Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Monday, November 25, 2013

မွေးရပ်မြေကို ပြန်ခြင်း

မွေးရပ်မြေကို ပြန်ခြင်း 

သိရ်(အေးသာယာ)

မပြန်တာ ဆယ်နှစ်လောက်ရှိပြီ ဖြစ်တဲ့ မွေးရပ်ဇာတိ သထုံမြေကို နင်းလိုက်တော့ ကြက်သီးဖြန်းခနဲ ထသွားလောက်အောင် ဖြစ်သွားတယ်။ ‘မွေးရပ် မြေဟောင်း မမေ့ကောင်း’ ဆိုတဲ့ အတိုင်း အရာ အားလုံးဟာ လွမ်းစရာ ရွှေအတိ ဖြစ်နေတယ်။
မှတ်မိသူ တချို့က နှုတ်ဆက်ကြသလို၊ မှတ်မိပေမယ့် နှုတ်မဆက်တဲ့ သူတွေလည်း ရှိတယ်။ ရောင်းပစ်လိုက်တဲ့ ဘိုးဘွားပိုင် အိမ်မှာပဲ အိမ်ရှင်ကို ပြောပြီး တည်းရတယ်။ နောက်နေ့ မြသပိတ်တောင်ပေါ်ကို တက်တယ်။ တစ်ယောက်ထဲ တက်ရပေမယ့် ငယ်ငယ်က တက်ခဲ့ဖူးတဲ့ အမှတ်တရလေးတွေ ပြန်တွေးရင်း တက်ရတာကိုက အရသာ။ တောင်တက်တာဟာ အပေါ်ကို ကြည့်လေ၊ ပိုဝေးလေ ပို မောလေ ပါပဲ။ ညောင်းတာကို ကျိတ်မှိတ်ခံပြီး အားတင်းတက်ခဲ့တဲ့ အခါ တစ်ချိန်မှာ ထိပ်ဆုံးကို ရောက်စမြဲ ပါပဲ။ လောကကို အပေါ်စီး က ကြည့်ရတာ ဘာနဲ့ တူလည်း ဆိုတော့ နတ်တွေ သိကြားတွေ ဖြစ်နေရသလိုပါပဲ။ အိပ်မက်ထဲ လှိုင်းစီးရသလို၊ ရင်ထဲ ပဲ့တင်သံတွေ ထပ်နေတယ်။
ဒီနေ့ ရပ်ကွက်ထဲမှာ အရူးလှဖေ သောင်းကျန်းတဲ့  ၅ကြိမ်မြောက်နေ့။
တစ်ရွာလုံးနဲ့ တစ်ယောက် ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။ ဆွမ်းကြီး ၀င်လောင်းချင်နေကြတဲ့ ရပ်ကွက်သားတွေကလည်း တစ်ခြံလုံး ၀ိုင်းအုံခဲနေကြတယ်။ ကျွန်တော်တို့ ပြောင်းသွားပြီးနောက်ပိုင်းမှ နန်းခဲ ရပ်ကွက်လေးက ပိုစည်ကားလာသလိုပဲ။ ထုံးစံအတိုင်း ရဲတွေ ရောက်လာတော့ နည်းနည်း ငြိမ်သွားပေမယ့် အသံတွေက မတိတ်သေးဘူး။ ရဲတွေကတော့ သွေးထွက်သံယို၊ ရိုက်မှု ဖြစ်ဖို့ကို တစ်နေရာ ကနေ စောင့်နေကြတယ်။ ယာလည်း မောစေ၊ ကြက်လည်း ပန်းစေ သဘောမျိုးပေါ့။ ရ.ယ.က လူကြီးတွေကတော့ ရွာသာကြီးကို လက်ထိပ်ခတ်ပြီး ခေါ်သွားပေးမယ်လို့ ပြောတယ်။ လူထုကလည်း တစ်ယောက်တစ်ပေါက် ၀င်ပြောရင်း တစ်ရွာလုံးနဲ့ အရူးတစ်ယောက် ထဲ ပြိုင်ဆဲနေကြတယ်။ ကြည့်ရတာတော့ ပွဲကြီး ပွဲကောင်း ပါပဲ။ ကြုံတုန်း ကြုံခိုက်မို့လို့ ဇင်းကျိုက်သွားစရာ ရှိတာတောင် မသွားတော့ပဲ ကျွန်တော် စောင့်ကြည့်နေလိုက်တယ်။ လူတွေက ကြာလေ ပိုများလေပါပဲ။
