တောင်ကြီးမြို့ ဂုဏ်ဆောင်စူဠာမုနိလောကချမ်းသာစေတီတော်
စည်သာ(တောင်ကြီး) (EMG ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါး)
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တော်၊ တောင်ကြီးမြို့ကို ရောက်ပြီဆိုရင် စူဠာမုနိလောကချမ်းသာစေတီတော် နဲ့ ဘုရားစေတီတွေ တည်ရှိရာတောင်ပေါ်တွေကို တက်ရမှ ရောက်ရကျိုး နပ်တယ် လို့ ဆိုရိုးစကား ရှိပါတယ်။
တောင်ပေါ်မှာ မြစိမ်းတောင် စေတီ နဲ့ ရွှေဘုန်းပွင့် လှိုဏ်ဂူတော် တို့
တည်ရှိပြီး၊ ရွှေဘုန်းပွင့်က အမြင့်ပေ ပိုများ ပါတယ်။ မြစိမ်းတောင် ကို
ဘုရားဖြူ ရပ်ကွက်ရှိ မီးရထားသံလမ်း အတက်နားက အေးစေတီ ဘုန်းတော်ကြီး ကျောင်း
လမ်းကြားကနေ မြစိမ်းတောင်ပေါ် တက်တဲ့ ကားလမ်း ရှိပါတယ်။ ကားလမ်းအတိုင်း
တက်မယ်ဆိုရင် ဆယ်မိနစ် လောက်နဲ့ တောင်ပေါ်ကို ရောက်ရှိပြီး
တောင်ကြီးမြို့ရဲ့ အပေါ်စီးအလှအပ များကို ခံစား ရှုမြင် ရမှာ ပဲ ဖြစ်တယ်။
ရွှေဘုန်းပွင့် က မြစိမ်းတောင်ထက် ပိုမြင့်ပြီးတော့ မြို့ရှုခင်း ပိုမို လှပ
ပါတယ်။
ရွှေဘုန်းပွင့် လှိုဏ်ဂူတော် အတွင်းမှာ ထွက်ရပ်ပေါက် ၀ိဇ္ဇာကြီးများ၊ အရိယာ
သူတော်စင်ကြီးများ တရားကျင့် ကြံခဲ့ရာ လှိုဏ်ဂူတော် တစ်ခု ဖြစ်ပြီးတော့
ကိုးန၀င်း အဓိဌာန် ၀င်နေသူများ မလာမဖြစ် လာရပြီး၊ အထက်စခန်း
တက်လှမ်းဖို့အတွက် ကျင့်ကြံအားထုတ်ရာ ကိုးမြို့ ကိုးနေရာ ကိုးဌာန ထဲမှာလည်း
တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ တောင်ကြီးရဲ့အမှတ်တံဆိပ် အမြင့်ဆုံး
အပိုင်းဖြစ်တဲ့ တောင်ချွန်း ကို တော့ လူတိုင်းမရောက်ဖူး ကြပါဘူး။
တောင်ချွန်းကို ခက်ခက်ခဲခဲ လမ်းလျှောက်တက်ရပြီး ကြောက်စရာလည်း ကောင်းပါတယ်။
ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေထဲမှာ တောင်ကြီးမြို့ရဲ့ တောင်ချွန်း
ရနံ့တွေ သင်းပျံ့နေတာ လူတိုင်း ဖတ်ဖူးမှာ ဖြစ်ပါတယ်။
Xxx
စူဠာမုနိလောကချမ်းသာစေတီတော်
ကျွန်တော် တောင်ကြီးကို ရောက်စဉ်အချိန်တုန်းက စူဠာမုနိ
ဘုရားမှာ ဆိုင်ခန်းတွေ သိပ်မရှိသေးပါဘူး။ ဒါပေမယ့် ခုနောက်ပိုင်းမှာ ဘုရား
ပတ်ပတ်လည် နဲ့ နေရာအနှံ့ ဆိုသလို ဆိုင်ခန်းတွေ နဲ့ စီးပွားရေး လုပ်ငန်းတွေ
ပြည့်နှက်နေတာကို စိတ်မကောင်းဖွယ် မြင်တွေ့ရတာ ဖြစ်ပါတယ်။
အထက်တန်း ကျောင်းတက်တုန်းက ဆိုရင် နေ့လည်စာကို ဘုရားပေါ်မှာ သူငယ်ချင်းတွေ
နဲ့ စုပြီးတော့ ဒန်ပေါက် ၀ယ်စားကြတယ်။ ကျောင်းဆင်းရင် ဘုရားပေါ်ကို ညနေခင်း
