသင့် ပြောပြရှင်းပြသင့်တာပေါ့။ ကိုယ့်သားသမီးပဲ ဆိုပြီး
“မင်း ဒါလုပ်ရမယ်” ဆိုပြီး အမိန့်လာပေးတာမျိုးတော့ ကျွန်တော် လက်မခံပါဘူး။ ယုတ္တိမှ
မရှိတာ။ ဒီမိုကရေစီမှ မကျတာ။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတာမျိုးကတော့ ဆောရီးပါ။
သူတောင် ဖြစ်မလာတဲ့ ကိစ္စကြီးကို ကျွန်တော့်ကို လာမျှော်လင့်နေတယ် ဆိုတာကတော့ သဘာဝ ကျပါ့မလား။
အဲလိုတွေပေါ့။ အဆင်မပြေတာတွေက အများကြီးပါပဲ။ အဓိကတရားခံကတော့ ကြီးတော်ကြောင့်ပေါ့။
ဒီလိုနဲ့ အလုပ်တွေ ရှာရင်း ပင်တိုင် ဆိုက်တစ်ခုမှာ
ပန်းရံ အလုပ်ရလိုက်တယ်။ သူတို့က လုပ်သားတွေ တည်းခိုတဲ့ ဘုန်းကြီး ကျောင်းဝင်း ထဲကို
လူလာလာ ခေါ်တတ် တယ်လေ။ လိုက်ကြဦးမလား.. တစ်ရက်ကို ဘယ်လောက်ရမယ်။ ဘာတွေ လုပ်ရမယ် ဆိုပြီး
ပြောခေါ်သွားတာ။ အဲဒီမှာ ကိုပြုံးချိုကြီးနဲ့ စတွေ့တာပဲ။ ပြုံးချိုတဲ့ ။ နာမည်နဲ့ လူနဲ့လည်း
လိုက်ပါပေတယ်။ အချိန်တိုင်း ပြုံးနေတာပဲ။
အလုပ်ထဲက သူ့ကို လေးစားသမှုနဲ့ ဆရာတပ်ခေါ်ရပေမယ့်
အပြင်မှာ သူလိုကိုယ်လို စကားပြောဖြစ်တော့ ကိုယ့်ထက်ငယ် မှန်း သိလိုက်ရတယ်။ နောက်ပြီး
သူက လူကောင်လည်း ထွားတယ်။ လုပ်ငန်းခွင်ထဲမှာ အမြဲတမ်း တက်တက်ကြွကြွ နဲ့ ဘယ်သူ တရားပျက်
ပျက် သူမပျက်ဘူး ဆိုတဲ့ လူစားမျိုးပဲ။ သူကလည်း ကျွန်တော့်ရဲ့ အခြေအနေကို ရိပ်စားမိပြီး
အကဲခတ်မိတယ်။ အကြောင်းက မဆက်စပ် သေးဘူးလေ။ အမြဲလိုလို သီချင်းတွေ အော်အော်ဆိုပြီး ဘ၀ကို
ပျော်ပျော်လေး ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ လူတစ်ယောက် အဖြစ် ကျွန်တော် မြင်လာတယ်။ လုပ်ဖေါ်ကိုင်ဖက်
တွေကိုလည်း စိတ်ဓါတ်မကျအောင် လုပ်ချင်စိတ် ဖြစ်အောင်လည်းပြောတတ် အားပေး တတ်တယ်။ ထူးခြားချက်က
သူ့အသံပဲ။ အနုပညာ ခံစားချက် ရှိသူမှန်း သူ့အသံ နားထောင်လိုက်ရုံနဲ့ ကျွန်တော် ခန့်မှန်းမိတယ်။
အမှန်တိုင်း ပြောရရင် ကျွန်တော် အလုပ်လုပ်ရတာ
မပျော်ဘူး။ ကိုယ်နဲ့ ဘယ်လိုမှ သွေးမတော် သားမစပ် သူတွေနဲ့ တွဲလုပ်နေရ သလို ၊ ကိုယ်နဲ့
ဘယ်လိုမှ အပ်စပ်မှု မရှိတဲ့ သူစိမ်းပြင်ပြင် မြို့တစ်မြို့မှာ အလုပ်လုပ် နေရတာဆိုတော့
စိတ်ပျက်လာတယ်။ မျှော်လင့် ချက် မဲ့နေသလိုပဲ။ မတော်တဆ ကိုယ်သေသွားရင်တောင် ငိုမယ့်လူ
