Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Monday, December 25, 2023

သမိုင်းကြောင်း အစဉ်အလာကြီးမားတဲ့ ဓနု တိုင်းရင်းသားတို့ရဲ့ အမျိုးသားနေ့

 

စည်သာ(တောင်ကြီး)

မြန်မာတစ်နိုင်ငံလုံး ရှိ တိုင်းရင်းသားများ အားလုံးတွင် လူဦးရေ အများဆုံး အဆင့် (၁၀) ရှိသော ဓနု တိုင်းရင်းသား လူမျိုးများသည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း တို့တွင် အများဆုံး နေထိုင်ကြသော ချစ်စရာ တိုင်းရင်းသား လူမျိုး တစ်မျိုးလည်း ဖြစ်သည်။

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်း (၃၃) မျိုး ကျော် မှီတင်းနေထိုင်ကြပြီး ရှမ်း ၊ ပအိုဝ်း၊ အင်းသား၊ ဓနု ၊ တောင်ရိုး ၊ တအာင်း(ပလောင်) ၊ အာခါ ၊ လီဆူ ၊ ၀ ၊ ကိုးကန့် စသော တိုင်းရင်းသားများသည် ရှမ်းပြည်နယ်ရှိ လူသိများ ထင်ရှားသော တိုင်းရင်းသားများ ဖြစ်ကြပါသည်။ ထို့ပြင် ရှမ်းပြည်နယ်တွင် ယင်းကြား၊ ယင်းနက်၊ ထနော့ တိုင်းရင်းသား၊ အဲန် တိုင်းရင်းသား၊ မြောင်ဇီး တိုင်းရင်းသား ကဲ့သို့သော လူသိနည်းသော လူနည်းစု တိုင်းရင်းသား များလည်း ကျန်ရှိနေသေးပါသည်။

ဓနု တိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တွင် စတုတ္ထ လူဦးရေ အများဆုံး လူမျိုး ဖြစ်ပြီး ၊ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် မြောက်ပိုင်း တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် တွင် ပါဝင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နှစ်ခု ထဲတွင် ဓနု တိုင်းရင်းသား တို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု လည်း အပါအဝင် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ (၅၆) (ခ) အရ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံမြို့နယ် နှင့် ပင်းတယ မြို့နယ် တို့ကို စုစည်း၍ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခု ရှိပါသည်။

၂၀၂၁ ခုနှစ် အတွင်း မြန်မာနိုင်ငံအတွင်း ဓနုတိုင်းရင်းသား လူဦးရေ လေးသိန်းဝန်းကျင် နေထိုင်လျက် ရှိကြောင်း ဓနုကြေးမုံ တွင် ဖော်ပြထားသည်။

ချစ်စရာ ဓနု တိုင်းရင်းသားများ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဓနု တိုင်းရင်းသား ဟု ဆိုသည်နှင့် ပထမဆုံး ပြေးမြင်မိကြသည်မှာ ရိုးသား ဖြူစင် လွန်းသော ဓနု တိုင်းရင်းသူ ၊ တိုင်းရင်းသား တို့၏ စကားသံဝဲဝဲ နှင့် အပြစ်ကင်းစင်သော မျက်နှာလေးများပင် ဖြစ်သည်။ ဓနု တိုင်းရင်းသား တို့သည် ကြင်နာသနား တတ်ပြီး၊ တပါးသူကို ကူညီရိုင်းပင်းတတ်သော တိုင်းရင်းသား များလည်း ဖြစ်ကြသည်။ ဓနု တိုင်းရင်းသားများနှင့် ပေါင်းသင်းမိလျှင် ၎င်းတို့၏ ဖော်ရွှေမှုကို နားလည်သိရှိလိမ့်မည် ဖြစ်သည်။

ဓနု လူမျိုးသည် အသံကွဲ မြန်မာစကား ကို ပြောဆိုကြပြီး ၊ ရှေးမြန်မာလူမျိုးတို့၏ စကား အသုံးအနှုန်း အချို့ ပါဝင်ပေသည်။ မူရင်းစာပေ မရှိခြင်းသည် အားနည်းချက် တစ်ခု ဖြစ်နေသော်လည်း လက်ရှိ အချိန်တွင် စာပေ ၊ စကား နှင့် ဓနု လူမျိုး သမိုင်းကြောင်း အမှန် ပေါ်ပေါက်ရေး အတွက် အဖွဲ့ချုပ်မှ ကြိုးစားအားထုတ်၍ ပြုစုနေကြောင်း ကြားသိရသည်။

