Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Thursday, May 16, 2024

တောင်ကြီးမြို့ လည်ပတ်စရာ (၂၁) နေရာ

 

တောင်ကြီးမြို့ လည်ပတ်စရာနေများ

ခုတစ်ကြိမ် ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော် ၊ တောင်ကြီးမြို့  အလည်အပတ် ရောက်ရှိသောအခါ လည်ပတ်နိုင်သော အထင်ကရ နေရာဌာန များကို ဖော်ပြပေးသွားပါမည်။


ထိုသို့ လည်ပတ်စရာ နေရာဌာနများကို ဖော်ပြရာတွင် ဟိုတယ် ၊ စားသောက်ဆိုင် ၊ ရက်စတော့ရင့် ၊ ဘား ၊ ကော်ဖီဆိုင် ၊ ရိုးရာဝတ်စုံ အစားအသောက် အမှတ်တရ ပစ္စည်းများ အရောင်းဆိုင် စသော စီးပွားရေး နှင့် သက်ဆိုင်သော အကြောင်းအရာ များမှ လွဲ၍၊ အများပြည်သူ နှင့် သက်ဆိုင်သော တည်နေရာ များကိုသာ ဦးစားပေး ဖော်ပြသွားမည် ဖြစ်ပါသည်။


နောက်ထပ် တစ်ချက် မှာ တောင်ကြီးမြို့ရှိ ပရိယတ္တိ စာသင်တိုက် များကိုလည်း အလုံးစုံ မဖော်ပြဘဲ လိုအပ်သမျှသာ ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါကြောင်း ဦးစွာ အသိပေးအပ်ပါသည်။ အကယ်၍ လိုအပ်ချက် များ ရှိပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

(မှတ်ချက် - စာသား ပုံများကို ကူးယူဖော်ပြခွင့် မပြုပါ။)
(မူရင်းစာရေးသူကို လေးစားသောအားဖြင့် ပြန်လည် ကူးယူခြင်းမပြုကြဖို့
အနူးအညွတ် မေတ္တာရပ်ခံပါတယ် ။)
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်။
စည်သာ(တောင်ကြီး)

 

တောင်ကြီးမြို့ သမိုင်းအကျဉ်း


တောင်ကြီးမြို့ ကို ၁၈၉၄ ခုနှစ် စက်တင်ဘာလ (၁၅) ရက် တွင် စတင် မြို့တည်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့ဖွား စာရေးဆရာ ဒေါက်တာ အောင်ကျော် ပြောပြချက် အရ သိရသည်။ ထို့ကြောင့် တောင်ကြီးမြို့သည် လာမည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၅) ရက် တွင် မြို့တည်နှစ် (၁၃၀) နှစ် ပြည့်မြောက် တော့မည် ဖြစ်ကြောင်း သိရသည်။


အင်္ဂလိပ်အစိုးရ က မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ ၊ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ်တည်ရန် တောင်ကြီးမြို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂလိပ် စစ်တပ် မိုင်းသောက်ခံတပ် မှ တောင်ကြီးမြို့ကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး၊ ညောင်ရွှေ နယ်ထဲမှ ထုတ်နုတ်၍ သီးခြား မြို့အဖြစ် အင်္ဂလိပ် တို့က တည်ထောင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ငှက်ဖျားရောဂါ ကြောင့် အဖျားအနာ များသဖြင့် မိုင်းသောက်မှ တောင်ကြီးသို့ ရွေ့ပြောင်းသည်ဟုလည်း မှတ်တမ်းအရ သိရသည်။


မြန်မာသက္ကရာဇ် (၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉ဝ)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည် ဟု ကမ္ဘာ့စွယ်စုံကျမ်း တွင် ဖော်ပြထားသည်။ ပင်လယ်ရေပြင်အမြင့် (၄၇၁၂)ပေ တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ (၅၆၀၀) ကျော်ရှိသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဘက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံလျက်တည်ရှိသည်။ 


တောင်ကြီးမြို့တွင် ရှေးအခါကပင် ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနု၊ တောင်ရိုး၊ ဗမာ စသော တိုင်းရင်းသား ပေါင်းစုံ ၊ ဘာသာလူမျိုး ပေါင်းစုံ တို့သည် ရင်းနှီးချစ်ခင်စွာ အတူတကွ စုပေါင်းနေထိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။ တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းတွင် ဆစ်ခ် ဝတ်ပြုကျောင်းကြီး ၊ ဘော်လုံးကွင်းအနီးတွင် စိန်ဂျိုးဇက် ဘုရား ရှစ်ခိုးကျောင်း နှင့် ဝါးပြားလမ်းဆုံတွင် ကွမ်ရင်စီ တရုတ်ဘုရားကျောင်း တို့လည်း ယဉ်ကျေးမှုအမွေအနှစ် ရှိကြသည်။


တောင်ကြီးမြို့ကို ဆောင်းရာသီတွင် လာရောက်လည်ပတ်သင့်ကြောင်း အကြံပြုလိုပါသည်။ ဆောင်းရာသီတွင် တောင်ပေါ်ဒေသ ချမ်းအေးသော အငွေ့အသက် ၊ မြူဆိုင်းသော တောင်ပေါ် ရှုခင်းများ နှင့် ချယ်ရီပန်းပွင့် အလှအပ များကို ခံစားနိုင်သလို ၊ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပွဲတော် နှင့် ဒေသတွင်းရှိ အင်းလေးကန် ဖောင်တော်ဦး ဘုရားများ ဒေသစာရီ ပွဲတော်တို့ကိုလည်း လေ့လာနိုင်ပါသည်။

 



တောင်ကြီးမြို့ ၊ တောင်ပေါ် ဗျူးပွိုင့် ၊ မုံတ၀လှိုဏ်ဂူတော် ၊တောင်ချွန်းနှင့် ရှမ်းပြည်နယ် ယဉ်ကျေးမှု ပြတိုက်


တောင်ကြီးမြို့ ရောက်ရှိလျှင် မဖြစ်မနေ ဦးစားပေး လည်ပတ်သင့်သော နေရာ တစ်ခုမှာ အရှေ့ဘက် နဂါးတောင်တန်း ပေါ်မှ တောင်ပေါ် ဗျူးပွိုင့် ပင် ဖြစ်သည်။ ထိုထက် အချိန်ပိုရလျှင် တောင်ချွန်း နှင့် မဟာ ပါသဏ မုံတ၀ လှိုဏ်ဂူ တို့ကို သွားရောက် လေ့လာသင့်ကြောင်း အကြံပြုတိုက်တွန်းလိုပါသည်။ တောင်ချွန်း မှာ တက်ရခက်ခဲသော်လည်း မုံတ၀လှိုဏ်ဂူတော်မှာ ဆိုင်ကယ်ဖြင့် သွားရောက်နိုင်ပါသည်။ ထို့အပြင် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် မင်္ဂလာဂူ လည်း လေ့လာနိုင်ပါသည်။


