Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, December 31, 2024

တောင်ကြီးမြို့မှ နှစ်တစ်ရာပြည့်တော့မည့် စိန့်အင်းကျောင်းတော်ကြီး

 တောင်ကြီးမြို့မှ နှစ်တစ်ရာပြည့်တော့မည့် စိန့်အင်းကျောင်းတော်ကြီး


 

 နှစ်ပေါင်းတစ်ရာပြည့်တော့မည့် စိန့်အင်းကျောင်းဟု ထင်ရှားသည့် အမှတ် (၃) အထက်တန်းကျောင်းကို တွေ့ရစဉ်

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တိုင်းနှင့်ပြည်နယ် ၁၄ ခု၌ ရှမ်းပြည်နယ်သည် နိုင်ငံ၏ လေးပုံတစ်ပုံကျယ်ဝန်းပြီး ပထဝီအနေအထား အကျယ်ဝန်းဆုံးနှင့် တိုင်းရင်းသားအများဆုံးဖြစ်ကြောင်း သိရ သည်။ ထို့ပြင် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် အဓိကပင်မသွေးကြောဖြစ် သည့် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့် တစ်နိုင်ငံလုံး၏ ဘူမိနက်သန်အောင် မြေနေရာဟု လည်း တင်စား ခေါ်ဝေါ်နိုင်ပြီး တိုင်းပြည်၏အသည်းနှလုံးဟု တင်စားနိုင်သော အင်းလေးကန်သည်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် တည်ရှိပါသည်။

တောင်ကြီးမြို့ သမိုင်းကြောင်းကို ပြော ရလျှင် တောင်ကြီးအစ မိုင်းသောက်ကဟု ဆိုသည့်အတိုင်း ၁၈၈၇ ခုနှစ် ဧပြီလ ၂၇ ရက်တွင် မိုင်းပွန်စော်ဘွားအား စော်ဘွားခန့်စာ Sanad ပေးပြီး မိုင်းပွန်မှအပြန် တောင်ကြီးမြို့ရှိ ယခု ၂၁၂ ဆက်သွယ်ရေးတပ်နေရာတွင် ခေတ္တ စခန်းချခဲ့ရာ ထိုနေရာသည် ပင်လယ် ရေမျက် နှာပြင်အထက် ပေပေါင်း ၅၀၀၀ အထက်ရှိ ခြင်း၊ လွင်ပြင်ကျယ်ပြန့်ပြီး ရေထွက် ၁၃ ခု ရှိခြင်း၊ ရာသီ ဥတုကောင်းမွန်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပြီး အုပ်ချုပ် ရာတွင် လွယ်ကူမှုရှိနိုင်ခြင်းနှင့် သဘာဝရှုခင်းများ ကောင်းမွန်သင့်တော်ခြင်းတို့ကြောင့် နိုင်ငံ ရေးအရာရှိ ဟေးလ်ဒီဘရန်းသည် သဘော ကျခဲ့သည်။ တစ်ဖန် လက်ထောက် နိုင်ငံရေး အရာရှိ ဂျေဂျီစကော့လည်း ယခု တောင်ကြီး နေရာသည် လွင်ပြင်ကျယ်ပြန့်သဖြင့် မြင်း ပြိုင်ကွင်း ပြုလုပ်နိုင်ခြင်း၊ Polo  ကစားနိုင်ခြင်း၊ ပန်းမာန်ဥယျာဉ်သစ်သီးခြံများ စိုက်ပျိုးနိုင် ခြင်းနှင့် ကျန်းမာရေး ညီညွတ်မှုရှိခြင်းတို့ ကြောင့် တောင်ကြီးနေရာတွင် မြို့တည်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြို့တည်စ အဆောက်အအုံ ၁၇ လုံး

တောင်ကြီးမြို့တည်ရန်အတွက် ဆုံးဖြတ်ပြီးနောက်ပိုင်း ဗြိတိသျှတို့သည် မိုင်းသောက်တွင် တပ်စွဲနေစဉ်ကပင် ရှမ်းပြည်နယ် အုပ်ချုပ်ရေး ဗဟိုရုံးစိုက်ရန် နေရာရွေးချယ်ရေးကော်မတီဖွဲ့၍ တောင်ကြီးနေရာတွင် မြို့တည်ရန် အတည်ပြုခဲ့ပြီးနောက် အင်္ဂလိပ်တို့သည် ၁၈၉၂ ခုနှစ်တွင် မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အိမ်မြေနေရာအကွက် ချခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အရာရှိနေအိမ်၊ လူနေအိမ်၊ ရုံး၊ ဘိုတဲ၊ ဆေးခန်း စုစုပေါင်း အဆောက်အအုံ ၁၇  လုံးကို နှစ်နှစ်ကျော် အချိန် ယူ၍ ကြို တင်တည်ဆောက်ခဲ့ကြသည်။