ဒုတိယ ပြေးမြင်သည်မှာ ဓနု အိုးစည်ပင် ဖြစ်သည်။ ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံ ပွဲတော် တို့တွင်လည်းကောင်း ၊ ရိုးရာပွဲတော်၊ အလှူပွဲ ၊ ကုသိုလ်ပွဲ များတွင်လည်းကောင်း မပါမဖြစ် အိုးစည် ဗုံမောင်းများ တီးခတ်လေ့ ရှိကြသည်။

ရှမ်းပြည်နယ်တွင် တီးခတ်ကြသော အိုးစည်များမှာ ရှမ်းအိုးစည် ၊ ပအိုဝ်း အိုးစည် နှင့် ဓနု အိုးစည် တို့မှာ ထင်ရှားသည်။ ရှမ်းအိုးစည် သည် ရှည်လျားသော ပုံသဏ္ဍာန် ရှိပြီး၊ ဓနု အိုးစည်သည် မျက်နှာ ၀ ကျယ် ကာ လုံးပတ်ကြီး၍ ပုပုတိုတို ဖြစ်သည်။ ထိုသို့ မျက်နှာ ၀ ကျယ် ၊ ပုပုတိုတို အိုးစည်ကို ဓနု အိုးစည် ဟုပင် ခေါ်ဆို၍ ပအိုဝ်း၊ ပလောင် ၊ အင်း၊ ဓနု တိုင်းရင်းသား များတို့ တီးခတ်အသုံးပြုကြသည်။ (ပအိုဝ်း အိုးစည် တွင် ရှမ်းအိုးစည် အရှည် ကို တီးခတ်အသုံးပြုသော ဓလေ့ လည်း ရှိသည်)

ဓနု တိုင်းရင်းသား မိတ်ဆွေများ၏ နေအိမ်ကို သွားရောက် လည်ပတ်လျှင် ဧည့်ခံ ကျွေးမွေးတတ်သော ဓနု တိုင်းရင်းသား စားစရာများမှာ မေ့မရနိုင်အောင် စားကောင်းလှပေသည်။ အင်းသားတို့သည် ဟင်းချက် လက်ရာ ကောင်းသလို၊ ဓနု တို့သည်လည်း တစ်မျိုးတစ်ဘာသာ ဟင်းချက်လက်ရာ ကောင်းပေသည်။ (စကားချပ်)

ထို့ကြောင့် တတိယ မြင်မိသည်မှာ ဓနု ရိုးရာ စားစရာ ဟင်းလျာ များပင် ဖြစ်ပေသည်။

ဓနု တိုင်းရင်းသားတို့၏ အမှတ်အသား ဟုပြောရမည့် စားစရာမှာ မြေပဲညက်ညက်ထောင်း မြေပဲချက် နှင့် ဂေါ်ဖီထုပ် အစိမ်း တို့စရာ မှာ ဓနု ရိုးရာ စားစရာတစ်မျိုး ဖြစ်ပေသည်။ ပဲလုံး ဟင်းရည် ၊ ဂျူးမြစ်သုပ် တို့မှာ လည်း နိုင်ငံခြားဖြစ် စားစရာများနှင့် မလဲနိုင်အောင် အရသာကောင်းမွန်သော ဟင်းလျာများပင် ဖြစ်သည်။ ဂျူးမြစ် ကို နူးအိအောင် ပြုတ်၍ နှမ်းလုံး၊ မြေပဲ နှိုင်းချင်း တို့ဖြင့် သုပ်ထားသည်မှာ စား၍ အရသာ ချိုမြိန်လွန်း ပေသည်။ အီကုတ်(နွားချီးပိုးလောင်း) နှင့် ဆူးပုပ် ရောချက်သော ဟင်းမှာ ဆိမ့်လွန်းသည်။ ပိန္နဲသီး အနု ကိုလည်း ဆူးပုပ်နှင့် ရောချက်သေးသည်။ အာလူးထောင်း ကို ဆန်လုံးစီကြော် နှင့် စားကြသည်။ ဂျူးမြစ်စပ်သီးထောင်း ဟု ခေါ်သော ဂျူးမြစ်ကို ငရုတ်သီး ထည့်ထောင်း ကြသေးသည်။ ထို့ပြင် ဓနု ထိုဟူးကြော်၊ ထိုဟူးခြောက်ကြော်၊ ထိုဟူးသုပ်၊ ပင်စိမ်းသီးထောင်း တို့မှာလည်း နာမည်ကျော်ကြားပေသည်။ နေလှမ်းထားသော မုန်ညင်း ရွက်ကို ကြံသကာ၊ နှမ်းလုံးဖြူ၊ ပင်စိမ်းသီး ရောချက်သော မုန်ညင်းစော သည်လည်း ဓနု ရိုးရာအစားအစာ ဖြစ်သည်။

