နှုတ်ခွန်းဆက်သခြင်း
မင်္ဂလာ အပေါင်းနဲ့ ခညောင်းပါစေလို့
ဦးစွာ ပမာဏ ကျွန်တော် နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ဘာအကြောင်းအရာကိုမှ မပြောရသသေးခင်မှာ
ပုံပြင်လေး တစ်ပုဒ်နဲ့ ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ။
ဟိုးရှေးရှေးတုန်းကပေါ့။
အိမ်တစ်အိမ်မှာ လိမ္မာတဲ့ အမဲလိုက် ခွေးတစ်ကောင် မွေးထားတယ်။ ခွေးလေး နာမည်ကတော့ မဲလုံးလို့
ခေါ်ပါသတဲ့။ မဲလုံးတို့ ဘယ်လောက်တောင် သစ္စာရှိလိုက်လဲ ဆိုရင် သူစိမ်း မျက်နှာစိမ်း လူတစ်ယောက်
အိမ်ဝိုင်းထဲကို မျက်စောင်းတောင် အထိုးမခံဘူးတဲ့။ အိမ်ဝိုင်းထဲက ထင်းတို တစ်ချောင်း
တောင် ကောက်ဖို့ နေနေသာသာ အိမ်ဝိုင်းထဲ ၀င်ရင်တောင် အိမ်ရှင်တွေသိအောင် သူ့အသံအကျယ်ကြီး
ဟိန်းဟိန်းနဲ့ ဟောင်ပြရတယ်။ အိမ်ရှင်နဲ့သိတဲ့ အိမ်ကိုလာလည်တဲ့ မိတ်ဆွေဆိုရင်တော့ အိမ်ရှင်က
မဟောင်ဖို့ ပြောရင် မဟောင်တော့ဘူး။ အဲ့လောက်ထိ သူနားလည်တယ်။ ဧည့်သည်ကို ထမင်းကျွေးပြီ
ဆိုရင်လည်း အိမ်ရှင် မစားရသေးခင်မှာ တစ်ခုခုများ ယူစားလို့ကတော့ ပြေးကိုက်တော့မတတ်ကို
ထိုင်ကြည့်နေတာ။ အိမ်ရှင်ကို အသိမပေးပဲ မသိအောင် ယူတာမျိုးကိုတောင် တိရစ္ဆာန်တွေက သိတယ်နော်။
မဲလုံးလေးကို အကိုက်ကြမ်းလွန်းလို့ သူ့သခင်တွေက သွားစွန့်ပစ်ဖူးတယ်။ အိမ်နဲ့ ၃ မိုင်လောက်
ဝေးတဲ့ တောနက်ထဲကို သွားရောက်စွန့်ပစ်ထားတာ။ အဲဒါ မိုးတွေ ရွာနေလည်း မဲလုံးလေးဟာ နှစ်ရက်နဲ့
နှစ်ရက်ည တိုင်အောင် အစာငတ်၊ ရေငတ်ခံပြီး အိမ်ရှင်အိမ်ကို ရောက်အောင် ပြန်လာတယ်။ အိမ်ခြံဝင်းကို
သံစည်းရိုးတွေနဲ့ ကာရံထားတော့ မဲလုံးလေး ၀င်လို့ မရဘူးဖြစ်နေတယ်။ ဒီတော့ “သခင်ရယ် ၊
ကျွန်တော့်ကို ၀င်ခွင့်ပေးပါ၊ နောက်များဆို ကျွန်တော် မဆိုးတော့ပါဘူး ၊ သခင်တို့ မကြိုက်တာတွေလည်း
မလုပ်ဝံ့တော့ပါဘူး။ ကျွန်တော် မဆိုးနဲ့ ဆိုလည်း မဆိုးတော့ပါဘူး” လို့ အသနားခံနေတဲ့ အလား သူ့အသံလေးနဲ့ ညည်းလို့ အော်နေရတယ်။ ခွေးလိုပြောရင်တော့ အူတာပေါ့လေ။ (ခွေးတွေက