ရပ်ကွက်ထဲမှာ ကျွန်တော်တို့ ခြံမြေ ကိစ္စနဲ့ အရူးနဲ့ စကားများနေတာ အကြိမ်ကြိမ် ရှိပြီလို့ အကြမ်းဖျင်းသိရတယ်။ ခြံနောက်ဖေး စည်းရိုးမှာ အရူးတို့ မောင်နှမ နှစ်ယောက် နေကြတယ်။ အရူးက အသက်ကြီးပါပြီး။ လေး ငါးဆယ်လောက်ရှိပြီ။ ဆံပင်ဖြူ၊ သွားတွေလည်း ကျိုးနေပြီ။ ဒါလည်း ဆိုးတုန်း။ မောင်နှမ နှစ်ယောက်လုံး လူလွတ်တွေ ချည်းပဲ။
 ကျွန်တော်တို့ ရှိတုန်းကတော့ ဒီအရူး ဒီလောက် မသောင်းကျန်း ဖူးပါဘူး။ ကျွန်တော်တို့ အဘိုးက အချက်ကျကျ ပြောနိုင်တော့ သူပြောတာဆို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ပါးစပ် ရာဇ၀င် အရ ပြောရမယ် ဆိုရင် နန်းခဲ ရပ်ကွက်ဆိုတာ ကျွန်တော်တို့ အဖွားလေး ၃ယောက် စတည်တဲ့ ရွာလို့ ဆိုတယ်။ အရင်တုန်းက လယ်ကွင်းတွေချည်းပဲ။ အဘွား နန်းကြာဥကို ကျွန်တော်တို့ အဘိုးက ယူလိုက်တယ်။ နောက်ပိုင်းမှာ အမွေခွဲဖြစ်ကြပြီး ခြံတွေကို အပိုင်းပိုင်း ခွဲရောင်းလိုက်ကြတာ နှစ်ပေါင်း မြောက်များစွာ ကြာလာတော့ အိမ်ခြေပေါင်း မရေမတွက်နိုင်အောင် ဖြစ်သွားခဲ့တယ်။ ဒါကတော့ စကား ဗဟုသုတ မှတ်တမ်းတင်ထားတာပေါ့လေ။
အရူးတို့ ခြံဝိုင်းလေးက ကျဉ်းကျဉ်းလေးပါ။ သနားလို့ ပေးနေထားရာကနေစပြီး မြေတိုင်းရုံးမှာ အခွန်ဆောင်ရင်း သူတို့ ပိုင်တဲ့ မြေ ဖြစ်သွားတယ်လို့ ပြောတာ ကြားဖူးတယ်။ ကျွန်တော်တို့ ခြံက ၇၀x၈၀ ပါ။ လမ်းပေးရမယ် ဆိုပြီး အရူးက တက်တောင်းလို့ ပထမ ၅ပေ လောက် ပေးလိုက်တယ်။ ဒါလည်း အရူးက မကျေနပ်သေးဘူး။ ၁၀ ပေ ထပ်တိုးတောင်းပြန်တယ်။ လမ်းဆိုရင် လမ်းပေး ရမယ် ဆိုပြီး တော့ အကြောင်းပြတယ်။ အမှန်ကတော့ ကျွန်တော်တို့ ခြံရဲ့ ညာဘက်ခြမ်းကို လမ်းလှူပြီးသားပါ။ ဒါကို ကျွန်တော်တို့ အမေတို့၊ ဘကြီးတို့က ကောင်းကောင်းမှီလိုက်တဲ့ အတွက် သူတို့ပဲ ဒီကိစ္စကို ရှင်းနိုင်ကြမှာပါ။