အဆိုပါ မြို့တည်စအဆောက် အအုံ ၁၇ လုံးမှာ (၁) အရေးပိုင်အိမ် (Residency) (လက် ရှိဝန်ကြီးချုပ် အိမ်တော်) (၂) လက်ထောက် အရေးပိုင်အိမ်၊ (၃) တိုင်းသစ်တောအရာရှိ အိမ် (Assistant Superintendent’s quarters) (လက်ရှိ ပြည်နယ်သစ်တောရုံးအတွင်း)၊  (၄) လမ်းအရေးပိုင်နေအိမ် (Executive Engineer’s quarters)) (လက်ရှိ လမ်းဦးစီးရုံးအ တွင်း) (၅) ဆရာဝန်ကြီးအိမ် (Civil Surgeon’s quarters) (၆) လက် ထောက်ဆေးရုံအုပ်အိမ် (Hospital Assistant’s quarters)  (၇) ရဲအရာရှိ အိမ် (Police Officer’s quarters)၊ (၈)တရားရုံး၊ အရေးပိုင်နှင့် နိုင်ငံရေး အရာရှိ ရုံးများ (Court and officers of the Superin-tendent and Political officer) (၉) ငွေတိုက် (Treasury )၊ (၁၀) အချုပ်ခန်း (Lock up ) (၁၁) လမ်းဌာနရုံး (Publice Works Depart-ment Office)၊ (၁၂) ဒါဘာခန်းမ (Durbar Hall)) (၁၃) ဆေးရုံ (ံ Hospital))၊ (၁၄) စာတိုက် (Post Office)၊ (လက်ရှိစာတိုက်) (၁၅) ကြေး နန်းရုံး(Telegraph Office) ) (၁၆) အရာရှိ ရိပ်သာ (Circuit House)၊ (၁၇) လမ်းဌာန တည်းခိုရိပ်သာ (Publice Works Department inspection bunga-low) တို့ဖြစ်ကြောင်း သိရ သည်။

အဆိုပါ မြို့တည်စအဆောက်အအုံများ မှာ တချို့ကျန်ရှိပြီး အချို့မှာ ဂျပန်ဗုံးဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သည်များလည်း ရှိခဲ့ သည်။ ဗြိတိသျှတို့၏ သီးခြားနယ်မြေကို နိုင်ငံရေးအရာရှိ ဟေးလ်ဒီဘရန်းကို ဂုဏ်ပြု သော အားဖြင့် ဟေးလ်ဒီဘရန်းမြို့ဟု အမည် ပေးခဲ့သော်လည်း ခေါ်တွင်ရန် ခက်ခဲသဖြင့် မသုံးခဲ့ချေ။ အရှေ့ဘက် တောင်တန်းကြီးတွင် အုပ်မိုးနေသော တောင်ချွန်းကြီး ကို အစွဲပြု၍ တောင်ကြီးဟု ခေါ်ရာမှ Camp Taunggyi  တောင်ကြီးမြို့ဟု ယနေ့တိုင် ခေါ်တွင်လာခြင်း ဖြစ်သည်။ တောင်ကြီးမြို့ကို ၁၈၉၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ် အစိုးရရုံးစိုက်ရာမြို့အဖြစ် စတင်ခဲ့ကြောင်း ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အုပ်ချုပ်ရေးဆိုင် ရာ အဆောက်အအုံများ သမိုင်းမှတ် တမ်းအရ သိရသည်။မြို့တည်သမိုင်းကြောင်း ရှင်း ပြခြင်းမှာ ဆက်စပ်စဉ်းစားနိုင်ရန် အလို့ငှာ ပြန်လည် တင်ပြခြင်းဖြစ်သည်။

တောင်ကြီးမြို့၏ ပညာရေးသမိုင်းကြောင်း

ထိုသို့ ၁၈၉၄ ခုနှစ် စက်တင်ဘာလလယ် ပိုင်းတွင် စတင်ရုံးစိုက် နေထိုင်ခဲ့သော တောင် ကြီးမြို့တွင် နှစ်ပေါင်း အစိတ်အတွင်း များစွာ တိုးတက်လာသည်ကို ၁၉၂၀ ပြည့် နှစ် ဓာတ်ပုံ မှတ်တမ်းအရ မြင်တွေ့ ခဲ့ရသည်။ မြို့လယ် ဘောလုံးကွင်း ပတ်လည်မှာ ရှင်းလင်းနေပြီး မြို့လယ်ကောင်မှာ နေအိမ်ရာပေါင်း များစွာ ရှိနေသည်ကို မြင်တွေ့ရသည်။

တောင်ကြီးမြို့တွင် နှစ်ပေါင်း တစ်ရာ ကျော် သက်တမ်းရှိသော အဆောက်အအုံများ အနက် ထင်ရှားသော စာသင်ကျောင်းများမှာ စစ်ကြိုခေတ်တွင်  Shan Chief School  ရှမ်း စော်ဘွားသားသမီးနှင့် တူမြေးများနေသော ရှေးအခေါ်တောင်ကျောင်း (ပဒေသရာဇ် ကျောင်း)၊ စစ်ပြီးခေတ်တွင် ကမ္ဘောဇကောလိပ် (ယခု အထက(၂) ကျောင်း) သည် နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိ ပြီဖြစ်ကြောင်း သိရသည်။ ထိုကာလ နှင့် ခေတ်ပြိုင်သက်တမ်း ရင့်သော စာသင်ကျောင်းမှာ စိန့်အင်းကျောင်း ဟု ထင်ရှားခဲ့သော ယခုအခါ အမှတ် (၃) အထက်တန်းကျောင်းတော် ကြီးပင် ဖြစ်သည်။

