Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Wednesday, August 29, 2018

တောင်ကြီးတွင် လူတစ်ထောင်ခန့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် ကမ်ပိန်းပြုလုပ်သည့် အနေဖြင့် မြို့တစ်ပတ် ဆိုင်ကယ်စီး





တောင်ကြီးတွင် မော်တော်ဆိုင်ကယ် ဦးထုပ်ဆောင်းခြင်း ကမ်ပိန်းကို လူတစ်ထောင်ခန့် ဆိုင်ကယ်စီးနင်းခြင်းဖြင့် မြို့တစ်ပတ် လှည့်လည်ကာ သရုပ်ဖော်
စည်သာ(တောင်ကြီး)
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် သြဂုတ်လ ၂၉ ရက်၌ မော်တော်ဆိုင်ကယ် ဦးထုပ်ဆောင်းခြင်း ကမ်ပိန်းကို လူတစ်ထောင်ခန့် မော်တော်ဆိုင်ကယ်များဖြင့် မြို့တစ်ပတ် လှည့်လည်ကာ သရုပ်ဖော်လှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့သည် စစ်တမ်းများအရ ဆိုင်ကယ်ဦးထုပ်ဆောင်းကာ စည်းကမ်းလိုက်နာမှု ၉၀ ရာခိုင်နှုန်း ရှိပြီး၊ မြန်မာနိုင်ငံတွင် ပထမဆုံး ယာဉ်စည်းကမ်းလိုက်နာသော စံပြမြို့အဖြစ် သတ်မှတ်ခြင်းခံရကြောင်း၊ မန္တလေးမြို့သည် ဒုတိယ ယာဉ်စည်းကမ်းလိုက်နာသော မြို့ဖြစ်ကြောင်း၊ အမှတ်(၁၈) ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ သိရသည်။ အဆိုပါ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း၍ နေ့ရောညပါ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ စည်းကမ်း တကျ မောင်းနှင်ကြရန် ရည်ရွယ်ချက်ဖြင့် မနက်ဖြန်များစွာ ဖြတ်သန်းဖို့ ဆိုင်ကယ်ဦးထုပ်ဆောင်းကြစို့ ကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးကွန်ယက်မှ ဦးဝင်းနိုင်စိုးက ပြောသည်။
အဆိုပါ မနက်ဖြန်များစွာဖြတ်သန်းဖို့ ဆိုင်ကယ်ဦးထုပ်ဆောင်းကြစို့ ကမ်ပိန်းကို သြဂုတ်လ (၂၉) ရက်တွင် ဆိုင်ကယ်အစီးရေပေါင်း တစ်ထောင်ခန့်တို့သည် အသိပညာပေးတံဆိပ်စာတမ်းများ ရိုက်နှိပ်ထား သော တီရှပ်များ ၀တ်ဆင်ကာ တောင်ကြီး တက္ကသိုလ်စုရပ်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်း အတိုင်း တောင်ကြီး အဆင်းလမ်းအတိုင်းဆင်းကာ၊ ပစောက်ကွေ့မှ အတက်လမ်းအတိုင်း ပြန်တက်လာပြီး၊ မြင်းရုပ်မီးပွိုင့်မှ အရှေ့မြို့ပတ်လမ်းအတိုင်း တောင်ကြီးတက္ကသိုလ်သို့ ၀င်ရောက်ခြင်းဖြစ်ကာ ဆိုင်ကယ်များ စီးနင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကမ်ပိန်းကို ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများ ပါဝင်ခဲ့ကြောင်းသိရသည်။
“ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းစေချင်တဲ့ ရည်ရွယ်ချက်ပေါ့။ အရည်အသွေးပြည့်မှီတဲ့ ဦးထုပ်ဆောင်းရမယ်။ မေးသိုင်းကြိုး တပ်ရမယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ ၂၀၁၄ ခုနှစ်က စပြီးတော့ ပိုများတော့ ယာဉ်အန္တရာယ်များလာတာတွေ့ရတယ်။ ယာဉ်တွေ များလာတယ်။ လမ်းတွေ ချဲ့လာတယ်။ ယာဉ်တွေ အရှိန်နဲ့ မောင်းနှင်လာတော့ စည်းကမ်းမလိုက်နာတာတွေ တွေ့လာရတယ်။ ၂၀၂၀ မှာ ထက်ဝက်လျော့ချရမယ် ဆိုတဲ့ စီမံချက် ရှိပါတယ်။ ဒါကြောင့်မို့ ပညာပေးလုပ်ငန်းတွေ တိုးမြှင့်ပြီး ဆောင်ရွက်လာတာဖြစ်ပါတယ်။ ကမ်ပိန်း လုပ်တယ်ဆိုတာ ပြည်သူလူထုက ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို နားလည်ပြီးတော့ အမှန်တကယ် လိုက်နာ စေချင်တဲ့ ဆန္ဒနဲ့ ဒီလိုလိုက်နာမှလည်း ယာဉ်တိုက်မှုနှုန်းတွေ ကျဆင်းသွားမှာဖြစ်တဲ့အတွက် ယာဉ်ထိန်း ရဲတပ်ဖွဲ့အနေနဲ့ အဓိက ထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ”
ဟု အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး (ရှမ်းတောင်) မှ တပ်ဖွဲ့စုမှူး ရဲမှူး မျိုးဇော်အောင်က ပြောကြားသည်။
ရှမ်းပြည်တောင်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၄၆၂ မှု၊ ဖြစ်ပွားခဲ့ကာ၊ ဒဏ်ရာရရှိသူပေါင်း ၉၀၆ ဦး၊ သေဆုံးသူပေါင်း ၁၉၉ ဦး၊ တရားခံပေါင်း ၄၇၈ ဦး ရှိကာ၊ ဆုံးရှုံးတန်ဖိုး သိန်း ၂၀၀ ကျော် ရှိကာ၊ ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လ ၂၂ ရက် အထိ ယာဉ်တိုက်မှုပေါင်း ၂၆၈ မှု၊ ဒဏ်ရာရရှိသူပေါင်း ၄၇၄၊ သေဆုံးသူပေါင်း ၁၁၄ ဦး၊ တရားခံပေါင်း ၂၆၆ ဦး၊ ရှိခဲ့ကာ၊ ဆုံးရှုံးတန်ဖိုးပေါင်း ၁၉၃ သိန်း ကျော် တန်ဖိုး ရှိခဲ့ကြောင်း အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး ၏ စာရင်းများ အရ သိရသည်။

ထို့ပြင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေး (၁၅)မိနစ် ဇာတ်လမ်းတို တစ်ပုဒ်ကိုလည်း ရိုက်ကူးသွားမည် ဖြစ်ကာ၊ အဆိုပါ ဇာတ်လမ်းတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နှင့် မေးသိုင်းကြိုးတပ်ရန်၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် ခါးပတ်ကြိုးတပ်ဆင်ကြရန်၊ သတ်မှတ်ထားသော အရှိန်လျော့၍ မောင်းနှင်ကြရန်၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်း မပြုကြရန်၊ ယာဉ်မောင်းနေစဉ် မိုဘိုင်းဖုန်းများ အသုံးပြုခြင်းကို ရှောင်ရှားကြရန် စသည့် အချက် ၅ ချက်ကို အဓိကထား၍ ရိုက်ကူးသွားမည်ဖြစ်ကာ၊ မြို့နယ်တွင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


×××
ကလောင် - စည်သာ(တောင်ကြီး)
ဖုန်း - ၀၉ ၇၉၄၉၀၀၁၇၄
၂၉ -၈-၂၀၁၈


 Photo and News - စည်သာ(တောင်ကြီး) Eleven Media Group


































No comments:

Post a Comment


Aung Hein - နည်းပညာ