တောင်ကြီးမြို့ အရှေ့ဘက် နဂါးတောင်တန်းမှ တောင်ပေါ် ဗျူးပွိုင့် ကို တက်ရန် တောင်ကြီးမြို့ မြောက်ဘက် ဘုရားဖြူ ရပ်ကွက်ရှိ အေးစေတီကျောင်းလမ်း အတိုင်း တက်နိုင်သလို ၊ တောင်ကြီး တောင်ဘက် ဟိုပုံး အထွက် လမ်း ရှိ Royal Taunggyi Hotel အကျော် ၊ ဆေးတက္ကသိုလ် အနီးတွင် ရှိသော တောင်တက် လမ်းအတိုင်း တက်ရောက် နိုင်ပါသည်။

နဂါးတောင်တန်းပေါ်တွင် ရွှေဘုန်းပွင့်စေတီတော်၊ ပတ္တမြားဂူ၊ မြစိမ်းတောင် ဘုရား၊ နဂါးရေထွက် ၊ ရွှေမုဋ္ဌောစေတီတော် ၊နှင့် ရွှေချမ်းသာ ဘုရား တို့ တည်ရှိပါသည်။ 


တောင်ကြီးမြို့၏ မြောက်ဘက်ခြမ်း ဘုရားဖြူရပ်ကွက် အေးစေတီကျောင်းမှ တက်လျှင် မြစိမ်းတောင် ကို ရောက်ရှိပြီး၊ မြို့တောင်ဘက် လမ်းအတိုင်း တက်လျှင် ရွှေမုဠောစေတီတော်ကို ဦးစွာ ရောက်ရှိပါမည်။ ထိုမှ ရွှေမုဋ္ဌော ကျောင်းဝင်း လမ်းအတိုင်း ဝင်သွားလျှင် ရွှေချမ်းသာ ရှေးဟောင်း စေတီတော် ကို ရောက်ရှိ နိုင်မည်။ ရွှေချမ်းသာ စေတီတော် သည် အဖြူရောင် နှင့် ရွှေရောင်အဆင်းရှိ၍ ကြည်ညိုဖွယ်ရာ ကောင်းသည်။ စေတီတော် တည်ထားပုံမှာ အချိုးအစားကျနသဖြင့် သပ္ပါယ်လှပါသည်။


ရွှေမုဋ္ဌော စေတီ ရှိ တောင်ပေါ် ဗျူးပွိုင့် မှ ကြည့်လျှင် တောင်ကြီး စူဠာမုနိ လောကချမ်းသာစေတီတော် နှင့် မြို့ရှုခင်းကို အပေါ်စီး မြင်ကွင်း မြင်တွေ့နိုင်ပါသည်။ ရွှေမုဋ္ဌော စေတီ သည် နှစ်ပေါင်း တစ်ရာကျော်ပြီ ဖြစ်ကာ မူလ စေတီတော် နေရာတွင် ထပ်မံ၍ အသစ်တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ရွှေမုဋ္ဌော စေတီ ရှိရာကုန်း နေရာကို မုဆိုးမ တောင် ဟု ယခင်က ခေါ်ဆိုကြသည်။ မုဆိုး များ တောလိုက်သောအခါ ဒူးလေးများကို ထောင်၍ ဆုတောင်းကြပြီး၊ ဆုတောင်းပြည့်သဖြင့် မုဆိုးမတောင် ဟု ခေါ်ကြောင်း သိရသည်။


ထိုမှ တောင်ပေါ်လမ်းအတိုင်း ဆက်သွားလျှင် ရွှေဘုန်းပွင့်စေတီတော်ကို ရောက်ရှိမည်။ ရွှေဘုန်းပွင့်စေတီတော် ရင်ပြင်တော် ရှိ တောင်ပေါ် ဗျူးပွိုင့် မှ ကြည့်လျှင် မြို့ရှုခင်း အပေါ်စီး မြင်ကွင်းကို လှပစွာ မြင်တွေ့နိုင်သည်။ နဂါးရုံဘုရား မှ ကြည့်လျှင်လည်း တမျိုးလှပသောရှုခင်းကို တွေ့ရသည်။ တောင်ကြီးမြို့ တောင်ချွန်းကို ဘယ်ဘက်ခြမ်းတွင် လည်းကောင်း ၊ ညာဘက်ခြမ်းတွင် မြို့ရှုခင်း နှင့် အောက်ဘက်တွင် အေးသာယာမြို့ ရှုခင်း နှင့်၊ ဟိုးအဝေးတွင် မှုန်ပြပြ အင်းလေးကန် ကိုပင် လှမ်းမျှော် မြင်တွေ့နိုင်ပါသည်။


တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းကြီး၏ အလယ်တွင် ရွှေဘုန်းပွင့်စေတီတော် တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅၆၂၃ ပေ မြင့်သော နွားလားဥဿဖ တောင်ပေါ်တွင် တည်ရှိသည်။ ရွှေဘုန်းပွင့်စေတီတော်ကို မြန်မာသက္ကရာဇ် ၁၃၃၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၆၉ ခုနှစ်) တွင် ယက္ကန်းစင်တောင် ဆရာတော် ဦးဩဘာသ ၏ မိန့်မှာ လမ်းညွှန်ချက် အရ တည်ထားခဲ့ခြင်း ဖြစ်ကာ ကပ်ကျော်ဘုရားဟုလည်း ဒေသခံများက ခေါ်ဆိုကြသည်။ စေတီတော်သည် ဉာဏ်တော် ၃၁ တောင် အမြင့် ရှိသော ဆူးလေစေတီတော် ပုံစံ စေတီတစ်ဆူ ဖြစ်ပါသည်။ စေတီတော်ပတ်လည်တွင် ဉာဏ်တော် ၁၁ တောင် အမြင့် ရှိသော အရန်စေတီတော် ရှစ်ဆူ မှာလည်း ဆူးလေစေတီတော် ပုံစံငယ်များ ဖြစ်ပါသည်။ 


ရွှေဘုန်းပွင့် စေတီ၏ အောက်ဘက် တောင်ခြေတွင် တည်ရှိသော ပတ္တမြားလှိုဏ်ဂူ ကို လေ့လာနိုင်သည်။ 


ထိုမှ တဆင့် တောင်ပတ်လမ်းအတိုင်း ဆက်သွားလျှင် မြစိမ်းတောင် ဘုရား သွားလမ်း မရောက်ခင် တောင်ပေါ် ဗျူးပွိုင့် ရှုခင်းကို မြင်တွေ့နိုင်ပါသည်။ ထိုနေရာမှ ကြည့်လျှင် တောင်ကြီးမြို့မစျေး ၊ မြကန်သာ ပန်းခြံ နှင့် မြို့အလယ်ပိုင်း နှင့် မြောက်ပိုင်း ရပ်ကွက်များကို အနီးကပ် မြင်တွေ့နိုင်ပါသည်။ ရွှေဘုန်းပွင့် တောင်ပေါ် ဗျူးပွိုင့် ထက်စာလျှင် ထိုလမ်းခုလတ် ဗျူးပွိုင့်လေးသည် မြို့နှင့် ပိုမို နီးကပ်သဖြင့် မြင်ကွင်း ပိုမို ထင်ရှားပါသည်။