ရှိပါ့မလားတောင် ဆိုပြီး အတွေးခေါင်မိတယ်။ အဲဒီအကြောင်းတွေ ကိုပြုံးချိုကို ပြောပြဖြစ်တယ်။
သူကတော့ ဘယ်သူ ဘာပြောပြော ပြုံးနေတာချည်းပဲ။ အကြံပေး မှတ်ချက်စကားလည်း မပြောတတ်ဘူး။
တစ်ပတ်လောက်ကြာတော့ အလုပ်နားရက်မှာ ကိုပြုံးချိုက
သူနေတဲ့ အဆောင်ကို အလည်ခေါ်တယ်။ အဲဒီမှာ ဘ၀ ရဲ့ တန်ဖိုးကို ကျွန်တော် စသိသွားတာပဲ။ ကိုပြုံးချိုနေရတဲ့
အဆောင်က အလုပ်နဲ့ တော်တော် ဝေးတယ်။ တောင်ကုန်းလေး ပေါ်ကို လှမ်းတက်ရပြီးတော့ ခြံတစ်ဝင်းထဲမှာ
အိမ်ငှားတွေ အများကြီး စုနေကြတာမျိုးလေ။ အဆောင်ဆိုပေမယ့် ဂိုထောင်သာသာ ဆယ်ပေ ပတ်လည်
အခန်းကျဉ်းလေးပါ။ အိမ်သာ၊ ရေချိုးတွေကို ဘုံအဖြစ် အများနဲ့ ပေါင်းသုံးရတယ်။ မှတ်မိသေးတယ်။
ဝင်ဝင်ချင်း ဘယ်ဘက်မှာ ခါးလောက်မြင့်တဲ့
စင်လေးကို အခန်းပြည့် ရိုက်ထားတယ်။ ကုတင်ခေါ်မလား ဧည့်ခန်းခေါ်ရမလားပဲ မသိဘူး။ အ၀တ်ဗီဒိုတွေကော၊
ထမင်းပေါင်းအိုးတွေရော ဖိနပ်တွေရော၊ လုံချည်တွေကော၊ ဦးထုပ်တွေကော ဒွေးရောယှက်တင်ပါပဲ။
အခန်းကို ကြည့်ပြီး စိတ်လေသွားတယ်။ ဒါတောင် သူ့ သူငယ်ချင်း တစ်ယောက်နဲ့ ပေါင်းပြီး
နှစ်ယောက်ပေါင်းနေတာတဲ့။ သူ့သူငယ်ချင်း နဲ့လည်း
မိတ်ဆက်ပေးတယ်။ အဲဒီလူက ကိုယ့်ကို ထိုင်းစကားတောင် သင်ပေးလိုက်သေးတယ်။
ပြီးတော့ နံရံမှာ ချိတ်ထားတဲ့ ဂီတာဖြုတ်ပြီး တီးကြဆိုကြသေးတယ်။
နောက်တော့ သူလည်း အားနာ လာလို့လား မသိဘူး။ အပြင်ကို ထွက်ပြီး ဆိုင်တစ်ဆိုင်မှာ စကားပြောဖြစ်ကြတယ်။
ဒီတော့မှ သူ့ဘ၀တွေ ကျွန်တော်သိခွင့်ရခဲ့တယ်။ သူဟာ နှစ်စဉ် နိုင်ငံတော်က ကျင်းပနေတဲ့
ဆိုကရေးတီး ပြိုင်ပွဲတွေ ၀င်နေသူ တစ်ယောက် ဆိုပဲ။ သူ့ဆရာက ရန်ကုန်မှာ ရှိတဲ့ ဓီရာမိုရ်
လို့လည်း ဆိုတယ်။ ဓါတ်ပုံတွေ ထုတ်ပြတယ်။ ပြိုင်ပွဲဝင် ဓါတ်ပုံနဲ့ တကွ ဆုရပုံတွေ၊ ဆရာ
တပည့် အမှတ်တရ ပုံတွေပေါ့။
“မင်းကို မြင်မြင်ချင်း ထူးခြားတဲ့ စရိုက်ရှိသူ
တစ်ယောက်မှန်း သိလို့ ခင်ချင်နေတာ”
“ဟုတ်၊ ကျွန်တော် လည်း အကို့ကို လေးစားပါတယ်”
“အကို မဟုတ်ပါဘူး ကျွန်တော်က ငယ်ပါတယ်။
အကိုလို့ မခေါ်ပါနဲ့”
“မဟုတ်ဘူး၊ အကျင့်ပါနေလို့”
ဆိုပြီး ရယ်ဖြစ်ကြတယ်။ ပြောရင်း ပြောရင်းနဲ့ သူ့နောက်ကြောင်းကို ရှင်းပြတယ်။
“အမှန်တော့ ကိုယ်က တစ်ကောင်ကြွက်ဆိုလည်း
ဟုတ်တယ်။ အဖေရှိသေးတယ် ဆိုလည်း ဟုတ်တယ်”