ပျော်ရင်ဖြစ်စေ၊ စိတ်ဝမ်းနည်းရင် ဖြစ်စေ ခံစားမှု တစ်ခုခုနဲ့ ကြုံရင် ဘ၀ဟောင်းကို တမ်းတပြီး
အူတတ်တယ်ဗျ)
ဒါကို သခင်တွေက ကြားကြားရက်နဲ့
ဝင်ခွင့်မပေးဘူး။ မိုးရွာရွာထဲမှာ ခွေးတစ်ကောင်ကို အဖတ်မလုပ်ချင်တာလည်း ပါတယ်။ အလုပ်မရှုပ်ချင်တာလည်း
ပါတာပေါ့။ အိမ်ရှင်က “အူစမ်းကွာ၊ မင်းဘယ်လောက် အူနိုင်မလဲ၊ မင်း အစွမ်းအစ ဘယ်လောက်ရှိလဲ
ဆိုတာ ငါကြည့်မယ်၊ မဲလုံး” ဆိုပြီး လှမ်းပြောကို မဲလုံး ကြားလိုက်တယ်။ မဲလုံးက သခင့်
အပါးဝ နေပြီး လူစကား နားလည်တာကြောင့် သခင် ဘာကို ဆိုလိုသလဲ ဆိုတာ မျက်ရိပ်မျက်ကဲ ပြရုံနဲ့
သဘောပေါက်တော့ အကင်းပါးတာပေါ့။ ဒါနဲ့ တစ်ညလုံး လိုလို မဲလုံး အလုပ်လုပ်နေတယ်။ ခြံစည်းရိုး
ပတ်ပတ်လည်ကို လျှောက်ကြည့်ပြီး ခွေးတိုးပေါက်မှန်သမျှကို ပတ်ရှာတယ်။ ၀င်ပေါက်လေးတစ်နေရာစာတောင်
မတွေ့တော့ နည်းနည်းလေး ဟနေတဲ့ သံတိုင်ခြေရင်းကိုပဲ သူ့ခြေသည်း ၊ လက်သည်းတွေနဲ့ တူးဆွ
နေမိတယ်။ ဘယ်လောက်တောင် တူးဆွ နေလည်း မသိဘူး။ တစ်ညလုံးလိုလို မနားတမ်း တူးနေလိုက်တာ
အာရုဏ်တက်ချိန် မိုးလင်းခါနီးတော့ မြေကြီး အောက်မှာ တွင်းကြီး တစ်တွင်းဖြစ်နေပြီး ခွေးတစ်ကောင်စာ
ဝင်စာလောက် ဖြစ်သွားတယ်။ ဒါပေမယ့် သူမ၀င်သေးဘူး။ သခင်တို့ နိုးမယ့် အချိန်ကို ထိုင်စောင့်နေသေးတာ။
သူလိုချင်တာက သူ့သခင်ရဲ့ အသိအမှတ်ပြုမှုကို လိုချင်တာ။ တိရစ္ဆာန် ဆိုပေမယ့် လူလိုပဲ နားလည်မှု
ရှိပြီး အရိပ်အခြေလည်း သိတတ်တယ်လို့ ပြောရမယ်။ အစားကလည်း ရက်အတော်ကြာ မစားရသေးတဲ့ အပြင်၊
တစ်ညလုံးလိုလို တူးဆွ ထားရတော့ မဲလုံး ပင်ပန်းနေပါပြီ။ ခြေတွေ လက်တွေလည်း ပေါက်ပြဲ
၊ ခြေသည်းတွေ ကျိုးလို့၊ မိုးရေထဲမှာ ကြွက်စုတ်လေး တစ်ကောင်လို ရပ်နေတော့ တစ်ကိုယ်လုံးလို့
ချမ်းလို့ တုန်တက် နေတယ်။ ဒါပေမယ့် မဲလုံး စိတ်မပျက်ပဲ အိမ်ရှေ့တံခါးဝကို မမှိတ်သော
မျက်စိနဲ့ စောင့်ကြည့်နေတယ်။ ဘယ်အချိန် တံခါးဖွင့်လာမလဲ ဆိုတာကိုပေါ့။ အရင်ဦးဆုံး