မြစိမ်းတောင်ဘုရား ရောက်လျှင်လည်း ရပ်တော်မူဘုရားမှ တောင်ပေါ်ဗျူးပွိုင့် ရှုခင်းကို မြင်တွေ့ခံစားနိုင်ပါသည်။ နဂါးတောင်တန်း တောင်ပေါ် ရောက်လျှင် အဆိုပါ ရွှေဘုန်းပွင့်၊ မြစိမ်းတောင် နှင့် ရွှေမုဌော ဘုရား တောင်ပေါ်ဗျူးပွိုင့် သုံးနေရာ ကို သွားရောက် ကြည့်ရှုနိုင်ပါသည်။ တစ်နေရာချင်းစီတိုင်း တွင် မတူညီသော တောင်ကြီးမြို့၏ အပေါ်စီး ရှုခင်း အလှအပများကို မြင်တွေ့နိုင်မည် ဖြစ်သည်။


နဂါးရေထွက် ဟူသော နေရာ ကို ယနေ့ခေတ် သိပ်မသွားလည်ကြတော့ပေ။ ယခင်က ရွှေဘုန်းပွင့် ဘုရား တည်စဉ် အချိန်က ဆင်များဖြင့် တက်၍ ပစ္စည်း သယ်ယူကြရာ ရေထွက်သော နေရာ ဆင်စခန်း ချသဖြင့် ထိုနေရာကို ယခင် က ဆင်တည်း ဟု လည်း ခေါ်ကြောင်း ဦးတင့်ဆွေ က ဆိုသည်။


တောင်ကြီးမြို့ဖွား ဒေသခံ အတော်များများတို့သည် တောင်ချွန်းကို ရောက်ဖူးကြပေလိမ့်မည်။ တောင်ချွန်းကို ရောက်ဖူးမှသာ တောင်ကြီးမြို့၏ အရသာကို ထိထိမိမိ ခံစားနိုင်ပေမည်။ တောင်ချွန်း ပေါ်ကို လမ်းလျှောက် တက်ကြရပြီး တောင်ပေါ် ရောက်သည့် အခါ မြင်တွေ့ရသော ရှုခင်းသည် တမူထူးခြား ပါသည်။ 

 


တောင်ကြီးမြို့၏ တောင်ကမ်းပါးယံ ၊ အနောက်ဘက် တောင်စောင်းတွင် တည်ရှိသော မဟာပါသဏ မုံတ၀ လှိုဏ်ဂူတော် သည် ရှမ်းပြည်တောင်ပိုင်းတွင် အကြီးဆုံးသော ဂူတစ်ခု ဖြစ်ပြီး ၊ အတွင်းပိုင်း မည်မျှ ရှည်လျား နက်ရှိုင်းသည်ကို မည်သူမျှ အတိအကျ မပြောနိုင်ချေ။


ယခုအခါ မုံတ၀လှိုဏ်ဂူတော် ဆရာတော်ဘုရားမှ မုံတ၀ဂူသွားလမ်းကို တတ်စွမ်းသမျှ ဖောက်လုပ်နေပြီး၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ် ဖြင့် သွားလာနိုင်ပြီ ဖြစ်ပါသည်။ တချို့ လမ်းပိုင်းတွင် ကွန်ကရစ် ခင်းရန် အနည်းငယ် ကျန်သေးပြီး ၊ တောင်ပေါ်မှ သွားလာနိုင်ပြီ ဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာသည် ဟု ပြောနိုင်သည်။ မုံတ၀ဂူ သွားရန် ယခင်က တိုင်းရင်းသားပေါင်းစုံ သုဿာန် ၊ (ယခု အမည်ပြောင်းထား) မုဒ်ဦးမှ ညာဘက် ကွေ့သော လမ်းအတိုင်း မုံတ၀လှိုဏ်ဂူ ဟု ဆိုင်းဘုတ် ပြထားသော ကျောက်လမ်း အတိုင်း ဝင် သွားရပါမည်။ ထို အဝင်ကျောက်လမ်းသည် လမ်းကြမ်းသော်လည်း ကွန်ကရစ် ခင်းထားသော လမ်းပိုင်းများ တဝက်တပျက် ရှိသဖြင့် ဖြေးဖြေးမောင်းသွားလျှင် အဆင်ပြေပါသည်။ အဆင်းမတ်စောက်သော နေရာ မရှိသလောက် သက်တောင့်သက်သာ ဖြင့် မုံတ၀လှိုဏ်ဂူတော် ကို ရောက်ရှိနိုင် ပါသည်။ ယခင် က တောလမ်းအတိုင်း လမ်းလျှောက်ဆင်းကြရပြီး အနည်းဆုံး နာရီဝက် ခန့် သွားရခြင်း ဖြစ်သည်။ ယခုအခါ မော်တော်ဆိုင်ကယ်၊ မော်တော်ကားဖြင့် မမောမပန်း ရောက်နိုင်ပေသည်။


မုံတ၀လှိုဏ်ဂူတော်မှ တောင်အောက်ဆင်းသော လူသွားလမ်း ရှိပြီး၊ အေးသာယာ ၊ မုံတ၀ အောက်ရွာ ကို ရောက်ရန် ၄၅ မိနစ် ကျော် လမ်းလျှောက်ရကြောင်း ကျောင်းတိုက်နေ ဝေယျာ၀စ္စ လုပ်ကူပေးသူ အစ်ကို က ပြောသည်။ ကျွန်တော် အေးသာယာမြို့၊ မုံတ၀ရွာမှ လမ်းလျှောက်တက်ဖူးပါသည်။ တောတောင်ရှုခင်းများ ၊ သဘာ၀ ရေတံခွန်များကို ခံစားရင်း လမ်းလျှောက်ရသည်မှာ စိတ်ကြည်နူးစရာ ကောင်းပါသည်။


မုံတ၀ သဘာ၀လှိုဏ်ဂူတော် တောင်ခြေမှ ရပ်ကြည့်လျှင် တောင်ကြီးမြို့၏ အနောက်ဘက် တောင်စောင်း တောင်ကမ်းပါးယံ ကြီးများကို သဘာ၀ အတိုင်း မြင်တွေ့ရပြီး ၊ မိုးရာသီတွင် ရေတံခွန်လေး ကို ခံစားနိုင်သည်။ မုံတ၀လှိုဏ်ဂူတော် သည် အံ့မခန်း ထူးခြားချက်များ ပြည့်နေပြီး ၊ နတ်ကြီးသည်ဟု ဆိုကြသည်။


မုံတ၀ သဘာ၀လှိုဏ်ဂူသည် ရှမ်းတောင်တွင် အကြီးဆုံး ဂူ ဖြစ်ပြီး၊ ယခင်က လှိုဏ်ဂူထိန်းသိမ်းရေး အဖွဲ့ ပြောပြချက် အရ လှိုဏ်ဂူကို သုံးလေးရက် လေ့လာသော်လည်း လမ်းမဆုံးသေးဘဲ မိုင် ၂၀ ခန့် ခရီးပေါက်ခဲ့ကြောင်း မှတ်တမ်း အရ သိရသည်။ ရှမ်းပြည်တောင်ပိုင်းတွင် ရှိသော ထမ်ဆမ်းဂူ၊ ပွန်ချောင်းဂူ ၊ ပင်းတယ ရွှေဥမင် လှိုဏ်ဂူ တို့ထက် ပိုမိုကြီးကာ ရှည်လျားကြောင်း သိရသည်။ 


တောင်ကြီးမြို့တွင် နောက်ထပ် ကျန်ရှိသော ဂူတစ်ဂူမှာ တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်၊ မင်္ဂလာဂူကျောင်းရှိ မင်္ဂလာဂူ လည်း လေ့လာနိုင်ပါသည်။