“ဘယ်လို ဘယ်လို”
“မျက်စိလည်သွားပြီလား ၊ ဒီလိုလေ ကိုယ့်အမေ
ဆုံးသွားတော့ ဖေဖေက နောက်မိန်းမ ယူလိုက်တယ်၊ ကြားဖူးမှာပါ၊ မိထွေးတော်တွေ ဘယ်လို ဆိုးကြောင်း”
“ကျွန်တော် စိတ်ဝင်စားသွားပြီအကိုရာ ဆက်ပြောပါဦး”
ဆိုတော့ ဖြေးဖြေးချင်း ပြောပြတယ်။
“အမေက ကိုယ် ငယ်ငယ်လေးထဲက ဆုံးတယ်။ အမေ
ဆိုတာ ဖြူလားမဲလားတောင် မသိရတဲ့ ကလေးတစ်ယောက် အတွက် မိခင် မေတ္တာ ဆိုတာလည်း ချိုလား
ခါးလားတောင် မသိရဘူး။ အဖေ နောက်အိမ်ထောင် ပြုလိုက်တော့ ပိုဆိုးတာပေါ့။ မယားပါသားသမီး
တွေကြားမှာ ကိုယ်နေတတ်အောင် နေဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့်ကွာ အခွင့်အရေးက အများကြီးကွာတယ်ကွ။
သူတို့ သားသမီး တွေ အကျီ င်္ ၂ ထည် ရတယ် ဆိုရင် ကိုယ့် အတွက် တစ်ထည်ရဖို့က အနိုင်နိုင်ပဲ။
ထမင်းစားဖို့ဆိုလည်း ဒီလိုပဲ။ သူတို့စားပြီးတာ ကျန်မှ ကိုယ်စားရတာ။ မိထွေးကတော့ ကိုယ့်ကို
ချစ်တယ်လို့တော့ ပြောတာပဲ။ သူ့ချစ်ပုံကြီးက တုတ်ကြီးနဲ့ ရိုက်တာကွ။ အဖေ့ကို ပြောပြတော့
ကိုယ့်မိဘက ဆုံးမတာ နာခံပေါ့လို့ ပြန်ပြောတယ်။ ကိုယ်ဟာ ငယ်ငယ်လေးထဲက ကိုယ့်အိမ်မှာ
ကိုယ် ထမင်း လပေး စားရတယ်။ အိမ်လခ ပေးရတယ်။ အလုပ်ထွက်လုပ်ရတယ်။ ယောင်္ကျားလေးဆိုတာ သေစာရှင်စာ
တတ်တော်ပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ ၄ တန်းနဲ့ ကျောင်းထွက်ပြီး အလုပ်ပေါင်းစုံ လုပ်ရတယ်။
ပိုဆိုးတာက မိထွေး နောက်ပိုင်း ပိုသောင်းကျန်းလာတာပဲ။ အိမ်ထဲပေးမအိပ်ဘူး။ ပိုက်ဆံ မပေးနိုင်ရင်
အပေးနည်းရင် အလကားကောင်ဆိုပြီး ရမယ်ရှာလို့ ရိုက်တော့တာပဲကွာ။ ဒူးနဲ့ မျက်ရည် သုတ်ရတဲ့
နေ့တွေပေါ့ကွာ ”
ကိုပြုံးချို ဘာတွေ ဆက်ပြောလည်းဆိုတာ ကျွန်တော်
ကြားတစ်ချက် မကြားတစ်ချက်ပါပဲ။ စိတ်ထဲမှာတော့ နင့်ခနဲ ဖြစ်သွားတယ်။ မိသားစု ဆိုတာ အဆင်မပြေမှုတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတဲ့ အိမ်လားလို့ တွေးနေမိတယ်။
“အဲဒီစိတ်တွေနဲ့ ကြီးပြင်းလာခဲ့တော့ လူတွေကိုကြောက်တတ်တာ
အဆန်းတော့ မဟုတ်ပါဘူး။ ခုတော့ အသားကျသွားပါပြီ။ မိထွေးကိုလည်း ကျေးဇူးတင်ရမယ်။ သူ့ကျေးဇူးကြောင့်
ရုန်းကန်လာလို့ ခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်တာလေ။