ထို့ပြင် ဓနု မုန့်ပဲ သရေစာ များမှာ မုန့်လက်ကွင်း (ဖြူ/နီ) ၊ မုန့်ဆီကြော်၊ မုန့်လေပွေ၊ မုန့်ဦးခေါင်း၊ မုန့်ကျွဲသဲ၊ ပင်စိမ်းသီး ဆားရေစိမ်၊ ကောက်ညင်းကျည်တောက်၊ မုန့်ကြာလိပ် ၊ ပဲစီကြော် တို့ ဖြစ်ကြသည်။

ရှုခင်းလှပ ဓနု ဒေသ

ဓနု တိုင်းရင်းသား တို့သည် ဗုဒ္ဓဘာသာ ယုံကြည် ကိုးကွယ်သူများ ဖြစ်ပြီး၊ အလှူအတန်း ရက်ရော ကြပါသည်။

ဓနု တိုင်းရင်းသား တို့၏ အဓိက စီးပွားရေး မှာ စိုက်ပျိုးရေး လုပ်ငန်း ဖြစ်သည်။ ဓနု ဒေသထွက် လက်ဖက်၊ ကော်ဖီ၊ အာလူး၊ မုန်လာထုပ် ၊ ဂေါ်ဖီထုပ်၊ လက်ဖက်ခြောက် တို့ကို စိုက်ပျိုး ထုတ်လုပ်၍ ပြည်မ တင်ပို့ ရောင်းချသည်။

ရွာငံ ဒေသထွက် ကော်ဖီ သည် မြန်မာတွင်မက ကမ္ဘာထိအောင် စျေးကွက် ထိုးထောက်နိုင်ပြီး၊ နိုင်ငံတကာ အဆင့်မှီ ကော်ဖီများကို ထုတ်လုပ်နေပါသည်။ ရွာငံ ဒေသထွက် လက်ဖက်စို နှင့် လက်ဖက်ခြောက် တို့သည် လည်း စျေးကွက်ဝင်ပြီး တန်းမြင့် အော်ဂန်းနစ် လက်ဖက်ခြောက်များ အဖြစ် စိုက်ပျိုး ထုတ်လုပ်လာပြီ ဖြစ်သည်။

ရွာငံမြို့နယ် သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အလှပဆုံး မြို့နယ် တစ်ခု ထဲတွင် ပါဝင်ပြီး လည်ပတ်စရာ အင်မတန် ပေါများပေသည်။ ရွာငံဒေသ ၏ သုံးပုံ နှစ်ပုံ မှာ သဘာ၀ တောတောင်ရှုခင်း များ တည်ရှိသဖြင့် ရှမ်းပြည်နယ်၏ အပျိုစင် ဒေသ ဟုပင် တင်စား ခေါ်ဝေါ်ကြပါသည်။ ရွာငံမြို့နယ်တွင် အံ့မခန်း ရေပြာအိုင်၊ ရေဖြူအိုင် တို့အပြင် ရှုမငြီး ဂဏန်းကျ ၊ တောကျယ် ရေပြာအိုင် ၊ ရေပြာစမ်း နှင့် အပန်းဖြေ စခန်း တို့ လည်ပတ်စရာ ရှိသည်။ (အခြား လည်ပတ်စရာ များစွာ ကျန်သေးသည်)

ထို့ပြင် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သော ကျောက်ခေတ်ပန်းချီလက်ရာများ ရှိသော ပြဒါးလင်းဂူ လည်း တည်ရှိသဖြင့် ဓနု ဒေသ အတွက် တန်ဖိုး ဖြတ် မရနိုင်သော ရှေးဟောင်း အမွေအနှစ် ကို ပိုင်ဆိုင်ထားခြင်း လည်း ဖြစ်ပါသည်။ ပြဒါးလင်းဂူ သည် ရွာငံမြို့နယ် အနောက်ပိုင်း တွင် တည်ရှိသည်။