နေ၀င်ချိန် လာတက်ကြည့်ရင်း မိန်းကလေး တွေကို လိုက်ရှိုးကြတယ်။ အရင်တုန်းက
ညနေခင်း ဆိုရင် တကယ်ကို လူစည်တာပါ။ ကျောင်းသား ကျောင်းသူတွေ အဆိုတော်တွေ၊
ဆိုင်ကယ် စတန့် သမားတွေ၊ တကယ့် ဒိတ်ဒိတ်ကြဲ သူဌေးသား တွေ လာရောက်
စုဆုံကြတဲ့ အပန်းဖြေ နေရာတစ်ခုပေါ့။ ကျောင်းအားလပ်ရက် တွေဆိုရင်
ဘုရားပေါ်မှာ သူငယ်ချင်းတွေ ချိန်းပြီးတော့ ဂိမ်းဆော့ကြတယ်။ စာကျက်ကြတယ်။
အစည်းအဝေး ပွဲ တွေ လုပ်ဖြစ်ကြတယ်။ ကျောင်းပြီးချိန် ရောက်တော့လည်း စာပေ
ရောင်းရင်းတွေနဲ့ တွေ့ဆုံဖို့ ဒီဘုရားပေါ်မှာဘဲ စုရပ် တစ်ခု လို ဆုံ
ကြပြန်တယ်။ ဆောင်းတွင်းရောက်တဲ့အခါ မနက်စောစော ဘုရားပေါ်ကို တက်ပြေးကြ
ကျန်းမာရေး လုပ်ကြတယ်။ ဘာသာရေး သမားတွေ အဖို့ တရားထိုင်၊ ပုတီးစိပ်ပြီး
ကုသိုလ်ရေး လုပ်ရာနေရာလည်း ဖြစ်တယ်။
ပြောရမယ် ဆိုရင် တောင်ကြီးသူ တောင်ကြီးသားတွေ အတွက် စူဠာမုနိ
ဘုရားဟာ ကိုးကွယ် ဆည်းကပ်ရာ၊ appointment စုဆုံရာ၊ Activity လှုပ်ရှားမှု
ပြုလုပ်ရာ၊ ပွဲလေးတွေ ကျင်းပတဲ့ နေရာ၊ မိသားစု အပန်းဖြေရာ နေရာ၊ ဖူးစာရှင်
ရှာတဲ့ နေရာ၊ တောင်ကြီးသားတွေရဲ့ အသည်းနှလုံး လို့ တင်စား လောက်ပါတယ်။
2016 ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ယခင်က ရှိခဲ့တဲ့ စူဠာမုနိ
ဘုရားဂေါပက အဖွဲ့ဝင် တစ်ဖွဲ့လုံးကို လဲလှယ်အစားထိုးလိုက်ပါတယ်။
ဒီနောက်ကွယ်မှာ ဆိုင်ခန်းတွေ အဆမတန် ဆောက်လုပ်ခြင်း တွေနဲ့လည်း
ပတ်သက်နေလိမ့်မယ်လို့ မြို့ခံ တွေက ဝေဖန်နေကြပါတယ်။
Xxx
ရည်ရွယ်ချက်
ဗုဒ္ဓမြတ်စွာ သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရန် ရည်သန်လျက်
တောင်ကြီးမြို့တော်ဦး “ သီရိ ပုည ၀ဎုန ကုန်းတော်ပေါ်တွင် ရှမ်းပြည်နယ်
ကျက်သရေဆောင် စူဠာမုနိ လောက ချမ်းသာစေတီတော် ” တည်ထား ကိုးကွယ်ခဲ့ပါသည်။
“စူဠာမုနိလောကချမ်းသာစေတီတော်” ကို ပုဂံပြည့်ရှင်
ကျန်စစ်သား မင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် ပုဂံအာနန္ဒာဘုရား၏
မူရင်းပုံစံ အနုလက်ရာများ အတိုင်း၊ အချိုးအစား ကျနစွာ တည်ထားခြင်း
ဖြစ်ပြီး၊ တည်ထားချိန်သည် တောင်ကြီးမြို့ နှစ်(၁၀၀) ပြည့် ကာလ သမယ နှင့်
တိုက်ဆိုင်ပြီး၊ ပါရမီရှင် ပြည်သူများမှ သဒ္ဓါကြည်ဖြူ ထည့်ဝင်လှူဒါန်းသည့်
စုပေါင်း အလှူတော်ငွေများဖြင့် တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏ တတိယအဆင့်မြို့တော် အဖြစ် ရည်မှန်းဆောင်ရွက်လျက်ရှိသည့်အတွက်