နောက်ဆုံး ပြောမရတာနဲ့ စကားနည်း ရန်စဲဆိုပြီး ၁၀ ပေ တိုးပေးလိုက်တယ် တဲ့။ ဒါကိုတောင် မကျေနပ် သေးပဲ သူများ ခြံစည်းရိုး ခတ်နေတာကို မခတ်နဲ့။ အငုတ်လာမခုတ်နဲ့။ ငါ့အိမ်ဝိုင်းမှာ အုတ်မချနဲ့၊ တိုင်မယ် တောမယ်တွေ ထပ်လုပ်နေလို့ ရပ်ကွက် ကလည်း ပေါက်ကွဲပါလေ ရောလား။ နန်းခဲ ရပ်ကွက်ကလည်း လူညီသလား မပြောနဲ့။ ထစ်ခနဲ ရှိ လူစုပြီးသားပဲ။ ဘာမှ မဟုတ်တာ လုပ်လို့ မရဘူး။ မတရားတဲ့ လူကို အုပ်စုလိုက် ၀ိုင်းပြောလေ့ ရှိကြတယ် ။ အဲလို ချစ်စရာ ကောင်းတဲ့ ရပ်ရွာဓလေ့လေးတွေပါ။
စကားစပ်မိလို့ ပြောရရင် ကျွန်တော်တို့ ရှမ်းပြည်မှာတော့ ဒီလို မဟုတ်ဘူး။ တစ်အိမ်နဲ့ တစ်အိမ်တောင် ဘယ်သူတွေ နေကြမှန်း သိကြတာ မဟုတ်ဘူး။ ဒီတော့ ဆိုးကျိုး အနေနဲ့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု ဖြစ်ရင်တောင် ကူညီမယ့်လူ ရှိမှာ မဟုတ်ဘူး။ တကယ့်ကို ဖာသိဖာသာ ပဲ။
၁၀ ပေ ပေးပြီးသားကို ထပ်တိုးတောင်းတာတဲ့ အတွက် ရပ်ကွက်ကလည်း ဘယ်သူမှန်ပြီး ဘယ်သူမှားလည်း အားလုံးသိကြ တော့ အရူးကို ၀ိုင်းဆဲကြတယ်။ ၁၀ ပေ ပေးပြီးသားကို အဓွန့်တက်လာတဲ့ အတွက် ခြံပိုင်ရှင်ကလည်း လုံးဝ မပေးတော့ဘူး။ ဆိုတော့ အရူး ပိုသောင်းကျန်းတာပေါ့။ အရူးနာမည်ကု လှဖေ တဲ့။ လှဖေကို ရဲကလည်း ချုပ်လို့ မရဘူး။ ချုပ်ခွင့် မရှိဘူး ဖြစ်နေတယ်။ အရူး ဆိုရင် ရွာသာကြီး ပို့မယ် ဆိုပြီး အားလုံးက ၀ိုင်းပြောတော့ ဘာလို့ သွားရမှာလဲတဲ့။ ငါမရူး ဘူး ဆိုပဲလေ။ လည်တယ်နော့်။
“စည်ပင်ကို တိုင်မယ်၊ စည်ပင် လာသိမ်းပါလိမ့်မယ်”
တဲ့။ တစ်ယောက်ထဲ ပြောသလိုလိုနဲ့ ရပ်ကွက်ကိုတိုင်တည်နေတယ်။ လူတွေကလည်း ဒါကိုမှအစားပျက်ခံပြီး လာကြည့်ကြတာ။
“ဘာလိုလိုနဲ့ ၁၁၀ လောက်ကုန်သွားပြီလေ။ ၇၅ မှာ အခွန်က ၅သိန်း။ သွပ်၊အုတ်၊ ပျဉ်တွေနဲ့ နည်းနည်းလေး ပြန်ပြင်ဆောက် လိုက်တာကို ၁၁၀ လောက် ရှိသွားပြီ”