ရှမ်းပြည်နယ် ယဉ်ကျေးမှု ပြတိုက် သည် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (မင်းလမ်း) ၊ ကျားခေါင်းလွှတ်တော်ခန်းမ နံဘေး တွင် တည်ရှိပါသည်။ ယဉ်ကျေးမှုပြတိုက်တွင် ရှမ်းပြည်နယ်တိုင်းရင်းသားများတို့၏ ဓလေ့ထုံးတမ်းများ နှင့် ယဉ်ကျေးမှုများ လေ့လာနိုင်ပါသည်။ 

ရှေးယခင် အင်္ဂလိပ်ခေတ်လက်ထက် ထိုနေရာတွင် တောင်ကြီးမြို့၏ ဗဟိုချက်မ Zero Mile နေရာကို သံပန်းဖြင့် ပရ၀ုဏ် သတ်မှတ် ထားကြောင်း ဦးတင့်ဆွေ က ဆိုသည်။ ထိုနေရာမှ မြို့မစျေးအထိ တစ်မိုင် ၊ ပညာရေး ကောလိပ်ကျောင်းအထိ ၂ မိုင် ၊ မြို့အထွက် ကရင်မရေထွက်အထိ  ၃ မိုင် ရှိကြောင်း ၎င်းက ဆိုသည်။


တောင်ကြီးမြို့တည်စ ဘုန်းတော်ကြီးကျောင်းများမှာ ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင်ကျောင်းကြီးသာ ရှိသည်ဟု တောင်ကြီးမြို့ခံများက ဆိုသည်။


မီးပုံးပျံအစ ကုန်းသာကျောင်းက စာဆိုနှင့်အညီ ကုန်းသာကျောင်းကိုလည်း မေ့မထားသင့်ပေ။ ကုန်းသာကျောင်း သည် ဂျပန်ခေတ် က ဗုံးကြဲသဖြင့် ထိမှန်ပျက်စီးခဲ့ကြောင်း ဆိုသည်။ ရပ်တော်မူ တွင် လေကြောင်းကာကွယ်ရေး စခန်း ဟု ခေါ်သော သံချောင်းခေါက် အချက်ပေးစနစ် အင်္ဂလိပ် တို့က ထားရှိသဖြင့် ထိုနေရာကို ဂျပန်တို့က ဗုံးကြဲချရာ ချော်၍ ကုန်းသာကျောင်း ထိမှန်ပျက်စီးခြင်း ဖြစ်သည်။ တောင်ကြီးမြို့မစျေး (ညောင်ပင်ကုန်း)ကို လဲ ဗုံးကြဲသဖြင့် သင်္ကြန်လဲပျက်၊ ပွဲစျေးလဲပျက် ၊ စျေးလဲ ပျက်ခဲ့ကြောင်းဆိုသည်။ တဖန် ဂျပန်ခေတ် ရောက်သော အခါ အင်္ဂလိပ် တို့က ကျွဲညီနောင်ဖြင့် လာပစ်ရာ ရပ်တော်မူ ဘုရားကြီး မထိသဖြင့် ဘုရားကြီး သင်္ကန်းတော်တွင် ဂျပန်စာများရေးခဲ့ကြောင်း ဆိုသည်။


မင်းကျောင်းသည် စော်ဘွားများ ကိုးကွယ်သော ကျောင်းဖြစ်သဖြင့် မင်းကျောင်းဟု ခေါ်ကြောင်း ဆိုသည်။


ထို့ပြင် တောင်ကြီးမြို့တွင် တောင်ကြီးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် ၊ တောင်ကြီး ပညာရေး ကောလိပ်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း တို့လည်း ရှိကြပါသည်။

 


တောင်ကြီးမြို့ရှိ ဝန်းသို စော်ဘွားကြီး စဝ်အောင်မြတ် အုတ်ဂူ ဗိမာန်


တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်ကွက် ၊ ရပ်တော်မူ ဘုရားကုန်းတောင်ခြေ တွင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ၏ အုတ်ဂူ ဗိမာန် တည်ရှိပါသည်။ စော်ဘွားကြီး စဝ်အောင်မြတ် အုတ်ဂူ ကို မည်သူမဆို သွားရောက် လေ့လာနိုင်ကြောင်း သိရသည်။


ဗြိတိသျှ ကိုလိုနီ လွတ်လပ်ရေးအတွက် ပထမဆုံးတော်လှန်ရေးရှမ်းစော်ဘွား တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ စဝ်အောင်မြတ်ဖြစ်သည်။ အင်္ဂလိပ်မြန်မာ တတိယအကြိမ် စစ်ပွဲအပြီး ၊ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရ၏ ဩဇာ ကို မခံယူဘဲ ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညင်း ၊ ပင်လယ်ဘူး ဒေသများမှ အင်္ဂလိပ်တို့ကို တော်လှန်ပုန်ကန် ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ ရှေ့ပိုင်းနိုင်သော်လည်း နောက်ပိုင်း အရှုံးဖြင့် ရင်ဆိုင်လာရသဖြင့် ဝန်းသိုစော်ဘွားကြီး သည် တရုတ်နယ်စပ်တွင် (၃၁) နှစ် ကြာအောင် ပုန်းအောင်း နေထိုင်ခဲ့ရသည်။ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်၏ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံ ပြန်ရောက်လာသောအခါ တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက် သထုံဟော် တွင် နေထိုင်ခဲ့သည်။ အဆိုပါ သထုံဟော် မှာပင် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် သည် အသက်(၁၀၃) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ 


တောင်ကြီးမြို့ ရှိ လည်ပတ်စရာ (၁၀) နေရာ 


တောင်ကြီးမြို့ ရောက်လျှင် မဖြစ်မနေ လည်ပတ်သင့်သော အထင်ကရ ဘုရားများမှာ (၁) စူဠာမုနိ လောကချမ်းသာစေတီတော် ၊ (၂) မြို့လယ်ဓမ္မာရုံ ၊ (၃) ရပ်တော်မူ ဘုရားကြီး ၊ (၄) အောင်တော်မူကျောင်း ၊ (၅) ဘုရားကြီး အတွင်းကျောင်း (မဟာမြတ်မုနိ) ၊ (၆) အေးစေတီ ဘုရားဖြူ၊ (၇) သက်စေ့ရန်အောင်ကျောင်း (၈) အရိုးဂူကျောင်း (၉) ကံကြီး ဗျူးပွိုင့် ၊ နှင့် (၁၀) တပ်ဦးဥတ္တရာရုံ ကျောင်းတိုက်အနီး ဗျူးပွိုင့် တို့ ဖြစ်ကြပါသည်။


တောင်ကြီးမြို့ အရှေ့ဘက် နဂါးတောင်တန်း မှ ဘုရားစေတီများ ဖြစ်သော ရွှေဘုန်းပွင့် ၊ မြစိမ်းတောင် ၊ ပတ္တမြားလှိုဏ်ဂူ၊ နဂါးရေထွက်၊ ရွှေမုဋ္ဌော စေတီတော် နှင့် ရွှေချမ်းသာ စေတီတော် တို့အကြောင်း ကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ တောင်ကြီးရောက်လျှင် ပထမဆုံးလည်ပတ်သင့်သော နေရာမှာ အဆိုပါ တောင်ပေါ် ရှုခင်း ဖြစ်ပါသည်။ မနက်ခင်း နေထွက်ချိန်၊ ညနေခင်း နေကျချိန်နှင့် နေဝင် ဆည်းဆာချိန်များ အင်မတန် လှပ သဖြင့် ဓါတ်ပုံဆရာများ သွားရောက် ရိုက်ကူးလေ့ ရှိသော နေရာများလည်း ဖြစ်ပါသည်။