စိန့်အင်းကျောင်း (Saint Anne’s Convent High School) ကျောင်းတော်ကြီး အကြောင်း တင်ပြ ရာတွင် ခေတ်ကာလများကို ခွဲခြား၍ အပိုင်းခြောက်ပိုင်း ခွဲခြားတင်ပြမှ သာ ရှင်းလင်းပြည့်စုံမည်ဟု ယူဆမိသည်။ အဆိုပါခေတ်များကို စစ် ကြိုကာလ ဗြိတိသျှ ကိုလိုနီခေတ်၊ ဂျပန်ကိုလိုနီခေတ်၊ လွတ်လပ် ရေးရပြီးနောက်ပိုင်း ပါလီမန်ခေတ်၊ မဆလ အာဏာသိမ်းသောခေတ်၊ နဝတ၊ နအဖ ကောင်စီခေတ်နှင့် အရပ်သား အစိုးရ လက် ထက်အထိ အခြေအနေများကို ခွဲခြားသိမြင် မှသာ ရှင်း လင်းစွာသဘောပေါက်မည် ဖြစ်ပေ သည်။

တောင်ကြီးမြို့ အစောဆုံး စာသင်ကျောင်း

တောင်ကြီးမြို့တွင် နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် ကြာရှည်ခဲ့သော ကျောင်း တော်ကြီးမှာ စော်ဘွားကျောင်း၊ ကမ္ဘောဇ ကျောင်းဟုခေါ်တွင်သည့် ယခု အထက (၂) ကျောင်းဖြစ်သည်။ ထို ကမ္ဘောဇကျောင်းမှာ စစ်ကြိုခေတ်တွင် Saint Anne’s Convent High School ဟု ခေါ်တွင်ခဲ့ပြီး စစ်ပြီး လွတ်လပ်ရေးကြိုးပမ်း စဉ်ကာလ ၁၉၄၇ ခုနှစ်တွင် Kambawza Collage  ကောလိပ်ဖြစ်သွားကာ ဦးတင်ဧ ကျောင်းအုပ်အဖြစ်လုပ်ကိုင်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ပြည်သူ ပိုင်သိမ်းယူလိုက်ပြီး အထက(၂)ကျောင်း ဖြစ်လာကာ ရှေးက တောင် ကျောင်းဟု ခေါ်ခဲ့ကြ သည်။ မြောက် ကျောင်းဟု ခေါ်သောကျောင်း မှာ အလက (၂)၊ ယခု အထက(၁၀) ကို မြောက် ကျောင်းဟု ခေါ်ဆိုခဲ့ ကြောင်း ဒေါက်တာ အောင်ကျော် ပြောခြချက်အရ သိရသည်။ စစ်ကြို ခေတ် Shan Chief School တွင် စော်ဘွားသား သမီးများ၊ အမတ် သားသမီးများသာ သီးသန့် တက်ရသောကျောင်းဖြစ်ပြီး တောင် ကြီးမြို့၏ အစောဆုံးကျောင်းဟု ခေါ် ဆိုနိုင်ပေသည်။

ထင်ရှားကျော်ကြားသမိုင်းကြောင်း အစဉ်အလာကြီးသည့် စိန့်အင်းကျောင်း

(စစ်ကြိုကာလ - Pre War) (၁၉၂၉-၁၉၄၁)

တောင်ကြီးမြို့တွင် ဒုတိယ သက်တမ်း အရင့်ဆုံးဟု ပြော၍ရသည့် နှစ်ပေါင်းတစ်ရာနီးပါး သက်တမ်းရှိ ကျောင်းတော်ကြီးမှာ စိန့်အင်းကျောင်း (ယခု အမှတ်(၃) အထက်တန်း ကျောင်း) ပင် ဖြစ်သည်။

အီတလီမှ ဘုန်းတော်ကြီး ကိုယ်တိုင် တည်ဆောက်ခဲ့ကာ ၁၉၂၉ ခုနှစ်တွင် စတင် ကျောင်းဖွင့် လှစ်ခဲ့ရာ နှစ်ပေါင်းတစ်ရာ နီးပါး ရှိပြီဟု သိရသည်။ စိန့်အင်း Saint Anne’s  ဆိုသည်မှာ Roman Catholic ရိုမန်ကက်သ လစ် သီလရှင် သူတော်စင်၏ အမည်နာမပင် ဖြစ်သည်။ ကျောင်းကိုလည်း သီလ ရှင်များပင် အုပ်ချုပ်ပြီး စည်းကမ်းကြီးကာ ပညာတတ် လူတော်၊ လူမော်များစွာ မွေးထုတ်နိုင်ခဲ့သည်။

St.Anne’s Convent High School စိန့်အင်း ခရစ်ယာန် သီလရှင်အထက်တန်း ကျောင်းကို ၁၉၂၉  ခုနှစ်တွင် ကျောင်းစတင် ဖွင့်လှစ်ခဲ့ သည်ဟု ကျောင်းသားဟောင်းများ က ဆိုကြသည်။ ထိုခေတ်အခါက  ကျောင်းဝင်း အတွင်းမှာပင် ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်များလည်း ထားရှိခဲ့ကြောင်း သိရသည်။ ဘော်ဒါဆောင်များမှ Class-1 And ၂ ခွဲခြားထားပြီး Class 1  မှာ ငွေ ကြေးဖြင့် နေထိုင်ရကာ Class 2 မှာ ဘာသာဝင် ငွေ ကြေးမတတ်နိုင်သူများကို လျှော့ပေါ့နှုန်းထား ဖြင့် လက်ခံပြီး မိဘမဲ့ကလေးများကိုလည်း ပညာသင်ကြားပေးခြင်းဖြစ်သည်။ အစားအသောက် ကွာခြားချက်ရှိကြောင်း သိရသည်။

