Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Thursday, March 17, 2016

သမိုင်းဝင် စံကား မြို့ဟောင်း သို့ တစ်ခေါက်

သမိုင်းဝင် စံကား မြို့ဟောင်း သို့ တစ်ခေါက် 

 
စည်သာ(တောင်ကြီး)

Wednesday, March 2, 2016

ရှမ်းပြည်နယ်မှာ ရှိတဲ့ ဒုတိယဦးပိန်တံတား(သို့) နောင်ဖာကန်

ရှမ်းပြည်နယ်မှာ ရှိတဲ့ ဒုတိယဦးပိန်တံတား(သို့) နောင်ဖာကန်

စည်သာ(တောင်ကြီး)

Monday, February 29, 2016

ခရီးသွားမြို့တစ်မြို့ ဖြစ်လာနိုင်သည့် မြို့ရွာငံ

ခရီးသွားမြို့တစ်မြို့ ဖြစ်လာနိုင်သည့် မြို့ရွာငံ

စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ရွာငံမြို့သည် မကြာသော အချိန်တစ်ခုအတွင်း ခရီးသွားလာရေး မြို့တစ်မြို့ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ရွာငံကို ရောက်ဖူးသော ခရီးသွားလာသူများနှင့် ဒေသခံတို့က ခန့်မှန်းထားကြသည်။ ရွာငံမြို့ကို ရောက်ဖူးသူတိုင်း ရွာငံကို ချစ်ကြသည်။ ရွာငံသည် လှပကြောင်း ရောက်ဖူးသော ခရီးသွားလာသူတို့က မှတ်ချက် ပြုသွားကြသည်။
တောင်ကြီးမြို့မှ အောင်ပန်းကို ၃၈ မိုင် ကွာဝေးပြီး၊ အောင်ပန်းမှ ရွာငံ သို့ ၄၂ မိုင် ကွာဝေးသဖြင့် တောင်ကြီး-ရွာငံသည် ပေါင်း မိုင် ၈၀ ကျော် မောင်းနှင်ရလေသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၄၀၈၂ ပေ မြင့်သော ရွာငံ သည် တောင်ပေါ်မြို့လေး တစ်မြို့ပင် ဖြစ်ပြီး၊ ဒေသထွက်ကုန်သီးနှံများ အဖြစ် နှစ်ရှည်ပင်များဖြစ်သော လက်ဖက်ပင်၊ ထောပတ်၊ ဒညင်း၊ ပိန္နဲ၊ ကော်ဖီ နှင့် ဥယျာဉ်ခြံမြေများအဖြစ် လိမ္မော်၊ မုန်ညင်း နှင့် ခရမ်းချဉ်သီး၊ စပါးတို့ကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ရွာငံမြို့ပေါ်တွင် ရပ်ကွက်(၃) ခု ရှိပြီး၊ ကျေးရွာအုပ်စုပေါင်း (၂၈) အုပ်စု၊ ကျေးရွာပေါင်း (၁၂၅) ရွာ ရှိကာ၊ လူဦးရေ ပေါင်း ၈ သောင်းကျော် မှီတင်းနေထိုင်ကြသည် ။ ရွာငံတွင် အများအားဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော၊ ဓနုတိုင်းရင်းသား အများစု နေထိုင်ကြပြီး၊ တောင်ရိုးနှင့် ပအိုဝ်း လူမျိုးများလည်း အနည်းငယ်စီ နေထိုင်ကြသည်။
ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ရွာငံမြို့သည် အင်မတန် ချစ်စရာကောင်းသော မြို့လေး တစ်မြို့ ဖြစ်ပြီး၊ မြို့ဝင်ခါနီး မှ စ၍ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရှိသော ရှုခင်းများနှင့် ယူကလစ်ပင်အရှည်ကြီးများသည် ခရီးသွားများ၏ စိတ်ကို ဆွဲဆောင် ညှို့ငင်လို့ နေတော့သည်။ တောင်ကြီးမြို့မှ သွားလျှင် ရွာငံမြို့ရောက်ဖို့ တောင်ကုန်း- ကုန်းမြင့်ရှည် ၂ ကုန်းကို တောင်ပတ်လမ်းအတိုင်း ကျော်ဖြတ်သွား ရလေသည်။ တောင်ကြီးအဆင်းမှ အောင်သပြေ၊ ရွှေညောင်၊ တောင်လေးလုံး ရောက်လျှင် အကွေ့အကောက် တောင်ပတ်လမ်းအတိုင်း တောင်ပေါ် တစ်တောင် တက်ရသည်။ တောင်လေးလုံးတောင်ကြောသည် နာမည်ကျော် "ဘ၀သံသရာ တံတား" ရှိသော တောင်ကုန်းပင် ဖြစ်တော့ သည်။ ထိုတောင်ကုန်းကို ကျော်ပြီးလျှင် ဟဲဟိုးမြို့ကို ရောက်သည်။ ဟဲဟိုးမြို့ကို ကျော်ပြီး တောင်ပေါ်တစ်တောင် ထပ်တက်ရပြန်သည်။ ဟဲဟိုး တောင်ကုန်း ဆင်းလျှင် အောင်ပန်းမြို့ အစပ်နားကို ရောက်သည်။ အောင်ပန်းမြို့ရောက်လျှင် ပင်းတယလမ်းခွဲ သွားသော မြားပြထားသည့် “ကျုံး” ဆိုသော မြို့လမ်းခွဲလေးကို တွေ့မြင်နိုင်သည်။ ရွာငံ လမ်းခွဲအတိုင်း ဝင်လိုက်ပြီ ဆိုရင်ဖြင့် စိတ်ကြည်နူးဖွယ်ရာ မြင်ကွင်းများကို စတင်မြင်တွေ့ရမှာ ဖြစ်သည်။ လှေကားထစ် စိုက်ပျိုးခင်းများ၊ တစ်တောင်ပေါ် တစ်တောင်ထပ် နေသော တောင်တန်းများ၊ လှိုင်းတွန့်သဖွယ် ဖြစ်နေသော မြေပြင်များက မမြင်ဖူးသူတို့အဖို့ အဆန်းအသစ် များချည်းပင် ဖြစ်နိုင်ပါသည်။