 

 


နောက်ထပ် လည်ပတ်စရာတစ်ခု အဖြစ် တောင်ပေါ်မှ ဆင်းလျှင် စူဠာမုနိလောကချမ်းသာစေတီတော် ကို လည်ပတ်နိုင်သည်။ ယခုနှစ်ပိုင်းတွင် အသစ်တည်ဆောက်ထားသော ဗျူးပွိုင့်စင် များတိုးချဲ့ တည်ဆောက်ထားပြီး ၊ ရွှေသင်္ကန်းများလည်း အသစ်ပြန်လည် ကပ်လှူထားသည်ကိုတွေ့ရသည်။ မတ်လ အစောပိုင်းတွင် တောင်ကြီးမြို့၊စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး လုံးတော်ပြည့်၊အရံစေတီလေးဆူတို့အားရွှေသင်္ကန်းဆက်ကပ်ခြင်းနှင့် စေတီတော်အတွင်းအပြင် ဆေးသင်္ကန်းဆက်ကပ်ခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက်ခြင်း ဖြစ်ကာ ပိုမို သပ္ပါယ်စွာ ဖူးမြင်နိုင်ပါသည်။


တောင်ကြီးမြို့လယ်ဓမ္မာရုံ သည် ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ မြန်မာ့စီးပွားရေးဘဏ် နံဘေးတွင် တည်ရှိပြီး ရှေးနှစ်ပေါင်းများစွာကပင် ထိန်းသိမ်းလာသော အမွေအနှစ်လည်း ဖြစ်သည်။ 

ဆုတောင်းပြည့် အောင်တော်မူ စေတီတော် နှင့် ရပ်တော်မူ ဘုရားကြီးသည် လမ်းမျက်နှာချင်းဆိုင်တွင် တည်ရှိကြပါသည်။ ဝါးပြားလမ်းဆုံ ဘုံကျောင်းအတက် ကြားလမ်းမှ လည်းကောင်း၊ သိမ်တောင်အတက်လမ်း ၊ သိမ်တောင် ကျောင်းလမ်းအတိုင်း လည်းကောင်း လမ်းဆုံသို့ ရောက်ရှိနိုင်ပြီး၊ ရပ်တော်မူ နှင့် အောင်တော်မူ တို့သည် လမ်းတစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင် တည်ရှိပါသည်။


တောင်ကြီးမြို့ ရပ်တော်မူ ဘုရားကြီးသည် ၂၀၂၄ ခုနှစ်တွင် နှစ်ပေါင်း (၁၁၄) ပြည့်မြောက်ခဲ့ပြီ ဖြစ်ကာ၊ ဆုတောင်းပြည့် အောင်တော်မူ စေတီတော်သည်လည်း နှစ်ပေါင်း တစ်ရာနီးပါး ကြာမြင့်ပြီ ဖြစ်ပါသည်။ ရသေ့ကြီး ဦးခန္တီ တည်ထားသော ရပ်တော်မူဘုရားကြီးသည် ထူးခြားချက်များ ရှိပြီး၊ အင်္ဂလိပ်ခေတ် လေယာဉ်များ ဗုံးကြဲတိုက်ခိုက်ရာ ထိမှန်ခြင်းမရှိသဖြင့် ဂျပန်စစ်သားများက ရပ်တော်မူဘုရားကြီးတွင် ဂျပန်စာ များ ရေးထွင်းထားသည်ကိုလည်း ယနေ့တိုင် မြင်တွေ့ရမည် ဖြစ်သည်။



 


ဘုရားကြီး အတွင်းကျောင်း (မဟာမြတ်မုနိ) သည် တောင်ကြီးမြို့၏ ရှေးဟောင်း စေတီတော် ဖြစ်ပါသည်။ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ သိမ်တောင်အတက်လမ်းအတိုင်း လာလျှင် ရှေးဟောင်းသမိုင်းဝင် ရတနာဇေယျ စေတီတော်မြတ် နှင့် မဟာမြတ်မုနိဘုရားကြီး ကို ရောက်နိုင်ပေသည်။ ဘုရားကြီး အတွင်းကျောင်း ကို နောင်တော်ဘုရား ၊ ဘုရားဖြူမှ အေးစေတီကျောင်း လမ်းဆုံရှိ ဘုရားကို ညီတော်ဘုရား ဟု ခေါ်ဆိုကြကြောင်း တောင်ကြီးမြို့မှ နှစ်သက်တမ်းတစ်ရာကျော်သော ဘုရားများ ဆောင်းပါးတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။  (အဆိုပါအကြောင်းကို ဆောင်းပါးဖော်ပြခဲ့ပြီး ဖြစ်သည်)


တောင်ကြီးမြို့ ဖရဲ ငွေတောင်ကျောင်း အတက်လမ်း အတိုင်း သွားလျှင် သက်စေ့ရန်အောင်ကျောင်းကို ရောက်ရှိနိုင်ပါသည်။ ကျောင်းကြီးစုရပ်ကွက် ထုံးပုလဲ အတက်လမ်းအတိုင်း သွားလျှင်လည်း ဖရဲတောင် ကို ရောက်နိုင်ပါသည်။ အဆိုပါ ဖရဲတောင်နှင့် သက်စေ့ရန်အောင်ကျောင်းမှ မြင်ကွင်းသည် တမူထူးခြားသော တောင်ကြီးမြို့ ရှုခင်းကို မြင်တွေ့ရမည် ဖြစ်သည်။ 


ထို့ပြင် တောင်ကြီးမြို့၊ ကံသာရပ်ကွက် ရှိ အရိုးဂူကျောင်း ဟု ခေါ်သော အောင်မေတ္တာကျောင်းတိုက် မှ ကြည့်လျှင် လည်း အေးသာယာရှုခင်းကို မြင်တွေ့နိုင်ပါသည်။


နောက်ထပ် ရှုခင်းလှပသော နေရာလေးမှာ တောင်ကြီးမြို့ ငါးလမ်းဆုံမှ သွားနိုင်သလို ကျောက်တစ်လုံး သွားလမ်း အတိုင်း သွားရောက်နိုင်သော တောင်ကြီး ကံကြီး ဗျူးပွိုင့် ရှုခင်းလေး ဖြစ်ပါသည်။ တောင်မြောက် သွယ်တန်းနေသော မြို့ရှုခင်းအလှအပ ကို ရှုမြင်ခံစားနိုင်ပြီး၊ အနောက်ဘက် တောင်စောင်းပေါ်မှ နေဝင်ချိန် ကြည့်ရှုလျှင် ရှုမငြီး လှပ နေပါသည်။