Roman Catholic Convent ခရစ်ယာန် သီလရှင်ကျောင်းဖြစ်ပြီး  Roman Catholic Nunsသီလရှင်များ၊ လူဝတ်ကြောင် ဆရာ၊ ဆရာမ များဖြင့် စာသင်ကြားပေးခဲ့ခြင်း ဖြစ် သည်။ ထိုစဉ်က စစ်ကြိုကာလ၌ ကျောင်းတွင် အင်္ဂလိပ်စကားကိုသာ ပြောရပြီး ဗမာစကား ပြောမိပါက တစ်ပဲ ဒဏ်တပ်ခံရကြောင်း၊ အင်္ဂ လိပ်စာ၊ အင်္ဂလိပ်စကားပြောတို့ဖြင့် ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသည့် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းလည်း ဖြစ် သည်။

ထိုခေတ်အခါက အငယ်တန်း ကျောင်း တက်ခြင်း ုွ KG ,C – Upper KG -c + Lower KG-c တက်ပြီးမှ KG, B တစ်ဆင့် KG , A သို့ တက်ရောက်သင်ကြားရခြင်းဖြစ်သည်။  KG ,C - KG , B - KG , Aတို့ကို တက် ရောက်ပြီးမှသာ ပထမတန်းကို ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

ကျောင်းဝတ်စုံများကို အီတလီ မှလာ သော အဝတ်စဖြင့် တစ်ရောင် တည်း တစ်ညီ တည်း ယူနီဖောင်းဖြင့် ဝတ်ဆင်ရခြင်း ဖြစ် သည်။ ယူနီဖောင်းမှာ အမျိုးသမီးများတွင် အစိမ်းရောင်ကုတ်အကျႌ၊ ဂျာကင်၊ စွယ်တာ နှင့် အပြာရင့်ရောင် ထဘီစကတ်တို့ ကို ဝတ် ဆင်ရပြီး အမျိုးသားများတွင် အဖြူရောင်ရှပ် အကျီနှင့် ကာကီရောင်ဘောင်းဘီရှည်နှင့် စက် ဘောင်းဘီ Short Pants တို့ ဖြစ် သည်။

ကျောင်းသားကျောင်းသူတိုင်းတွင် အနက် ရောင် ရှူးဖိနပ်နှင့် အဖြူရောင်ခြေအိတ်ကို ဝတ်ဆင်ရသည်။ ကျောင်းဝင်ကြေးကိုလည်း ခုနစ်ကျပ်ပေးရသည်ဟု ၁၀ နှစ်ခန့် တက် ရောက်သင်ကြားခဲ့သော ကျောင်းသူများက ဆိုသည်။ ကျောင်းတွင် လစဉ်စာမေးပွဲအပြင် သြဂုတ်လတွင် ပထမသုံးလပတ်၊ ဒီဇင်ဘာ လတွင် ဒုတိယသုံးလပတ်နှင့် မတ်လတွင် အတန်းတင်စာမေးပွဲတို့ကို ဖြေဆိုရသည်။

ထူးခြားချက်မှာ စာသင်နှစ်တွင် ထူးချွန် ထက်မြက်ပြီး စာတော်သော ကလေးများ၊ (ပထမ၊ ဒုတိယ) သုံးလပတ် နှစ်ကြိမ်နှင့် အတန်းတင် စာမေးပွဲ စုစုပေါင်းသုံးကြိမ် ဖြေဆိုရာတွင် Top 1  ရရှိသူများသည် ပရိုမိုး ရှင်းလျှောက်ခွင့်ရှိပြီး Jump Promotion စနစ်ဖြင့် တစ်တန်းကျော် ခွင့်ပြုထားကြောင်း အတန်းကျော် စနစ် တက်ရောက်ခဲ့သော ကျောင်းဆရာမတစ်ဦးက ပြောသည်။ ပထမ တန်းမှ ဒသမတန်းအထိ Jump Promotion ယူခွင့်ပေးထားကြောင်း သိရသည်။ တောင် ကြီးမှာ မွေး၊ တောင်ကြီးမြို့ စိန့်အင်းကျောင်းမှာ ပင် ကျောင်းတက်ခဲ့ပြီး ကျောင်းမှာပင် ပြန် လည်ဝင်ရောက်လုပ်ကိုင်ကာ တာဝန်ထမ်း ဆောင်ခဲ့သော ဆရာမ ဒေါ်မူမူအေးသည် ငါးနှစ်အတွင်း နှစ်ကြိမ်တိုင် Jump Promotion ရရှိခဲ့သဖြင့် ပုံမှန်ငါးနှစ်တက်ရမည့်အစား သုံးနှစ်ဖြင့် တက်ရောက်အောင် မြင်ခဲ့သည်ဟု ဆိုသည်။ ပထမသုံးလပတ် စာမေးပွဲ First Quarter Test တွင် ပထမနှင့် ဒုတိယအမှတ် ကွာသဖြင့် Special Promotion ဖြင့် တစ် တန်းကျော် တက်ရောက်ခွင့်ရရှိခဲ့ကြောင်း ဒေါက်တာအောင်ကျော် က ဆိုသည်။