သမိုင်းကြောင်းကြီးမားသော ဓနု လူမျိုး

ဓနု တိုင်းရင်းသား လူမျိုးများတို့သည် တိဗက်- မြန်မာ အစုဝင် မြန်မာအုပ်စုတွင် ပါဝင်သော လူမျိုးတစ်မျိုးဖြစ်ကြောင်း ကမ္ဘာ့ စွယ်စုံကျမ်းတွင်တွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ်နှင့် မြန်မာပြည်မကြီးအကြား (မြေလတ်ဒေသ) တို့၌ နေထိုင်ကြ၏။

ဓနု တိုင်းရင်းသားများသည် မြေလတ် ဒေသများ ဖြစ်သော ရွာငံမြို့နယ် နှင့် ပင်းတယမြို့နယ် တို့တွင် အများစု နေထိုင်ကြ၏။ ထို့ပြင် ပင်းတယမြို့နယ်၊ ရွာငံမြို့နယ် ၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ နောင်ချိုမြို့နယ် တို့သည် ဓနု တိုင်းရင်းသား အများဆုံး နေထိုင်ပြီး တစ်ဆက်တစ်စပ်တည်း တည်ရှိသော မြို့နယ်များလည်း ဖြစ်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့နယ်နှင့်ကျောက်မဲမြို့နယ် တို့တွင် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးမှ သာစည်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်များတွင်လည်းကောင်း အနည်းငယ်နေထိုင်ကြပါသည်။

၂၀၁၈ ခုနှစ်၊ ခန့်မှန်းစာရင်းအရ ဓနုလူဦးရေမှာ ၄ သိန်းခန့်ရှိပြီး ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားများအနက် စတုတ္ထမြောက် လူဦးရေအများဆုံးဖြစ်ပြီး၊ မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများအနေဖြင့် လူဦးရေအများဆုံးအဆင့် ၁၀ တွင် ရှိပါကြောင်း တိုင်းရင်းသားရေးရာ မှတ်တမ်းများအရ သိရသည်။

ရွာငံမြို့နယ်သည် ကျောက်ဆည်လွင်ပြင်မှ မြစ်သားမြို့နယ်နှင့် တစ်ဆက် ထဲရှိပြီး ရှေးခေတ်မြန်မာဘုရင့်တပ်များသည် ရွာငံမြို့အနောက်ဘက်ရှိ နတ်ထိပ်တောင်ကြားမှ ဖြတ်ကာ ရှမ်းပြည်နယ်ဘက်သို စစ်ချီလေ့ရှိခဲ့ကြောင်း စာအုပ်စာပေများတွင် ဖော်ပြကြသည်။

ဓနု အမျိုးသားနေ့ ပေါ်ပေါက်လာပုံ

တိုင်းရင်းသား လူမျိုးတိုင်းတွင် မိမိတို့၏ အထွတ်အမြတ် ထားရမည့် နေ့ထူးနေ့မြတ် (အမျိုးသားနေ့) ရှိကြစမြဲ ဖြစ်သည်။

ဓနု အမျိုးသားနေ့ စတင် ဖြစ်ပေါ်လာပုံမှာ ဓနု အမျိုးသား ညီလာခံ မှ ဓနုတိုင်းရင်းသား အများအပြား၏ သဘောတူညီချက်ဖြင့် ဓနု အမျိုးသားနေ့ကို မွေးဖွားပေးလိုက်ခြင်း ဖြစ်ပေသည်။  

ပထမအကြိမ် ဓနုအမျိုးသား ညီလာခံကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ ဒေသဦးစီးခန်းမ တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံတွင် ဓနုအမျိုးသားနေ့၊ အလံ နှင့် သီချင်းတို့ကို မဲခွဲရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး၊ ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ဓနု အမျိုးသားညီလာခံသို့ မြို့နယ်ပေါင်း ၈ မြို့နယ် နှင့် အခြား ဆက်စပ် ဒေသများမှ ညီလာခံကိုယ်စားလှယ်ပေါင်း ၈၀၀ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင်၊ စုစုပေါင်း လူဦးရေ တစ်ထောင့်ငါးရာကျော် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို ဓနု အမျိုးသား ညီလာခံ တွင် (၁) ဓနု တစ်မျိုးသားလုံးကို ဦးဆောင်ပေးနိုင်သော ဦးဆောင် အဖွဲ့၊ (၂) ဓနု အမျိုးသားနေ့ ၊ (၃) ဓနု အမျိုးသား အလံ ၊ (၄) ဓနု အမျိုးသား သီချင်း ၊ (၅) ဓနု အမျိုးသား အမျိုးသမီး ပွဲတက် ဝတ်စုံ ပေါ်ပေါက်လာရေး ဟူသော မူငါးချက်ဖြင့် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ညီလာခံ ရလဒ်များအဖြစ် ဓနု တစ်မျိုးသားလုံးကို ဦးဆောင်ပေးနိုင်သော ဦးဆောင် အဖွဲ့ ကို ဓနု တိုင်းရင်းသား ရေးရာ အဖွဲ့ချုပ် ကိုလည်း ဖွဲ့စည်း နိုင်ခဲ့သည်။