အိမ်ရှင်ကြီးက တံခါးဖွင့်ပြီး အိမ်ရှေ့ဆင်းလာတော့ မဲလုံးပျော်သွားပြီး ခြံထဲပြေးဝင်သွားတယ်။
သခင့်ဆီကို ပြေးသွားပြီး ခွေးတို့ လုပ်အပ်တဲ့ အမှုအတိုင်း အမြီးနန့်ပြ၊ ခုန်ပေါက် ပြတာပေါ့။
ပြီးတော့မှ သခင့်ခြေရင်းမှာ ၀ပ်ပြီးတော့ သခင့်ကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
သခင်ကလည်း ခွေးနဲ့လူ ကြားက ထားရှိတဲ့ သံယောဇဉ်ကို ငဲ့ပြီး မဲလုံးကို ပြန်လက်ခံလိုက်တယ်။
အဲဒီကစပြီး မဲလုံး လိမ္မာ သွားတယ်။ ဒါပေမယ့် သခင့်အပေါ် သစ္စာ ရှိမှုကတော့ အရင်တုန်းက အတိုင်းပဲ။
မဲလုံးရဲ့ သစ္စာရှိမှုကြောင့်
တစ်အိမ်လုံးကလည်း ချစ်ကြတဲ့ အပြင် အစားကောင်းတွေလည်း ကျွေးထားတယ်။ သခင့် သမီးလေး ဆိုရင်
အမဲလိုက်ခွေးကြီး မဲလုံးကို သဲသဲလှုပ်ပဲ။ အိမ်ရှင်မ အပြင်က ပြန်လာရင်လည်း အိမ်ရှေ့ထွက်ကြိုပြီး
ခရီးဦးကြိုပြုတယ်။ အိမ်ကိုလည်း သူခိုး၊ သူဝှက်ရန်ကင်းအောင် တစ်ညလုံး မအိပ်တမ်း စောင့်ရှောက်တယ်။ သခင်က ဒါလုပ်ဆို၊
လုပ်တယ်။ မလုပ်နဲ့ ဆို မလုပ်ဘူး။ အိမ်ကလွဲပြီးတော့လည်း တခြားဘယ်မှ သွားမလည်တတ်ဘူး။
တစ်နေ့ရောက်တော့ သခင့်အိမ်ကို
ဓါးပြ၀င်တိုက်ပါလေရော။ လူဆိုးတွေက မဲလုံးကို ကြိုတင်ရှင်းတဲ့ အနေနဲ့ အဆိပ်ခပ်တဲ့ အသားကျွေးတာကို
မဲလုံးသိတာပေါ့။ ဒါလောက်ကတော့ မဲလုံးလည်း နပ်ပါတယ်။ သခင်တွေက ဒါကို မသိပဲ မဲလုံးကို
ဆတ်စလူးထတယ် ဆိုပြီး သံကြိုးနဲ့ ခတ်ထားလိုက်တယ်။ ဓါးပြတွေက ညအချိန်မတော် ရောက်လာကြပြီး၊
ပစ္စည်းတွေ တောင်းယူသွားကြတဲ့ အပြင် အိမ်ရှင်မိသားစုကိုလည်း ရိုက်နှက်သွားကြသေးတယ်။
မဲလုံးတို့ ကမ္ဘာပျက်မတတ်ဟောင် နေတာတောင် ရပ်ကွက်ထဲက လူတွေက လာမကြည့်ကြဘူး။ သူလို့လည်း
အရင်အတိုင်းပဲ ထင်ပြီး မလာကြည့်ကြတာ ထင်ပါတယ်။ လမ်းထဲမှာ မဲလုံးကို ကြည့်မရသူ များတယ်လေ။
လူဆိုးတွေ ထွက်ပြေးသွားတော့ အရင်ဆုံး ငိုယိုပြီး ထွက်လာတာက အိမ်ရှင့် သမီး။ အဖေ့ကိုလည်း
ရိုက်ပြီး ပစ္စည်းတွေ ယူသွားတယ်။ လို့လည်း ကြားရော မဲလုံး လိုက်ချင်လို့ ပတပ်တောင် ထရပ်တယ်။