ထို့ပြင် ကျောင်းမှာပင်တက် ရောက်ခဲ့ပြီး ဆရာမပြန်လည်လုပ် ကိုင်ခဲ့သည့် ဒေါ်နှင်းဝေ ၏ ပြောပြချက်အရ Morals And Manners  ပြည်သူ့နီတိတို့ကိုလည်း အတန်းတိုင်း နံနက် ပိုင်း ပထမစာသင်ချိန်၌ သင်ကြားပေးခဲ့သည် ဟု ပြန်ပြောင်း ပြောပြသည်။ ထို့ပြင် ကျန်းမာ ရေးကိုလည်း သင်ကြားရပြီး အားကစားကို လည်း လုပ်ရကြောင်း၊ စန္ဒရားတီး၍ သီချင်းဆို ခြင်းတို့လည်း ပြုလုပ်ရသည်ဟု ၎င်းက ဆို သည်။ နေ့တစ်နေ့၏ ညနေပိုင်း ၂ နာရီခွဲ အချိန် နောက်ပိုင်း အားကစားအချိန် ရောက်လျှင်  Drill And Game နှစ် မျိုး ကစားရပြီး Drill  မှာ ကိုယ်လက် ကျန်းမာရေး လေ့ကျင့် ခန်းဖြစ်ပြီး Game မှာ နှစ်သက်ရာ အားကစား တစ်ခုခုကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အတန်းကြီးများမှာ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘောလုံး စသည့် အားကစားတို့ကို ကစားရခြင်း ဖြစ်သည်။ စိန့်အင်းကျောင်း၌ တစ်ပတ်အတွင်း ကြာသပတေးနှင့် စနေနေ့ တွင် ကျောင်းပိတ်ရက်နှစ်ရက် အားလပ်ရက် သတ်မှတ်ပေးထားကြောင်း သိရသည်။

ဂျပန်ကိုလိုနီခေတ် (၁၉၄၂-၁၉၄၅)

ဂျပန်ကိုလိုနီခေတ်တွင် ၁၉၄၂ ခုနှစ်မှာ စိန့်အင်းကျောင်းကို ဂျပန်တပ်များက သိမ်း ပိုက်တပ်စွဲထားပြီး စစ်ဆေးရုံ ပြုလုပ်ထားသည် ဟု  ကျောင်းသားဟောင်းများက ပြော သည်။ အထက(၃) ကျောင်းဝင်း လိပ်ခုံးအနီးတွင် ဂျပန်ဆေးရုံ ပြုလုပ်ထားခြင်းဖြစ်ပြီး အဆိုပါ လိပ်ခုံးအ နီးအနားတွင် မြေတူးရာတွင် ဂျပန် ခေတ် အသုံးအဆောင် ပစ္စည်းများကို တူးဖော် ရရှိခဲ့ဖူးကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့ထံမှ သိရသည်။ ထို့ ကြောင့် ကျောင်းတွင် ညအိပ် တာ ဝန်ကျသည့်ရက်များတွင် ညမအိပ်ရဲ ဘဲ ဆရာမများစုပြီး စကားထိုင်ပြောလေ့ရှိ ကြောင်း ဆရာမ ဒေါ်မူမူအေးက ပြောပြသည်။

စိန့်အင်းကျောင်းထွက်ဟုဆိုလျှင် အင်္ဂ လိပ်စကားပြောကောင်းခြင်း၊ စည်းစနစ် တိကျ ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းတို့ကြောင့် ထိုခေတ်ထို အခါက စိန့်အင်းကျောင်းထွက်များကို လေးစားဂုဏ်ယူကြရကြောင်း ကျောင်းအုပ်လုပ်ခဲ့ ဖူးသော အငြိမ်းစားဆရာမကြီး ဒေါ်စဝ်နု ကြည်က ပြောပြသည်။ သူတာဝန်ထမ်းဆောင် စဉ်က ခေတ်အဆက်ဆက် ကျောင်း မှတ်တမ်း လက်ရေးမူ စာအုပ်ကြီးလည်း ရှိကြောင်း၊ လက် ရေးမူ စာအုပ်ကြီးတွင် ကျောင်းဝင်မှတ်တမ်း များကို အင်္ဂလိပ်လက်ရေးလှစာလုံးဆက် များ ဖြင့် ရေးထားခြင်း ဖြစ်ကြောင်း ဆိုသည်။ ကျောင်းဆောင်ကြီး၏ ထူးခြားချက်မှာ ပင်မ ကျောင်းဆောင် ကြီးသည် ကျည်မတိုးအောင် ခိုင်ခန့်ပြီး ထုထည်ကြီးမားကာ ခန့်ညား ကြောင်း ဆရာမကြီးက ပြောသည်။

ပါလီမန်ခေတ် (၁၉၄၇-၁၉၅၈)