တောင်ကြီးမြို့ မြောက်ဘက်ခြမ်းတွင် ရှိသော တောင်ကြီး-အေးသာယာ အဆင်းလမ်း ကရင်မ ရေထွက် လမ်းအတိုင်း ဝင်သွားလျှင် တပ်ဦး ဥတ္တရာရုံ စာသင်တိုက် ရောက်ရှိပါသည်။ ထိုမှ ဆက်လက်၍ ဝင်သွားလိုက်လျှင် ရန်အောင်တောင်နဂါးရုံ ဘုရားရုပ်ပွားတော် ကို ရောက်ရှိပါသည်။ ထို ရန်အောင်တောင်နဂါးရုံ ဘုရားရုပ်ပွားတော် သည် ၂၀၂၂ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ပြီးစီးသဖြင့် သိရှိသူ နည်းပါးသေးသည်။ ထိုတောင်ပေါ် ဗျူးပွိုင့်မှ ကြည့်လျှင် အေးသာယာ ၊ သစ်ပင်ထောင် ၊ပလီလင်း ရှုခင်း ကို မြင်တွေ့နိုင်သည်။


မြို့တည်စ အဆောက်အအုံ (၁၇) လုံး တို့တွင် ဒါဘာခန်းမ (ယခု မြို့တော်ခန်းမ) ၊ လွတ်လပ်ရေးရပြီးနောက် ပြန်လည်တည်ဆောက်ထားသော စာတိုက် နှင့် ကြေးနန်းရုံး တို့ကိုလဲ လေ့လာနိုင်ပါသည်။ 


တောင်ကြီးမြို့ရှိ စျေးကြီးများ တွင် လည်ပတ်ခြင်း


တောင်ကြီးမြို့တွင် စည်ပင်သာယာပိုင် စျေးကြီး (၃) စျေး ရှိပါသည်။ ၎င်းတို့မှာ (၁) တောင်ကြီးမြို့မစျေး ၊ (၂) စဝ်စံထွန်းစျေး (ခေါ်) အောက်စျေး ၊ (၃) ကုန်ခြောက်သားငါးစျေး တို့ ဖြစ်ကြသည်။ ထို့ပြင် စည်ပင်သာယာပိုင် မဟုတ်သော အခွန်လွတ် ပျံကျစျေး ၊ အမှတ်(၅) စျေး လည်း ရှိသေးသည်။


တောင်ကြီးမြို့ကို ရောက်လျှင် ရှမ်းပြည်အငွေ့အသက် ခံစားနိုင်ရန် တောင်ပေါ်စျေးနေ့ ကို မဖြစ်မနေ လည်ပတ် သင့်ပါသည်။ လ တစ်လ ၏ အစောဆုံး နှင့် နောက်ဆုံးနေ့ စျေးနေ့များနှင့် လပြည့် ၊ လကွယ် ၊ အခါ စျေး နေ့ များတို့ တွင် စျေးသည် စျေးဝယ်များ တိုးမပေါက်အောင် စည်ကားနေသည်ကို မြင်တွေ့နိုင်ပါသည်။


တောင်ကြီးမြို့မစျေး ၊ ကုန်သည်လမ်း နှင့် အနောက်မြို့ပတ်လမ်းတို့တွင် ခင်းကျင်းသော တောင်ပေါ် စျေးနေ့ ကို လေ့လာနိုင်ရန် မနက်ခင်း (၆) နာရီ အချိန်မှီ စောစောထ ၍ စျေးလည်ပတ်ရသည်မှာ အင်မတန် ပျော်စရာ ကောင်းသည်။ စျေးနေ့တွင် တောင်ကြီးပတ်ဝန်းကျင် ရှိ ကျေးရွာဒေသများမှ နယ်စုံ ဟင်းသီးဟင်းရွက် ၊ သစ်သီး၀လံ ၊ အသားငါး ၊ ရိုးရာအစားအစာများနှင့် ကုန်ခြောက် ကုန်စို များတို့ကို လာရောက်ကာ ရောင်းချခြင်း ဖြစ်ပါသည်။


တောင်ကြီးမြို့သည် လူဦးရေ များပြားသော မြို့တော် ဖြစ်သဖြင့် စျေးနေ့ မနက်ခင်း ရောက်တိုင်း မြို့ခံများ၏ ဝယ်လိုအား က လည်း မြင့်မားပါသည်။ ရှမ်းပြည်တွင်သာကျင့်သုံးသော ငါးရက်တစ်စျေး ဓလေ့ မှာ စော်ဘွား အုပ်ချုပ်ခဲ့စဉ် ကာလ ကပင် စတင်ခဲ့ကြောင်း သိရသည်။


ငါးရက်တစ်စျေး ပေါ်ပေါက်လာပုံမှာ စော်ဘွားလက်ထက် တွင် နေအိမ်တိုင်း အိမ်တိုင်းစေ့ ခြံထွက် သစ်သီး၀လံ များကို အခွန်တော် သွားရောက် ဆက်သကြရခြင်း ဖြစ်သည်။ ထိုသို့ ကျေးရွာ တိုင်းမှ နေအိမ်များမှ စော်ဘွား ဟော်နန်း ၊ နန်းတော်သို့ သွားရောက်ကြရခြင်း ဖြစ်သည်။ ဝေးလံ ခေါင်ဖျားသော ကျေးရွာများတွင် နေထိုင်ကြသူ များအတွက် အခွန်တော် အချိန်မှီ ဆက်ရန် သွားရေးလာရေး အခက်အခဲ ရှိသဖြင့် တောင်ကြီး၊ ဖယ်ခုံ ၊ ညောင်ရွှေ၊ ကလော ၊ အောင်ပန်း စသဖြင့် ဒေသများတွင် စုရပ် သတ်မှတ်၍ အခွန်တော် ဆက်သခြင်း ဖြစ်သည်။ ထိုသို့ ဆုံရပ်သတ်မှတ်ထားသော နေရာသို့ နီးစပ်ရာ ကျေးရွာ နေရာအသီးသီး တို့မှ လာရောက်ကြကာ စော်ဘွားကို အခွန်တော် ဆက်သခဲ့ကြရာမှ သီးနှံအပိုများ သယ်ဆောင်လာကြရင်း အချင်းချင်း ပစ္စည်းများ ဖလှယ်ကြ ရောင်းဝယ်ကြရာမှ စော်ဘွားခေတ်ကုန်ဆုံးချိန်တွင် ရှမ်းပြည်ဓလေ့ ရိုးရာ စျေးနေ့ များ ဖြစ်ပေါ်လာသည်ဟု လူကြီးသူမ တို့၏ ပါးစပ်စကားအရ လေ့လာမှတ်သားရပါသည်။


ရှမ်းပြည်နယ် တွင်သာ စျေးနေ့ ဓလေ့ ရှိပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသသုံး စျေးနေ့ ပြက္ခဒိန်များကိုလည်း ရောင်းချပါသည်။ မြို့အလိုက် စျေးနေ့များကို ရေးသား မှတ်တမ်း တင်ထားသော ဒေသသုံး ပြက္ခဒိန်လည်း ဖြစ်ပါသည်။ ဥပမာ ဧပြီလ (၄) ရက် တွင် တောင်ကြီးစျေးနေ့ ကျရောက်လျှင် နောက်ထပ် ငါးရက်မြောက် နေ့ ဖြစ်သော ဧပြီလ(၉) ရက်၊ ဧပြီလ (၁၄) ရက်၊ ဧပြီလ (၁၉) ရက် ၊ (၂၄) ရက်၊ (၂၉) ရက် တို့သည် တောင်ကြီး စျေးနေ့များ ဖြစ်ကြပါသည်။  