အိမ်ရှင့်သမီးလည်း ဘာလုပ်ရမယ် ဆိုတာ မစဉ်းစားတတ်တော့ တာနဲ့ပဲ မဲလုံးကို ကြိုးဖြေပေးလိုက်တယ်။
လူဆိုးတွေနောက်ကို မဲလုံး ပြေးလိုက်သွားတယ်။ နောက်ဆုံးမှာ လူတွေရောက်လာကြတော့ လူဆိုးတွေနောက်
လိုက်ကြတယ်။ မဲလုံးကိုလည်း ဓါးဒဏ်ရာတွေနဲ့ မသေပဲ ပြန်တွေ့ရတယ်။ ထူးတာက သခင့်ရဲ့ ပစ္စည်းထုပ်လေးကို
မဲလုံးပါးစပ်မှာ ကိုက်လျက်သားလေး တွေ့ရတာပဲ။ လူဆိုးတွေလည်း ခွေးကိုက်လို့ မျော့နေပြီ။
သခင်ဆိုရင် ချီးကျူးလို့ မဆုံးဘူး။ အိမ်ရှင်မ ကတော့ မျက်ရည်စက်တွေနဲ့ မဲလုံးကို သနားနေတာပေါ့။
လူတွေကလည်း ဒီတော့မှ မဲလုံးရဲ့ စရိုက်ကို စာနာမိသွားတော့တယ်။
ဒါ ပုံပြင်တစ်ပုဒ်ပါ။
ဒီပုံပြင်ကို ကြည့်မယ် ဆိုရင် ခွေးတစ်ကောင်တောင် အိမ်ရှင်ကို သစ္စာရှိသေးတာ၊ လူတွေက
ဘာလို့ သစ္စာမဲ့ကြတာလဲ။ တိရိစ္ဆာန် လောက်တောင် သစ္စာ မရှိတဲ့ လူတွေကို ကျွန်တော်တို့ လူ့
အသိုင်းအ၀ိုင်းက ဘယ်လို ယုံကြည်မှုမျိုးနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ကြမလဲ ဆိုတဲ့ ပုစ္ဆာကို
မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။
***
ဗုဒ္ဓဘာသာဟာ အခြားကြိုက်ရာ
ဘာသာတစ်ခုခုနဲ့ ဘယ်ဘာသာနဲ့ မဆို ယှဉ်ပြိုင်နိုင်ပြီး၊ အတုမရှိ စံထားလောက်တဲ့ ဘာသာဖြစ်ကြောင်း
ကမ္ဘာကလည်း အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ ဒါ့ပြင် သိပ္ပံနည်းအကျဆုံး ဘာသာ ဆိုလို့ ဗုဒ္ဓဘာသာကလွဲလို့
တခြားဘယ်ဘာသာမှ မရှိဘူး ဆိုတာကိုလည်း သက်သေအကိုးအကား ခိုင်လုံစွာနဲ့ သုတေသနပြုချက်တွေ
အများကြီး ရှိထားပြီ ဖြစ်ပါတယ်။ ( ဗုဒ္ဓ၀ါဒ ကို ရှု-) ဒါတွေကို သိလိုက်ရတော့ ဗုဒ္ဓဘာသာဝင်
တစ်ယောက်အနေနဲ့ ဘယ်လောက် အားတက်စရာ ကောင်းထားသလဲ။
ဒါဖြင့်ရင် ဘာကြောင့်
ဘာသာဝင်ဦးရေ နည်းရလည်း ဆိုတော့ လူဆိုတာ အကုသိုလ်ကြိုက်တတ်တဲ့ သတ္တ၀ါ ဖြစ်တာကြောင့် ကြိုးစားအားထုတ်မှု ကင်းတဲ့
ဘာသာတွေ ကို အလွယ်လမ်း လိုက်ကြတဲ့ သဘောပါပဲ။ ဘယ်ဘာသာကို မှ ကျွန်တော် မတိုက်ခိုက်လိုပါဘူး။
ဒါ ကျွန်တော့် စိတ်ရင်း စေတနာအမှန်ပါ။ ကိုးကွယ်ကြတဲ့ ဘာသာဝင် တွေတိုင်းကို လိုက်မေးကြည့်ပါလား