ရွာငံ ရောက်ခါနီး ၇ မိုင်နှင့် ၉ မိုင်ခန့်တွင် မြင်းကျဒိုးရွာ ရောက်လျှင် ဦးစွာမြင်တွေ့ရသည်မှာ " မိန်းမရဲ တောင်တော်သခင်မတောင်" ကြီးရဲ့ မြင့်မားကြီးမား လှတဲ့ နတ်ရုပ်ကြီးများကို ဟိုးအဝေးမှပင် လှမ်းမြင် ရမှာ ဖြစ်သည်။ တောင်ပေါ်တက်ရန် အတွင်းသို့ တစ်မိုင်ခန့် ထပ်ဝင်မှ တောင်ခြေကို ရောက်တော့သည်။ တောင်ပေါ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် အပေါ်စီး ရှုခင်းမြင်ကွင်းများသည် အင်မတန်လှပပါသည်။ ထို မိန်းမရဲ သခင်မတောင် ကျော်ပြီး အနည်းငယ်မျှ သွားလိုက်လျှင် လမ်း၏ ဘယ်ဘက်ခြမ်း၌  မြသပိတ် ရေပြာအိုင် သို့ ဆိုသော ဆိုင်းဘုတ်လေးကို တွေ့မြင်နိုင်၏။ ထို ဆိုင်းဘုတ်လေးအတိုင်း အတွင်းသို့ ၃ မိုင်ခန့် ဆိုင်ကယ်ဖြင့် မောင်းနှင်သွားရပြန်၏။ လမ်းဆုံးလျှင် ရေကန်အကြီးကြီး တစ်ကန်သို့ ရောက်မည်။ ပထမ ကျွန်တော်တို့ ထင်လိုက်သည်မှာ ထိုကန်သည် မြသပိတ် ရေပြာကန် ဖြစ်ရမည်ဟု ထင်လိုက်သည်။ ထိုကန်ကြီးသည် ကြီးလည်း ကြီးသည်၊ ရေကလည်း ပြာလည်း မပြာချေ။ ကြားဖူးသည်မှာ ရေပြာသည် အရမ်းကြီးလည်း မနက်၊ လူတစ်ရပ်ခန့်သာ နက်ပြီး၊ ရေကလည်း ပြာစိမ်းလဲ့နေတာပဲ ဟု ကြားခဲ့ဖူးသဖြင့် မဟုတ်နိုင်ဘူးဟု အတွင်းသို့ ဆိုင်ကယ်ဖြင့် ထပ်ဝင်ရင်း ရှာဖွေလိုက်ရာ လမ်းကြားလေးကို တွေ့ရ၏။။ ထိုလမ်းကြားလေးအတိုင်း အထက်သို့ ထောင်တက်ရန် မြားပြထားသည်ကို တွေ့လိုက်ရသဖြင့် ပျော်သွားကြ၏။ မကြာမီရေပြာကန်ရှိရာ အ၀င်ပေါက်သို့ရောက်၏။ ထို အဝင်ဝတွင် ရေပြာကန် အကြောင်း သတိပေးထားသော ဆိုင်းဘုတ်များ ကပ်ထားသည်ကို ဖတ်လိုက်ရသည်။ မြသပိတ် ရေပြာကန် ဟု ရေးထားသေး၏။
ရောက်ပါပြီ။ ကျွန်တော်တို့ ရှာဖွေနေသော ရေပြာအစစ်ကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိုက်သဖြင့် အတိုင်းမသိ စိတ်တွင် ပျော်ရွှင်သွားရ၏။ ရေပြာကန်အတွင်းသို့ ၀င်ရောက်ရန် လှေကားလေးအတိုင်း အောက်သို့ ဆင်းသွားရ၏။ တောလမ်းလေးအတိုင်း သဘာဝ သစ်ပင်သစ်တောများဖြင့် မြင်တွေ့ရသည်မှာ တကယ့် ဂနိုင်စိမ့်တော အတွင်းသို့ ရောက်ရှိနေသကဲ့သို့ စိတ်တွင် ခံစားရ၏။
ရေပြာကန်၏ စည်းကမ်းချက်များမှာ စုံတွဲများ မနေရကြောင်း၊ ကန်အတွင်းသို့ အမျိုးသမီးများ မဝင်ရောက်ရကြောင်း၊ ကန်အတွင်းတွင် အ၀တ်မလျှော်ရ၊ ခြေမဆေးရကြောင်း၊ မကောင်းသော အပြုအမူများ မပြုလုပ်ရကြောင်း၊ အညစ်အကြေး နှင့် အမှိုက်သရိုက်များ မစွန့်ပစ်ရကြောင်း၊ ကျင်ကြီး ကျင်ငယ်များ ကန်အတွင်း မစွန့်ပစ်ရကြောင်း ဆိုင်းဘုတ်များလည်း ထောင်ထားသည်။ ကန်ပတ်ပတ်လည်တွင် သစ်ပင်ကြီးငယ်များ ၀န်းရံထားပြီး ကန်ကို သစ်သားဘောင်ဖြင့် အရံအတားပြုထားသည်။
မြသပိတ်ရေပြာကန်သည် ပြာလဲ့နေပြီး မှန်တစ်ချပ်ကဲ့သို့ ကြည်လင် တောက်ပနေသဖြင့် လာရောက် လည်ပတ်သူအပေါင်းတို့  စိတ်ချမ်းသာရကြောင်း မှတ်ချက်ပြုထားရသော နေရာတစ်ခုလည်း ဖြစ်သည်။ ရွာငံ တိုင်းရင်းသား အပေါင်းတို့ ပြောကြားချက်အရ ထိုရေပြာအိုင် သည် နေရောင်ခြည် ထွက်လာမှသာ အပြာရောင် သန်းပြီး၊ ရေပြာအိုင်အောက်တွင် နောင်ပွင့်တော်မူမည့် ဘုရားရှင်အား ရည်မှန်းလှူဒါန်းထားသည့် မြသပိတ်တော်ကို ထိုရေပြာအိုင်အောက်ခြေတွင် ဖွက်ထားသည်ဟု အယူရှိကြသည်။ ထူးခြားချက်မှာ ရေပြာကန်တွင် ငါးများလည်း ရှိပြီး၊ ငါးများကိုလည်း မြင်နေရသည်။ သစ်ပင်ကြီးများမှ ကျသော သစ်ရွက်များသည် အလယ်တွင် မရှိဘဲ ဘေးနားတွင် ၀ိုင်းသွားပြီး၊ အလယ်တွင် ဘယ်သောအခါမှ ရှိမနေချေ။ ထိုဒေသတွင် အခြားသောကန်များလည်း ရှိသေးပြီး၊ ထိုကန် တစ်ခုသာ အပြာရောင် ဖြစ်နေကြောင်း ထူးဆန်းစွာ ကြားသိရသည်။ ထိုရေကို ဓါတ်ခွဲကြည့်မှသာ အဘယ်ကြောင့် ပြာရသည်ကို သိရမည် ဖြစ်သည်။