ငါးရက်တိုင်း စျေးနေ့ တစ်ကြိမ် ကျရောက်သဖြင့် ရှမ်းပြည်ဓလေ့ ငါးရက်တစ်စျေး ဟုလည်း ခေါ်ဆိုကြပါသည်။ လပြည့် ၊ လကွယ်နေ့ စျေးနေ့ ကျရောက်လျှင် တစ်ရက် ကြိုတင်စျေးခင်း၍ အဖိတ်စျေး ရောင်းကြပါသည်။ တစ်ရက် ကြိုရောင်းသဖြင့် လပြည့် ၊ လကွယ်နေ့တွင် စျေးနေ့ စျေးခင်းရောင်းခြင်း မရှိပါ။


တောင်ကြီးတွင် ဒေသသုံး စျေးနေ့ အတိုကောက် မှတ်ထားကြသည်မှာ “တောင်တောင်၊ ညောင်ညောင်ဟိုး” ဟု လူသိများသည်။ တောင်ကြီးစျေး၊ တောင်နီစျေး၊ ရွှေညောင်စျေး၊ ညောင်ရွှေစျေး နှင့် ဟဲဟိုးစျေး တို့ ဖြစ်ကြသည်။ တောင်ကြီးစျေးနေ့ နှင့် နေ့တူ စျေးများမှာ အလယ်ချောင်စျေး ၊ အောင်ပန်းစျေး၊ ပင်ခွန်စျေး၊ နမ့်ခုတ်စျေး၊ ရွာမရေပေါ်စျေး ၊ မိုင်းပျိုးစျေး ၊ ကျောက်တစ်လုံးစျေး ၊ ဆတ်သေစျေး၊ မြိုင်စျေး၊ ပင်လုံစျေး၊ လုံဝိုးစျေး စသည်တို့ ဖြစ်သည်။ အလားတူပင် ကျန်သော တောင်နီစျေး ၊ ရွှေညောင်စျေး၊ ညောင်ရွှေစျေး နှင့် ဟဲဟိုးစျေး တို့ အောက်တွင်လည်း နေ့တူ စျေးပေါင်း (၅၇) စျေး ကျန်ရှိပါသေးသော်လည်း မဖော်ပြတော့ဘဲ ချန်လှပ်ထားပါမည်။


“ဗမာညောင်ရမ်း ၊ ရှမ်းညောင်ရွှေ” ဟူသော စကားရပ်ကို ဦးတင့်ဆွေ ရှင်းပြသည် မှာ သီပေါမင်းလက်ထက်တွင် အခွန်ဆက်သရန် ဗမာမှန်ရင် ညောင်ရမ်းတွင် စုရပ်၊ ရှမ်းတွင် ညောင်ရွှေ စုရပ် အဖြစ် နေပြည်တော်မှ သတ်မှတ်ထားကြောင်း၊ ဆိုသည်။ ညောင်ရွှေမြို့ နှင့် ညောင်ရမ်း တို့တွင် အခွန်ဆက်သရန် ဗန်တို ၊ ဗန်ရှည် ၊ မြန်မာ့သိုင်း တတ်မြောက်ထားသော ပညာရှင်များ ပေါများသဖြင့် အင်္ဂလိပ်အစိုးရ က ဗမာညောင်ရမ်း၊ ရှမ်းညောင်ရွှေ လူမိုက်ပေါများသည် ဟု တလွဲနာမည်ဖျက်ခဲ့ကြောင်း ဆိုသည်။ အခွန်တော် ကို တစ်နှစ်တစ်ကြိမ် ဆက်သရခြင်း ရှိကြောင်း သိရသည်။


နှစ်သက်တမ်း တစ်ရာကျော် တောင်ကြီးမြို့မစျေး


တောင်ကြီးမြို့မစျေး နေရာသည် ယခင်က ဦးကြီးခမ်းလော်ရွာ နေရာဟောင်းဖြစ်သည်ဟု သိရသည်။


တောင်ကြီးမြို့မစျေးသည် မြို့တည်စ အချိန်ကပင် စတင် ပေါ်ပေါက်လာသော စျေးတစ်စျေးဖြစ်ကြောင်း တောင်ကြီးမြို့ခံ ဦးတင့်ဆွေ က ဆိုသည်။ တောင်ကြီးမြို့မစျေး နေရာတွင် ယခင်က ညောင်၀ိုင်း စျေးခင်းကျင်း ရောင်းချသော ဓလေ့ရှိကာ နောက်ပိုင်းတွင် စျေးသတ်မှတ်လိုက်သဖြင့် စျေးအနီး ပတ်ဝန်းကျင် ရပ်ကွက်များကို စျေးပိုင်းရပ်ကွက်ဟု ခေါ်ဆိုကြသည်။ လက်ရှိ ရှုမ၀တိုက်ရှေ့ နေရာတွင် ရှေ့ယခင်က မီးပုံးပျံများ လွှတ်ကြောင်း ဆိုသည်။ EPC ရုံး နောက်နားတွင် ကုန်းရှိကာ ရေအိုင်များ ရှိကြောင်း ၊ ဖို့ပြီး ပြင်ဆင်ရကြောင်း၊ လက်ရှိ အမွှာညီမ ကားဂိတ် အနီးတွင် ယခင်က ဒိုဘီ သည်များ နေကြကြောင်း ၊ မြေဖို့ပြီး ဆောက်ထားသဖြင့် စျေးပိုင်း ရှိ နေအိမ်များသည် အနောက်ဘက်ကို ၁၅ ဒီဂရီ ခန့် စောင်းနေကြောင်း၊ ဆိုသည်။


ယခု ရှုမ၀တိုက် မီးပွိုင့် လမ်းကြားနေရာသည် ဝါးလှည်းများ ထားရာ နေရာ လှည်းတန်း ဖြစ်ကာ ၊ စျေးပိုင်း စာကြည့်တိုက် နေရာ တွင် ယခင် က ဒိုဘီတန်း တည်ရှိကြောင်း ၎င်းက ဆိုသည်။ ယခင်က လှည်းများဖြင့် လာရောက်ရောင်းချကြောင်း ၊ နွားများ အရိပ်ရစေရန် ညောင်၀ိုင်းတွင် စုရပ်ထားခြင်း ရှိကြောင်း၊ တဖြည်းဖြည်း စျေးဖြစ်လာကြောင်း ဆိုသည်။ 


၁၉၈၉ ခုနှစ်တွင် တစ်နိုင်ငံလုံး စျေးများ အသစ်ပြန်လည် တည်ဆောက်ချိန် တောင်ကြီးမြို့မစျေး ကို သုံးထပ်စျေးအဖြစ် တည်ဆောက်ခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့မစျေး ကို အပိုင်းလေးပိုင်း ခွဲခြား ဆောက်လုပ်ခဲ့ကာ ၊ ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် အပိုင်း တစ်ကို စတင် ဖွင့်လှစ်ခဲ့ကြောင်း ဦးတင်မောင်က ဆိုသည်။


