Font

Wellcome

စည်သာဟိန်း မှ လှိုက်လှဲစွာကြိုဆိုပါသည်

Tuesday, January 2, 2024

ဘ၀ ဆည်းဆာချိန် ဇရာအို တို့ ကွန်းခိုရာ

 




သိရ်(တောင်ကြီး)


လူသားတို့ မည်သည် တစ်နေ့ အိုမင်းရမည်။ တစ်နေ့ နာရမည်။ မအိုခင် ၊ မနာခင် အသိဉာဏ်ဦးအောင် တရားအားထုတ်သင့်သည် ဟူသော စာသားများကို တရားရိပ်သာ စခန်းများတွင် အမြဲလိုလို ကြားဖူးသည်။


လောကီ လူသားတို့သည် အိုမင်းခြင်း ၊ အသက်ကြီးရင့်ခြင်း တို့ဟူသော သဘာ၀တရားတို့ကို မည်သူတစ်ဦး တစ်ယောက်မျှ လွတ်ကင်း လွန်၍ မရကြပါကုန်။ လူတိုင်း အိုမင်း ရင့်ရော်ကြရသည် တည်း ဖြစ်ပေသည်။ ထိုထိုသော လောက သဘာ၀တရား တို့ကို သိရှိထားကြပါလျှင် ကြီးကြီးငယ်ငယ် မရွေး အိုမင်းရင့်ရော် ခြင်း ဟူသော ဇရာ ကို ကြုံဆုံရန် ပြင်ဆင်ခြင်း၊ တို့နှင့် အတူ သက်ကြီးရွယ်အို လူကြီးများကို လေးစား တန်ဖိုး ထား တတ်လာမည် ဖြစ်သည်။


အသက်အရွယ်ကြီးရင့်ခြင်း နောက်ဆက်တွဲ ကာယိက ဒုက္ခများကို အနိုင်နိုင် သယ်ပိုး ထမ်းရွက်နေချိန် ဘ၀ စားဝတ်နေရေး အဆင်မပြေသူများ ဖြစ်လျှင် ဒုက္ခ ပေါ် ဒုက္ခ ဆင့် ၍ အခက်ကြီး ကြုံရတော့သည်။ ထိုသို့ သော ကူကယ်ရာမဲ့ ဘ၀များအတွက် ရည်ရွယ် ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာ တောင်ကြီးမြို့တွင် တည်ထောင် လာသည်မှာ ၁၃ နှစ်​ ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပေသည်။ သို့သော်လည်း တောင်ကြီးမြို့တွင် ရှမ်းရိုးမ ဘိုးဘွားရိပ်သာ တည်ရှိခြင်းကို လူသိနည်းနေလိမ့်ဦးမည်ဟု ယူဆမိပါသည် ။ (စာရေးသူ ယူဆချက်) လူသိနည်း သေးလျှင်လည်း ပိုမို သိရှိသူ များပြားလာစေရန် မှတ်တမ်း စာစုဖြင့် ဖော်ပြပါမည်။


ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတော်မူသော တရားတော်တစ်ပုဒ် ကို သတိရမိတော့သည်။ မအိုခင် မနာခင် တွေးဆဖို့ လိုအပ်ကြောင်း ဟောသည့် တရားတော်ဖြစ်ပေသည်။ တစ်ခါက အရူးတစ်ယောက် ရေအိုင်စပ် တွင် ထိုင်နေတုန်း တောဘဲအုပ် တစ်အုပ် ကျရောက်လာပြီး တုတ်တစ်ချောင်းဖြင့် ဘဲကျောင်း နေလေတော့သည်။ ထိုသို့ အရူးက စိတ်ကူးယဉ် ကောင်းနေတုန်း ညနေစောင်းချိန် ကောင်းကင်ပေါ်ကို အိပ်တန်း ပျံသွားကြသဖြင့် ငါ့ဘဲ ငါ့ဘဲ တွေ ဟု အော်ဟစ် လိုက်ခေါ်ရင်း ပြေးလိုက်သွားသတဲ့။ တကယ်တော့ တောဘဲ ဆိုတာ ကိုယ့်အပိုင် မဟုတ်မှန်း လူကောင်းဆိုရင် သိကြမှာပါပဲ။  ဒီလိုပါပဲ လူ့ဘ၀ မှာလည်း ငါ့ဥစ္စာ ၊ ငါ့မိသားစု၊ ငါ့သား ငါ့သမီး ဆိုပြီး စွဲလန်း စိတ်နဲ့ စိတ်ကူးယဉ်နေကြတာ ၊ တကယ်တမ်း ဘယ်အရာမှ မပိုင်ဘူး ဆိုတာ ဉာဏ် နဲ့ ဆင်ခြင်ကြည့်ရင် မြင်သိနိုင်ပါလိမ့်မယ်လို့ ဆရာတော်ကြီး ဟောတော်မူပါသည်။ မိမိ သားသမီး၊ ဇနီးခင်ပွန်း ချစ်ခင်သူများကို ကိုယ်ပိုင်တယ် ကိုယ်နဲ့ဆိုင်တယ် ထင်တဲ့ အထင်အမြင်မှားမှုကို မခွဲခွာခင်လေးမှာ ကြိုတင်ပြီး အသိလေးနဲ့ လျော့ချထားဖို့ လိုအပ်ကြောင်း၊ မိမိ အမှန်တကယ် ပိုင်ဆိုင်သော အရာသည် ကုသိုလ်ကံ၊ အကုသိုလ် ကံ တရား တို့သာလျှင် ဖြစ်ကြောင်း၊ ဒါန သီလ ဘာ၀နာ တရားတို့ကို ကြိုးစားအားထုတ်ဖို့ လိုအပ်ကြောင်း ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတော်မူသော တရားတော်တစ်ပုဒ် ဖြစ်ပေသည်။