ဓနုအမျိုးသားနေ့ကို ပထမအကြိမ် ဓနု အမျိုးသား ညီလာခံ ကျင်းပသောနေ့ (သို့မဟုတ်) သမိုင်း မော်ကွန်းသစ် ရေးထိုးခဲ့သော နေ့ ဖြစ်သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်၊ ၁၃၇၉ ခု၊ နတ်တော် လဆန်း (၈) ရက် နေ့ ကို ဓနု အမျိုးသားနေ့ အဖြစ် တခဲနက် တညီတညွတ် တည်း အတည်ပြု သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှ စတင်၍ ဓနု အမျိုးသားနေ့ ကို နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်လာ သည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တွင် ဆဋ္ဌမအကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါသည်။

ဓနု အမျိုးသားနေ့ မသတ်မှတ်နိုင်ခဲ့စဉ် အချိန်က ဓနု ဆုံဆည်းရာ နေ့ အဖြစ် ပင်းတယ တပေါင်းပွဲရက်တွင် ဆွမ်းတော်ကြီး လှည့်ခြင်း ၊ ပျော်ပွဲရွှင်ပွဲ တို့ကို ကျင်းပခြင်းသာ ရှိခဲ့ကြောင်း သိရသည်။

ခြောက်ကြိမ်မြောက် ကျင်းပခဲ့သော ဓနု အမျိုးသားနေ့

ဆဋ္ဌမအကြိမ်မြောက် ဓနု အမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့၊ မြို့လယ်ဓမ္မာရုံ တွင် ဒီဇင်ဘာလ (၁၉) ရက်မှ (၂၀) ရက် အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာလ(၁၉) ရက် ပထမရက်တွင် ဓနုသမိုင်း ပြုစုတည်းဖြတ်ရေး ကော်မတီ အစည်းအဝေး ကို နံနက်ပိုင်းတွင် ကျင်းပခဲ့ကာ၊ မွန်းလွဲပိုင်းတွင် နှစ်ပတ်လည် အထွေထွေ ညီလာခံကို ဆက်လက် ကျင်းပခဲ့သည်။