ရေပြာကန်ဆိုသည့်အတိုင်းပင် ရေများသည် ပြာလဲ့နေပြီး အပြာရင့်ရောင် သန်းနေ၏။ ထို အပြာရောင် အစစ်အမှန်ကို ကင်မရာ များဖြင့် ပုံဖမ်းယူ၍ မရနိုင်အောင်ပင် အပြင်မှာ အမှန်တကယ်ကို ကြည်နူးဖွယ် ဖြစ်ကြောင်း ရောက်ဖူးသူတိုင်း သိရှိပါလိမ့်မည်။ ရေပြာကန် အောက်တွင် သစ်ပင်ကြီးများ လဲပြိုနေသည်ကို အပေါ်စီးမှ အတိုင်းသား မြင်တွေ့နေရသည်။ ထို့ပြင် သစ်ရွက်များ ကန်အတွင်းသို့ ကြွေကျမှုကြောင့် သစ်ရွက်ဆွေးများမှ အညစ်အကြေးများ ဖြစ်လာနိုင်ဖွယ်ရာ ရှိသည်ကိုလည်း မြင်တွေ့ရသည်။ ဒေသခံများ ပြောပြချက်အရ နေရောင်ခြည် ကျချိန် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိသာ ရေများ အပြာရောင် ပြောင်းသွားကြောင်း၊ ကျန်သောအချိန်တွင် အပြာရောင် မမြင်ရကြောင်း ပြောသည်။ ကျွန်တော်တို့လည်း ကျန်သော ညဘက် အချိန်များတွင် မရောက်ဖူးသဖြင့် ဟုတ် မဟုတ်ကိုတော့ဖြင့် အတည်မပြုနိုင်ပါ။ ဘယ် ဓါတ်ကြောင့် ထိုရေကန်သည် အပြာရောင် ဖြစ်နေသနည်း ဆိုသည်ကို ဒေသခံများတွင် မည်သူမျှ မပြောနိုင်သော်လည်း ဒေသန္တရ ဓလေ့ထုံးတမ်းများနှင့် ယုံကြည်မှုများတော့ ရှိနေကြပါသည်။ ထိုရေကန်ကြီးအောက်တွင် မည်သည့် Chemical ပစ္စည်းများကြောင့် အပြာရောင် ဖြစ်နေသည်ကို သိပ္ပံပညာရှင်များကသာ စမ်းသပ်ရှာဖွေ သုတေသန ပြုနိုင်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
×××
ယခုအချိန်တွင် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားများအပြင် ၊ ပြည်တွင်းမှ ဧည့်သည် များသည်လည်း ရွာငံတွင် အမြဲ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ရွာငံတွင် လည်ပတ်စရာ သဘာဝ ပတ်ဝန်းကျင်များအဖြစ် မြသပိတ် ရေပြာအိုင်၊ တောကျယ် ရေတံခွန်၊ မိန်းမရဲသခင်မတောင်တော် ၊ ပြဒါးလင်းဂူ နှင့် သဘာဝ လိမ္မော်နှင့် ကော်ဖီခြံများ၊ တောင်တန်းနှင့် ယာခင်းများတို့သည် ခရီးသွားများ လာရောက်လည်ပတ်ရာတွင် စိတ်ကျေနပ်စရာပေးသော နေရာများအဖြစ် အားလုံးက မှတ်ချက်ပြု ထားကြသည်။ ထို့ပြင် မဖော်ထုတ်ရသေးသော တောထဲမှ သဘာဝ လှိုဏ်ဂူများ ရေတံခွန်များနှင့် စိမ့်စမ်းများလည်း နေရာများစွာ ရှိနေသေးကြောင်း သိရသည်။
 “ လာလည်ကြသူ တော်တော်များတယ်။ ဒီမှာ ဟိုတယ်ဇုန်တွေ ဘာတွေ ထပ်လုပ်မယ်လေ။ ရွာငံက ရွှေသံလွင် ကုမ္ပဏီ သိတယ်မလား။ မြေတွေ အတော်များများ သိမ်းထားတယ်လေ။ အဲဒီမြေတွေထဲမှာ စတူဒီယို အကြီးကြီး ဆောက်တော့မယ်လို့လည်း သတင်းတွေ ကြားနေတယ်။ အဲမှာ နိုင်ငံခြားသားတွေ လာပေါ့။ မြင်းတွေ လာတွေ စီးပေါ့။ နောက်ဆုံး မေမြို့က ရုပ်ရှင် ရိုက်တဲ့ အဖွဲ့တောင် ရွာငံ ရောက်ရင် ရောက်လာမှာ။ စကိုင်းနက်က လုပ်မှာလေ။ အဲဒီမှာ စတူဒီယို အကြီးကြီးဆောက်ပြီး လုပ်မှာ။ ပြဒါးလင်း ဂူကို ကားလမ်းပေါက်သွားပြီလေ။ ကားနဲ့ ဆို တစ်နာရီပဲ ပေါက်တယ်။ ရှမ်းပြည်နယ်ထဲ သိပ်ဝေးဝေး မသွားရဘဲ တောတောင် ရေမြေ သဘာဝ လေးတွေ ကြည့်လို့ရတာပေါ့။ ”
ဟု ရွာငံ ဒေသခံ ကိုခင်မောင်ဆင့် က ပြောသည်။
ထို မြသပိတ်ရေပြာကန်မှ ဆက်သွားလျှင် ဘုန်းကြီးကျောင်း တစ်ကျောင်းကိုရောက်သည်။ ထိုကျောင်းတွင် ယာဉ်များ အပ်နှံပြီး လမ်းလေးအတိုင်း ၅ မိနစ်ခန့် လမ်းလျှောက် လိုက်လျှင်ဖြင့် တောကျယ် ရေတံခွန်သို့ ရောက်တော့သည်။ တောကျယ်ရေတံခွန်သည် လူသိနည်း လူသူအရောက်အပေါက် နည်းသေးသည့် မထင်ရှားသေးသောရေတံခွန် တစ်ခုလည်း ဖြစ်သည်။ ရေတံခွန်ငယ် တစ်ခုလည်း ဖြစ်ပြီး ရေကျပုံမှာ သဘာဝကျပြီး အင်မတန် လှပသည်။ တောတောင် စိမ့်စမ်းတွင် ကျေးငှက်သာရကာ အော်မြည်သံများ ဖြင့် အေးချမ်းလှတော့သည်။
ရွာငံတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးသေးသော နိုင်ငံခြားသားများအကြိုက် ရှုခင်းများ စွာ ကျန်ရှိသေးကြောင်း သိရသည်။ ထို စီမံကိန်းကြီး ဆောက်လုပ်ဖြစ်လျှင် မကြာမှီ အချိန်အတွင်း ခရီးသွားလာရေး မြို့တစ်မြို့ ဖြစ်သွားနိုင်ကြောင်း သိရသည်။ ထို့ပြင် ရွာငံလမ်းသည် မန္တလေးမှ တောင်ကြီးသို့ သွားရာ ပြည်ထောင်စု လမ်းမကြီး အဆင့် တိုးချဲ့လိုက်ပြီး နောက်ပိုင်းတွင် စည်ကားလာကြောင်း လည်း သိရသည်။ ရွာငံရှိ - ဟန်မြင့်မိုရ် လမ်းခွဲအတိုင်း မန္တလေး သွားလျှင် မိုင်-၅၀ သက်သာသဖြင့် ဆီကုန်သက်သာကြောင်း လည်း သိရသည်။