လို့ အိမ်ပိုင်ရှင်က ညည်းပြတယ်။ သူတို့ နှစ်ဦး စပ်ပြီး ၀ယ်လိုက်တာပါ။ နောက်တစ်ဦးက ပိတောက်ရွှေဝါ။ ပိတောက်ရွှေဝါက လည်း ကျွန်တော့်ကို ပြောကူပေးဖို့ တိုက်တွန်းနေလေရဲ့။ ဒါပေမယ့် ကျွန်တော့်မှာ ပြောပိုင်ခွင့် မရှိဘူး ဖြစ်နေတယ်။ ဘာလို့ ဆို ကိုယ့်နဲ့ မှ မဆိုင်တော့တာ။ နောက်တစ်ချက်က မိမိ ၀င်ပြောလည်း ဘာမှ ထူးမှာ မဟုတ်ဘူး ဆိုတာ ကြိုသိထားလို့ အသာလေး နေလိုက်တယ်။ ကျေနပ်လို့ ၀ယ်ပြီးသား ကိစ္စကြီးကို နောင်တ စကားမျိုး မပြောချင်ပါနဲ့တော့ လို့ ဖျောင်းဖျလိုက်ရတယ်။ လှဖေနဲ့ ရပ်ကွက်က လူတွေ ကွိုင်တက်တဲ့ ညနေမှာ ၄၅ ထွက်သွားတယ်။ ပေါက်တဲ့လူတွေက ပေါက်ပေါ့။
xxxxxxxxx
နောက်နေ့ မနက်မှာ အရူးနဲ့ တစ်ကြိမ် ရန်ဖြစ်ကြပြန်တယ်။ အော်ကြဟစ်ကြ ပေါ့။
နေ့လည်ခင်း ၁၂ နာရီမှာ အုတ်တွေချတော့ တစ်ခါ ရန်ထပ်ဖြစ်ပြန်တယ်။ လှဖေက ဦးစီးမှူးကို တိုင်တယ်။ သူ့အမ မကြိုင်က လှဖေကို ဖမ်းပေးဖို့ လာပြောတယ်။ ရပ်ကွက်ကိုလည်း အကူညီ တောင်းတယ်။ တစ်ရွာလုံးနဲ့ တစ်ယောက် လှဖေကြမ်းနေတယ်။ တစ်ရွာလုံးက မကြိုင်ကို နေ့ခင်းက ၀ိုင်းရန်တွေ့တဲ့ အကြောင်း အားလုံးကို တိုင်တယ်။ တောင်းပန်ဖို့လည်း လှဖေကို တိုက်တွန်းတယ်။ တကယ်တမ်း လမ်းပိတ်မယ် ဆိုတော့ ပွစိ ပွစိနဲ့ ပဲလှော်လှော်နေတာ နားကို ငြီးရော။ ညနေခင်း ၄ နာရီကနေ စပြီး လှဖေ ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ပြီး စကားတွေ ပြောနေတော့ မခံနိုင်တာနဲ့ ဥက္ကဌကို ခေါ်ပြီး ရှင်းတာတောင်မှ အားလုံးကို ညစ်ညစ်ညမ်းညမ်း ဆဲဆိုတယ်။ ၇ နာရီ ထိုးတဲ့ထိ လူအုပ်ကြီးနဲ့ သူတို့ မောင်နှမ နှစ်ယောက် ရန်ဖြစ်စကားတွေ များနေကြတော့ ရဲခေါ်လိုက်တယ်။
“အများကောင်းဖို့ ရာဇ၀တ်မှု ဆိုတာ ရှိတယ်” “လုပ်ချင်တိုင်း လုပ်လို့ မရဘူး” “ဥက္ကဌ သွေးထိုးထားတဲ့ လူတွေ နည်းတာ မဟုတ်ဘူး” “ ဥက္ကဌ သားတွေ” ဆိုပြီး လူတွေကို နာအောင် ဆွပေးတယ်။ သူရူးတစ်ယောက်နဲ့ကို မတူအောင် စကားတတ်တယ်။