×××


တောင်ကြီးမြို့ရှိ ရှမ်းရိုးမ ဘိုးဘွားရိပ်သာ


တောင်ကြီးမြို့တွင် ရှမ်းရိုးမ ဘိုးဘွားရိပ်သာ တည်ရှိသည်ကို သိရှိသူများရှိသလို၊ မသိသေးသူများလည်း ရှိပေလိမ့်မည်။ တည်နေရာမှာ တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက် ၊ ဒေါနလမ်းတွင် ဖြစ်ပါသည်။

 ရှမ်းရိုးမ ဘိုးဘွားရိပ်သာ ကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ပန္နက်တင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် မတ်လ (၂၆) ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ယနေ့ အချိန်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် လက်ရှိ သက်ကြီး အဘိုး ၅ ဦး၊ အဘွား ၁၄ ဦး၊ စုစုပေါင်း (၁၉) ဦး ရှိကြောင်းသိရသည်။


ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရောဂါ မတိုင်ခင်က သက်ကြီးဘိုးဘွား ဦးရေ ၃၀ ဦး ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် နောက်ပိုင်း တွင် ရောဂါများကြောင့် သက်ကြီးဘိုးဘွား (၁၀) ဦး ဆုံးပါး ခဲ့ရကြောင်း သိရသည်။


ရှမ်းရိုးမ ဘိုးဘွားရိပ်သာ သည် လက်ရှိအချိန်တွင် ပြည့်စုံအဆင်ပြေနေသေးသော်လည်း အဓိကအားဖြင့် အဆောက်အဦ ရေတံလျှောက်များ ပြုပြင်ရန် လိုအပ်ခြင်း၊ ရေအခက်အခဲ လိုအပ်ချက် ရှိကြောင်း၊ လက်ရှိတွင် သောက်သုံးရေ အတွက် အလှူရှင် အယ်ပွ (ခ) ကိုကိုဦး ရေကားတစ်နေ့လျှင်တစ်စီး ၂၄ ပီပါဆန့်ရေကား လှူပေးနေကြောင်း၊ သစ်ဆိုင်အိမ်မှရေပိုက်သွယ်တန်းပေးထားကြောင်း၊ သို့ပေမယ့် အဝီစိတွင်းတူးဖို့ရန်အတွက် မတည်အလှူ လိုအပ်နေကြောင်း ဘိုးဘွားရိပ်သာ တာဝန်ခံ ထံမှ သိရသည်။


ရှမ်းရိုးမ ဘိုးဘွား ရိပ်သာ တစ်နေ့တာ လုပ်ငန်း ဆောင်ရွက်မှုမှာ အောက်ပါ အတိုင်း ဖြစ်သည်။ မနက်ပိုင်း (၅) နာရီခွဲ အချိန်တွင် ဘိုးဘွားများ ထ၍ ဓမ္မာရုံ တွင် ဘုရားရှစ်ခိုးကြပြီး မနက်ပိုင်း (၇) နာရီ အချိန်တွင် နံနက်စာ ကျွေးမွေးသည်။ သက်ကြီးဘိုးဘွားများ ဖြစ်သဖြင့် နံနက်ခင်း (၉) နာရီကျော်မှသာလျှင် ရေချိုးခြင်းကို ခွင့်ပြုထားကြောင်း သိရသည်။ နံနက် (၉) နာရီ နောက်ပိုင်း ရေမိုးချိုး၊ အဝတ်လျှော်ခြင်း ကို ဆောင်ရွက်ပြီး၊ (၁၁) နာရီ အချိန်တွင် နေ့လည်စာ ကျွေးမွေးပါသည်။ နေ့လည်စာ စားပြီးနောက် ခေတ္တမျှ အနားယူကြပါသည်။


