Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, September 27, 2022

အင်းလေးကန်အကြောင်း သိကောင်းစရာ

 အင်းလေးကန်အကြောင်း သိကောင်းစရာ


မြန်မာနိုင်ငံသည် သဘာဝတောတောင်၊ စမ်းချောင်းအင်းအိုင်၊ ရှေးဟောင်းအမွေအနှစ်၊ တန်ခိုးကြီးဘုရားများနှင့် အရောင်အသွေးစုံလင်စွာဖြင့် ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။ ထိုအလှထဲတွင် အင်းလေးသည် ရှမ်းပြည်အလှသာမက မြန်မာနိုင်ငံ၏ အလှကိုပါ ထင်ဟပ်စေနိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

 

အင်းလေးအစ ရွာလေးရွာကအင်းလေးဟူသော ဝေါဟာရ၊ အင်းလေးဟူသော အခေါ်အဝေါ်၊ အင်းလေးဟူသော အမည်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ယူဆချက်၊ ကြံဆချက်၊ ထင်မြင်ချက်အမျိုးမျိုး ရှိနေကြသည်။ အချို့သောသူများက “အင်းလေး” ဟူ၍ အမည်နာမဖြစ်ပေါ်လာရခြင်းမှာ အင်းလေးဒေသတွင်ရှိသော ကန်လေးကန်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟူ၍လည်းကောင်း၊ အချို့က ရှမ်းပြည်နယ်တွင်ရှိသော အင်းလေးကန်မှာ ကချင်ပြည်နယ်အတွင်းရှိသော အင်းတော်ကြီးကန်ထက် ငယ်သောကြောင့် အင်းကလေးဟုခေါ်ရာမှ အင်းလေး ဖြစ်လာသည် ဟူ၍လည်းကောင်း၊ အချို့က အင်းလေးရွာအမည်တွင်ခဲ့ရာမှ “ရွာ” စာလုံးဖြုတ်ခေါ်ကြသောကြောင့် အင်းလေး ဖြစ်လာသည်ဟူ၍လည်းကောင်း၊ အချို့က ထားဝယ်အဆက်အနွှယ် အိမ်ထောင်စုတို့က စတင်တည်ခဲ့ရာမှအင်းလေးရွာ အင်းလေးအမည်ဖြစ်ပေါ်လာသည် ဟူ၍လည်းကောင်း အမျိုးမျိုးသော ထင်မြင်ယူဆချက်များကို ကြားခဲ့ရလေသည်။

 

ဦးပုည၏ ညောင်ရွှေမြို့ပေး မေတ္တာစာတွင် အင်းလေးအမည်ကို ညောင်ရွှေနှင့်တွဲ၍ ဖော်ပြခဲ့သဖြင့် “ညောင်ရွှေအင်း”ဟု လူသိများခဲ့သည်။သို့သော် ထိုထက်ရှေးကျသော သမိုင်းမှတ်တမ်းအချို့တွင် အင်းဒေသကို “အင်း ၄ ရွာ” ဟု ဖော်ပြရေးသားကြသည့် အထောက်အထားများ တွေ့ရလေသည်။

 

မြန်မာသက္ကရာဇ်  ၉၉၉ ခုနှစ် သာလွန်မင်းတရားကြီးလက်ထက် ထုတ်ပြန်ခဲ့သော အမိန့်တော်နှင့် စစ်ချက်စာတမ်းတစ်ခု၌ ရွှေ၊ ငွေ၊ သစ္စေးအခွန်တော်ကြေးပေးဆက်ရသည့် နယ်များစာရင်းတွင် အင်းဒေသအမည်ကို “အင်းလေးရွာ”ဟု (အညွှန်း၌ ၄ ဂဏန်း)ဖြင့် အတိအကျဖော်ပြထားပါသည်။

 