လွတ်လပ်ရေးရပြီး နောက်ပိုင်း ပါလီ မန်ခေတ်တွင်လည်း စိန့်အင်း ကျောင်းအဖြစ် ဆက်လက်အုပ်ချုပ်ခဲ့ပြီး ထိုစဉ်က ကိုယ်ပိုင် ကျောင်း ပေါင်း များစွာလည်း ပေါ်ပေါက်လာ ပြီဟု သိရသည်။ ၁၉၂၉ ခုနှစ်မှစတင် ၍ ၁၉၆၄ ခုနှစ် မဆလခေတ်အထိ စိန့်အင်း ကျောင်းတွင် အမျိုးသား၊ အမျိုးသမီး တက် ရောက်သင်ကြား ခွင့်ရှိခဲ့ပြီး မဆလခေတ် ပြည်သူပိုင် သိမ်းပြီးနောက်ပိုင်း ၁၉၆၆-၁၉၆၇ ပညာသင်နှစ်မှ ၁၉၉၈-၁၉၉၉ ပညာ သင်နှစ် အထိ အမျိုးသမီးသီးသန့်ကျောင်းအဖြစ် ရပ် တည်ခဲ့ကြောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဆရာမများက ဆိုသည်။

၁၉၅၉-၁၉၆၀  ပညာသင်နှစ် တွင် (ယခု အမှတ် (၅) အထက) St. Teresa’s Boy School  စိန့်ထရီဇာ ကျောင်းကို ထပ်ခွဲပြီးဖွင့် လှစ်ရာ သူငယ်တန်းမှ လေးတန်းအထိ လွှဲ ပြောင်းပေးလိုက်ပြီး အမျိုးသားများသည် ငါးတန်းနှင့်အထက် ကျန်ရစ် ခဲ့သည်။ ၁၉၆၅-၁၉၆၆  စာသင်နှစ်သည် အမျိုးသား နောက်ဆုံး ကျန်ရှိသော စာသင်နှစ်ဖြစ်ပြီး စာမေးပွဲ ကျခဲ့ သော အမျိုးသား လေးဦးသည် ၁၉၆၆-၁၉၆၇ စာသင်နှစ်တွင် ၁၀ တန်းထပ်ဖြေခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ၁၉၆၆-၁၉၆၇ စာသင် နှစ်တွင် မိန်းကလေးကျောင်းဟု တရားဝင် သတ်မှတ်နိုင်ခဲ့ပြီး ထိုနှစ်တွင် စာမေးပွဲကျ သော အမျိုးသား လေးဦး ကျန်ရှိကြောင်း စိန့် အင်း ကျောင်းသားဟောင်း ဒေါက်တာ အောင် ကျော်က ပြောသည်။

၁၉၅၉-၁၉၆၀  စာသင်နှစ်တွင် ခရစ် ယာန်ဘုန်းကြီး အုပ်ချုပ်သော စိန့်ထရီဇာ ကျောင်း (ယခု အထက (၅) ကျောင်း) ကို Boy School ဖွင့်လိုက်ချိန် စိန့်အင်းကျောင်းတွင် ငါး တန်းမှ ၁၀ တန်းအထိ ကျောင်းသားများ တက်ရောက်နေသေးသည်။ စိန့်ထရီဇာ ကျောင်းကို Father, Brother များက အုပ် ချုပ်ခြင်းဖြစ်ပြီး Boy School ဟုလည်း ခေါ် ကာ  ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းတွင် အမှတ်(၅)အထက်တန်းကျောင်း ဖြစ်လာ သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်

(၁၉၆၂-၁၉၈၈)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (မဆ လ) ခေတ် ရောက်ချိန် ၁၉၆၂  ခုနှစ် ဇူလိုင်လ ၄ ရက်တွင် စတင်တည်ထောင်ပြီးနောက် ၁၉၆၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၁၀ ကျောင်းကို အစမ်းသဘော မျိုး ပြည်သူပိုင်သိမ်းလိုက်ပြီး ပထမဦးဆုံး ပြည်သူပိုင်သိမ်းသောကျောင်းမှာ ကမ္ဘောဇ ကျောင်း ဖြစ်သည်။

စိန့်အင်းကျောင်းနှင့်တကွ တစ်ပြည်လုံး ရှိ ကိုယ်ပိုင်ကျောင်းအားလုံးကို ၁၉၆၅ ခုနှစ် ဧပြီတွင် ပြည်သူပိုင်သိမ်းလိုက်၍ စိန့်အင်း ကျောင်းသည် အမှတ်(၃) အစိုးရ အထက်တန်း ကျောင်းဖြစ်လာခဲ့သည်။ ကျောင်းညာဘက် (အရှေ့ဘက်) တွင်  စိန့်ဂျိုးဇက် ခရစ်ယာန် ဘုရားကျောင်းနှင့် အောက်မေ့ဖွယ် ဓမ္မာရုံတို့ သည် ယနေ့ထက်တိုင် တည်ရှိသည်။

အထက(၁) ကျောင်းသည် ရှေးကတည်း က အစိုးရအထက်တန်းကျောင်းဟုခေါ်ဆို ပြီး ယခုအခါ နှစ်ပေါင်း ၇၅ နှစ်တိုင် ရှိပြီဖြစ် ကြောင်း သိရသည်။ ကမ္ဘောဇကျောင်းသည် အထက (၂) ကျောင်းဖြစ်လာပြီး စိန့်အင်း ကျောင်းသည် အထက (၃) ကျောင်း ဖြစ်လာပါ သည်။