ရွာငံတွင် တစ်ပတ်တန်သည်၊ တစ်လတန်သည် နားခိုပြီး တောင်တက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ သဘာဝ လှိုဏ်ဂူများကို လေ့လာခြင်းတို့ကိုလည်း ပြုလုပ်နိုင်သေးကြောင်း သိရသည်။
ထို့ပြင် ရွာငံမှ ထွက်သော ကော်ဖီစေ့သည် အရှေ့တောင်အာရှတွင် အဆင့်အမြင့်ဆုံး ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့တစ်ခု ဖြစ်သော US-Aid အခွဲ Wind Rock မှ သတ်မှတ်ပေးခဲ့သဖြင့်၊ ကော်ဖီအဆင့်မြှင့်တင်ရေးအတွက်  မြန်မာနိုင်ငံ ကော်ဖီ စိုက်ပျိုးသူများ၊ ထုတ်လုပ်သူများအဖွဲ့မှ ရွာငံတွင် သင်တန်းများလည်း လာပေးနေကြောင်း သိရသည်။ ရွာငံတွင် ဒေသတွင်း ကော်ဖီ စိုက်ပျိုးသူများစွာ ရှိသော်လည်း ရင်းနှီးမှု ကုန်ကျစရိတ် မတတ်နိုင်ခြင်း၊ နည်းပညာ မကျွမ်းကျင်ခြင်း တို့ကြောင့် နိုင်ငံတကာ အဆင့်မှီသော ကော်ဖီမျိုးများ မဖြစ်ဘဲ အလေအလွင့်များကြောင်း သိရသည်။ ထို နည်းပညာ မပြည့်စုံမှုဖြင့် စိုက်ပျိုးထားသော ကော်ဖီများသည် ဈေးကောင်းမရဘဲ အောက်ဈေးဖြင့်သာ လိုက်ဝယ်သော ပွဲစားများကို ရောင်း လိုက်ရ သည်က များသည်။ ကော်ဖီပင်သည် စိုက်ပျိုးချိန်မှ စ၌ ရိတ်သိမ်းချိန်အထိ ဂရုတစိုက် တယုတယဖြင့် စောင့်ရှောက် ရပြီး၊ ခူးဆွတ်ချိန်တွင်လည်း နည်းစနစ်အတိုင်း အညှာမှ ခြွေကာ ခူးဆွတ်ရသည်။ ခူးဆွတ်ချိန်သည်လည်း မရင့်မှည့်မှီ ခူးဆွတ်ရသည်။ ထို့ပြင် ခူးဆွတ်ပြီး ကော်ဖီစေ့များ လှမ်းရာတွင် မြေကြီးပေါ် မလှမ်းရချေ။ နိုင်ငံတကာ ၀ယ်လက်များသည် ထိုသို့ ဒေသတွင်း မြေကြီးပေါ် ကော်ဖီစေ့များ လှမ်းထားသည်ကို မြင်လျှင် အရမ်းဆဲကြသည်။ ကော်ဖီကို မြေကြီးမှ အနည်းဆုံး ၆ ပေခန့်အကွာတွင် နေလှန်းမှသာ ရေငွေ့ကင်းလွတ်သဖြင့် အဆင့်မြင့်သောကော်ဖီမျိုးကို ရသဖြင့်၊ ထိုသို့ ကော်ဖီ လှမ်းစင်များ ပြုလုပ်ရန် ကုန်ကျစရိတ် များစွာကလည်း ရှိသေးသည်။ ထိုသို့ စိုက်ပျိုးမှု၊ ရိတ်သိမ်းမှု နှင့် ထိန်းသိမ်းမှု နည်းစနစ်များ အဆင့်ဆင့် မှန်ကန်မှသာ အဆင့်မြင့်သော ကော်ဖီ အမျိုးကောင်းကို ရရှိမှာ ဖြစ်သည်။ ရွာငံစိုက် ကော်ဖီမှုန့် စစ်စစ် များကိုလည်း ၀ယ်ယူသောက်သုံးနိုင်ပြီး၊ ရွာငံ ရောက်လျှင် ကောင်းမကောင်း ၀ယ်သောက် ကြည့်ကြဖို့ တိုက်တွန်း လိုပါသည်။
ရွာငံတွင် မရှာဖွေရသေးသော ဂူများလည်း ရှိသေးပြီး၊ ကျောက်ခေတ်မှ စတင်ကာ လူနေထိုင်မှု အထောက်အထား များ ရှိသည့် ဂူများအဖြစ် သတ်မှတ်ထားပြီး၊ စံနမူနာအဖြစ် ပြဒါးလင်း ဂူသည် ယူနက်စကို အဖွဲ့၏ အသိအမှတ် ပြုခံထားရသော ကမ္ဘာ့အမွေအနှစ် တစ်ခုလည်း ဖြစ်သည်။
Xxx
ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် မြန်မာတွင်သာမဟုတ် ကမ္ဘာတွင်ပါ လူသိများထင်ရှားသော အင်းလေးကန်ကဲ့သို့သော ကမ္ဘာလှည့် ခရီးသွားများ စိတ်ပါဝင်စားသည့်နေရာများတွင် ရွာငံမြို့ရှိ ရေပြာကန်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ထို မြသပိတ်ရေပြာကန် အပါအ၀င် ရေတံခွန်၊ သဘာဝလှိုဏ်ဂူ နှင့် တောတောင်စိမ့်စမ်း၊ သဘာဝ ပတ်ဝန်းကျင်များကို ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို တိတိကျကျ ဆောင်ရွက်ကြမည်ဆိုပါလျှင်ဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံသည် ပြည်တွင်းသာမက ပြည်ပနိုင်ငံခြားသားများအား ဆွဲဆောင်နိုင်သော၊ မြန်မာနိုင်ငံ အရပ်ရပ်မှ ခရီးသွားများ စိတ်ပါဝင်စားသော နေရာ တစ်နေရာ ဖြစ်လာနိုင်ပါကြောင်း ရေးသားတင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။
xxxx
Writter
 - စည်သာ(တောင်ကြီး)