မွန်းလွဲပိုင်း (၁) နာရီခွဲ အချိန်တွင် ကော်ဖီ နှင့် မုန့် တို့ကို ကျွေးမွေးပါသည်။ ဥပုဉ်ရက်များတွင် ပဲနို့ တိုက်သည်။ မွန်းလွဲ (၂) နာရီ အချိန် ဓမ္မာရုံ တွင် တရားနာ ၊ ရေဒီယို မှ တရားဖွင့်၍ ဘုရားရှစ်ခိုး တရားထိုင် ကြပါသည်။ ပြီးနောက် ခေတ္တ အနားယူ၍ ညနေပိုင်း (၄) နာရီ အချိန်တွင် ညနေစာ ကို ပြင်ဆင်ကျွေးမွေးပါသည်။ ပြီးနောက် ညနေပိုင်း (၅) နာရီ အချိန်တွင် ဓမ္မာရုံ တွင် ဘုရားရှစ်ခိုးကြပြီး ၊ ညပိုင်း(၈) နာရီအချိန် တွင် အနားယူ အိပ်စက်ကြပါသည်။ ထိုသို့ အချိန်ဇယားအတိုင်း တစ်ရက်တာ လုပ်ငန်းစဉ် လည်ပတ်နေခြင်း ဖြစ်သည်။


ရှမ်းရိုးမ ဘိုးဘွားရိပ်သာတွင် ရောက်ရှိသော သက်ကြီးရွယ်အို ဘိုးဘွားများမှ မြန်မာနိုင်ငံ အနှံ့အပြားမှ ပါဝင်ကြောင်း သိရသည်။ ရှမ်းရိုးမ ဘိုးဘွားရိပ်သာတွင် ကော်မတီ (၉) ဦး နှင့် ဝန်ထမ်း (၇) ဦး တို့ ဖြင့် လုပ်ငန်း ဆောင်ရွက်ကြောင်း သိရသည်။


ရှမ်းရိုးမ ဘိုးဘွားရိပ်သာ တစ်ရက်တာ ကုန်ကျစရိတ်မှာ အာဟာရ (၄) ကြိမ် ကျွေးမွေးခြင်း အတွက် (၈) သောင်းကျပ် ကျသင့်ကြောင်း သိရသည်။ ရိပ်သာ သို့ နေ့စဉ် အလှူရှင် မလာရောက်သော နေ့များတွင် ဘဏ်အပ်ငွေ ဘဏ်တိုးများဖြင့် စားဝတ်နေရေး ဖြေရှင်းဆောင်ရွက်ရကြောင်း သိရသည်။


ဘိုးဘွားလက်ခံရေး အရည်အချင်း သတ်မှတ်ချက် များအနေဖြင့် အချက် (၁၀) ချက်ဖြင့် ပြည့်စုံရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ အချက်များမှာ (၁) အသက်(၇၀) နှစ် ပြည့်ပြီးသူ၊ (၂) ခိုကိုးရာမဲ့ ဖြစ်ပြီး မိမိကိုယ်တိုင် လုပ်ကိုင်စားသောက်နိုင်ခြင်း မပြုနိုင်သူ၊ (၃) အကျင့်စာရိတ္တ ကောင်းမွန်သူ (၄) စိတ်ဖောက်ပြန်ခြင်း မရှိသူ (၅) ကူးစက်ရောဂါ ကင်းရှင်းသူ ၊ (၆) မိမိကိုယ်တိုင် သွားလာနိုင်ပြီး လှုပ်ရှားနိုင်သူ (၇) လူမျိုး ဘာသာ မရွေး လျှောက်ထားနိုင်ပါကြောင်း၊ (၈) သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံချက် ပါရမည် (၉) ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန် ထောက်ခံချက် ရယူရပါမည် (၁၀) အမှုဆောင်အဖွဲ့ မှ တွေ့ဆုံစစ်ဆေးပြီး အတည်ပြု ဆုံးဖြတ်လက်ခံပါမည် . ဟု ဖော်ပြထားသည်။


အဆိုပါ စည်းကမ်းချက် အရည်အချင်း သတ်မှတ်ချက်များဖြင့် ကိုက်ညီသူ သက်ကြီးရွယ်အို ဘိုးဘွားများကို ရှမ်းရိုးမ ဘိုးဘွားရိပ်သာ မှ လက်ခံ ပေးလျှက် ရှိကြောင်း သိရသည်။ 


ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် တည်ရှိသော ရှမ်းရိုးမ ဘိုးဘွားရိပ်သာ အကြောင်း အများပြည်သူ သိရှိနိုင်စေရန် မှတ်တမ်းတင် ဖော်ပြလိုက်ရပါတော့သည်။


×××


ကလောင် - သိရ်(တောင်ကြီး)


 

No comments:

Post a Comment


Aung Hein - နည္​းပညာ