ဒီဇင်ဘာလ(၂၀) ရက် ဒုတိယရက်တွင် ပင်းတယမြို့၊ မြို့လယ်ဓမ္မာရုံ ၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော် သံဃာတော် ကြီး၊ ဘွဲ့ရ သံဃာတော် ၊ သီလရှင်များအား ပူဇော်ခြင်း၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် (၆) ဘာသာ၊ (၅) ဘာသာ၊ (၄) ဘာသာ ဂုဏ်ထူးရသူများ၊ လူရည်ချွန်များ၊ နိုင်ငံကိုယ်စားပြုသူများ၊ အလှမယ် မယွန်းသိမ့်သိမ့်နွေး စသော ဓနု ဂုဏ်ဆောင် နှင့် မြို့နယ် ဂုဏ်ဆောင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက် ဓနု အမျိုးသားနေ့ အလံတင် အခမ်းအနားကို ပင်းတယ ဆုံဆည်းရာ တပေါင်းကွင်းမှ နေ၍ ပုန်းတလုတ်ကန် အနောက်ဘက် ၊ စျေး ၊ မြို့လယ် ဓမ္မာရုံမှ တဆင့် ဓနု ဒေသခန်းမ သို့ တညီတညွတ်တည်း ချီတက်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ(၂၀) ရက် နံနက်ပိုင်း (၉) နာရီခွဲ အချိန်တွင် အခမ်း အနား စတင်ကာ ၊ (၁၀) နာရီခွဲ အချိန်တွင် ပြီးဆုံးခဲ့သည်။ ပြီးနောက် ဂုဏ်ပြု ပူဇော်ပွဲ အစီအစဉ် ကို မနက် (၁၀) နာရီခွဲ အချိန်တွင် ဆွမ်းကပ်လှူဒါန်းပြီး ၊ နေ့လည် (၁၁) နာရီခွဲ အချိန်တွင် ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဖျော်ဖြေရေး အစီအစဉ်များကို ပင်းတယမြို့ ၊ ဆုံဆည်းရာ တပေါင်းကွင်းရှိ ဓနု စတိတ်စင်တွင် ဓနု ရိုးရာ အကအလှ များ၊ ဓနု ရိုးရာ သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ပြီး နတ်တော်လဆန်း (၇) ရက်၊ (၁၉-၁၂-၂၀၂၃) ရက်မှ နတ်တော်လဆန်း (၈) ရက်၊ (၂၀-၁၂-၂၀၂၃) ရက် အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ခြောက်ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သော ဓနု အမျိုးသားနေ့ တွင် ချမှတ်နိုင်ခဲ့သော ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဓနု သမိုင်း ပြုစုရေးကို လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ တွင် အပြီးသတ် ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။ ဓနုစာပေကိစ္စ ကို သုံး လ အတွင်း စတင် ဆောင်ရွက်ကြရန် ရည်မှန်းထားကြောင်း သိရသည်။ ဓနု သမိုင်းကြောင်း ပြုစု တည်းဖြတ်ရာတွင် ကော်မတီဝင်များအဖွဲ့လိုက် စုပေါင်း ပြုစု၍ စုပေါင်း တည်းဖြတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဓနု အမျိုးသား သမိုင်း ပြုစုတည်းဖြတ်ရေး ကော်မတီဝင် တစ်ဦး ထံမှ သိရသည်။

ဓနု အမျိုးသား သမိုင်း ပြုစုတည်းဖြတ်ရေး ကော်မတီ သည် ဓနု တိုင်းရင်းသား ရေးရာ အဖွဲ့ချုပ် ဥက္ကဌ နှင့် ဓနု တိုင်းရင်းသားများ နေထိုင်ကြသော မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဆိုပါ ခြောက်ကြိမ်မြောက် ဓနု အမျိုးသားနေ့ အခမ်းအနားသို့ (၁၂) မြို့နယ်မှ ဓနုတိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး၊ တောင်ကြီး၊ ရပ်စောက်၊ ရွာငံ၊ ပင်းတယ၊ ကလော ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ရန်ကုန်၊ မန္တလေး စသည့် (၉) မြို့နယ် တို့မှ ကိုယ်စားလှယ် ဥက္ကဌ များထဲမှ အဖွဲ့ခေါင်းဆောင် ပြန်လည် ရွေးချယ်ခဲ့ရာ ရပ်စောက်မြို့နယ်မှ ရွေးချယ်ခံရကြောင်း သိရသည်။ ဓနုတိုင်းရင်းသား ရေးရာ အဖွဲ့ချုပ် ဥက္ကဌ ရာထူးနေရာကို (၂) နှစ် တစ်ကြိမ် ပြန်လည် ရွေးချယ်ခြင်းဖြစ်ပြီး၊ (၉) မြို့နယ် မှ ကိုယ်စားလှယ် ဥက္ကဌ များ ထဲမှ အဖွဲ့ချုပ် ဥက္ကဌ ကို ပြန်လည် ရွေးချယ်တင်မြှောက်ခြင်း ဖြစ်ကြောင်း သိရသည်။

×××
နိဂုံးချုပ် ဆုတောင်း

ဓနု တိုင်းရင်းသားများ အားလုံး မျှော်လင့် တောင့်တနေကြသော ဓနု သမိုင်းကြောင်း နှင့် ဓနု စာပေ အမြန်ဆုံး ပေါ်ပေါက်အောင်မြင်၍ ဓနုတိုင်းရင်းသားတို့သည် စည်ပင်သာယာ တိုးတက်ကြပါစေကြောင်း ဆုတောင်း လိုက်ရပါသည်။

စည်သာ(တောင်ကြီး)


ဒီဇင်ဘာလ(၂၅) ရက် ၊ ၂၀၂၃ ခုနှစ်
အလဲဗင်း ဂျာနယ် တွင် ဖော်ပြခဲ့သော ဆောင်းပါး

ဓါတ်ပုံ ဦးစိုးဝင်း












No comments:

Post a Comment


Aung Hein - နည္​းပညာ