အေးသာယာမြို့သစ်ဆီမှ နောင်အင်စေတီ

နောင်အင်စေတီ

စည်သာ(တောင်ကြီး)



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မရောက်ခင် တောင်ခြေရင်းတွင် ရှိသော အေးသာယာ ကားကြီးကွင်းကို ခရီးသွား ပြည်သူများ အားလုံးသိရှိကြမည် ဖြစ်ပေသည်။ အေးသာယာမြို့သည် တောင်ကြီးမြို့ကို အမှီပြုပြီး မြို့တစ်မြို့ ဖြစ်ပေါ်လာခဲ့သော်လည်း ထိုမြို့သစ်လေးသည် တောင်ကြီးမြို့ရဲ့ အရှိန်အ၀ါ အကျော်အဇော်ကို ကျော်လွန်ခြင်း မရှိခြင်း ၊ အေးသာယာမြို့သစ် လေး အဖြစ် လူမသိ သူမသိ ရပ်တည်ခဲ့ရသည်။ အေးသာယာမြို့တည် သက်တမ်းသည် ၂၅နှစ် ငွေရတုကို ကျော်ဖြတ်လာခဲ့ပြီ ဖြစ်ပြီး၊ အေးသာယာ စက်မှုဇုန်မှ ဆက်သွားလျှင် မွေးမြူဇုန်မှ တဆင့် ညောင်ရွှေလမ်းကို ခရီးလမ်းတိုတိုဖြင့် သွားရောက်နိုင်သေးသဖြင့် နောင်တစ်ချိန်တွင် အာရှ လမ်းမကြီး ဖြစ်လာနိုင်ဖွယ် ရှိနေသည်။
အဆိုပါ အေးသာယာ ၊ စက်မှုဇုန် - ညောင်ရွှေ လမ်းမှ တဆင့်ပင် ညောင်ရွှေ အရှေ့၊ အနောက်ဘက် အခြမ်းများကို အလွယ် တကူ သွားရောက်နိုင်ပြီး၊ အနောက်ဘက်တွင် ပင်လောင်း၊ ဖယ်ခုံတို့သို့လည်းကောင်း၊ တောင်ဘက်တွင် လွိုင်ကော် မြို့များသို့လည်းကောင်း၊ ညောင်ရွှေမြို့ မှော်ဘီ လမ်းခွဲမှ တဆင့် ကျောက်တလုံးကြီး ဒေသ နှင့် ဆီဆိုင် တို့သို့ လည်းကောင်း ဖြတ်လမ်း များ အတိုင်း သွားလာနိုင်ပြီ ဖြစ်သည်။ ပင်လောင်းမှ တဆင့် ပျဉ်းမနားကိုပင် အချိန်အနည်းငယ်အတွင်း ဆက်သွားနိုင်သေးသည်။ ထိုလမ်းများသည် လူသိနည်းနေသေးသော လမ်းများလည်း ဖြစ်သည်။
အေးသာယာမြို့သည် မြို့တည်သက်တမ်း ၂၅ နှစ် ကျော်သာ ရှိသေးပေမယ့် အေးသာယာ မြို့ ဟူ၍ မဖြစ်ပေါ်ခင် ရှေးနှစ်ပေါင်း ထောင်ပေါင်းများစွာ ကတည်းက လူမျိုးစုများသည် နောင်အင် ရွာ ၊ နှင့် မုံတ၀ ရွာ ဟူသော ရွာများတွင် လူနေမှုများ ရှိခဲ့ကြောင်း ဒေသခံ များထံမှ မေးမြန်းချက်များအရ သိရှိရသည်။ များသောအားဖြင့် ထိုရွာများတွင် ပအိုဝ်း လူမျိုး၊ ထနော့ လူမျိုး နှင့် တောင်ရိုး လူမျိုးများ အများစု နေထိုင်ကြကြောင်း သိရှိရသည်။ နောင်အင် ရွာတွင် တောင်ရွာနှင့် မြောက်ရွာဟူ၍ ရှိပြီး၊ ပအိုဝ်း နှင့် ထနော့ တိုင်းရင်းသား များနေထိုင်ကြကာ၊ မုံတ၀ရွာတွင် ပအိုဝ်း နှင့် တောင်ရိုး တိုင်းရင်းသား များ နေထိုင်ကြကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသား များ တို့သည် ရှေးနှစ်ပေါင်း များစွာ တို့က တိုးတက်မှု နှေးကွေးစွာ၊ မိမိတို့ ယဉ်ကျေးမှု လူနေမှုစနစ်အတိုင်း လောဘ နည်းနည်း ဖြင့် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုကြောင်း သိရသည်။
မုံတ၀ ရွာသည် မုံတ၀ တောင်ကြောနှင့် ဆက်နေပြီး၊ တောင်ကြီးမြို့ရှိ ကျောင်းကြီးစု၊ ဖရဲ စသော ရပ်ကွက်များနှင့် တောင်ပေါ် တောင်အောက် တောင်ပတ်လမ်းများအတိုင်း ဆက်နေကာ ယခုအခါ သွားလာနေကြကြောင်း သိရသည်။
ယခုကျွန်တော်တင်ပြပေးချင်သောအကြောင်းအရာက နောင်အင်ရွာရှိ ရှေးဟောင်းမွေတော် စေတီ သမိုင်းကို ဗဟုသုတ အဖြစ် ပြန်လည်ဖော်ထုတ်ပေးချင်ပါသည်။ နောင်အင် မွေတော် ဘုရားသည် ရှေးဟောင်း လက်ရာဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင်း ထိုလက်ရာနှင့် ဆင်တူသော နေရာမှာ မွေတော်ကက္ကူဘုရားရှိ မျက်နှာတော်များနှင့် ဆင်တူသည်။ မွေတော် ကက္ကူ စေတီတော်နှင့် ဆင်းတုတော် လက်ရာများသည် ရှေးခေတ် ယိုးဒယား လက်ရာများနှင့် ဆင်တူသည်။ စေတီတော် ထီးတော်များသည် အနက်ရောင်ဖြစ်ပြီး၊ အမြင့်ပိုင်း သို့ ရှည်မျော တက်သွားကြလေသည်။ နောင်အင်စေတီတော်သည်လည်း ထို ဆင်းတုတော်နှင့် ဆင်တူနေလေသည်။ ယခုအခါ နောင်အင်ကျောင်းအတွင်းတွင် အေးချမ်းစေတီတော် အသစ်တစ်ဆူကို ထပ်မံတည်ထားပြီး ဖြစ်သည်။