။ ဖန်ဆင်းရှင် တွေက ဘာကြောင့် ငရဲကို ဖန်ဆင်းထားတာလဲလို့။ လူဆိုးတွေကြောင့်လို့ ပြောလိမ့်မယ်။
ဒါဆို လူဆိုး တွေ မရှိအောင်ကော ဘာလို့ မဖန်ဆင်းသလဲ။ အကျိုးအပြစ်ကို သိရမယ်လေ။ နောက်ပြီး
ဒုက္ခတွေကိုရော ဘာလို့ ဖန်ဆင်းတာလဲ…. ဒါတွေက သဘာဝ မကျတဲ့ အရာတွေပါ။
ဒါတွေကို မစဉ်းစားသင့်ဘူးလား။
ဘာသာတစ်ခုကို ကိုးကွယ်တော့မယ် ဆိုရင် ကိုယ်ကိုးကွယ်မယ့် ဘာသာရဲ့ အကျိုးအပြစ်တွေကို
ခြေခြေမြစ်မြစ် သိမထားသင့်ဘူးလား။ ဒီလိုမှ သိမထားပဲ ကိုးကွယ်ရင် ဘာဖြစ်မလဲ။ ဘာသာဦးရေ
အနည်း အများကို ထားလိုက်ဦး။ မသိပဲ ကိုးကွယ်တော့ တစ်သံသရာလုံး မှောက် ရော။ လူတိုင်း
သိထားဖို့ လိုပါတယ်။ ဒီလိုမှ သိမထားရင် လူအထင်ကြီးခံချင်ရုံ သက်သက်။ မိရိုးဖလာ ကိုးကွယ်မှု
သက်သက်။ သူများကိုးကွယ်ခိုင်းလို့ ကိုးကွယ်ရတယ် ဆိုတာ သက်သက်ကြီးတွေပဲ ဖြစ်တော့မပေါ့။
ရမ်းသမ်းပြီး ကိုးကွယ် မမှားဖို့ ဗုဒ္ဓ ဟောတော်မူတဲ့ တရားလည်း ရှိပါတယ်။ နောက်ဆုံးဟောခဲ့တဲ့
တရားပါ။
ဒီအချက်ကို ကြည့်ချင်းအားဖြင့်
ဘာသာတစ်ခုရဲ့ ဦးရေ အနည်းအများ ဆိုတာထက် အနှစ်သာရ ပိုင်းကို ဥာဏ်ပညာကြီးကြီးနဲ့ မြင်အောင်ကြည့်တတ်ဖို့
လိုတယ် ဆိုတာ ထင်ရှားပါတယ်။ ဘာသာဝင် ဦးရေ များပြီး လုပ်ရပ်က ချာတူးလန်နေမယ် ဆိုလည်း
အလကားပါပဲ။ လူနဲ့ လူသားတွေရဲ့ ကောင်းကျိုး (ပရဟိတ) တွေကို မရှေးရှုတဲ့ ဘာသာဝင်တွေ ဘယ်လောက်ပဲ
များများ ကမ္ဘာကြီးအတွက် အကျိုးမရှိလှပါဘူး။ လောက ကောင်းကျိုး၊ လူသား ကောင်းကျိုးကို
ဦးစားပေးပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ရှေးရှုနေတဲ့ ဘာသာဝင်ဦးရေ နည်းပင် နည်းသော်
ငြားလည်း၊ လုပ်ရပ်တွေက အဖိုးအနဂ္ဂ ထိုက်တန်လွန်းလှတာကြောင့် ကမ္ဘာကြီး ငြိမ်းချမ်းပါတယ်။
ဥပမာ တစ်ခုကို ပုံဆောင် ပေးရမယ် ဆိုရင် လူတိုင်းဟာ ရွှေအစစ်၊ စိန်အစစ်တွေကို မသုံးဆောင်နိုင်ကြပါဘူး။
ဘာကြောင့်လဲ ဆိုတော့ အဖိုးထိုက်တန်လွန်းတဲ့ အတွက် အမှန်တကယ် သုံးဆောင်ခွင့် ရှိသူမှ၊