တစ်ဖန် မြန်မာသက္ကရာဇ် ၁၁၆၄ ခုနှစ် အင်းလေးစစ်တမ်းပုရပိုက်တွင် “အင်းလေးရွာ ငွေခွန်မှူး ငစံတင်အုပ်ချုပ်စီရင်ရသည်” ဟူသော ရေးသားဖော်ပြထားခြင်းမျိုး တွေ့ရပြန်သည်။ ဤအထောက်အထားများသည် အင်းလေးအမည် ရွာကြီးလေးရွာတည်ခဲ့သည့် အချိန်မှစ၍ သမိုင်းတွင် ထင်ရှားလာခဲ့သည်ဟူသော ယူဆချက်နှင့် များစွာနီးစပ်လေသည်။ တစ်နည်းအားဖြင့် ယင်းရွာကြီးလေးရွာကို အကြောင်းပြု၍ အင်းလေးဖြစ်ပေါ်လာသည်ဆိုသော အယူအဆကို ထောက်ခံနေသယောင်ရှိသည်ဟု ကောက်ယူရနိုင်လေသည်။ အင်းလေးရွာ စတင်တည်ခဲ့သော ခုနှစ်မှာ ခုနှစ်သက္ကရာဇ်ကိုးကားကိုမူ ယခုတိုင် မတွေ့မိသေးပေ။

 

ဖောင်တော်ဦးသမိုင်းသက္ကရာဇ် ၇၁၂ ခုနှစ်တွင် ညောင်ရွှေမြို့ကို စတင်တည်ထောင်ခဲ့သော စော်ဘွားကြီး စီဆိုင်ဘွားလက်ထက်က ဖြစ်သည်။ အင်းလေးကန် အနောက်ဘက်တောင်တန်း ဖောင်တော်ပေါက်တောင်ခြေရင်း သန်းတောင်အရပ်တစ်နေရာတွင် တစ်နေ့ သန်းတောင်နယ်သားတို့ ချုံနွယ်များအတွင်းမှ ဓာတ်တော်များ ကွန့်မြူးနေသည်ကိုတွေ့ရ၍ စော်ဘွားကြီးအား လျှောက်တင်ကြလေသည်။ စော်ဘွားကြီးနှင့်အတူ ချုံနွယ်များအကြား လိုဏ်ဂူတစ်ခုအတွင်းမှ ရုပ်ပွားတော်ငါးဆူကို ဖူးတွေ့ကြရလေသည်။

 

ထို့နောက် စော်ဘွားကြီးသည် ရုပ်ပွားတော်ငါးဆူကို ဟော်နန်းဦး၌ ထားရှိကိုးကွယ်ပြီး နှစ်စဉ်သီတင်းကျွတ်လဆန်း ၇ ရက်ရောက်တိုင်း ဟော်နန်းအရှေ့ဘက်၌ ယာယီစံကျောင်းပြုလုပ်၍ အများပြည်သူအား ဖူးမြော်စေခဲ့သည်။ ရုပ်ပွားတော်များ ဟော်နန်းဦးမှ ယာယီစံကျောင်းမဏ္ဍပ်သို့ နှစ်စဉ်ကြွချီဆင်းသက်တော်မူခြင်းကို အစွဲပြု၍ ရှမ်းဘာသာဖြင့် “စဝ်ဖရားလုံးမိုင်းကွန်း” မြန်မာလို လူ့ပြည်သို့ ကြွဆင်းလာသည့် မြတ်စွာဘုရားဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

 

သက္ကရာဇ် ၉၇၇ ခုနှစ် ညောင်ရွှေစော်ဘွားဆက်နန်းဖဲကသော်အမည်ရှိ အမျိုးသမီးစော်ဘွားလက်ထက်တွင် စစ်မက်အန္တရာယ်များကြောင့် ရုပ်ပွားတော်များကို ဟော်နန်းမှအင်းလေးကန် အင်းတိမ်ဆော်မရွာ စံကျောင်းသို့ ပြောင်းရွှေ့ပင့်ဆောင်ကာ အသည်တော်(ဂေါပက) လူကြီးများထားရှိ၍ ထိန်းသိမ်းစောင့်ရှောက်ရန် အပ်နှံထားခဲ့သည်။ ထိုဂေါပကလူကြီးများက နှစ်စဉ် သီတင်းကျွတ်လဆန်း ၇ရက် ရောက်တိုင်း ရုပ်ပွားတော်များကို ညောင်ရွှေအရောက် ပင့်ဆောင်ပို့ပေးကြရလေသည်။

