Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, October 4, 2022

" မေတ္တာ၏အကျိုးကျေးဇူးများ "

 " မေတ္တာ၏အကျိုးကျေးဇူးများ "- (မေတ္တာအခါတော်နေ့ ဓမ္မဒါန)




" မေတ္တာ၏အကျိုးကျေးဇူးများ "
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမေ၀ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘဝစုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘဝမှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘဝမှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။

မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တဝါအားလုံးရဲ့
အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊
နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား
အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊
အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း
ဝီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။
ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

" မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း"
-------*------------*----------*----------
တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊
ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ
အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို
မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။

အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တု လို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း
အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့
“ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို
ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၄။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။

၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင်
ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို

ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နော၀ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။

(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၄မျိုးကတော့

(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။

အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။

အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောကျ်ားက မိန်းမကို၊ မိန်းမက ယောကျ်ားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

"မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)"
-------*------------*----------*----------*----------
မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။

မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။

တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။

မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။

မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။

တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။

ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။

မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။

မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (ဝိတက်)ဝင်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။

အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။

လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ

- မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်..

- အိမ်ဝန်းရဲ့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ဆက်ပြီးတော့ ကမ္ဘာကနေ အန္တစင်္ကြာဝဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း
မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လိုခံစားရတတ်ပါတယ်။

- အဲဒီအဝန်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ
မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ်ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုပြိုလဲစေရမယ်၊ ရန်သူ
ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလို စိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ မေတ္တာရဲ့ဆန့်ကျင်ဘက်
ဒေါသအာဃာတတွေ ရန်ငြိုးတွေသာဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ
မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ်ကိလေသာစိတ်တွေဖြစ်ပြီး
ပင်ပမ်းဖွယ်ပဲ ရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

"နေ့စဉ်ဘဝထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း"
-------*------------*----------*----------
မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ
ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့
နေ့စဉ်ဘဝထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။
တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ
နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊
တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။

ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင်
လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို
တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။

မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ
မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင်
ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။

ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စဝဂ္ဂီငါးပါးနှင့်
ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။

“မြတ်စွာဘုရားရှင်သည် ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော
သတ္တဝါတို့အပေါ်၌ မည်သည့်သတ္တဝါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား
သတ်မှတ်သောအားဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ်
ထိခိုက်ခြင်းကြောင့် ထိုပဉ္စဝဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦး
အကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊
ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။

နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့
မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။
နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ
ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။

မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့..
မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊
တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တဝါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။
အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့
တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။
ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို
သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။
နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘဝသံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်
ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

စာဖတ်သူအပေါင်း မေတ္တာ၏ အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…
- [ အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) ]...
•••••••••••••••••••••••••••••••••••••••••••

No comments:

Post a Comment


Aung Hein - နည္​းပညာ