သူ့အစ်မကို ဆွဲလား ရမ်းလားနဲ့ လုံးထွေးပြီး ဒွေးရောယှက်တင်ပဲ။ တစ်ရွာလုံးကလည်း တစ်ယောက်တစ်ပေါက်နှုန်းနဲ့ လှောင်ပြောင် နေကြတယ်။ မိန်းမတွေကတော့ အရူးတွေနဲ့ နပန်းလုံးဖို့ အတွက် ထမီ ရင်ရှားတွေ အဆင်သင့် ပြင်ဝတ်ထားကြတယ်။
မကြိုင်အလုပ်က ၂ လုံး ၃ လုံးလည်း ရောင်းသလို၊ ပွဲစားလည်း လုပ်တယ်။ လှဖေကို ခြံပိုင်ရှင်တွေက ၇ သောင်းလည်း ပေးထားပြီးပြီ။ လမ်းအတွက်လည်း ပေးထားပြီးပြီ။ စုစုပေါင်း တွက်လိုက်ရင် ၂ ပုံးလောက် ကျွတ်နေပြီလို့ ဆိုတယ်။ ဒီအရူး လှဖေနဲ့ ပတ်သက်ရင် တစ်ရွာလုံး လူညီနေကြတာက ခံဖူးတဲ့ လူတွေချည်းမို့။ မသိတဲ့သူ ကြည့်ရင်တော့ မတရား နှိပ်စက်နေတယ် ထင်စရာပဲပေါ့။
“အမှန်တိုင်း ပြောရမယ် ဆိုရင် ဥက္ကဌ လာဘ်စားထားတယ်။ ဥက္ကဌ တပည့်တွေကလည်း ငါ့ကို သတ်ဖို့ စောင့်နေကြတယ်။ အနိုင်ကျင့်နေကြတယ်။ ”
ဆိုပြီး ဥက္ကဌ မျက်နှာကို တံတွေးနဲ့ လှမ်းထွေးတယ်။ အိမ်နားနီး ချင်း ကိုဖိုးခွါး ကျွန်တော့် အနားရောက်လာပြီး သူ့အကြောင်းတွေ လာပြောပြတယ်။
“မင်းကို ငါပြောပြမယ်။ အရူးမြင်ရင် ဘယ်တော့မှ အနားမကပ်နဲ့။ သူ့နဲ့ ဝေးဝေးမှာနေ။ တစ်လောတုန်းက အရူးတစ်ယောက် ဘုမသိ ဘမသိနဲ့ လမ်းလျှောက်လာပြီးမှ ဘတ်ခနဲ လူကို ဓါးနဲ့ ထိုးသွားလို့ ဆေးရုံရောက်သွားတယ်။ မြို့ထဲက ငါတို့ထိုင်နေကျ လက်ဖက်ရည်ဆိုင် ရှေ့မှာလည်း တစ်ခါ။ ဘယ်က အရူးလည်း မသိပါဘူး။ ကားနောက်မှာ ငုတ်တုတ်တုတ်လေး ထိုင်ပြီး ကွမ်းထွေး နေတာလား မသိပါဘူး။ လူတစ်ယောက်က ဒီအရူး ဗိုက်နာနေတာလား၊ ဗိုက်ဆာနေလို့ ထင်ပါတယ် ဆိုပြီး ကြာကွေး ကျွေးဖို့ သွားတာ အရူးက ကျောက်တုံးနဲ့ ကောက်ထုလိုက်လို့ ခေါင်းပေါက်သွားတယ်။ ဥက္ကဌ လှသောင်းနဲ့ စိန်သန်းတို့ တုန်းကလည်း အရူးပြန် ထိုးတာ ခံရပြီးပြီ။ အရူးရိုက်တော့ ဥပဒေ မမြောက်ဘူး။ အရူးကို ပြန်ရိုက်ရင်တော့ လျှော်ရမယ်။ ကွမ်းယာ ဆိုင်မှာ တုန်းက ငါတို့ ဘော်ဒါ ကျော်ဦး မျက်နှာကို အရူးတစ်ယောက် သံပိုက်နဲ့ ‘ယား’ခနဲ တရုတ်သိုင်းကားထဲက အတိုင်း