ဒါကြောင့် အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်တယ်။ အဖေ့ကိုလည်း ကျေးဇူးတင်တယ်။ အလုပ်လုပ်ရင်
ငွေရမယ် ဆိုတာ သိတော့ ကြိုးစားတယ်။ ကြာတော့ လုပ်ရတာ ပျော်လာတယ်။ လူတိုင်းဟာ မွေးထဲက
ဘာမှ မတတ်လာဘူး ။ အေး တတ်သွားပြီ ဆိုလည်း ပျော်သွားပြန်ရော၊ ကိုယ်က စိတ်ပါဝင်စား ဖို့ပဲ
လိုတာ နော့်၊ ငါတို့တွေဟာ ခြေကောင်း လက်ကောင်းကြီးတွေ”
သူ့ကို ကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်ဓါတ်တွေ
အားတက်သွားပြန်တယ်။
“လူဆိုတာ ကိုယ့်လမ်း ကိုယ်ရွေးရတယ်ကွ၊
ပန်းတိုင်ဆိုတာ ထားတတ်ရတယ်။ ပန်းတိုင် မရှိရင် အလကားပဲ။ ရောက်ချင်ရာ ရောက်ရော၊ လူပြော
သူပြောနဲ့လည်း လိုက်မလုပ်နဲ့၊ ခံယူချက် မရှိတော့ မခိုင်မာဘူး။ ကိုယ့်ဘာကို စဉ်းစား။
ကိုယ်ရွေးချယ်တဲ့ လမ်းကိုလည်း မှားမှားမှန်မှန် ရဲရဲဝံ့ဝံ့ လျှောက်တတ်ရတယ်၊ ကိုယ်ဆိုရင်
အိမ်ကနေ အကြိမ်ကြိမ် ထွက်ပြေးဖူးတယ် ”
သူ့ရဲ့ အကောင်းမြင် စိတ်ထားနဲ့ ပြတ်သားတဲ့
စိတ်ဓါတ်ကိုလည်း အားကျမိပြန်ရော။ အဲဒါနဲ့ ကျွန်တော့် စိတ်ထဲမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်
တစ်ခုကို တစ်ထိုင်ထဲ သံဓိဌာန် ချပြီးသား ဖြစ်သွားပါလေရော။ ကိုယ့်နေရပ်ကိုပဲ မဖြစ်ဖြစ်အောင်
ပြန်မယ်လို့လေ။
“လောကမှာ အမှောင် အကြီးဆုံး အချိန်က မိုးလင်းခါနီး
အချိန်ပဲကွ။ ဒါကြောင့်မှတ်ထား တအား မှောင်ပြီးရင် အလင်းရောင် ဆိုတာ တစ်ပြန်တစ်လှည့်
လာတတ်တယ်လို့၊ ဖယောင်းတိုင် တစ်တိုင်ဟာ မီးစာကုန်ခါနီး တအားလင်းသွားတတ်တယ်။ သူ့ရဲ့
လက်ကျန် စွမ်းအားတွေ ကို အစွမ်းကုန် ထုတ်သုံးသွားတာလေ။ ဒါကြောင့် အရမ်းကြီး ကောင်းနေတိုင်းလည်း
ဘ၀င်မမြင့်နဲ့၊ အက်ကွက်တွေရှိတယ်။ ကျဆုံးခန်း လာတော့မယ် ဆိုတာ ကြိုသိထား၊ အကောင်းဆုံးကို
ကြိုမျှော်လင့်ထားသလို။ အဆိုးဆုံးကိုလည်း ကြိုတင်ပြင်ဆင်ထား သင့်တယ် ဆိုတဲ့ စကားလို
ပေါ့ကွာ၊ နေ့သစ်တစ်နေ့ကို အလင်းရောင်တွေ အစဦးဆုံးပေးတာက ရောင်နီဦး ချိန်ပဲ။ အမှောင်ထုကို
စတင်ဖြိုခွင်းပေးတာ အရုဏ်ဦး အလင်းရောင်ပဲ။ အရုဏ်ဦး အလင်းရောင်ဟာ အိပ်မောကျနေသူတွေကို
နိုးထ တက်ကြွစေတယ်ကွ။ မင်းတို့ ငါတို့တွေဟာ အရုဏ်ဦး အရွယ်တွေပဲ ရှိသေးတာကွ၊ မစောဘူး
ချ၊ မနှောင်းဘူး လုပ်ကွာ ”