 

နောက်ကာလတွင် အင်းတိမ်ဆော်မရွာစံကျောင်းမှ ဗန်းပုံရွာကြီး ယင်းမှတစ်ဆင့်သာလေးတိုက် နမ့်ဟူးရွာ ယခုစံကျောင်းသို့ ပင့်ဆောင်ရွှေ့ပြောင်းခဲ့ကြသည်။ ဘုရားငါးဆူရုပ်ပွားတော်များ၏ ဒါယကာရင်းမှာ ပုဂံမင်းဆက် အလောင်းစည်သူမင်းကြီးဖြစ်သည်ဟု ဆိုလေသည်။

 

ကျွန်းဦးသပြေပင်ရှိရာ ပင်လယ်သမုဒ္ဒရာအတွင်းသို့ မင်းကြီးဖောင်စကြာဖြင့်လှည့်လည်သည့်အခါ ဇမ္ဗူဒိပ်ကျွန်း၊ သီဟိုဠ်ကျွန်းနှင့် မလယခေါ် မလ္လာယုကျွန်းများသို့ ရောက်ခဲ့သည်။ မလ္လာယုကွန်းမှ ဒက္ခိဏသာခါမဟာဗောဓိသားနှင့် သရက္ခန်နံ့သာနှစ်အသားများကို မင်းကြီးအား သိကြားမင်းက ဆက်လေသည်။ ထိုအခါ မင်းကြီးသည် မြတ်စွာဘုရား ရုပ်ပွားတော်ထုလုပ်စေပြီးလျှင် စကြာဖောင်တော်ဦး၌ တည်ထားပူဇော်ကာပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့လေသည်။

 

 

ထို့နောက် မင်းကြီးသည် ပုဂံနေပြည်တော်မှ အရှေ့ဘက်သို့ ဖောင်တော်စကြာဖြင့်တိုင်းခန်းလှည့်လည်တော်မူပြန်ရာ အင်းလေးကန်အနောက်ဘက် ဖောင်တော်ပေါက်တောင်ခြေရင်း သန်းတောင်အရပ်သို့ ရောက်ခဲ့လေသည်။ ထိုအရပ်တွင် စေတီတော်တစ်ဆူတည်ပြီးလျှင် ဖောင်တော်ဦးတွင် ကိုးကွယ်ထားသော ရုပ်ပွားတော်များထဲမှ ငါးဆူသောရုပ်ပွားတော်များကို ယင်းစေတီလိုဏ်ဂူအတွင်းသို့ သွင်းနှံဌာပနာတော်မူခဲ့လေသည်။

 

အင်းလေးသန်းတောင်အရပ် စေတီလိုဏ်ဂူအတွင်းမှ စော်ဘွားကြီးစီဆိုင်ဘွားပင့်ဆောင်ကာ ကိုးကွယ်ခဲ့သော ရုပ်ပွားတော်ငါးဆူမှာ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ်က တည်ထားခဲ့သောဘုရားငါးဆူပင် ဖြစ်တန်ရာသည်။ ယင်းကိုအကြောင်းပြုလျက် ရှေးအခါမှစ၍ ယခုတိုင် “ဖောင်တော်ဦးဘုရားရုပ်ပွားတော်များ” ဟုခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

 

ရုပ်ပွားတော်ငါးဆူအနက် သုံးဆူသာလျှင်ဘုရားရုပ်ပွားတော်များဖြစ်၍ ကျန်နှစ်ဆူမှာရဟန္တာရုပ်တုတော်များဖြစ်သည်ဟု ရှေးသူဟောင်းတို့ ပြောစမှတ်ရှိခဲ့ကြသည်။ နှစ်စဉ်တော်သလင်းလပြည့်ကျော် ၁၅ ရက်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များသည် ဖောင်တော်ဦးစံကျောင်းတော်မှ အင်းရွာစဉ် ရွာကျောင်းတစ်လျှောက် လှည့်လည်၍ ဒေသစာရြွီကချီ အပူဇော်ခံတော်မူသည်။