အော်ပြီး ရိုက်ချလိုက်တာ မျက်နှာကွဲပြီး မေ့သွားတယ်။ မင်းဒင်တို့ တင်လှတို့ ရောက်လာပြီး အရူးကို ဖမ်းချုပ်လိုက်ရတယ်။ လူတွေ ၀ိုင်းသမ ထားလို့ သူလည်း မေ့မြောနေပြီ။ ရဲစခန်းရောက် တော့ သုခိတာ ဆေးလိပ် တစ်စည်း ပေးထားတာ တစ်စည်းလုံး ကုန်အောင် ထိုင်သောက်တယ်။ တကယ့် အရူး။ ပြီးမှ သူပြောချင်ရာတွေ လျှောက်ပြောနေတယ်။ ကျော်ဦးကတော့ ကွဲပြဲပြီး ဆေးရုံပေါ် ပက်လက်လေး မေ့မြောလို့။ ၂ လလောက် ကုလိုက်ရတယ်။ မျက်နှာမှာ အမာရွတ်ကြီးနဲ့ ပေါ့။ ဒီကောင် လှဖေရဲ့ညီ လှသောင်းနဲ့ ရန်ဖြစ်တဲ့ မောင်မြင့်ကိုလည်း ဓါးနဲ့ လှမ်းခုန်တာ မျက်နှာမှာ ၂၂ ချက် ချုပ်လိုက် ရတယ်။ ကံကောင်းလို့ ဇက်ကို မခုတ်မိတာ။ သူတို့ တစ်မျိုးလုံးက အရူးမျိုးလေ။ ဥစ္စာရူးတွေ။ ဒါကြောင့် ဆင်းရဲတာ။ ဟိုဘက်ခြံက ဦးရွှေကြည် လည်း ဒီခြံကိစ္စနဲ့ စိတ်တိုပြီး ၀ါးလုံးနဲ့ ရိုက်လို့ တစ်သောင်းခွဲ လျှော်လိုက်ရပြီးပြီ။ ကျော်ဆန်းရဲ့ အမေကို လှဖေက လောက် လေးခွနဲ့ ပစ်လို့ သူ့သားက ၀င်ထိုးတော့ လျှော်ကြေးပေးလိုက်ရတယ်။ လှဖေက မရူးဘူး။ သူ့အစ်ကို လှရွှေရဲ့ လက်မှတ်နဲ့ လုပ်စားနေတာ။ သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက် တွေချည်းပဲ။ ဒါလည်း မမှတ်သေးဘူး။ လူဟောင်း ဦးတင်ဖေ သာ ဥက္ကဌ ဆိုရင် တစ်ခါထဲ ၀င်ထိုးပြီး ရဲခေါ်ပြီးသားပဲ။ ရူးတဲ့သူ အစစ်ဆိုရင် သိုင်းချ ချင်ချ နေတတ်တယ်။ အပင်ကို ကန်ချင်ကန်၊ က ချင် က နေတတ်တယ်။ သူကတော့ ခပ်တည်တည်ပဲ။”
အိပ်ချင်ယောင်ဆောင်သူကို အိပ်ယာက နှိုးရခက်သလို အစစ်ထက် ဟန်ဆောင်သူက ပိုကြောက်စရာကောင်းတယ်။ ဥပမာ- ရူးဟန်ဆောင်သူ။ လှဖေ ဆိုရင်တော့ တစ်ရပ်ကွက်လုံး ရှောင်ကြသလို။ သူ့အတွက်နဲ့ ရန်ဖြစ်ပြီ ဆိုရင် တစ်ရပ်ကွက်လုံး လူညီပြီးသားပဲ။ လှဖေ သွားဖို့ အတွက် ဂုံးကျော်တံတား တစ်စင်း ထိုးပေးလိုက်ပါလား လို့ ကိုဖိုးခွါးက ၀င်သရော်တယ်။ လှဖေနဲ့ မကြိုင် မောင်နှမ သွားရန် တံတား ဆိုပြီး ဆိုင်းဘုတ်တပ်လိုက်ပေါ့တဲ့။ အမှန်တော့ သူက စမူဆာ စားချင်နေတာ။ မိန်းမ လိုချင်နေတာ တစ်ပိုင်းကို သေလို့။ ယူမယ့်လူ မရှိဘူးလေ။ နှစ်ယောက်လုံးကို ဖမ်းခေါ်သွား လို့ တစ်ယောက် အော်ပြောလိုက်တော့