နောင်အင်ကျောင်း မွေတော်စေတီ သမိုင်းဦး
ကနဦး တွေ့ရှိချက်
အေးသာယာမြို့၊ မြို့လယ်တွင်းရှိ၊ ရှေးဟောင်း မွေတော်စေတီတော်သည် လွန်ခဲ့သော နှစ်ပေါင်း (၉၃၀) ခုနှစ်၌ သာသနာ့ ဒါယကာ- နရပတိစည်သူမင်းတရားကြီး ပေါ်ပေါက်ခဲ့ဖူး၏။ ထိုမင်းတရားကြီးသည် ကောဇာသက္ကရာဇ် (၄၂၈) ခုနှစ် ၊ ဝါဆိုလန်း (၈) ရက် နေ့ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့ပြီး (၄၅၄) ခုနှစ်တွင် မင်းဘိသိက် ခံယူခဲ့ပါသည်။ (၄၅၇) ခုနှစ်ရောက်သောအခါ ၊ ဖောင်စကြာယာဉ် ဖြင့်တိုင်းခန်း လှည့်လည်စဉ်၊ ယခု နောင်အင်ရွာသို့ ရောက်သောအခါ ကြက်သီးမွှေးညှင်း တဖြန်းဖြန်းထလာသဖြင့် အကျိုးအကြောင်း အဆိုးအကောင်းကို ကြည့်ရှုဟောကြား စွမ်းနိုင်သော ပုရောဟိတ် ၊ ပုဏ္ဏား တို့ကို အဖတ်ခိုင်းပြီး၊ ပရောဟိတ် ပုဏ္ဏားတို့ကလည်း စစ်ရှုံး, စစ်နိုင် ဟူသော အကြောင်းကြောင့် ကြက်သီးမွှေးညှင်း ထသည်မဟုတ်။ နောင်လာမည့် နှစ်ပေါင်း(၁၀၀၀) ကျော်တွင် ဤဒေသ၍ သစ်ပင်, ဝါးပင် ပြည့်နေသော ဤတောအုပ်ကြီးသည် သာယာလှပ ရှုမဝနိုင်သော မြို့တစ်မြို့ ဖြစ်ရုံမျှ မကဘဲ ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းမည် ဖြစ်၍ စေတီတည်ထားထိုက်ကြောင်း သံတော်ဦးတင်ကြလေသည်။
ကောဇာ သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုရောဟိတ်တို့၏ ဖတ်ကြားချက်အရ ဗုဒ္ဓမြတ်စွာ၏ သရီရဓါတ်တော် မွေတော်ဖြင့် တည်ထားကိုးကွယ်သော စေတီ (၇) ဆူ ပါဝင်ကြောင်း သိရှိရလေသည်။ ၎င်းစေတီသည် မွေတော်စေတီ ဟု သမုတ်၍ ထင်ပေါ် ကျော်ကြားသော စေတီတစ်ဆူလည်း ဖြစ်ပါသည်။ စေတီတော်၏ မြောက်ဘက်နှင့် တောင်ဘက်တွင် နောင်အင်မြည်သော ရွာ ရှိသဖြင့် ၊ ရွာနှစ်ရွာ၏ အလယ်တွင် တည်ရှိနေသောကြောင့် နောင်အင်စေတီ၊ နောင်အင်ဘုရား ဟုလည်း ခေါ်လာကြသည်။
+++++
(နောင်အင်သမိုင်း အကျဉ်း)
နောင်အင် ရွာသူရွာသားများသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်ကြသောကြောင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ(၂ဝဝ)ကျော် ကာလ၌ မွေတော်စေတီ၏ တောင်ဘက်တွင် ပထမ နောင်အင်ကျောင်းကို ဆောက်လုပ်လှူဒါန်းပြီး ကိုးကွယ်အားထားခဲ့ကြပါသည်။ နှစ်ပေါင်း(၁ဝဝ) တစ်ရာ ကျော်လာသောအခါတွင် ကျောင်းတော်ကြီး ဟောင်းနွမ်း ပျက်စီးလာသဖြင့် မွေတော်စေတီတော်၏ မြောက်ဘက်တွင် ထပ်မံပြီး၊ ဒုတိယ နောင်အင်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပြန်သည်။ (၁၉) ရာစုနှစ်ရောက်သောအခါ ရပ်ရွာ၏ တိုးတက်မှု အရှိန်အဟုန်ကြောင့် သစ်သားကျောင်းကြီးကို အားရမှုမရှိဘဲ (၁၃၃ဝ) ပြည့်နှစ်တွင် တိုက်ကျောင်းကြီး ဖြစ်နိုင်ရန်အတွက် တတိယမြောက်ကျောင်းကို ဆက်လက်လှူဒါန်းပြန်သည်။ တတိယမြောက်ဖြစ်သော တိုက်ကျောင်းကြီးသည်လည်း ကောဇာသက္ကရာဇ် (၁၃၄၆) ခုနှစ်တွင် အစစအရာရာ အားလုံးပြီးဆုံးသောကြောင့် ကျောင်းရေစက်ချပွဲတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ဤသမိုင်းကို ကြည့်သောအားဖြင့် နောင်အင် ရွာသူရွာသားတို့၏ သဒ္ဓါအား၊ စေတနာအား၊ ဝီရိယအားတို့ကို ခန့်မှန်းနိုင်ပေသည်။
ကောဇာသက္ကရာဇ် (၁၃၅၃) ခုနှစ် ဝါဆိုလပြည့်နေ့မှစတင်၍ နောင်အင်ကျောင်း ဗုဒ္ဓသာသနာ ပိုမိုထွန်းလင်းရန်အတွက် အဋ္ဌမမြောက် ဆရာတော်-ဘဒ္ဒန္တမဟောသဓ(ဓမ္မာစရိယ) ဦးစီးပဓာနဖြင့် တိုးတက်လာသောမြို့နှင့်အညီ တောကျောင်းအဖြစ်မှ ပရိယတ္တိ စာသင်တိုက်အဖြစ်သို့ ကူးပြောင်းဆောင်ရွက်ခဲ့ပါသည်။
+++++
(နောင်အင်ကျောင်းနှင့် စေတီသမိုင်း)
နောင်အင်ကျောင်းတွင် သီတင်းသုံးတော်မူသော ဆရာတော် (၈)ဆက်အနက် (၅) ဆက်မြောက် ဆရာတော် ဦးပဏ္ဍိတသည် ဒါယကာ၊ ဒါယကာမများကို ဦးစီးပြီး ကမ္မဋ္ဌာန်းတိုက် စေတီအဖြစ်ဖြင့် မွေတော်စေတီ၏ အရှေ့တောင် ထောင့်တွင် အရန်စေတီ နောက်ထပ် တည်ထားခဲ့ပါသည်။
ကောဇာသက္ကရာဇ် (၁၃၂၇) ခုနှစ်မှ စ၍ သီတင်းသုံးတော်မူသော သတ္တမမြောက်ဆရာတော် ဦးဝါရိန္ဒ သည် စေတနာထက်သန် သော ဒကာ၊ ဒကာမတို့ကို ဦးဆောင်ကာ စေတီတော်၏ အနောင်တောင်ထောင့်၊ အနောက်မြောက်ထောင့်၊ အရှေ့မြောက်ထောင့်တို့တွင် စေတီတော် (၃)ဆူနှင့်တကွ၊ အပြင်စေတီ (၄)ဆူတို့ကို ထပ်မံပြီး တည်ထားကိုးကွယ်ခဲ့ပါသည်။
ရှေးဟောင်းမွေတော် စေတီတော်မြတ်ကြီးသည် နှစ်ပေါင်းများစွာ ကြာညောင်းလာသဖြင့် အဘက်ဘက်မှ ပျက်စီးယိုယွင်းလာ သဖြင့် (၁၃၄၁) တော်သလင်းလဆန်း (၈) ရက်နေ့တွင်၊ ပြင်းထန်သော မိုးဒဏ်လေဒဏ်ကြောင့် တည့်မတ်ခြင်းငှါ မစွမ်းနိုင်တော့ဘဲ ပျက်စီးသည်ထက် ပျက်စီး၍ ပြိုကျခြင်း ခံခဲ့ရပါသည်။