မြို့တော် အင်္ဂါရပ်နှင့်အညီ ခန့်ညား ထည်ဝါ ကြည်ညိုဖွယ် စေတီပုထိုးတစ်ဆူ
ရှိရန် လိုအပ်ချက်အရ ပြည်တွင်း ပြည်ပ ဧည့်သည်နှင့် ဒေသခံပြည်သူများ
ကြည်ညိုသဒ္ဓါပွားများ နိုင်ရန် မူရင်း “ ပုဂံအာနန္ဒာဘုရား” ပုံစံအတိုင်း
တည်ထားခြင်း ဖြစ်ကြောင်း၊ ဘုရားဘွဲ့အမည်မှာ ဝေါဟာရ အနက်အဓိပ္ပါယ်ပါ အတိုင်း
မြန်မာပြည် အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ပါဝင်သော လောကကြီး (၃)ပါး
ရှိ သတ္တ၀ါ ဝေနေယျ အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာမှု ရရှိစေရန် နှင့်
ရှေးမြန်မာမှု အနုလက်ရာ အများဆုံးပါဝင်သော စေတီတော်ဘုရား တစ်ဆူကို
ရှမ်းပြည်နယ်၏ မြို့တော်တွင် သမိုင်းဝင် တည်ရှိစေရန် တည်ထားခြင်း
ဖြစ်ကြောင်း ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။
xxx
စတင်တည်ဆောက်ပုံ
စူဠာမုနိဘုရားကို ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ မှ ဦးစီး၍ ဒုတိယ ဗိုလ်မှူးကြီး နိုင်ဝင်း (ယခင် ဘုရား
ဂေါပက ဥက္ကဌ ဟောင်း) က ဥက္ကဌ အဖြစ် တာဝန်ခံ၍ အတွင်းရေးမှူး (၄) ဦး၊ ပြည်သူ့
ဆောက်လုပ်ရေး လုပ်ငန်း၊ အင်ဂျင်နီယာ နှင့် ပြည်နယ် ဗိသုကာပညာရှင်များ
အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖ များဖြင့် (၃၁-၁၂-၁၉၉၃)
ရက်နေ့တွင် စတင်၍ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြု ကော်မတီ အသီးသီး
ဖွဲ့စည်းကာ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
ရွှေထီးတော် တင်လှူပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို
၂၅-၁၁-၁၉၉၆ ရက်နေ့၊ ၁၃၅၈ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့တွင်
စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး၊ အထွတ်စေတီ ကြေးပြားကပ်ရွှေချခြင်းကို
၁-၂-၁၉၉၇ ရက် ၊ ၁၃၅၈ ခုနှစ် ပြာသိုလဆုတ် (၉) ရက်(စနေနေ့) တွင်အပြီး ကပ်လှူ
ပူဇော်နိုင်ခဲ့ကြောင်း သိရသည်။
Xxxx
စေတီတော် အချိုးအစား
ဥာဏ်တော်အမြင့် ၁၀၈ ပေ၊ အထွတ်စေတီ အမြင့် ၂၀ ပေ၊ ကွန်းတောင် အမြင့် ၂၄ ပေ၊
အာရုံခံတိုက်မ အမြင့် ၁၁၃ ပေ၊ လှိုဏ်ပတ်လမ်းအရှည်(တစ်ဖက်) ၈၈ ပေ၊
လှိုဏ်ပတ်လမ်းလမ်း အကျယ် ၉ ပေ၊ ဖိနပ်တော် အလျား ၁၁၇ ပေ၊ အထွတ်စေတီ ၁ ဆူ၊
တိုက်မအရံစေတီ ၄ ဆူ၊ ကွန်းတောင်အရံစေတီ ၄ ဆူ၊ မုဒ်ဦးစေတီတော် ၈ ဆူ
တည်ရှိတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထပ်မံ တိုးချဲ့ထားသော ဆင်းတုတော်များ၊