ထိုစဉ်က Girl Guide ကင်းထောက် လုံမေ၊ Boy Scout ကင်းထောက် လုလင်တို့ လည်းရှိပြီး စစ်ကြိုခေတ်တွင် Football team ရှိပြီး ၁၉၆၈ ခုနှစ် နောက်ပိုင်းမှာ ဘင်ခရာ အသင်း၊ ဘတ်စကက်ဘောအသင်းတို့သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ထင်ရှားခဲ့သည် ဟု ဒေါက်တာအောင်ကျော်က ဆိုသည်။ သူတို့ ခေတ်တုန်းက ၁၉၆၄ ခုနှစ် ဝန်းကျင် ခန့်တွင် ၁၀ တန်းဖြေဆိုခဲ့သော ဒေါက်တာအောင် ကျော်၏ ပြောပြချက်အရ ထိုခေတ်အခါက ဘာသာရပ်ခြောက်ခုအထိ ယူခွင့်ရှိပြီး ငါး ဘာသာကို အနည်းဆုံး ဝင်ဖြေရ မည်။

၁၀ တန်းကျောင်းသားတိုင်း အင်္ဂလိပ်၊ မြန်မာ၊ သချင်္ာတို့သည် ပြဋ္ဌာန်းချက်အတူတူ ဖြစ်ပြီး သုံးဘာသာ ယူကိုယူရမည်။ သိပ္ပံတွဲ Physics, Chemistry, Bio ၊ ၀ိဇ္ဇာတွဲ - ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံကို အနည်းဆုံး ငါး ဘာသာ ပြည့်အောင် ဖြေရမည်။ မဖြစ်မနေယူ ရမည့် သုံး ဘာသာနှင့် ကျန် နှစ်ဘာသာတို့ကို ကြိုက်သလိုတွဲ၍လည်း ရသည်။ ထို့ပြင် ပြဋ္ဌာန်းချက်သီးခြားဖြစ်သော အပိုဘာသာ ဖြစ်သည့် အင်္ဂလိပ် အပိုဘာသာ၊ မြန်မာအပို ဘာသာတို့လည်းရှိကြောင်း သိရသည်။

နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် (၁၉၈၈-၂၀၁၀)

နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တို့တွင်လည်း အမျိုးသမီးသီးသန့် အစိုးရအထက်တန်း ကျောင်းအဖြစ် လက်ခံရာမှ ကျောင်းအုပ်ဆရာ မကြီး ဒေါ်စဝ်နုကြည် တာဝန်ထမ်းဆောင် သော ၁၉၉၈-၁၉၉၉ ပညာသင်နှစ်တွင် အမျိုး သားများ ပြန်လည်လက်ခံခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အမျိုးသား၊ အမျိုးသမီး တက် ရောက်ခွင့်ရသော အစိုးရအထက်တန်းကျောင်း ဖြစ်လာခဲ့သည်။

တောင်ကြီးမြို့၏ စစ်ကြိုခေတ်ကျောင်းတော်များ

တောင်ကြီးမြို့၏ အစောဆုံး ကျောင်းထဲ တွင် တစ်ကျောင်းအပါ အဝင်ဖြစ်သော  Shan Chief School  ကမ္ဘောဇကျောင်း (စော်ဘွား ကျောင်း) စတင်ရှိနေပြီး ၁၉၂၉ ခုနှစ် နောက် ပိုင်းတွင် စိန့်အင်းကျောင်း ထွက်ပေါ် လာကာ၊ ခေတ်ပြိုင်ကျောင်းများမှာ ၁၉၄၅ ခုနှစ်တွင် အစိုးရအထက်တန်းကျောင်း (အထက(၁)ကျောင်း)၊ American Baptist Mission School (ABM)  ကျောင်းသည် စစ်မဖြစ်ခင် ရှိပြီး ဂျပန်ဗုံးကြဲခြင်းကြောင့် ပြိုကျပျက်စီး ခဲ့ကာ၊ စစ်မဖြစ်ခင်က ဖွင့်သော မိန်းကလေး ကျောင်းမှာ  Hulda mix Girl School ကို စစ်ပြီးချိန်တွင် National Christian School (NCS) ကျောင်း ပြည်သူပိုင်သိမ်းလိုက်ချိန် (ယခု အထက(၄) ကျောင်း) ဖြစ်လာခဲ့ကြောင်း သိရသည်။

စကားမစပ် ပြောရလျှင် စိန့် အင်း၊ စိန့် ဂျိုးဇက်၊ စိန့်ထရီဇာ စသည့် နာမည်များသည် ရိုမန်ကက်သလစ် (RC) ဘာသာဝင် သီလရှင် များ၊ ဘုန်းကြီးများဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မေမြို့၊ ကလော၊ တောင်ကြီး စသည့် မြို့အနှံ့ တွင် အင်္ဂလိပ်စာသင်ကျောင်း များစွာရှိပြီး ဥပမာပြောရလျှင် စိန့်ဂျွန်း၊ စိန်မိုက်ကယ်၊ စိန့်အန်း၊ စိန့်မေရီ၊ စိန်ပေါ၊ စိန်ထရီဇာ၊ စိန့်ဂျိုး ဇက်တို့လည်း ရှိသေးကြောင်း လေ့လာသိ ရှိရ သည်။ အဆိုပါ အင်္ဂလိပ်စာသင် ကျောင်းများ စွာထဲမှ တောင်ကြီးမြို့ ၏ စိန့်အင်းကျောင်း သည် နှစ်ပေါင်း ၉၁ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ကာ ရှေးဟောင်းကျောင်းဆောင်ကြီးအ ဖြစ် ယနေ့ထက်တိုင်အောင် ထုထည် ကြီးမား ခိုင်ခန့်စွာ တည်ရှိနေသည် ကို ကြည့်ခြင်းအား ဖြင့် ရှေးခေတ် ဗိသုကာလက်ရာများကို လေ့ လာနိုင်မည်ဖြစ်ပေသည်။