အဋ္ဌမမြောက် ဆရာတော် ဖြစ်သော-ဘဒ္ဒန္တမဟောသဓ(ဓမ္မာစရိယ) သည် ပြိုကျနေသော မိဘဘိုးဘွား၊ ဆရာသမားများ၏ အမွေအနှစ်ဖြစ်သော စေတီတော်မြတ်ကြီးကိုမြင်၍ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ရှေးဘဝအဆက်ဆက် ကုသိုလ် ပါရမီတော် ကြောင့် ဘဝဆုံဆည်းကြသော နောင်အင် ရွာသူရွာသားတို့နှင့် မြို့သူမြို့သား ပါရမီရှင်များတို့ကို တိုက်တွန်းနှိုးဆော်၍ ကိုယ်တော်တိုင် ဦးဆောင်ပြီး ရှေးဟောင်းလက်ရာ အနေအထား မပျက်ရလေအောင် ပြန်လည်မွမ်းမံခဲ့ပါသည်။
မွေတော် စေတီ အသစ်တဖန် ပြန်လည်မွမ်းမံရာတွင် တောင်ကြီးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ-အရိယဝံသ (မြို့ဦးကျောင်း) ဆရာတော်၊ တောင်ကြီးမြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဥတ္တရာရုံ ဆရာတော်၊ ရှမ်းပြည်နယ် သံဃနာယက တွဲဘက်အကျိုးတော်ဆောင် တောင်ကြီးမြို့ မင်းကွန်းကျောင်း ဘဒ္ဒန္တတေဇောဘာသနှင့် နောင်အင်ကျေးရွာ အုပ်စု သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အေးသာယာမြို့ နောင်အင်ကျောင်း ဆရာတော် ဦးမဟောသဓနှင့် ကြွရောက်လာကြသော ဆရာတော်သံဃာတော် များသည် (၁၃၅၃) ခုနှစ် နတ်တော်လဆန်း (၁၄) ရက်နေ့ သောကြာနေ့ ၊ နေ့လည် (၁) နာရီအချိန်တွင် အုတ်မြစ်ချ အခမ်းအနားကို ကျင်းပကြပါသည်။
၁၃၅၄ ခုနှစ်၊ ကဆုန်လဆန်း (၁၂) ရက်နေ့တွင် နောင်အင်ရှေးဟောင်း မွေတော်စေတီတော်မြတ်ကြီး၏ အဘက်ဘက်မှ “မွမ်းမံခြင်း ကိစ္စပြီးဆုံးသောကြောင့် စတုဒီသာအရပ်မှ ဆရာတော် သံဃာတော် အပါး (၁ဝဝ) ကျော် ပင့်ဆောင်ပြီး ၊ နံနက်ပိုင်းတွင် ဘုရားအနေကဇာတင် အခမ်းအနားကို ကျင်းပ၍၊ နေ့လည်ပိုင်း၌ ထီးတော်တင်အခမ်းအနားတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောထွန်း ကိုယ်တိုင်တက်ရောက် ကြီးမှူးပြီး ဆောင်ရွက်ခဲ့ပါသည်။
ရှေးဟောင်းမွေတော် စေတီတော်မြတ်ကြီးသည် နှစ်စဉ်နှစ်တိုင်း ကဆုန်လတွင် ရိုးရာမီးရှူးပွဲ၊ ဆီမီး၊ ပန်း ၊ ဆွမ်းတော်တင်ခြင်း အခမ်းအနားပွဲ ပြုလုပ်မြဲ ပြုလုပ်လေ့ ရှိပါသည်။
+++++
အေးချမ်းစေတီတော် သမိုင်းအကျဉ်း
၁၃၇၃ ခုနှစ် ကဆုန်လဆန်း (၁၄) ရက် (၁၆.၅.၂၀၁၁) တနင်္လာနေ့၊ မနက် ၉ နာရီခွဲအချိန်တွင် ဘုရားဒါယကာ ဦးရွှေစိန်၊ ဘုရားဒါယိကာမ ဒေါ်သီတာဦး တို့သည် အေးသာယာမြို့စိန်နဂါးခန်းမ မင်္ဂဆောင်သို့ လာရောက်စဉ် နောင်အင်ပရိယတ္တိစာသင်တိုက် ဂေါပကဥက္ကဋ္ဌလူကြီး ဦးစိုးရှင်နှင့် တွေ့ဆုံပြီး မိတ်ဆက်စကားပြောကြရာ ဒါယကာ ဦးရွှေစိန်မှ ဘုရားလှူဒါန်းလိုကြောင်း ပြောသည့် အတွက် နောင်အင်ကျောင်းဆရာတော်ထံသို့ လာရောက်လျှောက်ထားရာ ဆရာတော်မှလည်း ဒါယကာတို့ မိသားစုမတည်ပြီး ခုနှစ်ရက် သားသမီးများ စုပေါင်းလှူဒါန်းမှုပြုလျှင် ပိုမိုကောင်းမွန်ကြောင်း မိန့်ကြားသည့်အခါ ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံခဲ့ပါသည်။
ဆရာတော်သည် နောင်အင် တောင်ရွာ၊ မြောက်ရွာ ဒါယကာ၊ ဒါယိကာမများနှင့် ညှိနှိုင်းပြီး နယုန်လဆန်း(၃)ရက် (၄.၆.၂၀၁၁) စနေနေ့ မြေညှိခြင်း မင်္ဂလာ၊ နယုန်လဆန်း(၈)ရက် (၉.၆.၂၀၁၁) ကြာသပတေးနေ့၊ နံနက်(၈း၃၀) အချိန် မြေသန့် အန္တရာယ်ကင်း မင်္ဂလာ၊ နယုန်လပြည့်ကျော် (၁) ရက် (၁၇.၆.၂၀၁၁) သောကြာနေ့ နံနက် (၁၀း၄၉) အချိန် ပန္နက်တော်တင် မင်္ဂလာ ၊ ဝါဆိုလဆန်း(၄) ရက် (၇.၇.၂၀၁၁) ကြာသပတေးနေ့ နံနက် (၆း၃၀) အချိန် အုတ်မြစ်စီတွင်းတော်ဝန်း မင်္ဂလာ ပြုလုပ်နိုင်ခဲ့ပါသည်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ (၁၄.၈.၂၀၁၁) တနင်္ဂနွေနေ့ နံနက် (၁၀း၂၆) အချိန်တွင် ဆရာတော်ကြီး ၅ပါး ကြီးမှူးကာဘုရား ဒါယကာ၊ ဒါယိကာမ များနှင့် ခုနှစ်ရက်သားသမီး အပေါင်းတို့က ဓါတ်တော် ၊ မွေတော်နှင့် ရတနာများကို သတ္တဌာန ဌာပနာတော်သွင်း မင်္ဂလာကျင်းပနိုင်ခဲ့ပါသည်။
ပျော်ရွှင်စရာကောင်းသော လည်ပတ်စရာ ပေါများသော အေးသာယာမြို့ကို တောင်ကြီးမြို့ ရောက်တုန်းရောက်ခိုက် ဆိုရင်ဖြင့် တစ်ခါတစ်ခေါက်တော့ဖြင့် အလည်အပတ် လာရောက် ကြဖို့ ဖိတ်မန္တက ပြုလိုက်ရပါတယ် စာရှုသူ လူကြီးမင်းများ  ခင်ဗျား။
xxx
မှတ်တမ်း - ဆရာတော် ဘဒ္ဒန္တဗုဒ္ဓဃောသ၊ နောင်အင်ပရိယတ္တိစာသင်တိုက်
Writter
- စည်သာ(တောင်ကြီး)


ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆောင်းကုန်ပိုင်း အအေးပိုလာပြီး မြူနှင်းများ ကျဆင်း



ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆောင်းကုန်ပိုင်း အအေးပိုလာပြီး မြူနှင်းများ ကျဆင်း
စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင်(၃) ခု တွင် ဆောင်းကုန်ပိုင်း အအေးပိုလာပြီး မြူနှင်းများ ကျဆင်းခဲ့ကြောင်း သက်ဆိုင်ရာ ဒေသခံများထံမှ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းတွင် သတင်းများ ရရှိပါသည်။
ရှမ်း/တောင်ရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင် တို့တွင် လွန်ခဲ့သော ၂ ရက်က မိုးများ ရွာသွန်း ခဲ့ခြင်းကြောင့် အချို့မြို့များတွင် မြူများ ၃ ရက်တာ ကျဆင်းခဲ့ပြီး၊ တချို့မြို့များတွင် ယနေ့မနက်ပိုင်း မိုးအုံ့နေခြင်း များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တောင်ပေါ်ဒေသများဖြစ်သော ပင်လယ်ရေမျက်နှာပြင် အထက် ပေများသော မြို့များတွင် မြူနှင်းများ ကျဆင်းခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ဆောင်းကုန်ပိုင်း အအေးသိသိသာသာ ပိုလာပြီး၊ လပြည့်နေ့ နောက်ပိုင်းတွင် ချမ်းအေးလာကာ၊ အအေးဒဏ် ကြောင့် ယနေ့ မနက်ပိုင်း ခပ်စောစော အချိန်မှစကာ ၉ နာရီခွဲ အချိန်ထိ မြူနှင်းများ ကျဆင်းလာသည်ကို မြင်တွေ့ရသည်။
တောင်ကြီးခရိုင်တွင် ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရွှေ နှင့် တောင်ကြီးမြို့များတွင် ယနေ့ မနက်ပိုင်း မြူနှင်းများ ကျဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။
“ အောင်ပန်းမှာ မနေ့ မနက်အစောပိုင်းတုန်းက မြူကျတာ ကားတွေ တောင်သွားလို့ မရဘူး။ မီးထိုးပြီး မောင်းနေရတယ်။ ဒီနေ့ မနက်ပိုင်းမှာ လည်း ကလော မှာ မြူကျပြန်တယ်။ အေးတာတော့ ရက်စက်တယ် ။ မိုးလေးကလည်း ရွာထားတော့ အအေးပိုလာတာ ဖြစ်မယ်။ ”
ဟု ကလောမြို့မှ ကိုသိန်းဇော်က ပြောသည်။
ထို့ပြင် လွိုင်လင်ခရိုင်တွင် လွိုင်လင်၊ ပင်လုံ၊ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး နှင့် နမ့်စန်မြို့တို့တွင်လည်း အအေးဒဏ် ပိုခြင်းကြောင့် မြူနှင်းများ ကျဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။ လွိုင်လင်၊ ပင်လုံနှင့် မိုင်းရှူး မြို့ များသည် ပင်လယ်ရေ မျက်နှာပြင် အထက် ပေများသော မြို့များ ဖြစ်သဖြင့် အအေးဒဏ် မြင့်မားကြောင်း သိရသည်။
“ လွိုင်လင်နဲ့ ပင်လုံ က အဓိက အေးတာပဲ။ နမ့်စန်လည်း အေးတာပေါ့လေ။ ဒီနှစ်က လွိုင်လင်နဲ့ ပင်လုံမှာ ရေခဲတဲ့နှစ်ပေါ့။ ထူးထူးခြားခြား မိုးရွာတာ မိုးသီးတွေတောင် ကျတဲ့ နှစ်လည်း ဖြစ်တာပေါ့။ ဒီမနက်မှာ ပင်လုံ မှာ မြူတွေ ကျဆင်းနေတယ်။ အရမ်းအေး တယ်။ မိုးက လွန်ခဲ့တဲ့ ၂ ရက်လောက်က ရွာတယ်။ မနေ့ကလည်း တစ်နေကုန် ရွာနေတယ်။ ဒီမနက် မြူတွေ ကျပြီး တော်တော် အေးတယ်။ ဒီမနက် မိုးနည်းနည်းရွာပြီး မိုးအုံ့နေတယ်။ ”
ဟု ပင်လုံမြို့မှာ ကိုမောင်းပေး က ပြောသည်။
ထို့ပြင် မိုင်းရှူးမြို့တွင်လည်း မနေ့က မိုးရွာသွန်းမှုကြောင့် ယနေ့ မနက် မိုးအုံ့နေကြောင်း၊ အချို့နေရာ မြူကျ နေကြောင်း၊ အအေးဒဏ် သိသိသာသာ ပိုလာကြောင်း မိုင်းရှူးမြို့မှ နန်းဆိုင်ဟိန်းက ပြောသည်။
ထို့ပြင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဆီဆိုင်နှင့် ဆိုက်ခေါင် မြို့တို့တွင်လည်း မြူများ ကျဆင်းကာ အအေးဒဏ် ပိုလာကြောင်း ဒေသခံများက ပြောကြားသည်။
ရှမ်း/တောင် ခရိုင် ၃ ခု တွင် လင်းခေးခရိုင်ထက် စာလျှင် တောင်ကြီးခရိုင်နှင့် လွိုင်လင် ခရိုင် တို့တွင် အအေးဒဏ် ပိုများ ခဲ့ကြောင်း သိရသည်။



Xx
Writter
- စည်သာ(တောင်ကြီး)

တောင်ကြီးတွင် မြူနှင်းများ ၂၈ ရက် မနက်ပိုင်း ကျဆင်းနေပုံ
ဓါတ်ပုံ - စည်သာ(တောင်ကြီး)









Aung Hein - နည်းပညာ