လျောင်းတော်မူ ရုပ်ပွားတော်၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ စောင်းတန်း အပြင်၊
ဘုရားခြေရင်းမှာလည်း ဓမ္မာရုံအတွင်း ဖွားပွင့်ဟောစံ မူရင်း ဓါတ်ပုံ
ပြခန်းများကိုလည်း ပြသထားကြောင်း သိရသည်။
မုဒ် ၄ မုဒ်တွင် ပူဇော်ထားရှိမည့် ကြေးသွန်း ဗုဒ္ဓမတ်တပ်ရပ် ရုပ်ပွားတော်
မြတ် ၄ ဆူကို ဦးဝင်းမောင်(တောင်ကြီး) ပုံတူပန်းချီ နှင့် ၎င်း၏ ဖခင်
မန္တလေးမြို့မှ ကြေးသွန်းပညာရှင် ဦးမြတ်သာ ဦးစီးသော အဖွဲ့အား တစ်ဆူလျှင်
ကြေးဖိုး အပါ ၃၄၄ ၆၀၀၀၊ သုံးဆယ့်လေးသိန်း ကျော်ကျပ်ဖြင့်
အပ်နှံတာဝန်ပေးခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကြေးသွန်း ဗုဒ္ဓမတ်တပ်ရပ်
ရုပ်ပွားတော် မြတ် ၄ ဆူကို လွန်ခဲ့သော နှစ်များက ရွှေစင်ရွှေသားများ
ကပ်လှူပူဇော်ခဲ့ပါတယ်။ အရှေ့ဘက်မုဒ်မှ ဘုရားကို ဦးအောင်ကိုဝင်း (ကမ္ဘောဇ
ဘဏ် လီမိတက်) မှ မျက်နှာတော် ကို ရွှေစင် တစ်ပိဿာကျော်
ကပ်လှူပူဇော်ထားကြောင်း သိရသည်။
xxx
ဘုရားနဲ့ ပွဲတော်များ
စူဠာမုနိ ဘုရားမှာ ကျွန်တော် ၉ တန်း တက်တုန်းက
၁၉၉၈ ခုနှစ်မှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပတာနဲ့
ဆုံပါတယ်။ ဘုရားတောင်ခြေ၊ ယခင် (GTI) စက်မှု နည်းပညာ ကျောင်းဟောင်း၊
ယခု(စရဖ-စစ်တပ်) ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ ကွင်းပြင်မှာ မီးပုံးပျံတွေ
လွှတ်တင် တာဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းက ကျဉ်းလွန်းတော့ လူသတ်မှုတွေ ဖြစ်၊
လူတိုးလွန်းလို့ ဆီအိုးထဲ ကျတာတွေ၊ လူပိပြီး ဒဏ်ရာရတာတွေနဲ့ အဆိုးဆုံးက
မီးပုံးပျံ လွှတ်တင်ချိန်မှာ ယမ်းလောင်တော့ စ၀်စံထွန်း နဲ့ မြို့မ ရပ်ကွက်
ထင်တယ်။ ယမ်းလောင်ပြီး ရန်ဖြစ်တော့ မဲမဲ မြင်ရာ ရိုက်ပွဲတွေ ဖြစ်ကြတာ။
ဒီလို အဆင်မပြေမှုတွေ များလာလို့ အဝေရာ ကွင်းကို ရွေ့ပြောင်း လိုက်ကြပါတယ်။
၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အထိ ၁၁ နှစ်တိုင်တိုင် တောင်ကြီးမြို့စူဠာမုနိဘုရားကုန်းမြေ
ခြေရင်းမှာ မီးပုံးပျံ ပွဲတော် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ
အဝေရာ ကုန်းသာယာ ကွင်းကို စတင် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
နောက်တော့ အဝေရာ ကွင်းကို ပြောင်းသွားတော့ စူဠာမုနိဘုရား မှာလည်း ပွဲလုပ်ပေးရပါတယ်။ ဘုရားစောင့်တွေ ကျေနပ်အောင် ဘုရားပွဲ လုပ်ပေးရတယ်လို့ ဆိုတယ်။ စူဠာမုနိဘုရားမှာ
ခြင်းလုံးခတ်ပွဲတွေ၊ မသိုးသင်္ကန်း ယက် ပြိုင်ပွဲတွေ၊ ဈေးဆိုင်ခန်းတွေနဲ့