ထိုက်တန်သူတွေမှသာ (လူနည်းစု)လောက်သာ ခံစား စံစား သုံးဆောင်နိုင်ပါတယ်။
+++++
ဂုဏ်ယူစရာ
ပတ္တမြား မှန်ရင် နွံမနစ်ဘူး
ဆိုတဲ့ စကားတစ်ရပ်ရှိပါတယ်။ မလိုသူတွေက ဘယ်လိုပဲ ပုတ်ခတ် ပုတ်ခတ် အမှန်တရား ဆိုတာ ဖုံးကွယ်လို့
ရကောင်းတဲ့ အရာ မဟုတ်ပါဘူး။ ပတ္တမြားမှန်ရင် ညွန်မနစ်တဲ့ ပုံပြင်လေးကို ပြောပြချင်ပါတယ်။
ဗုဒ္ဓဘုရားရှင် မပွင့်ပေါ်မီ
ရှေးရှေး အခါတုန်းက တရားအားထုတ်နေတဲ့ ရသေ့ကြီးရဲ့ ကျောက်ဂူကြီး အနီးအပါးမှာ ပတ္တမြားဂူကြီး
တစ်လုံးရှိတယ်။ အဲဒီ လှိုဏ်ဂူကြီးထဲမှာ ၀က်များစွာ နေထိုင်ကြတယ်။ တစ်နေ့တော့ ထိုတောမှာ
ကျက်စားနေတဲ့ ခြင်္သေ့တစ်ကောင် ပတ္တမြား လှိုဏ်ဂူကြီး အနီးမှ ဖြတ်သွားတော့ ဂူနံရံတွေပေါ်မှာ
ခြင်္သေ့ရဲ့ အရိပ် ထင်လာတဲ့ အတွက်ကြောင့် ၀က်တွေဟာ များစွာ ထိတ်လန့် တုန်လှုပ် ကြောက်ရွံ့ကြတယ်။
အဲဒီအခါမှာ ၀က်တွေက
ပတ္တမြား လှိုဏ်ဂူရဲ့ အရောင် ကြည်လင်တောက်ပနေလို့သာ ခြင်္သေ့အရိပ်လာထင်ရတာလို့ တွေးမိပြီး
ပတ္တမြား လှိုဏ်ဂူရဲ့ အရောင် ညစ်နွမ်းမှေးမှိန် သွားအောင် လုပ်မယ်လို့ စိတ်ကူးကြတယ်။
ဝက်တို့ဟာ ဦးစွာ ပထမ ညွန်အိုင်ကို ဆင်းပြီး သူတို့ကိုယ်ကို ညွန်နဲ့ လူးပြီး ပတ္တမြားလှိုက်ဂူ
နံရံတွေကို ညစ်နွမ်းသွားအောင် သူတို့ ကိုယ်တွေနဲ့
အကြိမ်ကြိမ် ပွတ်တိုက်ကြတယ်။ ဒါပေမယ့် ပတ္တမြား
လှိုဏ်ဂူဟာ ၀က်တွေပွတ်တိုက်မှုကြောင့် ညစ်နွမ်းသွားမယ့် အစား ပိုလို့တောင် ကြည်လင်တောက်ပလင်းလက်
လာလေတော့ ဘယ်လို လုပ်ရမယ် ဆိုတာ မကြံတတ်တဲ့ အဆုံး ရှင်ရသေ့ ဆီသွားရောက်မေးမြန်း အကြံဥာဏ်တောင်းရတယ်။
ရသေ့က “အသင်ဝက်တို့၊
ဒီဂူဟာ ပတ္တမြား အစစ်လှိုဏ်ဂူ ဖြစ်ပါတယ်။ ဒါကြောင့် သင်တို့ ဘယ်လိုပဲ ညစ်နွမ်းအောင် လုပ်လုပ်
ပတ္တမြား အရောင်အဆင်းကတော့ မှေးမှိန်သွားမှာ မဟုတ်ပါဘူး။ သင်တို့ပဲ ပင်ပန်းရုံသာ ရှိပါလိမ့်မယ်။
ဒါကြောင့် သင်တို့ ဒီလှိုဏ်ဂူထဲမှာ မနေကြပဲ ၊ ထွက်သွားကြပါတော့” လို့ နှင်လိုက်တယ်။