“ဘယ်သူက လျှာဝင်ရှည်နေတာလဲ၊ မဆိုင်သူတွေ ၀င်မပါနဲ့ ၊ ငါက ကြားဝင် ညှိပေးနေတာတောင် ငါ့ကို ဖမ်းချင်နေတာလား”
 ဆိုပြီး မကြိုင် ပြန်ကလော်တယ်။ အရူးက လူတွေကို ဓါးနဲ့ ထိုးမယ်ချည်း လုပ်နေတော့ သူ့ အစ်မ မကြိုင်က
“ထိုးလေ၊ ငါ့ကို ထိုး”    လို့ပြောတော့
“တစ်ချက်ထဲတော့ မထိုးဘူး”
ဆိုပြီး ရှောင်နေတယ်။ ဘုန်းကြီးတွေ အလီလီ တရားဟောပြီးပြီ။ ဓမ္မမေဒနီ ဆရာတော် ဦးဝိစိတ္တ ဆိုရင် ဆိုရင် လက်မြှောက် ထားလိုက်ပြီ။ လှဖေ လာပြီဆိုရင် ‘ကျွေးလိုက် ကျွေးလိုက်၊ ရှိတာ ကျွေးလိုက်’ ပဲ။ ဘာမှ ပြောမနေဘူး။ ဘုန်းကြီးကိုတောင် တရား ပြန်ဟော တဲ့ အရူး။ ကလေးတောင် တရား သိသေးတယ်။
“ငါပြောသလို လိမ်လိမ်မာမာ နေရင် အိပ်ယာနဲ့ ဆိုဖါနဲ့ ဇိမ်နဲ့ နေရမယ်၊ ငါ့စကား နားမထောင်ရင်တော့ နင်ကြမ်းပြင်မှာပဲ အိပ်ရမယ်။ ဒုက္ခရောက်မယ်၊ သူများရိုက်လို့ ရတဲ့ ဒဏ်ရာတွေလည်း မနည်းဘူး မှတ်လား၊ ဒါတောင်မှ မမှတ်သေးဘူးလား”
ဆိုပြီး သူ့အမ မကြိုင် ပြောတာကို ‘မမှတ်သေးဘူး’ ဆိုပြီး လိုက် အငေါ်တူးတယ်။ လူတွေကလည်း ကျွတ်စီ ကျွတ်စီနဲ့ ပေါက်ပေါက် ဖေါက်နေကြတယ်။ ညကြီးမင်းကြီး ရန်ဖြစ်ကြတာ မီးတွေတောင် ထွန်းပေးထားရတယ်။
အရူးလက်ထဲ လက်နက် ရသွားပြီ ဆိုတော့ ရဲတွေ လာခေါ်တဲ့ အခါ သီချင်းလေး တအေးအေးနဲ့ မျက်နှာက စပ်ဖြဲဖြဲ ရယ်တောင် ရယ်နေလိုက်သေး၊ ‘အခု မမွှေတော့ဘူးလေ’ ဆိုပြီး လေပြေလေးနဲ့ တောင်းပန်နေတာ။ မရတော့ဘူး။ အခုမှ မရတော့ဘူး၊ ဆိုပြီး တစ်ရွာလုံး ၀ိုင်းပြောတော့ ရဲတွေလည်း ဖမ်းခေါ်သွားရတယ်။ သူပဲ မဟုတ်သလိုလို၊ သူပဲ ဘာမှ မလုပ်ခဲ့သလိုလိုနဲ့ လူတွေ လူတွေ။
“မင်းတို့ အားလုံး အရူးတွေ”