လက်ရှိ တောင်ကြီးမြို့၊ အမှတ် (၃) အထက်တန်းကျောင်းတွင် ရှေးခေတ်က တည် ဆောက်ခဲ့သော ပင်မ ဆောင် မှာ အင်္ဂလိပ် အက္ခရာ L ပုံစံ တည်ရှိပြီး Nogging type  အုတ်ညှပ် နှစ်ထပ်ဆောင် အတွဲလိုက် ဖြစ် သည်။ ပင်မဆောင်တွင် ပတ်လည် နှစ်ပေနီး ပါးခန့် တိုင်လုံးကြီးများမှာ ကျောက်ဆစ်ဒီဇိုင်း ထုဆစ်ပုံဖော်ထားခြင်းဖြစ်ပြီး ချက်စ်ကျောင်း နှင့် လက်ရာအတူတူပင် ဖြစ်သည်။ ကျောက် ဆစ်ဒီဇိုင်းကို ဘုန်းကြီး၊ သီလရှင်များက ကိုယ် တိုင် ပြုလုပ် ထားခြင်းဖြစ်ပြီး အုတ်တုံးများကို ကမ္ဘာကျော်ဒီဇိုင်းမျိုးဖြစ်အောင် သဲ၊ ဘိလပ် မြေများ၊ ထုံးတို့ဖြင့် မဆလာ ပုံစံသွင်း၍ အုတ် တုံးကို ကျောက်ဆစ်ဒီဇိုင်းပုံဖော်ထားခြင်း ဖြစ်သည်။

ပင်မကျောင်းဆောင်ကြီး အနောက် ဘက်ရှိ ကျောင်းအုပ်ကြီးအဆောင်များမှာ ရှေးက ဘော်ဒါတန်း လျားများဖြစ်ပြီး ကျောင်း အိပ် ကျောင်းစားများ နေထိုင်ကြသည်။

ရှေးက စိန့်အင်းကျောင်း ယခု အထက (၃) ကျောင်းသည် ခေတ်အမျိုးမျိုးကို ကျော် လွှားဖြတ်သန်းခဲ့ သော်လည်း ယနေ့တိုင် မပျက်မစီးဘဲ အကောင်းပကတိ မားမားမတ် မတ် ကျန်ရှိနေသေးသည်။

ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း အဆက် ဆက် တာဝန်ထမ်းဆောင်ခဲ့ ကြသော ကျောင်း အုပ်များမှာ (၁) ဆရာမကြီး ဒေါ်မြဝင်း (၁၉၆၄ -၁၉၇၆)၊ (၂) ဆရာမကြီး ဒေါ်ခင်အေးတင့် (၁၉၇၆-၁၉၈၂)၊ (၃) ဆရာမ ကြီး ဒေါ်ရင်ရင် (၁၉၈၂-၁၉၉၇)၊ (၄) ဆရာမကြီး ဒေါ်စဝ်နု ကြည် (၁၉၉၈-၂၀၀၅) ၊(၅) ဆရာမကြီး ဒေါ်ခင်သင်းကြည် (၂၀၀၅-၂၀၁၀)၊ (၆) ဆရာမကြီး ဒေါ်ငွေစိန် (၂၀၁၀-၂၀၁၃)  တို့ ဖြစ်ကြောင်း သိရသည်။

နိဂုံး ဆုမွန်တောင်း

ကျွနု်ပ်တို့၏ နှစ်ပေါင်းတစ်ရာ နီးပါး ကျောင်းတော်ကြီးကို ရေရှည် တည်တံ့စေရန် ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်သလို ခေတ် အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြ ကုန် သောကျေ ာင်းအုပ်ဆရာမကြီး များ၊ ဆရာကြီး များနှင့် သင်ကြားရေး ဆရာဆရာမ များ၏ ဂုဏ်ကျေးဇူးကို အောက်မေ့သောအားဖြင့် ကျောင်းထွက် ကျောင်းသူကျောင်းသား ဟောင်းများက ကျေးဇူးသိဆပ်နိုင်ရန်လည်း ကောင်း၊ ရပ်ဝေးရပ်နီးမှ တောင်ကြီးမြို့ကို အလည်ရောက်ရင် ဖြင့် ကျောင်းဆောင်ကြီးကို လေ့လာ နိုင်ရန်အတွက် သမိုင်းကြောင်း အ ကျဉ်းချုပ်ကို မှတ်တမ်းစာစုဖြင့် ကျောင်း တော်ကြီး ကျေးဇူးကို တစ် ထောင့်တစ်နေရာမှ ကျေးဇူးသိဆပ်လိုက်ရပါသည်။

No comments:

Post a Comment


Aung Hein - နည္​းပညာ