တဲ့လေ။ သူ့စကားတွေက ကျွန်တော့် ဦးနှောက်ထဲမှာ
အတွေးခေါ်တွေ ပြည့်သိပ်ပျစ်ခဲ သွားစေတယ်။ ကျွန်တော် ဘာဆက်လုပ် ရမယ် ဆိုတာကို ကောင်းကောင်းကြီး
မီးမောင်း ထိုးပြလိုက်သလိုပါပဲ။ ကျွန်တော်က အောက်ကိုမကြည့်ပဲ အပေါ်ကိုကြည့်နေမိလို့လေ။
အတိုချုပ်ပြီး ပြောရရင် ကျွန်တော် ပန်းရံ
မလုပ်တော့ပဲ မြို့ထဲမှာ အလုပ်လိုက်ရှာတယ်။ အခက်ခဲပေါင်း သောင်းခြောက်ထောင်နဲ့ တွေ့လည်း
မမှုပဲ ရှာတယ်။ အငတ်ငတ် အပြတ်ပြတ်နဲ့ တောင်းမစားရုံတမယ် ဖြစ်ချိန်မှာ ဆိုင်ကယ်အရောင်းဆိုင်မှာ
အလုပ်ရလိုက်တယ်။ အလုပ်မှာ ၂ လ အတွင်း ငွေစုပြီး အိမ်ကို ပြန်နိုင်အောင် ကြိုးစားလိုက်တယ်။
ခုဆို မကျိုး မကန်းပဲ အိမ်ကို ပြန်ရောက်တယ်။ ဒါ ကျွန်တော် ရခဲ့တဲ့ ဆုလာဘ် တစ်ပါးပေါ့။
အဓိကက ကိုယ့်စိတ်ကို ကိုယ် အောင်နိုင်ခြင်း တစ်မျိုးပေါ့။ အောင်မြင်ခြင်းကို အသင် ဘယ်လို
ထင်မြင်ယူဆ ပါသလဲ။ အရာအားလုံးကို အောင်နိုင်ခြင်းထက် မိမိ စိတ်ကို အောင်နိုင်ခြင်းကသာ
အမြတ်ဆုံးလို့ ဓမ္မပဒ လာရှိပါတယ်။
ပြန်ခါနီး မှာ ကိုပြုံးချိုကို သွားနှုတ်ဆက်တော့
ပြောရှာပါတယ်။
“ကောင်းပါတယ်ကွာ။ ကိုယ့် မိဘ အိမ်ပဲ ပြန်ပါ။
ဘာမဟုတ်တဲ့ ကိစ္စလေး တစ်ခု အတွက်နဲ့ အရွဲ့တိုက်တာကတော့ မင်းဘ၀ပဲ ပျက်စီးမှာပေါ့။ ဟိုဘက်ကမ်းရောက်ရင်
မင်း ဒီ့ထက်တောင် ပိုဆိုးတာ ကြုံရဦးမယ်။ ကိုယ်တွေက ကြုံဖူးလို့ ပြောပြတာ။ ဒီတိုင်းသာ
မင်းမိသားစုနဲ့ မပြေလည်ရင် ကြာရင် မိသားစု ပျောက်သွားလိမ့်မယ်၊ ပြန်ပြန်၊ မြန်မြန်
ပြန်”
တဲ့။ အိမ်ကို ပြန်ရောက်တော့ မိဘ နှစ်ပါးက
နွေးထွေးစွာ ကြိုဆိုကြပါတယ်။ အဖေလည်း ခုဆို အရင်လို မဟုတ်တော့ဘူးလေ။ သဘောထားတွေ ပျော့ပျောင်းလာပြီကော။
ပြောင်းလဲမှုတွေ ရှာဖွေတဲ့ထဲမှာ ကိုယ့်ဖက်က စတင် ပြောင်းလဲမှုကို တန်ဖိုးထားသင့်ပါတယ်။
ကိုပြုံးချို ပြောခဲ့သလိုပဲ ကျွန်တော်တို့
အနာဂတ်ကြီးဟာ ရောင်နီဦး အရုဏ်တက်ချိန်ကစပြီး လင်းလက် တောက်ပ လာလိမ့်မယ် ဆိုတာကို ကျွန်တော့်
စိတ်ထဲမှာ မမှိတ်မသုန် ယုံကြည်နေမိပါတော့တယ်။ ။
သိရ် (အေးသာယာ)
24-Nov-13
2:36 PM
စာကြွင်း- ၂၀၁၁ ည များသို့ တမ်းချင်း။ ခရီးသွား
အမှတ်တရ အဖြစ် ပြန်လည် ထုတ်ဖေါ် ရေးသားအပ်ပါသည်။ ကျေးဇူးပါ ကိုပြုံးချို …. ။
No comments:
Post a Comment