 

ဘုရားရုပ်ပွားတော်များကို ကရဝိက်ဖြင့်ပင့်ဆောင်၍ ဖောင်တော်ကို အင်းသားတို့ကခြေထောက်ဖြင့် လှော်ခတ်ကြသော အင်းဆွဲလှေကြီးများဖြင့် စုပေါင်းလှော်ခတ်ပူဇော်ကြလေသည်။ ဖောင်တော်ဦးဘုရား နမ့်ဟူးရွာစံကျောင်းတော်သို့ ပြန်ကြွရောက်သောနေ့တွင် ပွဲလမ်းသဘင်အမျိုးမျိုး ကျင်းပကြသည်။

 

ယင်းအနက် ရွာအလိုက်ယှဉ်ပြိုင်လေ့ရှိကြသော ခြေထောက်ဖြင့် လှော်ခတ်ပြိုင်ရသည့်အင်းလှေပြိုင်ပွဲသည် ပျော်စရာနှင့် တက်ကြွဖွယ်ရာ အကောင်းဆုံးဖြစ်လေသည်။ခြေထောက်ဖြင့် လှေလှော်သည့်ဓလေ့သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ နာမည်ကျော်ကြားပြီး စိတ်ဝင်စားစရာကောင်းသည့် ဓလေ့တစ်ခုလည်း ဖြစ်သည်။

 

ရေခြံကျွန်းမျောလုပ်ငန်း

 

ယခင်က အင်းသားတို့သည် ရေခြံကျွန်းမျောလုပ်ငန်းကို တစ်နှစ်ပတ်လုံးလုပ်ကိုင်ခဲ့ခြင်းမရှိပေ။ ကျွန်းမျောပေါ်၌ စိုက်ပျိုးချိန်ပြီးလျှင် တံငါ(ရေ)လုပ်ငန်းဘက်သို့ လှည့်ကြလေသည်။ ထို့ကြောင့် ရှေးက တံငါခြောက်လခြံခြောက်လဟု ဆိုစမှတ်ပြုခဲ့ကြသည်။ ယခုအင်းရေခြံလုပ်သူအများစုသည် ရေခြံကျွန်းမျော လုပ်ငန်းပေါ်တွင် အားသွန်ခွန်စိုက်ပြု၍ သီးနှံမျိုးစုံစိုက်ပျိုးနေကြလေသည်။ အင်းလေးတွင် ရေခြံကျွန်းမျောလုပ်ငန်းကြောင့် အင်းလူနေမှုအဆင့်အတန်း မြင့်မားလာနေကြောင်း ပြောရမည့် အခြေအနေမျိုးမြင်တွေ့ခဲ့ရသည်။ ရေခြံလုပ်ငန်းကို အင်းလေး ကန်ရေပြင်တွင် ဖြစ်ပေါ်လျက်ရှိနေကြသော ကျွန်းမျောများ၌ စိုက်ပျိုးလုပ်ကိုင်ကြခြင်း ဖြစ်သည်။

 

ကျွန်းမျောကို အင်းသားတို့က ဒေသသုံးအင်းစကားသံဖြင့်  “ကျွန်းမှော်ဖုတ်” ဟုပြောလေ့ရှိကြသည်။ ထိုကျွန်းမျောသည် အင်းလေးကန်အစပ်ရှိ မြက်ပင်ကြီးငယ်များနှင့် ကိုင်းပင်များ ပူးပေါင်းယှက်နွှယ်ပေါက်ပွားလာကြရာမှ ဖြစ်ပေါ်လာသည်ဟု ယေဘုယျဆိုနိုင်သည်။ သို့သော် အင်းရေပြင်ပေါ်တွင် ကျွန်းမျောတစ်ခုဖြစ်ပေါ်လာရန် အပင်ပေါင်း မြောက်မြားစွာ သန္ဓေတည်ပါဝင်ခဲ့ရသည်။