ဝက်တို့ကလည်း ရှင်ရသေ့ မိန့်တဲ့ အတိုင်း ပတ္တမြား လှိုဏ်ဂူကို စွန့်ခွါပြီး ထွက်သွားကြလေတော့တယ်။
(တိက နိပါတ် - မဏိဃံသ
ဇာတ်မှ )
ဒါကြောင့် ပတ္တမြား
အစစ်လှိုဏ်ဂူကြီးကို တန်ဖိုးသိတတ်ကြပါစေ။ ဂုဏ်ယူတတ်ကြပါစေ ဆိုတဲ့ စေတနာ နဲ့ ဒီစာစုတွေကို
ကျွန်တော် ရေးပါတယ်။ တန်ဖိုးသိမှ ဘာဖြစ်မလဲ။
တန်ဖိုး ရှိပါတယ်နော်။ ဥူးသုမင်္ဂလ ဟောခဲ့ပါတယ်။ တန်ဖိုး မသိရင်၊ တန်ဖိုးလည်း မရှိနိုင်ပါဘူး။
ကျောက်စိမ်း တစ်တုံးရဲ့ တန်ဖိုးကို မသိတော့ လှေကား အတက်အဆင်းမှာ နင်းခုံ လုပ်ထားတာကို
ငါးထောင်နဲ့ တောင်းဝယ်တော့ ရောင်းလိုက်တယ်။ ပွဲစားက ငါးသောင်းနဲ့ ပြန်ရောင်းတယ်။ လက်ကြီး
ဒိုင်ကို ရောက်တော့ ငါးသိန်း ဖြစ်သွားပြီ။ ပြည်ပကို ထုတ်ရောင်းလိုက်တော့ သိန်း ငါးရာ။
အပြည်ပြည် ဆိုင်ရာ ဈေးကွက်ကို တင်လိုက်တော့ ဒေါ်လာ သန်း ငါးရာ မက တန်သွားပါပြီ။ ဒါကြောင့်
ငါးထောင်တန်က ငါးထောင်ဖိုးပဲ တန်ဖိုးရှိပါတယ်။ ဒေါ်လာ သန်း ငါးရာလောက် တန်ဖိုးကို သိတော့ ဒေါ်လာ သန်းနဲ့ ချီပြီး တန်ဖိုးရှိတယ်နော်။
ဒါက ရုပ်ဝတ္ထုတစ်ခုနဲ့
မြင်သာအောင် ဥပမာပေးတာပါ။ အနှစ်သာရ ပိုင်း ဆိုတာကတော့ နာမ်တရားတွေမှာ ကိန်းဝပ်နေတာမို့လို့
အဘိဓမ္မာရဲ့ အတွင်းသားကို နမူနာ ပြောပြဖို့ ခက်ခဲပါတယ်။ ဥရောပမှာ ရုပ်ဝတ္ထုတွေ ဘယ်လောက်ပဲ
တိုးတက် တိုးတက်၊ စိတ်ပိုင်း ဆိုင်ရာမှာ နိမ့်ကျသွားတာကို စာရှုသူတိုင်း လက်တွေ့မြင်ရ
ကြားကြရမှာပါ။ ဒါ့ပြင် ဘယ်သိပ္ပံ ပညာရှင်ကမှ လိုက်မမှီနိုင်တဲ့ အတွေးအခေါ်တွေ ဗုဒ္ဓဘာသာမှာ
အများကြီး ကိန်းဝပ်နေပါတယ်။ ပုံဆောင်ပြရမယ် ဆိုရင် ။ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာကို ပုံသဏ္ဍာန်
အမျိုးမျိုးနဲ့ လိုက်မမှီနိုင်အောင် တန်ခိုး စွမ်းအင်တွေ ကြီးထွားနေပေမယ့် လူဆိုး တစ်ယောက်
ချက်ချင်း မတ်တပ် လူကောင်း ဖြစ်သွားအောင် လုပ်နိုင်တဲ့ စက်မျိုး တော့ ကမ္ဘာမှာ မပေါ်သေးပါဘူး။
နောက်လည်း ဘယ်တော့မှ ဒီထက်မျိုးကို ထွင်နိုင်ကြမှာ မဟုတ်ပါဘူး။ ရုပ်ပိုင်း ဆိုင်ရာမှာတော့
