အတ္တပုံဆောင်ခဲများ
မနက်ခင်း မြို့ထဲ ဆိုင်ကယ်နဲ့ လမ်းထွက်တော့ ကားတွေ ပြည့်ကျပ်နေတာပဲ၊ ကလေးကျောင်းပို့ချိန် ဆိုတော့ ယာဉ်ကြပ်တာ သဘာ၀ပဲ။ စျေးနားရောက်တော့ ရှေ့မှာ မနိုင်မနင်းနဲ့ မော်တော်ဆိုင်ကယ်တစ်စီး အထုတ်ပြုတ်ကျလို့ ပြန်ကောက်တင်နေတာကို ရပ်စောင့်ရတယ်။ အနောက်က ဆိုင်ကယ် မစောင့်နိုင်ဘဲ ကျွန်တော့် ဆိုင်ကယ်ကို ဖြတ်ကျော်ပြီး အတင်းဇွတ်ကျော်တက် မောင်းသွားတယ်။ အင်းပေါ့လေ ဆိုပြီး အသာအယာ ခေါင်းညိတ်မိတယ်။
တစ်ခါ အေတီအမ် ငွေထုတ်စက်နားကို ရောက်တော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် အပြိုင် ငွေထုတ်နေတာကို ရပ်စောင့်ရပြန်တယ်။ သူတို့က ကတ်တွေ ဘယ်လောက်တောင် များသလဲ မသိဘူး တော်တော်နဲ့ မပြီးနိုင်ဘူး။ ကျွန်တော်ထုတ်မှာ တစ်သောင်းနှစ်သောင်းလောက်ပဲ၊ ဒါကို အချိန်အတော်ကြာ စောင့်နေတာ ထွက်မလာတာနဲ့ တခြား ညာဘက်မှာ ရှိတဲ့ စက်မှာပဲ သွားထုတ်လိုက်တယ်။ ငွေမလုံလောက် ပါသဖြင့် ဆိုလို့ ၃ကြိမ် မှားပြီး မှ ငွေထွက်တယ်။ ဆိုင်ကယ်အနား ပြန်ရောက်တဲ့ အထိ သူတို့ နှစ်ယောက် ငွေထုတ်တာ မပြီးသေးဘူး ဆိုပဲ။
တစ်ခါ မနက်က ဗိုက်မ၀တာနဲ့ ထမင်းစားဖို့အတွက် စျေးနားကို လျှောက်လာလိုက်တယ်။ ထမင်းဆိုင် ကို ရောက်တော့ တန်းစီနေတဲ့ လူအုပ်ကြီးကို တွေ့ရပြန်တယ်။ မနက်က စျေးနေ့ မနက်ပိုင်း ကြိုးတန်းပြီး နေရာ ဦးထားတာ မြင်တော့ မြင်လိုက်တယ်။ ခုမှ သဘောပေါက်တယ်။ ဒီနေ့ တစ်ရက်ပဲ ဆီထုတ်ပေးတဲ့ ရက်မို့လို့ သူတို့တွေ တန်းစီနေတာ ကိုး၊ မကြာဘူး ဆီ စ ရောင်းပေးတယ်။ လူတစ်ယောက်ကို ဆီတစ်ဘူး နှုန်း ၃၀၀၀ ကျပ် နဲ့ ရောင်းပေးတာ ၊ ဒီနေ့ တစ်ရက်ပဲရတယ်လို့ ကောင်မလေး တစ်ယောက်က ရှင်းပြတယ်။ နောက်ရက် တွေ မရောင်းတော့ဘူး ဆီကုန်သွားပြီတဲ့။ ကျွန်တော်လည်း ထမင်းစားပြီးလို့ ဘယ်လို ရောင်းနေတာလဲ အနားကို သွားကြည့်တော့ ဝယ်တဲ့သူတွေရဲ့ လက်ကို ဆော့ပင် ၊ မာကာပန် နဲ့ ခြစ်ပြီး အမှတ်အသားလုပ်နေတာ မြင်ရတယ်။ လူအုပ်ကြီးက လုံး၀ လျှော့မသွားဘူး ဗျာ။ တောက်လျှောက် ဝင်ဝင် လာကြတာ တန်းစီ တာ လူအုပ်ကြီး လျော့မသွားဘူး။ ကျွန်တော်လည်း လူနည်းသွားရင် ဝင်တန်းမလား စိတ်ကူး လက်လျှော့လိုက်တယ်။ စိတ်ထဲမှာလည်း တော်တော်ရှက်မိတယ်။
တကယ် မရှိတဲ့သူတွေ ရကြပါစေ ဆိုတဲ့ စိတ်လေး မွေးရမယ့် အစား လူကုန်သွားရင် ဝင်တန်း မယ် ဆိုတဲ့ စိတ်လေးကို ရှက်မိတာပါ။ ကိုယ်က ထမင်းမငတ်သေးဘူး၊ စားနိုင်သောက်နိုင်သေးတယ် ဆိုရင် တကယ် မရှိတဲ့ လိုအပ်နေသူတွေကို ဦးစားပေးသင့်ပါတယ် လို့ ခေါင်းထဲ တွေးမိတယ်။ ဒါနဲ့ ထွက်လာလိုက်မယ်။
လကုန်ရက်မို့လို့ ဆီပြတ်နေတာ မနက်က ဆိုင်ကယ် စက်နှိုးလို့ မရတော့တဲ့ အထိ ပဲ ဆိုပါတော့၊ အဲဒါနဲ့ ကုန်းဆင်း လိမ့်ဆင်းပြီးမှ ဆီဆိုင်မှာ ထည့်တော့ ၉၂ ကို တစ်ထောင်ဖိုး မရတော့ဘူး။ ၁၅၀၀ ကျပ် ဖိုး အနည်းဆုံး မှ ရောင်းတယ် တဲ့။ ကိုင်း ထည့်ကွာပေါ့။ ထမင်းစားပြီးတော့ ဓါတ် ဆီသွား ထည့်တာ တန်းစီ စောင့်ရပြန်တယ်။ မကြာဘူး နောက်မှ လာတဲ့ ဆိုင်ကယ်သမား တစ်ယောက် စိခနဲ ဆိုင်ကယ်တွေ ကျော်တက်ပြီး ရှေ့ဆုံးမှာ သွားရပ်လိုက်တယ်။ နိုင်ငံကြီးသား ပီသအောင် တန်းစီ စောင့်ဆိုင်းတတ်တဲ့ အကျင့်လေးတွေ ပြင်ရဦးမှာပါလား လို့ ဘာရယ်မဟုတ် တွေးမိပြန်ရော ဗျာ။
တစ်နေ့တာ မြင်ရတာလေးတွေ ပေါ့ဗျာ။
စည်သာ(တောင်ကြီး)
အောက်တိုဘာလ ၂ ရက်
No comments:
Post a Comment