 

ကြည်လင်၍ စိမ်းပြာနေသော အင်းလေးကန်အတွင်းတွင် ရေအောက်၌ မှော်ပင်နှင့်ဒိုက်ပင်အမျိုးမျိုးပေါက်၍ ရေပေါ်တွင်မူ မြက်ပင်ငယ်အမျိုးမျိုးနှင့် ကိုင်းပင်နှင့် ဆင်တူသော တဖွတ်ပင်၊ တဖောင်းပင်၊ လက်ရှပင်၊ရှားလုံးပင်၊ ရှားပြားပင်၊ ပဲပြားပင်၊ ပိတ်ဆည်းပင်များနှင့်ကျပင် စသည့် မြက်မျိုးနွယ်အပင်ကြီးများ ပေါက်လျက်ရှိနေကြသည်။

 

အလားတူ တောဖျက်ဆီးပင်၊ ဇရစ်ရိုးပင်၊ငွေပန်းပင်နှင့် ပိန်းပင်များလည်း နေရာအနှံ့ပေါက်လေ့ရှိကြလေသည်။၎င်းတို့အထဲမှ အင်းရေပေါ်တွင်ပေါက်ရောက်ကြသော မြက်မျိုးနွယ်ဝင်အပင်ကြီးငယ်ဟူသမျှတို့သည် နှစ်ပေါင်းများစွာ ဟောင်းသေ၊ ပင်သစ်ထွက်သဘောဖြင့် စဉ်ဆက်မပြတ် ပေါက်ပွားရှင်သန်လာကြသောအခါရေအောက်နှင့်ရေပေါ်တွင် ယင်းအရွက်ဟောင်း၊အမြစ်ဟောင်းများ စုပေါင်းထူထပ်လာပြီးထုထည်ရှိသော အစိုင်အခဲကြီးတစ်ခုဖြစ်လာသည်။ ထိုအစိုင်အခဲကြီးများလည်း ရေပေါ်တွင် သဘာဝအလျောက် ရွေ့လျားနေရခြင်းနှင့်အသစ်အသစ်ရှင်သန်ပေါက်ပွားနေကြသော အကိုင်းအခက်တို့ ဆက်နွှယ်နေမှုကြောင့်ရေအောက်ရှိ မြေသားနှင့်မထိဘဲ ရေထဲတွင်မြုပ်တစ်ဝက်ပေါ်တစ်ဝက် ရွေ့လျားနေသောကျွန်းငယ်သဖွယ် ဖြစ်ပေါ်လာကြလေသည်။

 

ထိုသို့ ကျွန်းငယ်သဖွယ် ဖြစ်ပေါ်လာနေကြသော အစိုင်အခဲစုကို “ကျွန်းမျော” ဟုခေါ်ကြလေသည်။ ဤအင်းလေးကန်အတွင်းက ရေခြံလုပ်ငန်းတစ်ခုဖြစ်သော ကျွန်းမျောများပေါ်တွင် အင်းသူအင်းသားတို့ လုံ့လဝီရိယနှင့် လူအင်အားကို အသုံးချပြီး ၁၂ ရာသီကာလပတ်လုံး လုပ်ကိုင်ကြသည်။ ကျွန်းမျောပေါ်တွင်ခရမ်းချဉ်သီးအစ ဂန္ဓမာပန်းအဆုံး သီးနှံပန်းမန်မျိုးစုံမှန်သမျှသည် ရာသီမရွေးထွက်ရှိခြင်း၊ ရာသီမရွေးစားသုံးရန် စိမ်းစိုလတ်ဆတ်ခြင်းတို့ကြောင့် အင်းလေး၏ ရေခြံကျွန်းမျောလုပ်ငန်းသည် ထူးခြားသော စိုက်ပျိုးမှုပုံစံနှင့် လှပသော ဓလေ့များကိုပိုင်ဆိုင်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။ 

 

ကိုးကားချက်
ဒါရိုက်တာမြင့်မောင်၊ အင်းလေး

No comments:

Post a Comment


Aung Hein - နည္​းပညာ