ပန်းပွင့်ကနေ ဓါးဖြစ်အောင် ဖန်ဆင်းနိုင် ကောင်း ဖန်ဆင်းနိုင်လိမ့်မယ်။ နာမ်ပိုင်းကို
သိပ္ပံ မပြင်နိုင်ပါဘူး။ ဒါဟာ အထင်ကြီးစရာလည်း မဟုတ်ပါဘူး။ သမထစွမ်းအင်တွေမှာလည်း ရှိပါတယ်။
ဈာန် အဘိဥာဏ် တန်ခိုးတွေလည်း ရှိပါတယ်။ အယ်ဒီဆင်တို့၊ အိုင်စတိုင်း တို့သာ ၀ိပဿနာ
တရားနာခဲ့မယ် ဆိုရင် ဒီ့ထက်အကျိုးရှိနိုင်ပါတယ်။(ဒါက စကားစပ်မိလို့ တင်ပြတာပါ)
ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ
ကျွမ်းကျင်တဲ့ အတွေးအခေါ် ပညာရှင် ဖြစ်ပါစေ။ ဗုဒ္ဓရဲ့ ၀ါဒ လောက်တော့ မပြည့်စုံပါဘူး။
ပင်လယ် သမုဒ္ဒရာထက်မက နှိုင်းအပ် မမြင်အောင် ကျယ်ပြောတဲ့ ဗုဒ္ဓ ရွှေဥာဏ်တော် ဟာ အတုမရှိလို့
ဗုဒ္ဓကိုယ်တော်တိုင် မိန့်ဆိုထားပါတယ်။ ဆိုက်ကိုလော်ဂျီ ဖြစ်ဖြစ်၊ ဖလော်ဆော်ဖီ ဖြစ်ဖြစ်
နောက်ဆုံး သိပ္ပံ ပညာရပ်ကြီး တစ်ခုလုံးတောင် ဗုဒ္ဓ၀ါဒကို မကျော်နိုင်ကြပါဘူး။ ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း
သိထားသင့်ပြီး ရဲရဲရင့်ရင့် ရင်ကို ကော့ပြီး၊ (လိုအပ်လာခဲ့ရင်) တစ်ကမ္ဘာလုံးမှာ ရှိတဲ့
လူတိုင်းကိုလည်း အားမာန်အပြည့်နဲ့ ပြောပြ ရှင်းပြ နိုင်ရမှာ ဖြစ်ပါတယ်။
ဖြစ်ဖို့ခဲယဉ်းတဲ့
လူ့ဘ၀ကို ရလာကြသူတိုင်း ဒုလ္လဘ ဗုဒ္ဓဘာသာဝင် တစ်ယောက် အဖြစ် ရပ်တည်နေရတဲ့ ကိုယ့်ဘ၀ကို
လူတိုင်း ကျေနပ်ကြရမယ်။ ဂုဏ်လည်း ဂုဏ်ယူသင့်ပါတယ်။ ဒီလို အဘက်ဘက်က အစမ်းသပ်ခံနိုင်တဲ့
ဗုဒ္ဓဘာသာကို မြန်မာတွင်သာ မဟုတ်။ ကမ္ဘာ့အလယ်မှာ ၀င့်ကြွားနိုင်ဖို့ အတွက် ကျွန်တော်တို့
ဗုဒ္ဓဘာသာ ၀င်တိုင်းမှာ ၀တ္တရား ကိုယ်စီ ရှိကြပါတယ်။ ၀တ္တရား ကလည်း တန်ဖိုးလိုပဲ ၀တ္တရား
သိမှ၊ ၀တ္တရား ရှိတာပါ။ တာဝန်ဆိုတာက မလုပ်ချင်လည်းရ၊ လုပ်ချင်လည်းရပါတယ်။ ၀တ္တရား ဆိုတာက
လုပ်ချင်လည်းလုပ်၊ မလုပ်ချင်လည်း ဇွတ်လုပ်ရတာမျိုးပါ။ မိဘ ၀တ္တရား ၊ သားသမီး ၀တ္တရား
ဆိုတာမျိုးတွေပါ။ မစောဘူးစ၊ မနှောင်းဘူး လုပ်။
++++
ကလောင် - သိရ် (အေးသာယာ)
အမည် - ခွန်စည်သာဟိန်း
နေစွဲ- 24 November 2013
No comments:
Post a Comment