စဝ်စံထွန်း ဘိုးဘွားရိပ်သာ အနီးတွင် ရပ်ကွက်သားများ သဂြိုလ်သော စဝ်စံထွန်း သင်္ချိုင်းကုန်း ထားရှိကြောင်း ဆိုသည်။ ၁၉၇၆ ခုနှစ်တွင် စဝ်စံထွန်း သင်္ချိုင်းကုန်း ကို တူးဖော်ပြောင်းရွှေ့ပြီးမှ စဝ်စံထွန်းစျေး (အောက်စျေး) ပေါ်ပေါက်လာကြောင်း ၎င်းက ဆိုသည်။


တောင်ကြီးမြို့ရှေးဟောင်း အဆောက်အအုံများအကြောင်း ဆက်စပ်၍ လက်ရှိ စဝ်စံထွန်း ဆေးရုံကြီးကို လည်း ရှင်းပြသည်။ ၁၉၆၂ ခုနှစ် တွင် ဦးနေဝင်း မှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ကို ကြေညာလိုက်စဉ် ၊ ဆိုရှယ်လစ် တစ်နိုင်ငံ တိုးသဖြင့် ရုရှားနိုင်ငံမှ ဆေးရုံ တစ်ရုံ လက်ဆောင်ပေးခဲ့ကြောင်း ၊ ယခင်က ရုရှားဆေးရုံ ဟု ခေါ်ကြောင်း ဆိုသည်။ ရုရှား ဆေးရုံ အတွက်အသုံးပြုရန် ရုရှားရေကန် ကိုလည်း တူးဖော်ပေးခဲ့ကြောင်း သိရသည်။ 

 


တောင်ကြီးမြို့ရှိ ပန်းခြံများ


တောင်ကြီးမြို့တွင် လည်ပတ်နိုင်သောပန်းခြံများမှာ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ ၊ မြကန်သာ ပန်းခြံ၊ တောင်ကြီးဗျူးပွိုင့် ရှုခင်း ပန်းခြံ နှင့် ချမ်းမြသာစည် ဗျူးပွိုင့် တို့ ဖြစ်ကြသည်။ (အခကြေးငွေ ပေးရသော ပန်းခြံများကို ထည့်မတွက်ဘဲ ၊ အများပြည်သူနှင့်သက်ဆိုင်သော ပန်းခြံများသာ ဖော်ပြပါသည်။)


ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံသည်ရှေးယခင်က တည်ဆောက်ခဲ့ပြီး၊ မြကန်သာ ပန်းခြံ၊ တောင်ကြီးဗျူးပွိုင့် ရှုခင်း ပန်းခြံ နှင့် ချမ်းမြသာစည် ဗျူးပွိုင့် တို့သည် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တည်ဆောက်ကာ ဖွင့်လှစ်ခဲ့သော ပန်းခြံ များ ဖြစ်ကြသည်။ အထက် ဖော်ပြပါ ပြည်သူပိုင် ပန်းခြံ လေးနေရာကို သွားရောက် ဝင်ကြေး အခမဲ့ စိတ်တိုင်းကျ သွားရောက် လည်ပတ်နိုင်ပါကြောင်း ဖော်ပြလိုက်ပါသည်။


ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ ရောက်ရှိစဉ် လည်ပတ်စရာ နေရာလေးများကို အတတ်နိုင်ဆုံး စုံလင်စွာ အချက်အလက်များ ပြုစု၍ ဖော်ပြပေးလိုက်ရပါသည်။ နောက်ထပ်လည်း ကျန်ရှိနေသေးသော လူသိနည်း အကြောင်းအရာလေးများကို ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

 


×××

တောင်ကြီးမြို့ လည်ပတ်စရာ (၂၁) နေရာ


တောင်ကြီးမြို့ ဦးစားပေး လည်ပတ်သင့်သောနေရာများမှာ တောင်ပေါ် ဗျူးပွိုင့် ၊ ရှမ်းပြည်နယ် ယဉ်ကျေးမှု ပြတိုက်၊ တောင်ချွန်းနှင့် မုံတ၀လှိုဏ်ဂူတော် ၊ စဝ်စံထွန်း ရပ်ကွက်တွင် တည်ရှိသော မင်္ဂလာဂူ ၊ တို့ ပါဝင်သည်။


တောင်ကြီးမြို့ရှိ နှစ်သက်တမ်း တစ်ရာကျော် ရှိသော မြို့မစျေးကြီး နှင့် တောင်ကြီးစျေးနေ့၊ အပါအဝင် တောင်ကြီးမြို့ ရပ်တော်မူ တောင်ခြေတွင် တည်ရှိသော ဝန်းသို စော်ဘွားကြီး စဝ်အောင်မြတ် ဂူဗိမာန် တို့လည်း ရှိပါသည်။


တောင်ကြီးမြို့တွင် လည်ပတ်နိုင်သောပန်းခြံများမှာ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ ၊ မြကန်သာ ပန်းခြံ၊ တောင်ကြီးဗျူးပွိုင့် ရှုခင်း ပန်းခြံ နှင့် ချမ်းမြသာစည် ဗျူးပွိုင့် တို့ ပန်းခြံ စုစုပေါင်း (၄) နေရာ ရှိကြသည်။


တောင်ကြီးမြို့ ရောက်လျှင် မဖြစ်မနေ လည်ပတ်သင့်သော အထင်ကရ ဘုရားများနှင့် ဗျူးပွိုင့် ရှုခင်းများမှာ (၁) စူဠာမုနိ လောကချမ်းသာစေတီတော် ၊ (၂) မြို့လယ်ဓမ္မာရုံ ၊ (၃) ရပ်တော်မူ ဘုရားကြီး ၊ (၄) အောင်တော်မူကျောင်း ၊ (၅) ဘုရားကြီး အတွင်းကျောင်း (မဟာမြတ်မုနိ) ၊ (၆) အေးစေတီ ဘုရားဖြူ၊ (၇) သက်စေ့ရန်အောင်ကျောင်း (၈) အရိုးဂူကျောင်း (၉) ကံကြီး ဗျူးပွိုင့် ၊ နှင့် (၁၀) တပ်ဦးဥတ္တရာရုံ ကျောင်းတိုက်အနီး ဗျူးပွိုင့်  တို့ ဖြစ်ကြပါသည်။


ထို့ကြောင့် အထက် ဖော်ပြပါ အကြောင်းအရာများကို ပြန်လည် အနှစ်ချုပ်ရလျှင် လည်ပတ်စရာ အထင်ကရ ဘုရားစေတီတော်များ၊ တောင်ပေါ် ဗျူးပွိုင့်၊ ပန်းခြံများ၊ စျေး၊ နှင့် စော်ဘွား ဗိမာန် တို့ အပါအဝင် စုစုပေါင်း နေရာ (၂၁) နေရာ ကို မိမိ တို့ ကြိုက်နှစ်သက်ရာ နေရာ ကို ရွေးချယ် လည်ပတ်နိုင်ပါစေကြောင်း ဆောင်းပါးလေးဖြင့် မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။


×××

 

(မှတ်ချက် - စာသား ပုံများကို ကူးယူဖော်ပြခွင့် မပြုပါ။)
(မူရင်းစာရေးသူကို လေးစားသောအားဖြင့် ပြန်လည် ကူးယူခြင်းမပြုကြဖို့
အနူးအညွတ် မေတ္တာရပ်ခံပါတယ် ။)
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်။
စည်သာ(တောင်ကြီး) 

စည်သာ(တောင်ကြီး)







No comments:

Post a Comment


Aung Hein - နည္​းပညာ