လို့ အော်တုန်း။ လက်ထိပ်ခတ်ထားတာတောင်မှ ထိန်းမနိုင်အောင် ကြမ်းတုန်းပဲ။ နာရီကြည့်လိုက်တော့ ၉ နာရီလောက်ရှိနေပြီ။ နောက်တော့ စခန်းမှူး ရောက်လာပြီး လှဖေကို ခြေချုပ်တင်ဖို့အတွက် ထိန်းသိမ်းခေါ်ဆောင်သွားတယ်။ လူတစ်ယောက် ရူးတယ် ဆိုရင်လည်း ဆေးစစ်ချက်နဲ့ အတည်ပြုပြီးမှ ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကို ပို့သင့်ပို့ရမယ် လို့ တိုင်ပင်နေကြတယ်။
ကျွန်တော်လည်း စိတ်ဝင်စားလို့ လူအုပ်ကြီးနဲ့ အတူ စခန်းကို လိုက်သွားလိုက်တယ်။ စခန်းရောက်တော့ ရဲလုပ်ငန်းစဉ်အတိုင်း လုပ်စရာရှိတာတွေ လုပ်ကြတယ်။ ပြန်ကြတော့လို့ ဆော်သြနေလို့ လူတွေကလည်း တဖြည်းဖြည်း ပြန်သွားကြပြီး စခန်းမှာ လူရှင်းသွားတယ်။ ကျွန်တော်က လှဖေနဲ့ စကားနည်းနည်း ပြောချင်ကြောင်း ခွင့်တောင်းပြီး စကားဝင်ပြောတယ်။
“ခင်ဗျား ဘာလို့ ဒီလောက် ဆိုးရတာလဲ ဗျာ”
လို့ တစ်ခွန်းထဲ ကျွန်တော် မေးလိုက်တော့ သူဘာမှ ပြန်မပြောနိုင်ဘူး။ ကျွန်တော့် မျက်နှာကို တွေတွေကြီး စိုက်ကြည့်ပြီး အံတွေ ကြိတ်ထားတာ။ အတော်တန်ကြာတဲ့ထိ သူ့စကားသံ ထွက်မလာဘူး။ အရူးတစ်ယောက်လို စကားတွေ တောင်ပြော မြောက်ပြော လည်း လျှောက်ပြောမနေပါဘူး။ ပြီးမှ မျက်ရည်တွေ တသွင်သွင်စီးကျလာပြီး အင်္ကျီ လက်ခုံနဲ့ သုတ်တယ်။ အားမရတော့ ပုဆိုးခါးပုံစနဲ့ သုတ်ပြန်တယ်။ သူ့ ငေါနေတဲ့ သွားနဲ့ပုဆိုး အရေးထဲ ငြိနေသေးလို့ ဖြုတ်ရသေးတယ်။
တော်တော်လေးကြာတယ်။ စုတ်သပ်လိုက်။ သက်ပြင်းချလိုက်နဲ့ လုပ်နေတာ။ သူတော်တော် ဒေါသထွက်လိုက်ရပြီး ပင်ပန်းသွား ပုံပေါက်ပါတယ်။ ကြိတ်မနိုင်ခဲမရ ဖြစ်ပြီး လက်လျှော့လိုက်တဲ့ ပုံပါပဲ။ နောက်ဆုံး ကျွန်တော် ပြန်တော့မယ် လို့ ထရပ်လိုက်တော့-
“အမှန်တော့ ငါ့အစ်မကို ဒီနည်းနဲ့ ငါလုပ်ကျွေး နေတာပါ”
လို့ ဆိုလာတယ်။ ကျွန်တော့်ရင်ထဲ ဆို့သွားတယ်။ ပြန်ပြောစရာ စကားတချို့ ပျောက်ဆုံးသွားခဲ့တယ်။ အိမ်ပြန်ရောက်တဲ့ထိပေါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကလောင် - သိရ် (အေးသာယာ)

No comments:

Post a Comment


Aung Hein - နည်းပညာ