လုပ်ခဲ့ပါသေးတယ်။ တန်ဆောင်မုန်း လပြည့်နေ့မှာလည်း မီးကြာလှည့်လည်ခြင်း ကို စူဠာမုနိ
ဘုရားပေါ်ကို တက်ရောက်ပြီး ပြိုင်ပွဲ ၀င်ကြရတာ ဖြစ်ပါတယ်။ မသိုးသင်္ကန်း
ပြိုင်ပွဲ နဲ့ မီးကြာ ပြိုင်ပွဲ လှည့်လည် ပူဇော်ခြင်း ကို ယခု ထက်တိုင်
ကျင်းပနေဆဲ ဖြစ်တယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က စူဠာမုနိ
ဘုရားစိန်ဖူးတော် အခိုးခံရဖူးပါတယ်။ ဒါပေမယ့် ခိုးတဲ့သူတွေကို
ဖမ်းမိသွားပါတယ်။ အဖွဲ့ခေါင်းဆောင်ဟာ ဗမာလူမျိုးဖြစ်ပြီး ဘာသာခြား
အမျိုးသမီး နဲ့ရပြီး မိတ္ထီလာ ဘက်မှာ မြို့မျက်နှာဖုံးလို့ သိရတယ်။
အဖွဲ့လိုက် ကျူးလွန်တာ ဖြစ်ပြီးတော့ ဒီလိုပဲ မြန်မာနိုင်ငံမှာ ရှိတဲ့
နာမည်ကြီး ဘုရားစိန်ဖူးတော် တွေ လိုက်ခိုးနေကျ အဖွဲ့ လို့ သိရတယ်။
ကျူးလွန်သူအဖွဲ့ဟာ ထောင်ထဲကနေ လူသေ စာရင်းသွင်းပြီး၊ အသေထွက်နဲ့
ရဲဘက်ပြေးဖြစ်ပြီး မှတ်ပုံတင်တွေလည်း များစွာ ကိုင်ဆောင် ထားတယ်လို့
ဆိုတယ်။ ၅ ဦးအဖွဲ့ကို ဖမ်းမိပေမယ့် ရွှေငွေ၊ ကျောက်သံပတ္တမြား နှင့်၊ ဌာပနာ
ပစ္စည်းတွေ အကုန် ပြန်မရတော့ပါဘူး။ အဲဒီအကြောင်း တွေကို CID တွေက ပြစ်မှု မှာ
ရေးခဲ့ဖူးကြောင်း ဘုရားပေါ်မှာ နေထိုင်သူ တစ်ဦးက ပြောပြပါတယ်။
“တစ်လအတွင်း ဘုရားသူခိုးအဖွဲ့ ပတ်ခိုးလိုက်တာ မေမြို့က မဟာအံ့ထူးကံသာ ဘုရား၊ တောင်ကြီးက စူဠာမုနိဘုရား
နဲ့ ကုံလုံကျောင်းတိုက်က ဘုရားစိန်ဖူးတော်တွေ ပျောက်ကုန်တယ်။ စသိတာက
မေမြို့က မဟာ အံ့ထူးကံသာ ဘုရားမှာ ပျောက်တာကို စသိတယ်။ နောက်တော့
တောင်ကြီးမှာ စိန်ဖူးတော် ပျောက်တာ သိတယ်။ နောက်မှ ကုံလုံ ကိုပါ သိရတာ။
ဘယ်လို သိရလဲ ဆိုတော့ ဒီကောင်တွေကို ဖမ်းမိတော့ စစ်ကြောရေး မှာ စစ်ဆေးရင်း
နဲ့ အားလုံး ပေါ်လာတာ။ အားလုံး ၅ ယောက်ပေါ့။ တစ်ယောက် ရောဂါနဲ့ ဆုံးသွားတော့
၎ ယောက်ကျန်တယ်။ အဲဒီ ၄ ယောက်လုံးကို နှစ် ၄၀ ၊ ၅၀ လောက် ထောင် ကျသွားတယ်
ပြောတယ်။ ဒါတွေ ဘာလို့ သိရလဲ ဆိုတော့ မန္တလေးကို သက်သေ လိုက်ထွက်တော့ ဂေါပက
အဖွဲ့ ၃ ဦး နဲ့ အတူ သက်သေ လိုက်ထွက် ရလို့ CID တွေက နေ သိရတာ ”
ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပြသည်။
အေးချမ်း လှပ လွန်းသော တောင်ပေါ်မြေက တောင်ကြီးမြို့ကို တစ်ခါတစ်ခေါက်
အလည်လာကြဖို့ ဖိတ်ခေါ် ရင်းနဲ့ အားလုံးကို ကမ္ဘောဇ ဌာနေ ရှမ်းမောမြေကနေ
လှိုဏ်လှဲပျူငှာစွာ ကြိုဆိုလိုက်ရပါတယ် ခင်ဗျာ။
Xxx
No comments:
Post a Comment